ရွက်မွန်စာမျက်နှာ

Thursday, April 25, 2013

ဘာစွမ်းရည်တွေကိုမြှင့်မှာလဲ

ခု ကျနော်တို့ နိုင်ငံမှာ စွမ်းရည်မြှင့်သင်တန်း capacity building training တွေ ခေတ်စားလာနေပါတယ်။ ပိပြားနေ အောင် အုပ်ချုပ်ခံလာရတဲ့ နှစ်တွေက ရာစုနှစ်တဝက်လောက် ရှိခဲ့ပါတယ်။ လွယ်လွယ်ဆိုရရင် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅ဝ လောက် အကြောက်တရားအောက်မှာ နေခဲ့ရတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စလို့ မြန်မာပြည်မှာ လူထုအခြေပြု အဖွဲ့အစည်းတွေ တစတစနဲ့ လုပ်ကိုင်ခွင့် လှုပ်ရှားခွင့်တွေ ရလာနေပါတယ်။ တချို့သော လူထုအခြေပြု အဖွဲ့အစည်းတွေဟာ ပြည်တွင်းအလှူရှင်များရဲ့ လှူဒါန်းမှုအပေါ် အဓိကထားပြီး သာရေးနာရေး ကိစ္စများကို ဇောင်းပေးပြီး အလုပ်လုပ်ကြပါတယ်။ တချို့သော လူထုအခြေပြု အဖွဲ့အစည်းများကတော့ နိုင်ငံခြားအလှူရှင်များ အပေါ်မှာ မှီခိုပြီး လုပ်ကိုင်ကြပါတယ်။

နိုင်ငံခြားအလှူရှင်များရဲ့ သဘာဝအရ သူတို့မှာ သူတို့ရဲ့ပေါ်လစီတွေ ရှိပါတယ်။ အဲတာကြောင့် တချို့သော လူထုအခြေပြု အဖွဲ့အစည်းများဟာ နိုင်ငံခြားအလှူရှင်များရဲ့ ချမှတ်ထားတဲ့ ပေါ်လစီအတိုင်း အလုပ်လုပ်ဖို့ လိုအပ်လာပါတယ်။ အဲသလို အခြေအနေမျိုးမှာ နိုင်ငံခြားအလှူရှင်များရဲ့ ပေါ်လစီတချို့ဟာ ကိုယ့်မြေကိုယ့်ရေနဲ့ စပ်ဟပ်ရဲ့လား ဆိုတာကို ထဲ့သွင်း တွက်ချက်ပြီး လုပ်ကိုင်မယ်ဆိုရင်တော့ ပိုသင့်တော်မယ်လို့ မြင်ပါတယ်။ နိုင်ငံခြားအလှူရှင်များ အနေနဲ့ မြန်မာပြည်လို အပြောင်းအလဲ ဖြစ်လာကာစ နိုင်ငံတွေကို ကူညီတဲ့နေရာမှာ စွမ်းရည်မြှင့် သင်တန်းတွေ ပေးတာကို အလေးထားပါတယ်။ ပြိုကျခဲ့တဲ့ ပြိုကျနေတဲ့ လူ့အဖွဲ့အစည်းတခုကို ဆယ်မဖို့ အလုပ်လုပ် ကြတဲ့နေရာမှာ စွမ်းရည်မြှင့်သင်တန်းတွေ လိုတာ ကလည်း အမှန်ပါဘဲ။ သို့သော်လည်းပဲ အခုမြင်ရသလောက် ဆိုရင် စွမ်းရည်မြှင့် သင်တန်း အတော်များများဟာ မြို့ကြီး များရဲ့ ဟော်တယ်များ ခန်းမများမှာသာ ပြုလုပ်နေတာက အများစုလို့ ဆိုနိုင်ပါတယ်။

သင်တန်းတွေက အမျိုးစုံ
ကလေးအခွင့်အရေး၊ အမျိုးသမီးအများသား တန်းတူအခွင့်အရေး၊ သောက်ရေသန့်ရရှိရေး၊ မြေမြုပ်မိုင်းများ အန္တရာယ်၊ လယ်သမား အလုပ်သမား အခွင့်အရေး၊ ကျောင်းသားအခွင့်အရေး၊ လူကုန်ကူးခြင်း တားဆီးတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး၊ ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် အဖြေရှာခြင်း၊ ဒိုင်ယာလော့ ပြုလုပ်နည်း၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး၊ သစ်ပင်များပြန်စိုက်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ လုံခြုံရေး၊ ကျန်းမာရေး ပညာပေး သင်တန်းများ၊ ပိုးသတ်ဆေးများနှင့်ဓာတ်မြေသြဇာများ၏ အန္တရာယ် သင်တန်းများ၊ ကွန်ပြူတာသင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ပရောဂျက် ပရိုပိုဆယ် ရေးနည်းသင်တန်း၊ မီဒီယာလွတ်လပ်ခွင့် အပါအဝင် ဆက်စပ်သင်တန်းများ စသဖြင့် ရှိနေကြပြီး နောက်ထပ်လည်း အမျိုးအစား များလှတဲ့ စွမ်းရည်မြှင့် သင်တန်းတွေလည်း ရှိပါသေးတယ်။ ဒါတွေဟာ လူတိုင်း လူတိုင်း နိုင်ငံသားတိုင်း သိထားသင့်တဲ့ ကိစ္စများဖြစ်ပါတယ်။ ဒီလိုသင်တန်းမျိုး ပေးခြင်း ဟာလည်း ကြိုဆိုရမှာပါဘဲ။

အလယ်ကလပ်နေသေး
သို့သော်လည်း တချိန်ထဲမှာ အလှမ်းကျယ် အလယ်လပ်နေတဲ့ အခြေအနေကို မြင်ရပြန်ပါတယ်။ ဘယ်လိုဘယ်ပုံ အလယ်လပ်နေ သလဲ ဆိုတာကို ဆက်ပြောပါ့မယ်။ အခုလို အပြောင်းအလဲ စတင်နေပြီလို့ ဆိုနိုင်တဲ့ ကာလမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့် အရည်အချင်းမြှင့် သင်တန်းတွေ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်ဆိုင်ရာ အထောက်အကူပြုတဲ့ သင်တန်းတွေလည်း လိုနေပြီဆိုတာကို စတင်ပြီး သတိထားမိပါတယ်။ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ အထောက်အကူပြု သင်တန်းမျိုးတွေလိုသလဲ။ လူတဦးနဲ့တဦး အနိုင်မကျင့်ဖို့၊ အထက်စီးကနေ မဆက်ဆံဖို့၊ ဘာလူမျိုးဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် နိုင်ငံသားအားလုံးဟာ တန်းတူဖြစ်တယ် ဆိုတာကို နားလည်ဖို့၊ နိုင်ငံသားမဟုတ်သော်လည်း အကြာင်းအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံအတွင်းမှာ နေထိုင်နေရတဲ့ သူများအပေါ်လည်း နိုင့်ထက်စီးနင်း မပြုလုပ်ဖို့၊ အစွန်းရောက် အပြုအမူ အယူအဆတွေကို ပယ်နိုင်ဖို့၊ လူမျိုးရေး ဘာသာရေးအရ အစွန်းရောက်စေတဲ့ ဟောပြောပွဲတွေ လှုံ့ဆော်မှုတွေ အရေးအသားတွေကို လက်မခံဖို့ မကြိုဆိုဖို့၊ အစွန်းရောက်အောင် တွန်းပို့နေတဲ့ မျက်ကန်းမျိုးချစ် လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ စတာတွေကို ခြုံငုံမိစေတဲ့ သင်တန်းတွေလည်း အရေးတကြီး လိုအပ်နေပြီလို့ ဆိုချင်ပါတယ်။

မယဉ်ကျေးမှုများနဲ့ ရိုင်းစိုင်းမှုများ
အထက်မှာ ပြောခဲ့တဲ့ စွမ်းရည်မြှင့်သင်တန်းတွေ အမျိုးအစားပေါင်း များစွာကို တက်ရောက်သင်ကြားခဲ့ လေ့လာခဲ့ရင် ယဉ်ကျေးပြီ မရိုင်စိုင်းတော့ဘူးလို့ ဆိုနိုင်သလား။ လူသားချင်းစာနာ ထောက်ထားတဲ့ စိတ်တွေပိုမို မြှင့်တက်လာပြီလို့ကော ဆိုနိုင်သလား။ ဥပမာ တခုလောက် ပြောခြင်ပါတယ်။ အန်ဂျီအိုတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတဦး နိုင်ငံခြားမှာ စွမ်းရည်မြှင့် ရက်တိုသင်တန်း သွားတက်ပါတယ်။ ပြန်လာတော့ ရန်ကုန်လေဆိပ်မှာ တက္ကဆီငှားပါတယ်။ ကားသမားကို သူကဒီလိုမေးပါတယ်။
အန်ဂျီအိုပုဂ္ဂိုလ်။ ။ ဟေ့ကောင့့်  လှည်းတန်းကို သွားမယ်။ ဘယ်လောက်လဲကွ။
ကားသမား။ ။ ခြောက်ထောင်ပါခင်ဗျာ။
အန်ဂျီအိုပုဂ္ဂိုလ်။ ။ မင်းတို့ဟာက များလှချည်လား။ လေးထောင်ဆိုရင် ဘယ်တက္ကဆီမဆို ငှားလို့ရတယ်။ ပါးတောင် အဆစ်ရိုက်လို့ ရသေးတယ်။

နိုင်ငံခြားမှာ စွမ်းရည်မြှင့် ရက်တိုသင်တန်းတက်ခဲ့တဲ့ သူဟာ သူ့ရဲ့သက်ဆိုင်ရာ ဘာသာရပ်ကို အတိုင်းအတာ တခုအရ နားလည်ကျွမ်းကျင်မှု ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသူဟာ ဘာကြောင့် လူတဖက်သားကို မောက်မောက်မာမာ ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံရ တာလဲ။

နောက်တခုလည်း ရှိပါသေးတယ်။ စစ်တပ်က တပ်ကြပ်ကြီးအဆင့်လောက်က ရဲတပ်ဖွဲ့က ဒုရဲအုပ်တပွင့်လောက်ကို အချိန်မရွေး လမ်းလယ်ခေါင်မှာ ပါးရိုက်လို့ ရတယ်ဆိုတဲ့ အပြောမျိုးတွေပါ။ လုပ်လည်းလုပ်ပါတယ်။ ခံခဲ့ရဘူးတဲ့ ရဲအရာရှိတွေ မနည်းလှပါ။ ရဲဆိုတာ စစ်တပ်ရဲ့ လက်အောက်ခံ ကျွန်သဘောမျိုးမို့ နိုင်ချင်တိုင်း နိုင်စားလို့ ရတယ်ဆိုတဲ့ အယူအဆကနေတဆင့် ရိုင်းစိုင်းတဲ့ လူသားချင်း မစာနာတဲ့ အတွေးအခေါ် ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ကျောင်းဆရာမ တယောက်က ပိုက်ဆံမတတ်နိုင်တဲ့ ကျောင်းသားဆီက သူလိုချင်တဲ့ လက်ဆောင်မရလို့ အဲဒီကျောင်းသား ကို အတန်းထဲမှာ တချိန်လုံး ရိုးမယ်ဖွဲ့ အပြစ်ရှာ နေတာမျိုးကလည်း ယဉ်ကျေးမှုမဲ့တဲ့လုပ်ရပ် အနိုင်ကျင့်တဲ့လုပ်ရပ်လို့ ဆိုနိုင်ပါသေးတယ်။ နာသုံးနာဆိုတာ ဒီခေတ်မှာ မရှိတော့ပါလို့ဆိုရင် လွန်တယ်ထင်မလား။ ဒီလို အဖြစ်အပျက်မျိုးတွေဟာ တိုင်းပြည်မှာ နေရာအနှံ့ ဖြစ်နေတာပါ။

မေးစရာဖြစ်လာ
အခုမြန်မာနိုင်ငံအတွင်းမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအမျိုးမျိုးက ပို့ချနေတဲ့ စွမ်းရည်မြှင့်သင်တန်းတွေဟာ လူတွေရဲ့ စိတ်နေ သဘောထားတွေ အပြုအမူတွေ ယဉ်ကျေးလာအောင်၊ လူသားချင်း စာနာတဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒါမှမဟုတ်ဘဲ စွမ်းရည်မြှင့်သင်တန်းတွေ များများတက်ထား ပြီးရင် အန်ဂျီအို ကြီးငယ်လတ်တွေမှာ လခကောင်းကောင်းနဲ့ အလုပ်ရအောင်ဆိုတဲ့ စိတ်တွေကပဲ များနေသလား ဆိုတာကလည်း နောက်ထပ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အခု နာမည်ကြီးနေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အလုပ်လုပ်ဖို့အတွက် နိုင်ငံခြားသား ကျွမ်းကျင်သူများလည်း အုံနဲ့ကျင်းနဲ့ လာနေကြတာ မြင်ရပါတယ်။ မြန်မာပြည်အရေးကို နှစ်ပေါင်းများစွာ လေ့လာနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာအုပ်တွေ အတော်များများ ရေးခဲ့ဘူးတဲ့ ဆွီဒင်နိုင်ငံသား ဘာတဲလ် လင်တနာကတော့ အဲသလိုမျိုး နိုင်ငံခြားသား တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာကို အကြောင်းပြပြီး ရွှေတွင်းတူးမယ့် သူတွေလို့ ဝေဖန်ထားတာဖြစ်ပါတယ်။ အဲ့တာအပြင် ငြိမ်းချမ်းရေးကို အကြောင်းပြလို့ နိုင်ငံတကာကနေ ဝင်လာမယ့် ငွေကြေးပမာဏက များလှတာမို့ ဒီလုပ်ငန်းကို စီးပွားရေး အသွင် သဘောထားပြီး လုပ်ကိုင်နေတာကို မြင်နေရတဲ့အတွက် “ငြိမ်းချမ်းရေး စီးပွားရေး လုပ်ငန်းကြီးမှ ကြိုဆိုပါ၏” ဆိုပြီး ခပ်ထေ့ထေ့ မှတ်ချက်ခြ ရေးသားခဲ့ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ငန်း ကိုင်ငန်းတွေထဲမှာ လူ့အဖွဲ့အစည်း အတွင်း လူသားချင်းစာနာတဲ့ စိတ်တွေ တိုးမြှင့်စေတဲ့ လုပ်ငန်းမျိုးတွေ ပါမပါ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

အစွန်းရောက်လှုံ့ဆော်မှုတွေ
ရခိုင်အရေးကစလို့ အခုလတ်တလော ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာအရေးအထိ မွတ်စလင်ဆန့်ကျင်ရေးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လှုံ့ဆော်နေတာတွေ ရှိတယ်ဆိုတာ မြင်ရပါတယ်။ လူသတ်တာဟာ လူသတ်တာပဲ ဖြစ်ပါတယ်။ အမျိုးသားရေး၊ စီးပွားရေးစတဲ့ ဒိုင်းတွေနဲ့ ကာကွယ်ရုံနဲ့ မလုံလောက်ပါဘူး။ မနေ့တနေ့က ခိုးဝင်လာတဲ့သူတွေ အပေါ်မှာ ဥပဒေအရ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးမြန်မာမင်းများ လက်ထက်ကစလို့ (သို့မဟုတ်) မျိုးဆက်ပေါင်း များစွာ မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ မွတ်စလင်များဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ မြန်မာပြည်က နိုင်ငံသားမွတ်စလင်တွေ အကုန်လုံး နိုင်ငံခြားကို ထွက်ပြေးလို့ ဒါမှမဟုတ် အကုန်လုံး အကြောက်တရား ကြောင့် ဗုဒ္ဓဘာသာ ကူးပြောင်းသွားရင်ကော မြန်မာပြည်မှာ ပြဿနာတွေ အေးဆေးလို့ ငြိမ်းချမ်းမယ် ထင်ပါသလား။

လုံးဝမထင်ပါလို့ ကြိုတင်ဟောကိန်း ထုတ်လိုက်ပါရစေ။ အဲဒီအခါမှာလည်း အားလုံး ဗုဒ္ဓဘာသာဝင်တွ ဖြစ်တယ် ဆိုပေမယ့် ဒီကောင်တွေက ကုလားတွေ ကုလားဆက်တွေ ဆိုပြီး ဘာသာတူပေမယ့် လူမျိုးမတူတဲ့ အပေါ်မှာ ပြဿနာတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်။ အခု မြန်မာပြည်မှာ ဖြစ်တည်နေတဲ့ ဆင်းရဲနွမ်းပါးမှုဟာ ဘယ်သူ့ကြောင့် ဖြစ်ခဲ့တာလဲ ဆိုတာကို နားလည်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်တွေကြောင့် မြန်မာပြည်ကြီး ဆင်းရဲသွားတာ မဟုတ်ပါဘူး။ အာဏာရှင်တွေရဲ့ တုံးလွန်းတဲ့၊ မနာလိုစိတ် ကြီးမားလွန်းတဲ့ စိတ်နေသဘောထားကြောင့် မွဲခဲ့ကြရတာပါ။ တခါ မွတ်စလင် ပြဿနာ မရှိတော့ရင်လည်း ထပ်ပြီး ပေါ်ပေါက်လာမယ့် အစွန်းရောက်နောက်ထပ် ကိစ္စတခုကတော့ ခရစ်ယန်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံသား တိုင်းရင်းသားတွေဟာ ပစ်မှတ်အသစ် ဖြစ်လာလိမ့်မယ် ဆိုတာပါဘဲ။ အယူဘာသာချင်း တူရင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ်လို့ ထင်တာဟာ မှားယွင်းတဲ့ ချဉ်းကပ်မှုပါ။ ရှေးတုန်းက မြန်မာမင်းတွေဟာ မွန်မင်းတွေ၊ ရခိုင်မင်းတွေ၊ ရှမ်းစော်ဘွားတွေနဲ့ စစ်ခင်းခဲ့ကြတာ တခြိမ်းခြိမ်းပါဘဲ။ မွန်တွေ၊ ရခိုင်တွေ၊ ရှမ်းတွေလည်း ဗုဒ္ဓဘာသာဝင်တွေ ပါဘဲ။ ဘာကြောင့် စစ်ခင်းခဲ့ကြတာလဲ။ လောဘကြောင့်ပါ။ ဘယ်လိုလောဘ တုန်းဆိုတော့ မိမိ တန်ခိုးသြဇာ ဘုန်းလက်ရုန်း ကြီးမားတာကို ပြလိုတဲ့ လောဘကြောင့် နောက်ဆုံးမှာလည်း ဗုဒ္ဓဘာသာဝင် အချင်ချင်းလဲ သတ်ဖြတ် နှိပ်ကွပ်ခဲ့တာကို မြင်နိုင်ပါတယ်။

မီးတောက်ကို မကြီးပါစေနဲ့
ဗုဒ္ဓဘာသာဝင်တွေဖက်က မွတ်စလင်ဆန့်ကျင်ရေး ကြီးမားသထက် ကြီးလာပြီး ထစ်ခနဲရှိ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက် သတ်နေမယ်ဆိုရင် ဒါဟာ မြန်မာပြည်အတွက် အန္တရာယ် ရှိပါတယ်။ တကမ္ဘာလုံးဟာ အင်တာနက် ကွန်ယက်ကြီးနဲ့ ဆက်သွယ်နေကြတဲ့ ကာလဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်တဲ့ ပြဿနာဟာ မြန်မာပြည်မှာဘဲ အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာ နားလည်ကြဖို့ လိုပါတယ်။ ဘင်္ဂလားဒက်ရှ် နယ်စပ် အခြေစိုက် အစွန်းရောက် မွတ်စလင် အဖွဲ့အစည်းတွေ၊ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်ရေး မလေးနွယ်ဖွား မွတ်စလင် အဖွဲ့အစည်းတွေ၊ ဖိလစ်ပိုင်တောင်ပိုင်းက အစွန်းရောက် မွတ်စလင်အဖွဲ့တွေ၊ အင်ဒိုနီးရှားနဲ့ မလေးရှားက လျှို့ဝှက် အစွန်းရောက် မွတ်စလင်အဖွဲတွေနဲ့ မြန်မာ နိုင်ငံသား မွတ်စလင်တွေ တနေ့မှာ မဟာမိတ်ဖွဲ့ကုန်ကြပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဒီဒေသအတွင်းမှာ ကြီးမားလာအောင် လက်ရပ်ခေါ်တဲ့ လုပ်ရပ်များကို မလုပ်မိဖို့ လိုပါတယ်။ ကိုယ့်ဖက်က ဉာဏ်ကြီးကြီးထားဖို့ ဆိုလိုတာပါ။

နိုင်ငံရေးခေါင်းဆောင်တွေ အမျှော်အမြင် ကြီးမားဖို့၊ သည်းခံစိတ်တရား ကြီးမားဖို့ကလည်း အခရာကြပါတယ်။ ဘာမှမပြောဘဲ ငြိမ်နေတယ်ဆိုတာကြောင့် အလိုတူ အလိုပါလို့ စွပ်စွဲခံရနိုင်ပါတယ်။ ဒါကြောင့် ဆိုရေးရှိက ဆိုရမယ့် သတ္တိရှိဖို့ လိုပါတယ်။ နိုင်ငံသားတွေ အနေနဲ့လည်း နိုင်ငံရေးကို နိုင်ငံရေးလို နားလည်ပြီး အရပ်ဖက် နိုင်ငံရေး ခေါင်းဆောင်မဟုတ်သူတွေ (ဘာသာရေးနဲ့ လူမျိုးရေး ခေါင်းဆောင်တွေ) သွေးထိုးတာ မြှောက်ပင့်တာတွေကို နားမယောင်ဖို့လည်း လိုပါတယ်။ လူမျိုးရေးဘာသာရေးကို ခုတုန်းလုပ်လေ့ရှိတဲ့ အရပ်သားနိုင်ငံရေး ခေါင်းဆောင်တွေကိုလည်း မထောက်ခံဖို့ လိုပါတယ်။ မီးတောက်ကို ဒီထက်ဒီ မကြီးမားစေဘဲ မီးငြိမ်းသည် အထိ ဆောင်ရွက်ဖို့ အလေးအနက် ထားသင့်တယ်လို့ ထောက်ပြလိုပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်တွေကို အကုန် ချေမှုန်းပြီးရင် မြန်မာဗုဒ္ဓဘာသာဝင်တွေ စီးပွားရေးတက်လာမယ် ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဖို့ လိုပါတယ်။ တချိန်ထဲမှာလည်း ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေတဲ့ နိုင်ငံသားမွတ်စလင် ဘာသာဝင်တွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ လိုပါတယ်။

လူမျိုးရေးဘာသာရေး အခြေခံတဲ့ မီးတောက်ကို ကြီးထွားမလာဖို့ အတွက် သတင်းမီဒီယာများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကလောင်ကို မရမ်းဘဲ၊ ဘက်မလိုက်ဘဲ အရှိကိုအရှိအတိုင်း သတ္တိရှိရှိ ရဲရဲရင့်ရင့် ပြောနိုင်ရေးနိုင်ဖို့ လိုပါတယ်။ တစုံတခုကို ကြောက်နေရလို့ ကလောင်နဲ့ ကင်မရာကို ဖွက်ထားရတာမျိုး မဖြစ်စေလိုပါ။ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓဘာသာကို ရှေ့တန်းတင်ပြီး နာဇီလက်သစ် ဒါမှမဟုတ် အသေးစားဖက်ဆစ် အတွေးအခေါ်မျိုး မြန်မာ့လူ့အဖွဲ့အစည်း အတွင်း ပေါ်ပေါက်လာမှာကို တားဆီးဖို့ သတင်းမီဒီယာများမှာလည်း တာဝန်ရှိတယ်ဆိုတာ ပြောလိုပါတယ်။

အာသောကမင်းကြီးရဲ့ လူသားဆန်မှု
ဘုန်းတန်ခိုးသြဇာကို ပြသလိုတဲ့ လောဘကြောင့် အာသောကမင်းကြီးဟာ မရေတွက်နိုင်အောင် စစ်ပွဲများကို ဆင်နွှဲခဲ့ပါတယ်။ နောက်ဆုံး ကာလင်္ဂတိုင်းကို ရက်ရက်စက်စက် ချေမှုန်းအပြီးမှာ တောင်ပုံရာပုံ ဖြစ်နေတဲ့ လူသေအလောင်းတွေကို ကြည့်ပြီး နောင်တရခဲ့ပါတယ်။ သူကိုယ်တိုင်လည်း နောက်ဆုံးမှာ ဗုဒ္ဓဘာသာဝင် တဦး ဖြစ်ခဲ့ပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ သည်းခံမှုတရား ခွင့်လွှတ်မှုတရားဟာ အရေးကြီးတယ် ဆိုတာကို ထိုးထွင်းမြင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နှောင်းလူတွေ သင်ခန်းစာယူဖို့ ကျောက်စာရေးထိုးခဲ့ပါတယ်။ အာသောက မင်းကြီးရဲ့ ဆိုလိုချက်က ဒီလိုပါ။

“လူတဦးတယောက်သည် မိမိအစုအဖွဲ့ မိမိလူမျိုးအုပ်စုကိုသာ တန်ဖိုးထားချစ်မြတ်နိုး၍ အမျိုးမတူ အုပ်စုမတူသည့် အခြားသူ တဦးဦးကို စော်ကားမော်ကား ချိုးချိုးဖဲ့ဖဲ့ ပြုလုပ်ခြင်း မရှိစေရ။ တိကျသေချာခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက် သတ်ဖြတ် ပျက်စီးကြေပြုန်းခြင်း အမှုကို မဖြစ်စေရ။ လူတိုင်းလူတိုင်းသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်အုပ်စု အပေါ်တွင် ချစ်မြတ်နိုး တန်ဖိုးထားရန် ထိုက်တန်သော အခွင့်အရေးရှိသည်။ လူတဦးတယောက်သည် သူ၏မျိုးနွယ်စု ကောင်းကျိုးကို ဆောင်ရွက်ရင်း အခြားမျိုးနွယ်စုဝင်များ၏ ကောင်းကျိုးအတွက်လည်း တချိန်ထဲတွင် ဆောင်ရွက်နိုင်သည်။ ပြောင်းပြန် ကြည့်လတ်သော် မိမိမျိုးနွယ်စု၏ ကောင်းကျိုးကို မဆောင်ရွက်ဘဲ ထိခိုက်အာင် ဆောင်ရွက်သူသည် အခြား မျိုးနွယ်စုများ အတွက်လည်း ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်။ မိမိမျိုးနွယ်စု ကောင်းစားရေးအတွက် အခြား မျိုးနွယ်စု တခုကို တိုက်ခိုက်သတ်ဖြတ် ချေမှုန်းပါက ထိုလုပ်ရပ်သည် တချိန်တွင် မိမိမျိုးနွယ်အုပ်စုကိုသာ တဖန်ပြန်လည်၍ ဒဏ်ရာအနာတရ ဖြစ်စေကာ အကျိုးယုတ်စေသည်။”

လိုနေတာက
ပြန်ကောက်ရမယ်ဆိုရင် ကနေ့မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လိုနေတာက လူသားချင်းစာနာ တန်ဖိုးထားတဲ့ စိတ်ဖြစ်ပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ တန်းတူညီမျှမှု ကလည်း တခါထဲ ကပ်ပါနေပါတယ်။ သည်းခံစိတ်ကြီးမားမှုကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ထစ်ခနဲရှိ ဆော်ထည့်လိုက်မယ်ဆိုတဲ့ စိတ်ထားမျိုးတွေကို ပြုပြင်ဖို့ လိုပါပြီ။ နိုင်ငံသား မွတ်စလင် ဘာသာဝင်တွေဟာ တဆင့်နိမ့် နိုင်ငံသားများ မဟုတ်ပါ။ အားလုံးနဲ့ တန်းတူရည်တူရှိတဲ့ နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ မကြာသေးခင်က ရှမ်းခေါင်းဆောင်တဦး ပြောခဲ့တာ တခုရှိပါတယ်။ တိုင်းရင်းသားတွေဟာ မြန်မာတွေနဲ့ နိုင်းယှဉ်လိုက်ရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ဒုတိယတန်းစား နိုင်ငံသားလို ဆက်ဆံခံနေရတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူတို့လက်တွေ့ ခံစားနေရတဲ့ ခံစားချက်အမှန်ဖြစ်ပါတယ်။ ပြန်ကောက်ရမယ်ဆိုရင် ကနေ့ ခေတ်စားလာတဲ့ စွမ်းရည်မြှင့်သင်တန်းများမှာ ရုပ်ပိုင်းအသိပညာ အတတ်ပညာများသာ မကဘဲ လူသားချင်းစာနာ တန်ဖိုးထားဖို့၊ နိုင်ငံသားအားလုံးဟာ တန်းတူဖြစ်ပြီး အချင်းချင်း အပြန်အလှန် လေးစားကြဖို့ စတဲ့ အတွေးအမြင် အယူအဆတွေကိုပါ မျှဝေနိုင်တဲ့ သင်တန်းများ ဖြစ်လာစေဖို့ ဆန္ဒပြုလိုက် ရပါတယ်။

ဇော်မင်း
၂၅ ရက်၊ ဧပြီလ၊ ၂ဝ၁၃ ခုနှစ်

ဆက်လက်ဖတ်ရှုရန်...

Tuesday, March 26, 2013

မြေယာ ရှည်ကြာသည့် တိုက်ပွဲများ

လက်ပံတောင်းက လယ်သမားတွေ တချို့ကတော့ သူတို့လယ်ယာမြေ ဆုံးမယ့်အတူတူ လျှော်ကြေးပေးတာကို လက်ခံရယူ ကြတယ်လို့ သိရတယ်။ တချို့ လယ်သမားတွေကတော့ လျှော်ကြေး မယူဘူးလို့လည်း ကြားရတယ်။ ဝမ်ပေါင်နဲ့ ဦးပိုင် ကတော့ အပြီးသိမ်းတာမဟုတ် နှစ် ၆ဝ သူတို့မြေပေါ်မှာ ကြေးနီထုတ်ခွင့်အတွက် ငှားတဲ့သဘောလို့ ပြောတာလည်း ကြား ရတယ်။ လျှော်ကြေးယူတာ မယူတာက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်မို့လို့ အထူးမပြောလိုတော့ပါ။ ဒါပေမယ့် လျှော်ကြေး ပေးတဲ့ ငွေပမာဏနဲ့ လယ်သမားတွေရဲ့ အနာဂတ်ကိုတော့ ချိန်ထိုးပြီးပြောလိုတယ်။

နှစ်ပေါင်း ၆ဝ ဆိုတာ လူ့သက်တန်းနဲ့တွက်ရင် မနည်းလှဘူး။ မျိုးဆက်နှစ်ဆက်လို့တောင် ပြောနိုင်တယ်။ ပေးတဲ့ လျှော် ကြေးငွေက ကြားရတဲ့အတိုင်းဆို တဧကကို ကျပ်ဆယ်သိန်းဆိုလား ဆယ့်ငါးသိန်းဆိုလား တချို့သတင်းတွေက ဆိုတယ်။ တဧကကို ဆယ့်ငါးသိန်းပဲ ထားပြီး တွက်လိုက်ရအောင်။ ဥပမာအားဖြင့် လယ်သမားတဦးဟာ အဲသည့်ကြေးနီတောင် ဧရိယာမှာ လယ်မြေဧက လေးဧက ပိုင်တဲ့ အသေးစား လယ်သမားတဦး ဆိုပါစို့။ အဲသည့် လယ်သမား ဟာ လျှော်ကြေး ယူမယ်ဆိုရင် ကျပ်ငွေ သိန်းပေါင်း ၆ဝ ရမယ်လို့ တွက်နိုင်ပါတယ်။ တခါ ကနေ့ခေတ်စားစရိတ်ကို ပြန်တွက်ကြည့်ရအောင်။ မိသားစု လေးဦး (သို့မဟုတ်) ငါးဦးရှိတဲ့ အိမ်ထောင်စု တခုဟာ တလတလကို စားစရိတ်ချည်းပဲ ကျပ်ငါးသောင်းလောက် အနည်းလေး ကုန်ပါတယ်။

တနှစ်ဆိုတော့ စားစရိတ်ချည်းပဲ ၆ သိန်းကုန်သွားပါပြီ။ ဆိုတော့ကာ ကျပ်သိန်း ၆ဝ ဆိုတာ ဆယ်နှစ်စာအတွက် စားစရိတ် သက်သက်ပဲ ဖြစ်နေတယ်။ ဖျားလို့နာလို့ ဆေးကုသမယ် ဆိုတာ မပါသေးဘူး။ အဝတ်အစားဖိုး။ သာရေးနာရေး ကုန်ကျ စရိတ်၊ ကလေးပညာရေး၊ ခရီးသွားဖို့ ပေါ်လာရင် သုံးရမယ့် လမ်းစရိတ် စတာတွေ မပါသေးဘဲ စားတာ တခုထဲနဲ့ပဲ အဲသည့် လျှော်ကြေးငွေ သိန်း ၆ဝ ဟာ ဆယ်နှစ်နေတော့ ကုန်သွားပါပြီ။ အဲသည့် ဆယ်နှစ်အတွင်း ဆန်၊ ဆီ၊ ဆား၊ သားငါး စတဲ့ ကုန်ဈေးနှုန်းတွေက တက်လာဦးမှာကိုလည်း ထည့်မတွက်ရသေးဘူး။ ဝမ်ပေါင်နဲ့ ဦးပိုင်က နှစ်ခြောက်ဆယ် စာ ငှားတယ် ဆိုတော့ နောက်ထပ် ဆက်သွားရမယ့် နှစ်ငါးဆယ်အတွက် ဘယ်လိုလုပ်ကြ မလဲ။ ရလာတဲ့ လျှော်ကြေး သိန်း ၆ဝ ကိုအရင်းပြုပြီး စီးပွားရေးလုပ် ဆိုပြန်ရင်လည်း လယ်သမားတဦးက ဘယ်လိုစီးပွားရေးမျိုး လုပ်နိုင်မလဲ၊ လုပ် တတ်မလဲ။ တသက်လုံးက လယ်ထွန်ယာထွန် လူမျိုးဆိုတော့ ကာရန်မသင့်ရင် အရင်းပြုတ်နိုင်သေးတယ်။ အရင်းပြုတ်ရင် လယ်သမား ဆိုတာ ခေတ်ပညာတတ်တွေ မဟုတ်လေတော့ ဖြစ်လာမယ့် အကျိုးဆက်က အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြီး ကျွန်ခံဖို့ဘဲ ကျန်တော့တယ်။

တိုင်းပြည်ထဲမှာ ဖြစ်ဖြစ် သူများနိုင်ငံမှာ ဖြစ်ဖြစ် အမျိုသမီးငယ်တွေ ပြည့်တန်ဆာဘဝကို ကျရောက်သွားနိုင်တယ်။ အရင်တုန်း ကတော့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုကို နိုင်ငံကြီးတွေက ပိတ်ဆို့ထားလို့ မြန်မာနိုင်ငံသား အမျိုးသမီးတွေ အလုပ်လက်မဲ့ဖြစ်ပြီး ပြည့်တန်ဆာဘဝကို တွန်းပို့ခံရတယ်လို့ မြန်မာပညာရှင်တချို့ဆိုသူများက ဝေဖန်ဘူးတယ်။ ကိုင်း နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု ဝင်လာတိုင်းလဲ လာခြင်းကောင်းသလားဆိုတာ တွက်ကြည့်ကြပါဦးဗျာတို့။ တကယ်လို့ ရှိထားတဲ့ အဲသည့် လယ်လေးဧက အပေါ်မှာ စိုက်ပျိုးထွန်ယက်ပြီး အသက်မွေးမယ်ဆိုရင် အနည်းဆုံး ထမင်းစားဖို့ လောက်တော့ အဆင်ပြေနိုင်သေးတယ်။ ဆင်းရဲနေဆဲ ဆိုပေမယ့် သားစဉ်မြေးဆက် အဲသည့်မြေကို အမှီပြုပြီး အသက်ရှင်သန် နိုင်သေး တယ်။ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီမှာ မူလအခြေအနေတခုကနေ နောက်ထပ် အခြေအနေသစ်တခုဆီကို ပြောင်းသွား ခြင်းဟာ အကောင်းကို ဖန်တီးပေးသလို သည့်ထက်ဆိုးတာကိုလည်း ရင်ဆိုင်ရစေ တယ်လို့ ဆိုထားတယ်။ ဒါကြောင့် ဘယ်လိုနိုင်ငံခြား ရင်းနှီးမြုတ်နှံမှုဟာ နှစ်ဖက်အကျိုးရှိသလဲ၊ ဘယ်လိုဟာမျိုးကတော့ ကိုယ့်လည်ပင်းကို ပြန်ပြီး ကြိုးကွင်း စွပ်သလိုမျိုး ဖြစ်စေသလဲဆိုတာ နားလည်ဖို့ လိုတယ်။ နားလည်ပေမယ့် လူတစုကောင်းစားရေးအတွက် မျက်ကွယ်ပြုမယ် ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ ဒါက လူတွေ စားရေးနေရေးအတွက်လောက်ပဲ ထောက်ပြသေးတာပါ။

နိုင်ငံခြားရင်းနှီးမြုတ်နှံမှုကြောင့် သဘာဝပတ်ဝန်းကျင်ဟာ ပြန်လည်ပြုပြင်လို့ မရလောက်အောင် ပျက်သုံးမယ် ဆိုရင်တော့ အဲတာလည်း နောက်ထပ် ကြီးမားတဲ့ ဆုံးရှုံးမှုပါဘဲ။ နောက်တခု ထောက်ပြခြင်တာက သဘာဝပတ်ဝန်းကျင် ပျက်သုဉ်း ခြင်းဟာ အဲသည့် အရပ်ဒေသက လူတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဒေသဆိုင်ရာ ရိုးရာဗဟုသုတ တွေကိုလည်း ဖျက်ဆီးလိုက်တာနဲ့ အတူတူပါဘဲ။ ဘရာဇီးနိုင်ငံဟာ ကမBာမှာ အကြီးဆုံးသော အမြဲစိမ်း အီကွေတာ သစ်တောကြီး တွေကို ပိုင်ဆိုင်တယ်။ ဒါပေမယ့် သစ်ထုတ်ဖို့၊ စီးပွားဖြစ် စိုက်ခင်းတွေဖြစ်တဲ့ ကော်ဖီ၊ ကြံ၊ ပြောင်းဖူး စတာတွေ စိုက်ပျိုးဖို့ သစ်တောတွေကို ခုတ်ရင်းနဲ့ အဲသည့် သစ်တောကြီးတွေ အထဲမှာ မီတင်းနေထိုင်နေတဲ့ တိုင်းရင်းသား လူမျိုးငယ်တွေ တစ တစ တိမ်ကောလာတော့တယ်။ ကျားတွေ၊ ဆင်တွေနဲ့ ရှားပါးတဲ့ သတ္တဝါတွေကို မသတ်ဖြတ်ဘဲ ထိမ်းသိန်းဖို့ ပြောနေတဲ့ ခေတ်ကြီးမှာ လူသားတွေရဲ့ ရိုးရာနဲ့ ဘဝနေထိုင်မှု စနစ်တွေကိုကော ပိုပြီး မကာကွယ် ထိုက်ဘူးလား။

အခုတော့ တိုင်းပြည်ဖွံ့ဖြိုးရေး ဆိုတာကို အကြောင်းပြုပြီး မြန်မာနိုင်ငံရဲ့ တောင်ပေါ်မြေပြန့် နေရာအနှံ့က လယ်သမားတွေ၊ ခြံသမားတွေက သူတို့ရဲ့ ဘဝတွေကို စတေးပေးနေရတယ်။ လာမယ်လို့ တာစူနေတဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု တွေကလည်း သတ္ထုရှာဖို့၊ ရွှေရှာဖို့၊ သဘာဝဓာတ်ငွေ့ရှာဖို့၊ ကျောက်တူးဖို့လောက်ပဲ အားသန်ကြတယ်။ ကုန်ထုပ်လုပ်မှု တခုခု ထုတ်လုပ် ဖို့ လာချင်တဲ့ ကုမ္ပဏီမျိုးက အရှားသားလား။ သဘာဝရင်းမြစ်ကို ထုတ်ယူတာက သေချာပေါက် အမြတ်ရမှာဆိုတော့ ဘယ်သူကမှ စက်ရုံ အလုပ်ရုံတွေ ဆောက်ပြီး ကုန်ပစ္စည်းထုတ်တာကို မလုပ်လိုကြဘူး။

အခု ထိုင်းနိုင်ငံမှာ ကျွန်းသစ်ကို ဘယ်သူမှ ခုတ်ခွင့်မရှိဘူး။ ခိုးခုတ်တာ မိလို့ကတော့ ထောင်ထဲသွားဘဲ။ တကယ်လို့ မြေလွတ် ကြီးကြီးမားမား ပိုင်ဆိုင်တဲ့သူက ကျွန်းပင်စိုက်လိုတယ်ဆိုရင် အစိုးရက ကျွန်းမျိုးနဲ့ နည်းပညာကို လာပေးတယ်။ သတ်မှတ်ထားတဲ့ သက်တန်းကို ရောက်ရင်လည်း အစိုးရက သူကိုယ်တိုင် မခုတ်သလို မြေရှင်ကိုလည်း ခုတ်ခွင့်မပေးဘူး။ ဒါပေမယ့် မြေရှင်ကို ကျွန်းပင်တွေ လက်ခံပြီးစိုက်ပျိုးပေးထားတဲ့အတွက် တပင်ကို ဘယ်လောက်ဆိုပြီး အစိုးရက ပိုက်ဆံ ပြန်ပေးတယ်။ ကျွန်းပင်များများ စိုက်ထားရင် များများပိုက်ဆံရတယ်။ အဲသည့်ပိုက်ဆံနဲ့ ဘဝရပ်တည် နိုင်တဲ့အပြင် တိုက် တွေဆောက် ကားတွေတောင် ဝယ်နိုင်သေးတယ်။ လူမြေပိုင်ရှင်က ကျွန်းပင်မြေငှားဆီက မြေငှားခရသလိုမျိုးနဲ့ သဘော ဆင်တယ်။

အခုလက်ပတောင်းမှာ ဖြစ်နေတာက မြေသိမ်းခံရလို့ ရတဲ့ လျှော်ကြေးကလည်း ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်။ အနှစ် ခြောက်ဆယ် ကြာလို့ မြေပြန်ရတယ်ပဲထား၊ လက်ရှိလယ်သမားတွေရဲ့ မြေးတွေမြစ်တွေက လယ်ကောလုပ်တတ်ဦးမှာ လား။ လယ်မြေယာမြေတွေကကော စိုက်လို့ပျိုးလို့ ရပါဦးမလား။ ဓာတုဆေးဝါးဒဏ်တွေကို ဘယ်လိုအတိုင်းအတာနဲ့ မြေကြီး စုပ်ယူ ထားတယ်ဆိုကလည်း ရှိသေးတာကိုး။ သူများနိုင်ငံ သူဌေးတိုင်းပြည်တွေတော့ မပြောတတ်ဘူး၊ မြေဆိုတာ မြန်မာပြည်လို နိုင်ငံမျိုးမှာတော့ လူတိုင်းအတွက် အသက်သွေးကြောပါ။ ထွန်ယက်စားနေတဲ့ မြေကော၊ အိမ်ဆောက်ထား တဲ့ မြေကော အားလုံးဟာ ဆင်းရဲသားအများစု ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ ပိုင်ဆိုင်မှု ဖြစ်တယ်။

လက်ရှိအုပ်ချုပ်သူ အစိုးရကော အရင်စစ်အစိုးရ အဆက်ဆက်တွေပါ တသီးပုဂ္ဂလပိုင်ဆိုင်မှုကို အလေးအနက် သဘော မပေါက် တာကို တွေ့ရတယ်။ တသီးပုဂ္ဂလပိုင်ဆိုင်မှုအတွက် ခိုင်ခန့်တဲ့ တရားမျှတတဲ့ ဥပဒေဆိုတာလည်း မရှိဘူး။ ဦးခင်ရွှေက မြေတွေကို စစ်တပ်အားကိုးနဲ့ သိမ်းယူပြီး နောက်ပိုင်းမှ ဒါတွေဟာ ကျုပ်ပိုင်တဲ့မြေတွေ ကျုပ်ရဲ့တသီးပုဂ္ဂလ ပိုင်ဆိုင်မှု ဆိုပြီး လုပ်ချင်တာကို မြင်နေရတယ်။ နောက်မှလည်း လာသေးတယ် မောင်ဦးလည်း လုပ်ချင်သေးတယ်။ လူပါးဝချက်ကတော့ ကမ်းကုန်တယ်။ ဓားတဝင့်ဝင့် လုပ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် ဘုရင်တွေ လက်ထက်မှာတောင် မြေကို သိမ်းချင်တိုင်း သိမ်းခွင့်ရှိခဲ့တာမဟုတ်ဘူး။ သူတို့မှာလည်း သူ့တို့ခေတ်အခါအရ အုပ်ချုပ်သူ ဘုရင်နဲ့ အုပ်ချုပ်ခံ လူတန်းစား အကြား လိုက်နာခဲ့ရတဲ့ ရိုးရာစည်းမျည်းစည်းကမ်းတွေ ရှိခဲ့တယ်။ ကိုယ့်မြေကို အသိမ်းမခံရဘူး သူတွေအနေနဲ့ မြေဆုံး သွားခဲ့ရတဲ့ သူတွေကို နားလည်ဖို့ ခက်ကောင်းခက်ပါလိမ့်မယ်။ ထိုက်သင့်တဲ့ လျှော်ကြေးပေးလိုက်ရင် ပြီးတာပဲ မဟုတ် လားလို့ အထွန့်တက်သူတွေလည်း ရှိနေတယ်။

ကိုင်း ထိုက်သင့်တဲ့ လျှော်ကြေးဆိုတာ ဘာကိုခေါ်တာလဲ။ ထိုက်သင့်တဲ့ လျှော်ကြေးဆိုတဲ့ အသုံးအနှုန်းကို အမြင်အကပ် ဆုံး။ အခု လက်ပံတောင်းမှာ ပေးနေတဲ့ လျှော်ကြေးဟာ တဧက ဆယ့်ငါးသိန်းဖြစ်လို့ ထိုက်သင့်တဲ့ လျှော်ကြေးလို့ တချို့က မြင်ကောင်း မြင်နေနိုင်တယ်။ ဒါပေမယ့် နှစ်ခြောက်ဆယ် ဆိုတာကို ထည့်မပြောတော့ဘဲ မသိချင်ရောင်ဆောင်နေတာ မျိုးလည်း ရှိနေတယ်။ တဧက ဆယ့်ငါးသိန်း၊ လယ်သမားက အသက် ၃ဝ ဝန်းကျင်ဆိုပါတော့။ အဲတာကြောင့် အဲသည့် လယ်သမားရသင့်တဲ့ ငွေကြေးဟာ သူအသက် ခွန်နှစ်ဆယ်၊ ရှစ်ဆယ်လောက်အထိ လူလိုသူလို နေထိုင်စားသောက် နိုင်တဲ့ ပမာဏဖြစ်ရမယ်။

ဥပမာ ဆိုရရင် အသက် ၃ဝ အရွယ် လယ်သမားနဲ့ သူ့မိသားစုရဲ့ စားစရိတ်ဟာ တောအရပ်မို့ တလကို ကျပ်ငါးသောင်းနဲ့ လောက်တယ်ထား။ နောက်ထပ် အနှစ်ငါးဆယ်စာလောက် လျှော်ကြေးရမှသာ တရားတယ်လို့ ဆိုနိုင်မယ်။ တနှစ်ကို စားစရိတ်ခြောက်သိန်းနဲ့ အနှစ်ငါးဆယ်အတွက် ကျပ်သိန်း ၃ဝဝ လောက် လယ်သမားဖက်က ရသင့်တယ်။ ဆိုလိုတာက ထိုက်သင့်တဲ့လျှော်ကြေး ဆိုတာထက် ပိုပေးရမယ်လို့ ပြောနေတာ။ ဒါတောင် လယ်သမားက သူ့လယ်မြေကို ဖက်ထားပြီး မစွန့်ချင်ဘူး ဆိုရင် ပြန်စဉ်းစားပေးဖို့လိုသေးတယ်။

တချိန်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာ လယ်ယာမြေ ပြန်လည်ဝေခြမ်းရေး လုပ်တော့ အစိုးရနဲ့ မြေရှင်အကြား မြေရောင်းတဲ့ ဝယ်တဲ့ စနစ်တခု ရှိခဲ့ဘူးတယ်။ ဖိလစ်ပိုင်အစိုးရ မြေရှင်ဆီက မြေဝယ်နိုင်ဖို့ ရလာတဲ့ငွေက ကမ္ဘာ့ဘဏ်ကပေးတာ။ ကမ္ဘာ့ဘဏ်က ငွေရှင်ဆိုတော့ ဘယ်လို စနစ်မျိုးနဲ့ ဝယ်ရမယ်ဆိုပြီး ဖိလစ်ပိုင်အစိုးရကို လိုင်းချပေးထားတယ်။ အဲသည့် စနစ်ကို ဝယ်လိုသူနဲ့ ရောင်းလိုသူ စနစ်လို့ ခေါ်တယ်။ အင်္ဂလိုတော့ willing buyers and willing sellers လို့ လူသိများ ခဲ့တယ်။ ဆိုလိုတာကတော့ ရောင်းခြင်ရင် ရောင်းလို့ရသလို မရောင်းလိုကလည်း မရောင်းဘဲ နေနိုင်တယ်။ သို့သော် အဲသည့် စနစ်ဟာ မအောင်မြင်ခဲ့ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ မြေပိုင်ရှင်ဆိုတာ မြေဧကပေါင်း သောင်းနဲ့ သိန်းနဲ့ ချီပြီး ရှေးတုန်းကထဲ ပိုင်ဆိုင်နေတာ ဖြစ်လို့။ မြေပိုင်ရှင် အတော်များများဟာ မကောင်းတတ်လို့ သူတို့ပိုင်တဲ့ မြေထဲက အနည်းအကျဉ်းလောက်ပဲ ပြန်ဖဲ့ရောင်းတာမျိုးလောက်ဘဲ ရှိခဲ့တယ်။ တခါ လယ်သမားကလည်း ရလာတဲ့ မြေပေါ်မှာ ထွန်ယက်စိုက်ပျိုးတော့ ငွေလိုလာတယ်။ ပြင်ပကနေ ငွေချေးရတယ်။ သဘာဝဖောက်ပြန်လို့ သီးနှံမအောင်တဲ့ နှစ်တွေ များလာတော့ နောက်ဆုံး အဲသည့် ရထားတဲ့မြေတွေဟာ မြို့ပေါ်က ငွေရှင်လက်ထဲမှာ ပေါင်သလိုလို ရောင်းသလို လိုနဲ့ ဆုံးကုန်တာများတယ်။

အခုလည်း ဦးခင်ရွှေ အပါအဝင် လယ်သမားမဟုတ်ဘဲနဲ့ လယ်မြေတွေကို မတရား ပိုင်ဆိုင်နေတဲ့ သူများလက်ထဲက ကမ္ဘာ့ဘဏ်က ငွေစိုက်ပြီး ပြန်ဝယ်၊ လယ်သမားများကို ပြန်လည်ဝေခြမ်းရေး လုပ်မယ်ဆိုရင်ကော အောင်မြင်ပါ့မလား။ မရောင်းဘဲတင်းခံနေတာမျိုးလည်း ဖြစ်နိုင်တယ်။ တခါ ဝေဖန်ခံနေရလွန်းလို့ ရှက်ရှက်နဲ့ ဈေးကောင်းရရင်လည်း ပြန်ရောင်းမယ် ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ လယ်သမားတော့ လယ်ပြန်ရနိုင်တယ်။ သို့သော် ကမ္ဘာ့ဘဏ်က ပိုက်ဆံဟာ ဦးခင်ရွှေတို့လို လူမျိုးတွေ အိတ်ထဲရောက်သွား မှာဘဲ။ လယ်ယာမြေတွေကို ပြန်ပေးဆွဲထားတဲ့ သူတွေလက်ထဲက ပြန်ရွေးရသလိုမျိုး သဘောဆန် မှာပေါ့။ ပြီးရင် လယ်သမားဟာ ငွေလိုလို့ ချေးရင်းချေးရင်းနဲ့ ဖိလစ်ပိုင်လယ်သမားတွေလို ဖြစ်သွားနိုင်သေးတယ်။

နိုင်ငံရေးခေါင်းဆောင်များ၊ လှုပ်ရှားတက်ºကွသူများ အများစုဟာ မြို့နေလူတန်းစား ဖြစ်လေတော့ လယ်သမားတွေရဲ့ နစ်နာချက် ခံစားချက်ကို သဘောပေါက်တာလောက်ပဲ ရှိပါလိမ့်မယ်။ ထဲထဲဝင်ဝင် နားလည်အောင်ကြိုးစားပြီး ရှည်ကြာဦးမယ့် မြေယာတိုက်ပွဲ တွေအတွက် အာဂန္တု သဘောမဟုတ်ဘဲ စဉ်ဆက်မပြတ် ကူညီပေးဖို့ အကြံပြုလိုတယ်။

ဇော်မင်း 

၂၅ ရက်၊ မတ်လ၊ ၂ဝ၁၃ ခုနှစ်

ဆက်လက်ဖတ်ရှုရန်...

Wednesday, March 13, 2013

ရှားကုန်ပြီ ပါးကုန်ပြီ သို့သော်

မြန် မာပြည်မှာ ဘာတွေပေါတုန်း။ ဘာတွေထွက်သတုန်း။ ဟိုတုန်းကတော့ သူ့ရွာသူ့နယ်အလိုက် ပေါတာတွေ ရှိခဲ့ပါတယ်။ ဘယ်နယ်ဆိုရင် ဘာထွက်တယ် ဆိုတာနဲ့ တွဲပြီးမှတ်မိလေ့ ရှိပါတယ်။

အညာဖက်မှာဆိုရင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မလှိုင်၊ ပန်းအိုင်၊ ကျောက်ပန်းတောင်း စတဲ့နယ်တွေ ကတော့ ထန်း ရည် ထန်းလျှက် ထွက်တာနဲ့ နာမည်ကြီးပါတယ်။ ဒါပေမယ့် အခုတော့ ထန်းတက်ချင်တဲ့ ရွာသားဆိုတာ တဖြည်းဖြည်း ရှားပါးလာတယ်လို့ သိရပါတယ်။ နဲဆို အိမ်နီးချင်း တိုင်းပြည်တွေမှာ အလုပ်သွား လုပ်နေတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ထန်းတက်တာ တခုထဲနဲ့ ဘဝရပ်တည်ရေးအတွက် မဖူလုံတာကြောင့်ပါ။ ထန်းလျှက်ဈေးနဲ့ သကြားဈေးဟာ တန်းတူ ဖြစ်နေတယ်ဆိုရင် ယုံကြပါ့ မလား။ တောင်သာ မြင်းခြံနဲ့ မြစ်သားဖက်က နောက်ထပ်နာမည်ရှိတဲ့ ထွက်ကုန်တခုကတော့ ကြက်သွန်နီ ပါပဲ။ အမွှန်နည်းပြီး ချိုတာကြောင့် နာမည်ကြီးတာပါ။ မကြာသေးခင်က နယ်စပ်တဖက်နိုင်ငံတွေက ဝင်လာတဲ့ ဈေးပေါတဲ့ ကြက်သွန်နီတွေကြောင့် မြန်မာကြက်သွန် တောင်သူတွေ အရင်းတောင်ပြုတ်လု မတတ် ဖြစ်ခဲ့ရတယ်လို့ စိတ်မကောင်း စရာလည်း ကြားနေရပြန်ပါတယ်။

မြန်မာ့ဓလေ့မှာ တချိန်တုန်းက ပြောလေ့ရှိတဲ့ စကားစု တခုရှိပါတယ်။ အဲတာက ဘာလဲဆိုတော့ လူတဦးနဲ့ တဦး ပညာပြိုင် တာမျိုး၊ တခုခုအပေါ်မှာ ယှဉ်ပြိုင်တာမျိုးတွေ့ရင် လူကြီးတွေက ရယ်ရယ်မောမော နဲ့ ပြောတာကတော့ မိုင်းကိုင်စက္ကူနဲ့ ကြက်သွန်ခွံ အပါးပြိုင်နေကြတယ်တဲ့။ အခုခေတ်မှာ ရှမ်းပြည်နယ် မိုင်းကိုင်ဒေသကထွက်တဲ့ မိုင်းကိုင်စက္ကူဆိုတာ ရှိကော ရှိသေးရဲ့လားလို့ တွေးမိပါတယ်။ မမြင်ဘူး တာတောင် အတော်ကြာပါပြီ။ မိုင်းကိုင်စက္ကူလုပ်တဲ့ ရှမ်းအမျိုးသားများလည်း တဖက်နိုင်ငံမှာ အလုပ်တွေ သွားလုပ်နေကြလို့ မိုင်းကိုင်စက္ကူ လုပ်တတ်တဲ့သူကော ရှိမှရှိပါဦးမလားလို့ ရင်လေးမိပြန် ပါသေးတယ်။

အခုခေတ်မှာ ပိုလို့ ဆင်းရဲလာတဲ့ ချင်းတောင်တန်းက ချင်းအမျိုးသားတွေ သူတို့ပြည်နယ်နဲ့ ကပ်ရပ်က နိုင်ငံမှာ အလုပ် လုပ်ကြဖို့ အလုံးအရင်းနဲ့ ရောက်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တချိန်တုန်းကတော့ ချင်းတောင် ပန်းသီး လိမ္မော်သီးဆိုတာ ရာသီချိန်ရောက်လာရင် ဈေးထဲမှာ အပုံလိုက်တွေ့ရပါတယ်။ ဈေးသည်တွေ အော်ရောင်းတာက “လာနော် လာနော် ချင်းသီးတွေ” ဆိုပြီး ရောင်းပါတယ်။ ရှမ်းပြည်မှာလည်း လိမ္မော်သီးထွက်ပါတယ်။

ရှမ်းပြည်ကအသီးရောင်းတော့ ရှမ်းသီးလို့ အော်ရောင်းပြန်ရော။ စိုင်းဆိုင်မောရဲ့ ဂျီအမ်စီလို ကားကြီးမျိုးနဲ့ မန္တလေးဖက်ကို ကုန်တင်ကာသွားသည် ဆိုတဲ့ သီချင်းကိုလည်း မှတ်မိပါသေးရဲ့။ အခုခေတ် မှာကော ချင်းတောင်ကော ရှမ်းပြည်ကော လိမ္မော်သီးတွေ ပန်းသီးတွေ ထွက်သေးရဲ့လား။ လိမ္မော်ပင်တွေ လိမ္မော်ကိုင်းတွေများ ခြောက်သယောင်း ကုန်ပြီလားလို့ စိတ်ပူမိပါတယ်။ ဘေးနိုင်ငံတွေက လိမ္မော်သီးတွေ ပန်းသီးတွေ ဝင်လာနေတာကတော့ နည်းတာမဟုတ်ဘူး။ ဒီလို အသီးတွေ အကြောင်းပြောတော့ ကချင်ပြည်နယ်မှာလည်း ထွက်သေးသဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့စားခဲ့ရတဲ့ ကချင်ဖက်ကထွက်တဲ့ အသီးတွေကို ပြန်ပြောပြမယ်။ ဂရိတ်ဖရုတဲ့၊ ဝါရှင်တန်တဲ့၊ ရူဘီတဲ့။ လိမ္မော်နွယ် အသီးတွေပါဘဲ။ တချိန်က နိုင်ငံခြားကနေ မျိုးတင်သွင်းပြီး စိုက်ခဲ့တာ အတော်လေး အောင်မြင်ခဲ့တယ်။ ရူဘီကတော့ ခွဲလိုက်ရင် အထဲမှာ နီရဲနေတာမို့ ရူဘီလို့ခေါ်တာ။ ပြည်တွင်းစစ်ကြောင့် အဲသည့် စိုက်ခင်းတွေ အတော်များများလည်း ပိုင်ရှင်မဲ့ ဖြစ်ခဲ့ရတယ်။

ကျနော်တို့ ခပ်ငယ်ငယ်တုန်းက ရယ်စရာ စကားပုံပြင်လေး တခုရှိခဲ့ဘူးတယ်။ မဆလ ဆိုတဲ့ ဆိုရှစ်လစ်လမ်းစဉ်ပါတီ ခေတ်တုန်းကပါ။ အဲသည်တုန်းက လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်နေဝင်းက တခါသားမှာ အထက်မြန်မာ ပြည်ဖက်ကို ခရီးထွက်လာရင်း သည်လိုပြောသတဲ့။ “လှတောသားတွေ စကားတတ်လှတတ်လှနဲ့ ပြောသံကြားဖူးတယ်။ အဲသည့်နယ်ထဲ ရောက်ရင် ဟုတ်မဟုတ်စမ်းသပ်မယ်” လို့ ဆိုသတဲ့။ ဒါနဲ့ လှတောရွာထိပ် ရောက်တော့ သူ့ရဲ့ကားတန်းကြီးကို ရပ်ပြီး တွေ့တဲ့ အသက် ဆယ်နှစ်အရွယ် ကလေးတယောက်ကို မေးသတဲ့။ “ဟဲ့ သူငယ် မင်းတို့ အရပ်မှာ ဘာတွေထွက်သတုန်း” ဆိုပြီးမေးလိုက်တယ်။ အဲသည်တော့ အမေးခံရတဲ့ကလေးက “ဟာ ဘကြီးရယ် ပြောမနေပါနဲ့တော့ ကျုပ်တို့အရပ်မှာ အထွက်ဆုံးနဲ့ အပေါဆုံးကတော့ ခရမ်းချဉ်သီးနဲ့ လမ်းစဉ်ပါတီ အစည်းအဝေးတွေပါပဲ” လို့ ပြန်ဖြေလိုက်တာ အာဏာရှင်ကြီး ပက်လက်လန်သွားတယ်လို့ ဆိုတယ်။ အခုကော လှတော မှာ ခရမ်းချဉ်သီး အရင်လို အထွက်များတုန်းပဲလား ဆိုတာ စဉ်းစားနေမိတယ်။ နောက်တချက်ကတော့ လှတောမှာ လမ်းစဉ်ပါတီ အစည်းအဝေးတွေ ပေါခဲ့သလို ကျနော်တို့ လွှတ်တော်သစ်ကြီးထဲမှာလည်း ထပ်တူထပ်မျှ အစည်းအဝေး တွေကော ကြိတ်ဝိုင်းတွေပါ သိပ်ပေါတာပဲလို့ လူပြောများ နေတာလည်း ကြားရတော့ လှတောဇတ်လမ်းနဲ့ ဆက်စပ်တွေး မိရင်းက ကိုယ့်ဟာကို တယောက်ထဲ ပြုံးမိတယ်။

ပြောရရင် အင်းလေးကန် ဖက်ကလည်း ခရမ်းချဉ်သီး အတော်ထွက်တယ်။ ဈေးထဲမှာ ဈေးသည်တွေ အော်အော် ရောင်းတာက သည်လို။ “အင်းသီးတွေ အင်းသီးတွေ၊ နီမာတွေနော် နီမာတွေ” ဆိုပြီး အပြိုင်အဆိုင် အော်ရောင်းကြတာကလား။ နီမာဆိုတာက ခရမ်းချဉ်သီးဟာ နီပြီးမှည့်နေပေမယ့် ပျော့ပြဲမနေဘူး မာမာလေးဆိုပြီး တင်စားတာ။ အခုတော့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ အသုံးများလို့ အင်းရေတောင် ဓာတုဆေးရည် ဖြစ်နေပြီ။ မိတ္ထီလာဖက်မှာလည်း သူ့ရာသီဆိုရင် ခရမ်းချဉ်သီးက ဈေးအလွန်ပေါတယ်။ တပိသာမှာ ဆယ်ပြားလောက်ပဲ ပေးရတာ။ အခုခေတ် လူငယ်တွေ ယုံမှာကို မဟုတ်ဘူး။ ဘာကြာသေးလို့လည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ် လောက်ကပေါ့။ မိတ္ထီလာကနေ အမရပူရကို ပြန်ပလားဆိုရင် အဖွားနဲ့ ကြီးဒေါ်တွေက အိမ်အတွက် လေးငါးပိသာ ထည့်ပေးလေ့ရှိတယ်။ ကိုယ်က လူပျိုလူရွယ် ဆိုတော့ ခရမ်းချဉ်သီးတောင်းကြီး ထမ်းပြီး ပြန်ရမှာကို ရှက်လို့ ဂိုက်ပဲ့လို့ မယူချင်ပေမယ့် သူတို့ဇွတ်အတင်း ပြောတော့ ယူရတာပေါ့ဗျာ။ အဖွားတို့ ကြီးဒေါ်တို့က ပြောတယ် ဈေးပေါတဲ့ အချိန်မို့ အမေ့အတွက် ယူသွားပါတဲ့၊ မင်းလည်း ထမ်းနေရတာ မဟုတ်ဘူး၊ ဘတ်စ်ကားခေါင်မိုးပေါ် တင်သွားယုံပဲ ဟာကိုတဲ့။ နောက်နှစ်ပတ် သုံးပတ်လောက် ဆိုရင် ငါးမူးတကျပ်အထိ ဈေးတက်တော့ မှာတဲ့။ ဒါနဲ့ဘဲ ခရမ်းချဉ်သီးတောင်းကို အိမ်အရောက် သယ်ခဲ့ရတာပေါ့။

တခါ တောင်သာ ရောက်ပြန်တော့လည်း ကြက်သွန်နီပေါ်တဲ့ အချိန်ဖြစ်နေပြန်ရော။ ရာသီချိန်ဆို ကြက်သွန်နီက တပိသာမှ ငါးမူးသုံးမတ် လောက်ပဲရှိတာကိုး။ ရက်အတော်လေး နေပြီး အိမ်ပြန်တော့မယ် ဆိုတော့ ကြီးဒေါ်တယောက်က ထုံးစံအတိုင်း ဂုံနီအိတ်ထဲမှာ ကြက်သွန်နီ အချိန်တဆယ်လောက် ထဲ့ထားပြီး “ဟဲ့ ကောင်လေး အချို့အတွက် ဒီကြက်သွန်တွေ ယူသွား” ဆိုတာနဲ့ သယ်ရပြန်ပါရော။ အချို ဆိုတာကျနော့် မိခင်ကြီးပါ။ အခုအချိန်မှာ တယောက် ယောက်ကများ ကြက်သွန်နီ အချိန်တဆယ်လောက် အိမ်ပြန်ရင်ယူသွားလို့ပြောရင် ဝမ်းသာအားရ ယူမိမှာပဲ။ ဟိုတုန်းကလို ဂိုက်ပဲ့တာ မပဲ့တာတွေက အရေးမကြီးတော့ဘူး။ အရာရာက ဈေးကြီးနေတဲ့ ခေတ်ကြီးမို့လား။

မုံရွာဖက်မှာဆိုရင်လည်း မုံရွာစောင်က နာမည်ကြီးတယ်။ တခါ မုံရွာမြေပဲဆားလှော် မုံရွာဝက်အူချောင်း ဆိုတာတွေက လည်း နာမည်ကြီး ထွက်ကုန်တွေပါ။ မုံရွာကနေတဆင့် ဝင်လာတဲ့ နောက်ထပ်နာမည်ကြီး ပစ္စည်းတခုလည်း ရှိသေးသဗျ။ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အတော်လေး သုံးစွဲတဲ့ ပစ္စည်းပေါ့။ ဘာတုန်းဆိုတော့ ကုလားပြည်က ဝင်လာ တဲ့ ချောင်းဆိုး ပျောက်ဆေးရည်ပါဘဲ။ ဖဲန်စီဒိုင်းလ်လို့ ခေါ်တယ်။ မူးယစ်ဆေးဝါး အပျော့စားတမျိုး ပါဝင်နေတာကြောင့် ကျောင်းသားတွေ လူငယ်တွေ အတော်လေး မှီဝဲလိုက်ကြသေးတယ်။ အဲတာကို ကျောင်းသားတွေကြားမှာ အတိုကောက် အားဖြင့် “ဖဲန်” လို့အသံထွက်ပြီး ခေါ်တယ်။ ကုလားပြည်ကနေ ဘယ်လိုဝင်လာတုန်းဟုတ်လား။ အာဏာပိုင်များက လာဘ်လာဘရတော့ ဝင်လာတွေကို မျက်စေ့မှိတ်ထားတာပေါ့ဗျာ။ အဲသည့် ဖဲန်နဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရီစရာတခု သူငယ်ချင်းတွေကြားမှာ ဖြစ်ခဲ့ဖူး သေးတယ်။

မြစ်သားကနေ ကျောင်းလာတက်တဲ့ သူငယ်ချင်းတယောက် ရှိတယ်။ ပြောရရင် ဒီကောင်က တောသူဌေးသားပေါ့။ ပိုက်ဆံတတ်နိုင်တော့ နေ့တိုင်းဆိုသလို သူသည်လည်း အဲသည့် ချောင်းဆိုးပျောက်ဆိုးရည်ကို မှီဝဲလေ့ရှိတယ်။ တညနေ ကြတော့ ကျနော့်တို့ သူငယ်ချင်းတသိုက် ကျောင်းနားက လဖက်ရည်ဆိုင် တခုရဲ့ ချောင်ကြကြဝိုင်းမှာ ထိုင်နေရင်း အကြမ်းအိုးထဲမှာ ဘီအီးအရက်ဖြူထည့်ပြီး ဆက်ရက်မင်း စည်းစိမ်ယူနေကြတယ်။ ဖဲန်ဖိုးမရှိတဲ့အခါ ဘီအီးပေါ့လေ။ အဲသည့်အချိန်မှာ မြစ်သားက အဲသည့်သူငယ်ချင်းက လဖက်ရည်ဆိုင်ထဲဝင်လာပြီး ကျနော်တို့ဝိုင်းမှာ လာထိုင်တယ်။ ကျနော်က သူ့ကို “ဟေ့ကောင် တခွက်လောက် လုပ်ဦးမလား” လို့ မေးတော့ သူက လက်ကာပြပြီး “ဟင့်အင်း တော်ပြီ။ လိုင်းပူးလိမ့်မယ်။ ခုနင်လေးကပဲ ငါဖင်ချထားတာ” လို့ဖြေလိုက်တာနဲ့ တဝိုင်းလုံး အော်ရယ်လိုက်ကြတာ ဝက်ဝက်ကွဲပဲ။ သူက “ဖဲန်” ဆိုတဲ့အသံကို မှန်အောင်မထွက်တတ်တော့ “ဖင်” ဆိုပြီးအသံထွက်တာကိုး။ ပြောရမယ်ဆိုရင် ဖဲန်ဟာ ကုလားပြည်က ထုတ်လုပ်တာမှန်ပေမယ့် မုံရွာကိုဖြတ်လာပြီး မုံရွာကနေဒိုင်ကိုင်တော့ မုံရွာထွက်ကုန်သဖွယ် လူငယ် တွေက သတ်မှတ်ထားကြ တာပေါ့။

ဘာတွေထွက်သတုန်း ဆိုတာကို ပြန်ဆက်ရရင် မန္တလေးမှာ နာမည်ကြီးတာက ထိုးမုန့်၊ လမုန့်၊ ရွှေချည်ထိုး၊ ရွှေဆိုင်းလုပ်ငန်း စတာတွေရှိတယ်။ မြီးရှည်၊ နန်းကြီးမုံ့တီသုပ် ဆိုတာကလည်း ချန်ထားလို့မရတဲ့ အမျိုးအစားထဲမှာ ပါတာပေါ့။ ဒါပေမယ့် နန်းကြီးမုံတီသုတ်နဲ့ မုံ့ဟင်းခါးဟာ ဟိုတုန်းကလို လမ်းထောင့်တိုင်းမှာ မရှိတော့ပါ။ တကူးတက လိုက်ရှာစားရတဲ့ အစားအသောက် ဖြစ်နေပါပြီ။ စိန့်တိုင်းကလာတဲ့ ခေါက်ဆွဲနဲ့ အစားအစာတွေကတော့ နေရာတိုင်းမှာ သူ့မျက်နှာ ဖြစ်ကုန် လို့ပါဘဲ။ တခါ စိန်ပန်းဆိုတဲ့ ရပ်ကွက်မှာဆိုရင် မော်တော်ကားပန်းပဲဖိုတွေ ရှိတယ်။

အင်ဂျင်ဘလောက်တုံးတောင် လုပ်တတ် နေကြပြီ။ မန္တလေး ဘီယာနဲ့ရမ် ဆိုတာကတော့ တိုင်းသိပြည်သိ ထွက်ကုန်တွေ။ အခုတော့ သေရည်သေရက်ဆိုတာ ဘယ်မှာဘဲဖြစ်ဖြစ် ချက်လို့လွယ် ဝယ်လို့လွယ် သောက်လို့လွယ်တာကြောင့် လွယ်လွယ်နဲ့ပဲ ငယ်ငယ်ကထဲက ဟိုတဖက်ကမ်းကို ရောက်သူတွေလည်း မနည်းလှတော့ပါ။ အမရပူရ ဆိုရင်လည်း ယက္ကန်းမြို့တော် ချည်ပုဆိုးကြမ်းကနေ ပိုးအချိတ်ထည်တွေအထိ ထွက်တယ်။ အခုတော့ မလေးရဲ့ လက်ခတ်သံတွေလည်း တိုးတိတ်သွားခဲ့ပါပြီ။ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်းက စစ်ကိုင်းဆိုရင်လည်း အိုးလုပ်ငန်းကြောင့် နာမည်ကြီးတယ်။ ကိုယ်လုံးကိုယ်ပေါက် ကျော့ရှင်းလှပတဲ့ မိန်းကလေးတွေကို စစ်ကိုင်းအိုးလေးလိုပဲ ဆိုပြီး ကျနော်တို့ဆီမှာ ပြောလေ့တောင် ရှိတယ်။ ရေသန့်ဗူးတွေ ခေတ်စားလာပြီ ဆိုတော့ စစ်ကိုင်းအိုးရဲ့ အနာဂတ်ကံကြမ္မာအတွက် ရတက်မအေး ဖြစ်မိတယ်။ ပျဉ်းမနားကတော့ မျှစ်ချဉ်နဲ့ နာမည်ကြီးတယ်။ ဝါးတောတွေ ရှိသေးတယ်ဆိုရင်တော့ ပျဉ်းမနား မျှစ်ချဉ်လည်း သက်ဆိုး ရှည်နိုင်ပါသေးတယ်။ ပျော်ဘွယ်ကတော့ မုံ့ကြွပ်ထွက်တယ်။ ပုန်းရည်ကြီး ဆိုရင်တော့ ညောင်ဦး။ ယွန်းထည်ဆိုရင် ပုဂံ။ နိုင်ငံခြားသားဧည့်သည် အဝင်များလာတယ် ဆိုတော့ ယွန်းလုပ်ငန်းက အသက်ရှုပေါက် ရှိသေးတာပေါ့။

တနင်္သာရီဒေသထဲမှာဆိုရင် ဘိတ်ကလာတဲ့ ငံပြာရည်နဲ့ ငပိ၊ ထားဝယ်ဖက်ကဆိုရင် ကြိမ်။ မော်လမြိုင်ဖက်ကဆိုရင် ဒူးရင်းသီးနဲ့ မင်းဂွတ်သီး၊ အဲ ဓညင်းသီးအိုးစိမ်လည်း နာမည်ကြီးပဲ။ ဘီလူးကျွန်းဆိုရင် ဆေးတံလုပ်ငန်းနဲ့ တခြားလက်မှု ပစ္စည်းတွေ ထွက်ပြန်တယ်။ နောက်တနင်္သာရီ ဒေသတခုလုံးဟာ ဟိုတုန်းကတော့ ရော်ဘာအထွက်မှာလည်း ထင်ရှားခဲ့ဘူးတယ်။ ကရင်ပြည်နယ်မှာလည်း ဒူးရင်းသီးနဲ့ ဓညင်းသီးတွေ အလျှံအပယ် ထွက်ပါတယ်။ ရှမ်းပြည်ဖက်ကို ပြန်ခုန်တက်ပြီး ကြည့်လိုက်မယ်ဆိုရင် ပလောင်ဒေသနဲ့ လက်ဖက်ဆိုတာ ခွဲခြားလို့မှ မရခဲ့တာ။ အခုတော့ လက်ဖက်ခူးမယ့် သူတောင် ရှားပါးလာတယ်လို့ သိရတယ်။ တရုတ်လုပ်နဲ့ ဗီယက်နမ် လက်ဖက်ခြောက်တွေကို ဈေးကွက်ထဲမှာ မယှဉ်နိုင်တော့ဘူး။ အဲတာကြောင့် ကြာရင် လက်ဖက်လုပ်ငန်း တိမ်ကောသွားတော့မယ်လို့ ဝေဖန်သံတွေလည်း ကြားနေရတယ်။ မြစ်ဝကျွန်းပေါ် မှာလည်း သီတင်းကျွတ် ကာလဆိုရင် မော်ကျွန်းဖက်မှာ ငါးသလောက်တွေမြူးတာ ပေါများလွန်းလို့ ပိုက်တောင် ပြတ်ကြတယ်လို့ ပြောခဲ့ရတဲ့ နေ့တွေဟာ ကျန်ရစ်ခဲ့ပါပြီ။

ရတနာမြေတွေဖြစ်တဲ့ ဖားကန့်၊ မိုးကုတ် တို့လည်း နေဝင်ချိန်ကို မျက်ရည်စက်လက်နဲ့ စောင့်နေကြရတယ်။ ကြေးနီနဲ့ တခြားသတ္ထုတွေလည်း တောင်အဖြိုခံရတဲ့ ပါကုန်ပြီဆိုတော့ ပါသွားတာကို ပါသွားတယ်လို့သာ မှတ်လိုက်ပါတော့။ ကျွန်းပင်တွေ သစ်မာပင်တွေ မြန်မာပြည်မှာ ပေါလှတယ်ဆိုတာ ဘုရင်တွေခေတ်နဲ့ ဗြိတိသျှကိုလိုနီခေတ် မှာပဲ ဖြစ်ခဲ့တာပါ။ အင်္ဂလိပ်ခေတ် တုန်းက ချပ်သင်းဦးဘသင် ဆိုတာရှိတယ်။ သူဟာသစ်တောတွေကိုတောင် ပိုင်ခဲ့တယ်။ ဘုရင်တွေခေတ်တုန်းက ပေးသနားခဲတာလို့ ဆိုတယ်။ အဲတာကို ဗြိတိသျှအစိုးရလက်ထက်မှာ အစိုးရပိုင်အဖြစ် သိမ်းမပြစ်ဘဲ ဆက်ပြီးအသိအမှတ် ပြုပေးခဲ့တယ်။ အစိုးရပိုင် နိုင်ငံပိုင်ဆိုလို့ ပြောရဦးမယ်။ လယ်သမားတွေ စပါးတသီးစိုက်လို့ အောင်တဲ့နှစ်ဆိုရင် နောက်သုံးသီး ထိုင်စားလို့ရတဲ့အထိ ဝင်ငွေကောင်းခဲ့ တယ်ဆိုတာ အိပ်ရာဝင်ပုံပြင်လို့ပြောရင် လွန်လေမလား။ လယ်ဆိုတာ ယာဆိုတာ လယ်လုပ်သူ၊ ယာလုပ်သူတွေ ပိုင်ဆိုင်တာမဟုတ်ဘူးတဲ့။ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၊ လေထု အားလုံးဟာ နိုင်ငံတော်က ပိုင်ဆိုင်တယ်လို့ ဆိုထားတာကလည်း ရှိနေပြန်တယ်။ ရခိုင်ကမ်းလွန် တနင်္သာရီကမ်းလွန်က သဘာဝ ဓာတ်ငွေ့တွေဟာ လူတွေအတွက်မဟုတ် နိုင်ငံတော်အတွက်လို့ ဆိုထားတော့ နိုင်ငံတော်ဆိုတာ ဘယ်လိုပုံစံမျိုးလည်း ဒိုင်နိုဆောလို ပုံမျိုးလား ဘာလားညာလား ဆိုတာ မြင်ဖူးစမ်းချင်တယ်။

အရင်ကပေါများခဲ့တာတွေ အခုတော့ ရှားပါးကုန်ပါပြီ။ သို့သော် အခုခေတ်ကြီးမှာ ပေါများလွန်းတာ တခုတော့ ရှိနေသေး သဗျ။ ဒါပေမယ့် စားလို့မရဘူး။ သုံးစွဲလို့မရဘူး။ ဘာများလဲဟုတ်လား။ ဘာတုန်းဆိုတော့ အဲတာကို ကိုးကွယ်ဆည်းကပ် ရင်တော့ စီးပွားရေးဟာ ဒီရေအလား တက်တယ်လို့ ဆိုတယ်။ ကျနော့်ကို ပေစောင်းစောင်းနဲ့ မကြည့်ပါနဲ့ဗျာ။ အဲတာ ဘာလဲဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။

ဇော်မင်း

၁၂ ရက်၊ မတ်လ၊ ၂ဝ၁၃ ခုနှစ်

ဆက်လက်ဖတ်ရှုရန်...

Friday, February 22, 2013

မြန်မာမှတ်ပုံတင်ကိုင်ထားတိုင်း မြန်မာနိုင်ငံသားလား

လောတုန်းက မြန်မာပြည်က မိတ်ဆွေတချို့ဆီကို ဖုန်းဆက်ဖြစ်ပါတယ်။ အဲသည့်အထဲမှာ တယောက်သော မိတ်ဆွေ ကတော့ အမရပူရမြို့မှာ နေပါတယ်။ အမရပူရကို ဒေသခံများက တောင်မြို့လို့လည်း ခေါ်ပါသေးတယ်။ တောင်မြို့လို့ ခေါ်ရတာကတော့ မင်းတုန်းမင်းက အမရပူရထီးနန်းကို မန္တလေးရွှေ့တော့ မန္တလေးက အမရပူရရဲ့ မြောက်ဖက်မှာ ရှိတာ ကြောင့် နန်းမြို့ဟောင်းဖြစ်သွားတဲ့ အမရပူရကို တောင်မြို့လို့ ခေါ်တာပါ။

မန္တလေးမှာ အခုတော့ အသစ်ဝင်ရောက်လာတဲ့ တရုတ်တွေက များလွန်းလှတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ တရားဝင် ဝင်လာတာလား တရားမဝင် ဝင်လာတာလား ဆိုတာကတော့ အာဏာပိုင်များက ပိုသိမှာပါ။ တောင်မြို့က မိတ်ဆွေနဲ့ ဖုန်း ပြောတော့ သူပြောတာက မန္တလေးမှာ တရုတ်တွေက အိမ်ကြီးအိမ်ကောင်းနဲ့ နေရာကောင်းတွေကို ဝယ်ယူပိုင်ဆိုင်နိုင်တာ ၁၉၉ဝ ခုနှစ်နောက်ပိုင်းနှစ်တွေက စလို့ များလာတယ်လို့ ပြောပါတယ်။ သူတို့ဟာ မြန်မာစာ မြန်မာစကားကို မရေးတတ် မပြောတတ်သလို တိုင်းရင်းသား ဘာသာစကား တမျိုးမျိုးကိုလည်း မပြောတတ်ကြဘူးလို့ သိရပါတယ်။ ဆိုလိုတာကတော့ ရှမ်းပြည်မှာ အစဉ်အဆက်နေခဲ့တဲ့ မြန်မာနိုင်ငံသား တရုတ်ဖြစ်တယ်ဆိုရင် အနည်းဆုံးတော့ မြန်မာလို မတတ်ဘူး ဆိုရင် တောင် တရုတ်လိုသာမက ရှမ်းလိုလဲ ပြောတတ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ရှမ်းစကားလည်း မတတ်ကြဘူးလို့ ဆိုပါ တယ်။ တချိန်ထဲမှာလည်း သူတို့တတွေဟာ မြန်မာမှတ်ပုံတင်များ ကိုင်ဆောင်ထားကြပါတယ်။
ကျနော်တို့ ငယ်ငယ်တုန်းက မန္တလေးမှာပေါက်တဲ့ မြန်မာပြည်ဖွား တရုတ်တွေဟာ တရုတ်တန်းမှာ အနေများပါတယ်။ တရုတ်စကားကော မြန်မာစကားပါ ရေလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကလေးများလည်း မြန်မာစာသင် ကျောင်း တွေမှာ ပညာသင်ကြတာကိုး။ အမရပူရ တရုတ်တန်းက တရုတ်အဆက်အနွယ်တွေကတော့ တရုတ်လိုတောင် သိပ်မတတ်တော့ဘဲ မြန်မာစကား မြန်မာစာကိုပဲ အသုံးပြုကြပါတယ်။ ဘုရင်က အမရပူရကနေ မန္တလေး ရွှေ့သွားတော့ တချို့သော တရုတ်အိမ်ထောင်စု တွေကလည်း မန္တလေးကို လိုက်ပြောင်းပါတယ်။ တချို့လည်း အမရပူရမှာ ကျန်ရစ်ခဲ့တာ အခုအထိပါပဲ။ အမရပူရက မြို့တည်ခဲ့တာ နှစ်ပေါင်း ၂ဝဝ ကျော်လောက် ရှိပါပြီ။ ဒါကြောင့် အထက်မြန်မာပြည်မှာ တရုတ်တွေ များများစားစား အခြေချနေထိုင်ခဲ့တာ အမရပူရမှာ ဖြစ်ပါတယ်။ သူတို့ စတင်အခြေချခဲ့တာဟာ အမရပူရ မြို့တည်တဲ့ သက်တန်းနဲ့ အတူတူလောက်ရှိနေပြီလို့ ဆိုရင်လည်း ဆိုလို့ရပါတယ်။ သူတို့တတွေဟာ တရုတ်ဆိုပေမယ့် မြန်မာဆန်တဲ့ တရုတ်တွေပါ။ မြန်မာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ စတာတွေကိုလည်း သူတို့ခုံမင်ပါတယ်။ ပွေ့ဖက်ပါတယ်။ ကျင့်သုံးပါတယ်။ ဥပမာ တခုလောက် ပြရရင် ရုပ်ရှင်ဒါရိုက်တာ ပန်းချီဆရာကြီး ဖြစ်တဲ့ ဆရာကြီး ဦးဝင်းဖေရဲ့ အဖိုးဟာ တရုတ်လူမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမှာ တရုတ်နွယ်ဖွား ဘုရားဒကာ ကျောင်းဒကာတွေ အများကြီး ရှိခဲ့ဘူးပါတယ်။

အခုခေတ် ၁၉၉ဝ နောက်ပိုင်းကြမှ ဝင်ရောက်လာတဲ့ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ တရုတ်တွေကတော့ မြန်မာ တွေနဲ့ မပေါင်းစပ်ပါဘူး။ ကူးလူးဆက်ဆံခြင်း မရှိဘူးလို့ ဆိုပါတယ်။ တခါ သူတို့ရဲ့ ဓနပိုင်ဆိုင်မှုက ကြီးမားလွန်းတော့ ရပ်ကွက်လူကြီး အဆင့်လောက်က သူတို့တိုက်တာတွေမှာ ဧည့်စာရင်းစစ်ဖို့ဆိုပြီး အိမ်တံခါးတောင် မခေါက်ရဲဘူးလို့လည်း ကြားရပြန်ပါတယ်။

ဘယ်လိုဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ တရုတ်တွေ မန္တလေးမှာ ဒီလောက်များလာရတာလဲ။ ဘယ်သူကခွင့်ပြုခဲ့တာလဲ။ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။ ဘယ်လိုကြောင့် မြန်မာမှတ်ပုံတင်တွေ လွယ်လွယ်ကူကူနဲ့ ရခဲ့ကြတာလဲ။ သူတို့မှာပါလာတဲ့ ထုထည်ကြီးမားလှတဲ့ ငွေတွေက ဘယ်လိုနည်းနဲ့ ရခဲ့တဲ့ငွေတွေလဲ။ အခု မန္တလေးမှာ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ကိုင်တွယ်စစ်ဆေးမယ်ဆိုတာ ကြားရပါတယ်။ စနစ်တကျ လုပ်ဖို့တော့ လိုပါလိမ့်မယ်။ လူမျိုးရေးဖိနှိပ်တဲ့ အသွင်မျိုး ခွဲခြားတဲ့ အသွင်မျိုးနဲ့ ချည်းကပ်လုပ်ဆောင်တာမျိုး မဟုတ်ဘဲ ကိုယ့်နိုင်ငံမှာရှိနေတဲ့ တည်ဆဲလူဝင်မှုကြီးကြပ် ရေး ဥပဒေများနဲ့အညီ လုပ်ဆောင်တာမျိုး ဖြစ်ဖို့လိုပါတယ်။

သူများနိုင်ငံတွေမှာ ဘယ်လိုလုပ်ကိုင်ကြသလဲ။ ထိုင်းနိုင်ငံမှာ ကနေ့ကြုံတွေ့ ဖြစ်ပျက်နေတဲ့ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်တဲ့ နေရာမှာ တွေ့ရတဲ့ ကိစ္စရပ်များကို တဆင့်ပြောလိုပါတယ်။ ထိုင်းနိုင်ငံမှာ လူတဦးတယောက်ဟာ ထိုင်းစာလည်းမတတ် အနည်းဆုံး ထိုင်းစကားလည်း မပြောတတ်ဘဲ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားတုန်း ဖမ်းမိတယ်ဆိုရင် အဲသည့် မှတ်ပုံ တင်ဟာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ကွန်ပြူတာ စာရင်းထဲမှာ ရှိနေတယ် ဆိုရင်တောင် အကြုံးမဝင်ပါဘူး။ ဖမ်းပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးဦး လာဘ်စားပြီး နိုင်ငံသားအဖြစ် ကွန်ပြူတာစာရင်းထဲ သွင်း ပေးထားပြီး မှတ်ပုံတင်ကို ထုတ်ပေးထားတယ်လို့ သတ်မှတ်တာကြောင့် ဖြစ်ပါတယ်။ အကယ်၍ ထိုင်းစကား အတော်လေး ပြောတတ်သူ တဦးကို ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားပေမယ့် သံသယ ရှိတယ်ဆိုရင်လည်း ဆက်လက်စစ်ဆေးပါတယ်။ ဘယ်လိုစစ်သလဲ ဆိုတော့ ပထမဆုံး ထိုင်းနိုင်ငံတော် သီချင်းကို ဆိုခိုင်းပါတယ်။

ထိုင်းနိုင်ငံမှာ သူငယ်တန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းမှာ မနက်တိုင်း နိုင်ငံတော်အလံကို အလေးပြုရပြီး နိုင်ငံတော်သီချင်းကို ဆိုရတာဖြစ်လို့ ထိုင်းနိုင်ငံသားဆိုရင် လူတိုင်းနိုင်ငံတော်သီချင်းကို အလွတ်ရပါတယ်။ နိုင်ငံတော် သီချင်း ကိုတောင်မှ မဆိုတတ်ဘူးဆိုရင် ထိုင်းအခမဲ့ပညာရေး စနစ်အတွင်းမှာ ကျောင်းမနေဘဲ တသက်လုံးဘယ်ရောက် နေသလဲ ဆိုတာ မေးစရာဖြစ်လာပါတယ်။ ဆိုလိုတာကတော့ နောက်မှအသစ်ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ဖြစ်တယ် ဆိုတာ သံသယ ဖြစ်စရာရှိလာပါတယ်။ အကယ်၍ နိုင်ငံတော်သီချင်းကို ဆိုတတ်ရင်လည်း နောက်ထပ်သီချင်းတပုဒ် ရှိပါ သေးတယ်။ အဲတာကတော့ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ကို အရိုအသေပေး စပ်ဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။ နောက်ထပ် နိုင်ငံတော် သီချင်းတပုဒ်လို့လည်း ဆိုနိုင်ပါသေးတယ်။ ဒီသီချင်းကိုလည်း လူတိုင်းကျောင်းသားငယ် ဘဝကထဲက ဆိုလာရ တာကြောင့် ထိုင်းနိုင်ငံမှာ ကလေးဘဝကထဲက နေလာတဲ့သူဆိုရင် ဆိုတတ်ပါတယ်။

တခါ အဲတာတွေနဲ့မှ မလုံလောက်ရင် ထိုင်းစာတွေ ရေးခိုင်းပါတယ်။ မရေးတတ်ရင်လည်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေး ဒါမှမဟုတ် ရဲအရာရှိများက သံသယဖြစ်ပါတယ်။ နောက်တချက်ကတော့ လူတိုင်းလူတိုင်းဟာ မှတ်ပုံတင်ထုတ်တဲ့ အခါမှာ သက်ဆိုင်ရာ ကျေးရွာအလိုက် ရပ်ကွက်အလိုက် မွေးစာရင်းတွေ ရှိသလို ရပ်ကွက်လူကြီးရဲ့ ထောက်ခံစာပါမှ မှတ်ပုံတင်ကို ထုတ်ခွင့်ရပါတယ်။ ကျေးရွာလူကြီးနာမည် ရပ်ကွက်လူကြီးနာမည်ကို အတိအကျ အပြောခိုင်းပါတယ်။ တခါ အိမ်နီးချင်းတွေက ဘယ်သူတွေလဲ။ သူတို့နာမည်တွေ ပြောပါဦးဆိုတာမျိုးလည်း ရှိပါသေးတယ်။ ဆိုလိုချင်တာကတော့ ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ဖို့ ပိုက်ဆံရှိယုံ တခုထဲသက်သက်နဲ့ မရဘူးဆိုတာ ပြောလိုခြင်း ဖြစ်ပါ တယ်။ ပြောရမယ်ဆိုင် လူတဦးတယောက်ဟာ မြန်မာနိုင်ငံထဲမှာ မြန်မာစကားအပြောများတဲ့ ဒေသတွေထဲမှာ မွေးဖွား ကြီးပြင်းတဲ့သူ မဟုတ်ရင်လည်း ကိစ္စမရှိပါဘူး။ ရှမ်းပြည်ထဲမှာ မွေးဖွားကြီးပြင်းတယ်ဆိုရင် အနည်းဆုံး ရှမ်းစကား၊ ရှမ်း သီချင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှု အစရှိတာတွေကို သိကိုသိနေရပါလိမ့်မယ်။ ချင်းပြည်နယ်မှာ မွေးဖွားကြီးပြင်းတယ်ဆိုရင် လည်း ချင်းစကား၊ ချင်းသီချင်း၊ ချင်းရိုးရာယဉ်ကျေးမှုတွေကို သိရှိနားလည်ဖို့တော့ လိုပါတယ်။ ပြည်ထောင်စုအတွင်းက တိုင်းရင်းသား ဘာသာ စကားတွေကို ဘာတခုမှ မပြောတတ် မဆိုတတ်ဘူးဆိုရင် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားယုံနဲ့ မြန်မာ နိုင်ငံသား ဖြစ်တယ်လို့ သတ်မှတ်ဖို့ ယုံကြည်ဖို့ ခက်ခဲပါလိမ့်မယ်။

အမရပူရက မိတ်ဆွေနဲ့ ဖုန်းစကားပြောတာကို ပြန်ကောက်ပါ့မယ်။ အခု မန္တလေးမှာ နောက်ဝင်လာတဲ့ တရုတ်လူမျိုးတွေ ဟာ မန္တလေးမြို့ပေါ်က နေရာကောင်းတွေကို ဝယ်ယူနေတာကနေ မြို့အပြင်က လယ်မြေယာမြေတွေကိုလည်း ဝယ်ယူနေ တယ်လို့ မိတ်ဆွေက ပြောပါတယ်။ သူတို့ဟာ မြန်မာစကား မပြောတတ်ပေမယ့် မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာနိုင်ငံသား စစ်စစ်တဦးလို မြေယာကို ပိုင်ဆိုင်ခွင့်တွေ ရနေတယ်လို့ ထောက်ပြပါတယ်။ ဥပမာ တခုလောက် ပြောရမယ် ဆိုရင် အမရပူရမြို့နဲ့ ကပ်လျှက်မှာ ယဉ်တော်ဆိုတဲ့ ရွာတရွာ ရှိပါတယ်။ ယဉ်တော်ရွာဟာ မိုးတွင်း ဧရာဝတီမြစ် ရေတက်ရင် ရေဝင်လေ့ ရှိတာကြောင့် အိမ်တိုင်းဟာ ခြေတံရှည်အိမ်တွေ ဖြစ်ပါတယ်။ ရွာသားအများစုဟာ ကိုင်းလုပ်ငန်းနဲ့ အသက်မွေးကြ ပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် ယဉ်တော်ရွာဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ ထွက်တဲ့ရွာ အဖြစ်လည်း သိကြပါတယ်။ အမျိုးသမီး လက်ဝှေ့သမား အနည်းအပါးတောင် ပေါ်ခဲ့ဘူးပါတယ်။ အခု ယဉ်တော်ရွာထဲက အိမ်တွေမြေတွေကို မန္တလေးက တရုတ်တွေလာဝယ်နေကြတယ်လို့ ပြောပြပါတယ်။ ကျနော့် အနေနဲ့ ယဉ်တော်ရွာထဲက အိမ်တွေမြေတွေက ဘယ်လောက်တောင် တရုတ်တွေအတွက် အရေးပါနေလို့ အလုအယက် လာဝယ်ကြတာလဲလို့ တွေးနေမိပါတယ်။

နောက်တော့ သူငယ်ချင်းက ရှင်းပြပါတယ်။ အစိုးရက ဧရာဝတီမြစ်ကူးတံတား အသစ်ကြီး ဆောက်လုပ်ခဲ့တဲ့ ရွှေ ကြက်ယက် ရွာကနေ မန္တလေးတက်သေးအင်း အထိ တာရိုးဖို့ပြီး ကားလမ်းဖောက်လိုက်တဲ့အတွက် ယဉ်တော်ရွာဟာ အရင်ကလို နှစ်တိုင်းရေဝင်တဲ့ အရပ်မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ရေမဝင်တော့တဲ့အခါ အရင်ကလို ခြေတံရှည် အိမ်တွေ ဆောက်စရာ မလိုတော့တဲ့အပြင် ရွာကလည်း မြို့နဲ့ဆက်သွား တာကြောင့် ရွာဆိုတဲ့ အဆင့်အတန်းကနေ မြို့စွန် လူနေအိမ်ရာ အဆင့်အတန်းမျိုး ပြောင်းသွားပါတယ်။ အဲတာကြောင့်များ တရုတ်တွေ လှိမ့်ဝယ်နေတာ ဖြစ်လိမ့်မယ်လို့ မိတ်ဆွေက သုံးသပ်ပါတယ်။

အိမ်မြေဝယ်တာ ရောင်းတာဆိုတာဟာ ကမ္ဘာတည်သရွေ့ ရှိနေဦးမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားတဲ့ နောက်ဝင်လာတဲ့ တရုတ်လူမျိုးတွေ လက်ထဲ ဓားမဦးချလယ်မြေတွေ ရောက်ကုန်တာကတော့ စီစစ်ဖို့ လိုတယ်လို့ ပြောလိုပါတယ်။ သက်ဆိုင်ရာ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသား ဖြစ်ထိုက်သူ တရုတ်လူမျိုးတွေ မြန်မာနိုင်ငံသား ဖြစ် တာကို ကန့်ကွက်စရာမရှိပါ။ ဒါပေမယ့် တဖက်မှာ တရုတ်မှတ်ပုံတင်လည်း ခိုးကိုင်ထားပြီး၊ မြန်မာမှတ်ပုံတင်ကိုလည်း ကိုင်ထားတဲ့ တရုတ်လူမျိုးတွေလက်ထဲ တိုင်းရင်းသားတွေရဲ့ မြေရာတွေ ရောက်ကုန်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး လို့ မြင်ပါတယ်။ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားရုံနဲ့ သေချာပေါက် မြန်မာနိုင်ငံသား ဖြစ်ပြီလား။ စနစ်တကျ ပြန်လည် စီစစ်တာမျိုးတွေ အလျှင်အမြန် လုပ်သင့်နေပြီလို့ ပြောလိုပါတယ်။ ဟိုတုန်းက သုံးခေါက်ချိုး မှတ်ပုံတင်တွေရဲ့ အောက်ဆုံး မှာ ရေးထားတဲ့ စာကြောင်းကတော့ "ဤသက်သေခံ လက်မှတ်ကို ကိုင်ဆောင်ထားခြင်းဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ သား ဖြစ်သည်ဟု အလျှင်းသက်သေခံ မဖြစ်စေရ" တဲ့။

ဇော်မင်း
၂၂ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၃ ခုနှစ်

ဆက်လက်ဖတ်ရှုရန်...

Friday, February 1, 2013

ရောင်ရာမှာသာ ဆီလူးကြပါကုန်။

လောတုန်းက မြန်မာပြည်က မိတ်ဆွေလင်မယား စုံတွဲ ဘန်ကောက်ကို ရောက်လာကြတယ်။ လာရတဲ့ အကြောင်းကတော့ ဇနီးဖြစ်သူကို ဆေးကုသဖို့အတွက်ပါ။ ဘန်ကောက်က ပုဂ္ဂလိကပိုင် ဆေးရုံကြီးတခုမှာ သွားပြကြပါတယ်။ ရင်သားကင်ဆာ စဖြစ်နေပြီလို့ မြန်မာပြည်ကထဲက ဆရာဝန်ကြီးများ က ပြောပြထားပါ တယ်။ မြန်မာပြည်မှာ မကုသတာက ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်ကဆေးရုံတွေ အထူးကုဆေးခန်းတွေကို မယုံကြည်တာကြောင့် ဖြစ်ပါလိမ့်မယ်။ နောက်တချက်ကတော့ ငွေကြေးတတ်နိုင်တဲ့ သူများဖြစ်လေတော့ ကုချင် ကု နိုင်ငံခြားက ဆေးရုံတွေမှာ ခေတ်မီကိရိယာတွေ ဆေးဝါးတွေနဲ့ ကုသမယ် ဆိုတဲ့ အတွေးကြောင့်လည်း ပါနိုင်ပါတယ်။

ဘန်ကောက်ဆေးရုံကြီးက သမားတော်များကလည်း ရင်သားကင်ဆာ စတင်ဖြစ်ဖို့ အလားအလာများနေတယ်လို့လည်း သူတို့ စမ်းသပ်ချက်အရ လူနာရှင်စုံတွဲကို ရှင်းပြပါတယ်။ တိုတိုပြောရရင် ဘန်ကောက်မှာပဲ ဆေးကုသ ခံတယ်။ အော်ပရေးရှင်း လုပ်တယ် ခွဲစိပ်ကုသမှု ခံယူတယ်ပေါ့ဗျာ။ မိတ်ဆွေက အဲသည့်ဆေးရုံကြီးမှာ ကြုံခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ကင်ဆာဌာနမှာ လာပြီး စစ်ဆေးစမ်းသပ်မှု ခံယူတဲ့ လူနာတွေထဲမှာတဲ့ ဥပမာ ဆိုရရင် ကင်ဆာလူနာ ဆယ်ယောက်မှာ ရှစ်ဦး လောက်က မြန်မာပြည်သားတွေ ဖြစ်နေတာကို တွေ့ရတဲ့အတွက် သူလည်း အတော်လေး တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။ ပိုက်ဆံတတ်နိုင်လို့ ဘန်ကောက်အထိ လာကုတာက အသာထား။ သူဆိုလိုတာက မြန်မာပြည်သား ပိုက်ဆံရှိ သူတွေတောင် ကင်ဆာအဖြစ်များနေတယ်ဆိုရင် လူဆင်းရဲတွေအတွက် ကတော့ မတွေးဝံ့စရာပဲလို့ ပြောရတော့မှာပါ။ ဆေးကုသဖို့ ငွေကြေး မတတ်နိုင်လို့ လူမသိသူမသိ ကင်ဆာနဲ့ သေနေ တဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်တောင် များနေပြီလဲ။

ဒါနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်မိပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံသားတွေ ကင်ဆာရောဂါ အဖြစ်များနေတာလဲ။ တခြား ရောဂါဖြစ်နေတာတွေလည်း ရှိဦးမှာ သေချာပါတယ်။ ဆီးချိုတို့၊ နှလုံးရောဂါ၊ သွေးတိုး၊ အသဲရောဂါ စသဖြင့် ဖြစ်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။

မြန်မာနိုင်ငံသားတွေ နေ့စဉ် ဘာတွေကို စားသုံးနေကြသလဲ။ အဲသည့် နေ့စဉ်သုံးဆောင်နေတဲ့ အစားအသောက်တွေဟာ သဘာဝအတိုင်း ဟုတ်ကဲ့လား။ ဆိုးဆေးအပါအဝင် တခြားသော လူတွေမစားသုံးအပ်တဲ့ ဓာတုဗေဒဆေးဝါးတွေ ပါဝင် နေသလား စသဖြင့် စောကြောမိပါတယ်။ ကိုင်း ကျနော်တို့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ရှောင်လို့မဖြစ်ဘဲ စားသုံးနေတဲ့ အစားအစာတွေကို တတ်နိုင်သလောက် စာရင်းလုပ်ကြည့်ပါ့မယ်။ လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်၊ ချက်နို့ဆီ၊ ဇီးပေါင်း အချဉ်ပေါင်းမျိုးစုံ၊ ငရုပ်သီးမှုန့်၊ ငရုပ်သီးအတောင့်ခြောက်၊ ပဲမှုန့်၊ ဆန်မှုံ့၊ စိမ်းစားငပိ၊ ငပိရည်ကြို၊ ငါးခြောက်မျိုးစုံ၊ ငံပြာရည်၊ အသားခြောက်မျိုးစုံ၊ ဝက်အူချောင်း၊ သကြားအဖြူ၊ မုန့်ဟင်းခါးဖတ်၊ မုန့်ဟင်းခါးအခြောက်ထုပ်၊ စားအုန်းဆီ၊ စားအုန်းဆီ ရောထားတဲ့ ပဲဆီနဲ့ နှမ်းဆီ၊ ပြည်တွင်းဖြစ် အရက်ဘီယာမျိုးစုံ၊ စီးကရက်၊ ဆေးပေါ့လိပ်။ နောက်တချက်ကတော့ အချိုမှုန့် သုံးစွဲတဲ့ အတိုင်းအတာ ဘယ်လောက် ရှိသလဲ။

ဒါတွေနဲ့ဆက်စပ်နေပြီး ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့ နောက်ထပ်တချက် ကတော့ မြန်မာပြည်မှာ အိမ်သာ စနစ်က ဘယ်အခြေနေမှာ ရှိသလဲ။ ရေဆိုးထုတ်တဲ့ မြောင်းတွေ အလုပ်လုပ်သေးရဲ့လား။ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးရမယ် ဆိုတာကို လူတိုင်းလိုက်နာသလား။ ဇွန်းခက်ရင်းနဲ့ ထမင်းစားတဲ့ အလေ့အကျင့် ဘယ်လောက် ရှိနေပြီလဲ။ လက်တွေနဲ့ စားနေတဲ့ ရာခိုင်းနှုန်းက မြင့်မားနေတုန်းပဲလား။ အရေးအကြီးဆုံးထဲမှာ ပါဝင်နေတဲ့ နောက်တချက် လည်း ရှိပါ သေးတယ်။ အဲတာကတော့ သန့်ရှင်းတဲ့ သောက်ရေကို သောက်သုံးသလား။ ဒီလိုပဲ အနီးအနား ဝန်းကျင်က ရေတွင်း၊ ရေပိုက်ကလာတဲ့ လာတဲ့ ရေကိုပဲ သောက်နေကြသလား။

ပထမဆုံး စောကြောမိတာကတော့ လက်ဖက်စို၊ လက်ဖက်ခြောက် (အဖန်၊ အချို) ပါပဲ။ မြန်မာပြည်မှာ လူတိုင်းနေ့စဉ် ဆိုလို စားမိနေတဲ့ အဟာရတခုပါ။ ဆိုးဆေးတွေပါနေတယ် ဆိုတာကြောင့် ဟိုးတလောကလည်း ပြဿနာတွေ အုပ်သော် သောင်းနင်း ဖြစ်ထားပြီးသား။ သားရေနယ်လုပ်ငန်းမှာ သုံးနေတဲ့ သားရေအရောင်ဆိုးတဲ့ ဓာတုဆေးတွေကို လက်ဖက် အရောင် လှအောင် ထည့်ဆိုး ထားတယ်လို့ သိရပါတယ်။ အဲသလိုပဲ လဖက်ရည်အချိုမှာ သုံးနေတဲ့ ချက်နို့ဆီဟာ ကြာရှည်ခံအောင် ဖော်မလင်လို ဓာတုဆေးရည်ထည့်ပြီး ချက်တယ်လို့ သိရတယ်။ နို့ဆီချက်ရာမှာ အသုံးပြုတဲ့ သကြား ကလည်း စိတ်မချရ ပြန်ဘူး။ သကြားကဖြူဖွေးနေမှ ဈေးကောင်းရမှာ ဆိုတဲ့အတွက် သကြားချက်တဲ့နေရာမှာ ဆာလဖာနဲ့ အရောင်ချွတ်တယ်လို့ သိရတယ်။ သူများနိုင်ငံတွေမှာတော့ သကြားအညိုက ပိုဈေးကြီးပေးရတယ်။ မြန်မာပြည်မှာတော့ ပြောင်းပြန်ဖြစ်နေတယ်။

ဓာတုဆေးဝါးတွေ ပါဝင်ပတ်သက်နေတဲ့ အစားအစာတွေ နောက်ထပ် အများကြီး ရှိသေးတယ်။ မုန့်ဟင်းခါးဖတ်ကလည်း ဖြူနေမှ ဈေးကောင်းဆိုပဲ။ မူလဆန်အရောင်နဲ့ ထွက်လာတဲ့ မုန့်ဖတ်က ဈေးကောင်းမရဖူးလို့ ဆိုတယ်။ ဒါကြောင့် မုန့်ဟင်းခါးဖတ် ဖြူအောင် ဓာတုဆေးဝါးတွေနဲ့ အရောင်ချွတ်ရပြန်တယ်။ မုန့်ဟင်းခါး အခြောက်ထုပ်လည်း အလားတူပဲလို့ ဆိုနိုင်ပါတယ်။ သန့်ရှင်းစင်ကြယ်စွာ ထုတ်လုပ်ထား၍ စိတ်ချလက်ချ စားသုံးနိုင်သည်လို့တော့ အထုတ်ပေါ်မှာ ရေးထားတယ်။ ဒါပေမယ့် တာရှည်ခံအောင် ဘာတွေထည့်ထားသလဲ ဆိုတာ ဘယ်သူမှမသိနိုင်ပါ။ ဆတ်သားခြောက်နဲ့ ဝက်အူချောင်း တွေလည်း တာရှည်ခံအောင် ဓာတုဆေးဝါး တမျိုးမျိုး သုံးစွဲနိုင်ပါတယ်။ မြန်မာပြည်မှာ သည်လောက်တောတွေ ပြုန်းနေတာ ဆတ်တွေကော တကယ်ရှိသေးရဲ့လား။ ငပိမှာလည်း အလားတူပါဘဲ။ ပုဇွန်ငပိ (သို့) မျှင်ငပိ (သို့) စိမ်းစားငပိ တွေမှာလည်း အရောင်လှအောင် ပန်းရောင်သန်းနေအာင် ဆေးဆိုးထားသလို တွက်ချေကိုက်အောင် ဘာတွေညာတွေ ရောထားတယ် ဆိုတာကလည်း စားချင်လို့သာ စားနေတာ လူတိုင်းသိနေတဲ့ ကိစ္စပါ။ ငရုပ်သီးခြောက်ကရော ဘာထူးသလဲ။ ဖလံဖြူတွေကို ဈေးကောင်းရဖို့ နီနေအောင် ဆိုးဆေးဆိုးလေ့ ရှိပါတယ်။ ငရုပ်သီးခြောက်ရဲ့ နောက်ထပ် ပြဿနာတခုက လူသာမန် မျက်စေ့နဲ့ မမြင်ရတဲ့ မှိုတွေအောင်းနေလေ့ ရှိပါတယ်။ တော်ရုံ မီးအပူချိန်မှာ မသေပါ။ အဲသည့် ငရုပ်သီးက မှိုကြောင့် ရေရှည်စွဲစားမယ် ဆိုရင် ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသတဲ့။ ငရုတ်သီးစိမ်း လတ်လတ်ဆပ်ဆပ် ရှာစားနိုင်ရင်တော့ ပိုသင့်တော်မယ်လို့ ထင်ပါတယ်။

ရေကြိုငပိကလေးများကော ဆိုးဆေးဆိုးတဲ့ အထဲကလွတ်မလား မှတ်တယ်။ ဟိုတလောက သတင်းတွေထွက်လာ တော့မှ အမလေးဗျလို့ အော်ရပါတော့တယ်။ ရေကျိုငပိ သိပ်တဲ့အချိန်ကနေ ဈေးကွက်တင်တဲ့အထိ အချိန် သုံးလလောက် လိုတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် အချိန်ကို သုံးလအထိ မစောင့်နိုင်တဲ့ ရေကျိုငပိ ပြုလုပ်သူများက ငပိလုပ်တဲ့အချိန်မှာ ယူရစ်အက်စစ် တမျိုးကို ထည့်လုပ်တယ်လို့ ကြားရပါတယ်။ အဲသည့် ယူရစ်အက်စစ်ကြောင့် သိပ်ထားတဲ့ ငပိရေကျိုဟာ ခွန်နှစ်ရက်အတွင်း ငါးရိုးတွေပါ နူးလာတာကြောင့် ဈေးကွက်ကို တင်လို့ ရသွားပါတယ်။ သုံးလအထိ စောင့်စရာ မလိုတော့တာမို့ ငွေမြန်မြန် ပေါ်တာ ပေါ့လေ။ အဲ စားသုံးတဲ့ သူတွေဖက်ကတော့ မသာမြန်မြန်ပေါ်တာပေါ့။

အဆိုးတကာ့ အဆိုးဆုံး စားသောက်ကုန်ကတော့ စားအုန်းဆီပါပဲ။ ကျနော်တို့ အိမ်နီချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ အဲသည့်အုန်းဆီကို ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က ဓာတ်ဆီအစားထိုး ဘိုင်အိုဒီဇယ် ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စားဖို့အဓိက မဟုတ်ပါဘူး။ နောက် ဆပ်ပြာဘာညာ ချက်တဲ့နေရာမှာလည်း အသုံးပြုပါတယ်။ ထိုင်းနိုင်ငံမှာ စားအုန်းဆီဆိုတာ မရှိဘူးမဟုတ်ပါ။ ရှိပါတယ်။ ဒါပေမယ့် သွေးကြောထဲမှာ အဆီတွေများများ ပွားများမလာနိုင်အောင် ခေတ်မီ နည်းတွေနဲ့ အထပ်ထပ် စစ်ထုတ်ယူပြီးမှ အရည်အသွေး အစစ်အဆေးခံပြီးမှ ဈေးကွက်ကိုရောက်ပါတယ်။ ဒီလောက် လုပ်ထားပြီးတာတောင် စားအုန်းဆီဟာ နေ့တိုင်းမစားအပ်ဖူးဆိုတာ တဖက်ကလည်း ပညာပေးနေပါတယ်။ နေကြာဆီ၊ ပဲပိစပ်ဆီ စတာတွေကိုပဲ သုံးဖို့ဆိုတာကို လူတွေကလည်း နားလည်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်သားများကတော့ ဒီဇယ်ချက်မယ့် အုန်းဆီတွေကို စားအုန်းဆီ နာမည်တပ်ပြီး စားနေကြရပါတယ်။ ဆင်းရဲကုန်တာကိုး။ နောက်မှ သေသေ ကင်ဆာပဲ ဖြစ်ဖြစ် နှလုံးရောဂါပဲ ဖြစ်ဖြစ် လက်ငင်းမှာတော့ ဈေးပေါတဲ့ စားအုန်းဆီကိုပဲ ရွေးချယ်ကြရပါတယ်။

နောက်ထပ် အဆိုးဆုံးတခုကတော့ ပြည်တွင်းဖြစ် အရက်မျိုးစုံနဲ့ ဘီယာတွေပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ သုံးနေတဲ့ ဓာတ်မြေ သြဇာတွေကို အရက်ချက်တဲ့ နေရာမှာ အသုံးပြုတယ်လို့ ဆိုပါတယ်။ ဓာတ်မြေသြဇာကို အသုံးပြုတဲ့အတွက် ရိစ်ဖောက်တဲ့ ကာလ အတော်ကလေး တိုတောင်းသွားပြီး အရက်ကို မြန်မြန်ချက်လုပ် နိုင်ပါတယ်။ ပြီးတဲ့အခါမှာ သတ်မှတ်တဲ့ ကာလအထိ မကောင်းတဲ့ ဓာတ်တွေ အငွေ့ပျံအောင် သိမ်းဆည်းခြင်း မပြုတော့ဘဲ ရက်ပိုင်းအတွင်း ဈေးကွက်မှာတင်ပါတယ်။ အဲသလိုမျိုး အရက်တွေကို နေ့စဉ်သောက်သုံး သူတွေ မြန်မြန်ကိစ္စချောတယ်လို့ ဆိုပါတယ်။ အခု လူတွေပြောနေတဲ့ အထဲမှာ ဘယ်အရက်မျိုး သောက်ရင် ဒါကတော့ နှစ်နှစ်ခံ၊ ဘယ်အရက်မျိုး ဆိုရင်တော့ ဒါကငါးနှစ်ခံ စသဖြင့်တောင် ပြောစမှတ် ပြုလာရပါတယ်။

အဆိုးတကာ့ အဆိုးဝါးဆုံး နောက်ထပ် ပြဿနာ တခုကတော့ သောက်ရေပဲ ဖြစ်ပါတယ်။ မြန်ပြည်ရဲ့ လူဦးရေ ဘယ်နှစ်ရာခိုင်နှုန်းဟာ သန့်ရှင်းစိတ်ချရတဲ့ သောက်ရေကို သုံးစွဲနိုင်ပါသလဲ။ တာဝန်ရှိသူများ သိကြပါရဲ့လား။ သန့်ရှင်းတဲ့ သောက်ရေဆိုတာ ဒီလိုပါ။ ရေထဲမှာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သတ္ထုဓာတ်တွေ ပါဝင်နေတာကို သန့်စင်ပြီးမှသာ သန့်ရှင်းတဲ့သောက်ရေလို့ သတ်မှတ်လို့ ရပါတယ်။ ဒို့ရွာမှာတော့ ဒီရေတွင်း တသက်လုံး သုံးလာတာပဲ ဘာမှမဖြစ်ပါဘူး ဆိုတာလောက်နဲ့ မရပါဘူး။ ရေထဲမှာ ကန့်ဓာတ်၊ ခဲဓာတ်နဲ့ တခြားသော လူကိုအန္တရာယ် ပြုနိုင်တဲ့ သတ္ထုဓာတ်တွေ ပါဝင်နေတာကို သန့်စင်ပစ်ဖို့ပါ။ ရေကိုကြိုချက်လိုက်ပေမယ့် အဲသည့် ဓာတ်တွေဟာ ပျောက်ပျက် မသွားဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် သန့်ရှင်းတဲ့သောက်ရေရဖို့ ဈေးကြီးလိမ့်မယ်လို့ ထင်စရာ ရှိပါတယ်။ အမှန်ကတော့ သန့်ရှင်းတဲ့သောက်ရေ ရရှိဖို့ စစ်စစ်မှန်မှန် ကူညီပေးမယ်ဆိုရင် ပြည်တွင်းဖြစ် ဒေသတွင်းဖြစ် ပစ္စည်းတွေကို အသုံးပြုပြီး လွယ်လွယ်ကူကူနဲ့ ရယူနိုင်ပါတယ်။ လုပ်ပေးလိုတဲ့ စေတနာ ရှိမရှိဆိုတာကသာ အဓိကပါ။ ဆေးလိပ်ကတော့ ကနေ့ တကမBာလုံးမှာ ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းသိပြီးသားမို့ ထပ်လောင်း မပြောတော့ပါ။

ဒီလောက်ဆိုရင်တော့ ကနေ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ စားသောက်နေတဲ့ အရာတွေထဲမှာ လူတွေမစားသုံး အပ်တဲ့ ဓာတုဗေဒဆေးဝါးတွေ ဘယ်လောက်ပါဝင် ပတ်သက်နေတယ်ဆိုတာ မြင်နိုင်ပါပြီ။ တခါတခါ အမြင်မတော်လောက်တဲ့အထိ ဖြစ်လာမှ အသံတွေ ကျယ်လောင်လာမှ အစားအသောက်နဲ့ ပတ်သက်တဲ့ ကိစ္စကို အစိုးရက စစ်ဆေးတာမျိုး ပြုလုပ်တာ လောက်ပဲ ရှိပါတယ်။ ဒီလို ကိစ္စမျိုးက အစဉ်တစိုက် ဓာတ်ခွဲခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း စသဖြင့် ပြုလုပ်နေရမှာ ဖြစ်သလို ဓာတုဆေးဝါး ထည့်သွင်းထားတဲ့ အစားအသောက် ထုတ်လုပ်သူများကို ထိထိရောက်ရောက် အရေးယူဖို့ လိုနေပါတယ်။ တရုတ်ပြည်မှာတုန်းက ကလေးတွေကို တိုက်တဲ့ နို့မှုန့်နဲ့ နို့တွေထဲမှာ မယ်လမင်းဓာတ် ထည့်သွင်းထားတာ တွေ့လို ထုတ်လုပ်တဲ့ ကုမ္ပဏီက တာဝန်အရှိဆုံးသူကို သေဒဏ်ပေးတဲ့အထိ အရေးယူခဲ့တာ မှတ်မိကြဦးမှာပါ။

တကိုယ်ရေသန့်ရှင်းရေးနည်းပါးမှု၊ အိမ်သာစနစ် မကောင်းမွန်မှု၊ ရေနုတ်မြောင်းနဲ့ အညစ်အကျေး စွန့်ပစ်မှုစနစ် ညံ့ဖျင်းမှုနဲ့ ဓာတုဗေဒဆေးဝါးတွေ ပါဝင်နေတဲ့ အစားအစာတွေ စားသုံးမှု ဒါတွေအားလုံးကို ပေါင်းလိုက်တော့ နောက်ဆုံးမှာ မြန်မာနိုင်ငံသားတွေ ငယ်ငယ်ရွယ်နဲ့ ရောဂါတွေရကြ သေဆုံးကြ ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရတာဝန် ရှိသူတွေရော၊ ပါလီမန်က အမတ်မင်းတွေရော ကိုယ့်နိုင်ငံသူနိုင်ငံသားတွေရဲ့ ကျန်းမာရေးကို အလေးထားဖို့ လိုပါတယ်။ ပါလီမန်ထဲမှာ ထိုင်နေတယ် ဆိုတာ အမြင့်နိုင်ငံရေးတခုထဲ ဆွေးနွေးပြောဆိုဖို့ မဟုတ်ပါဘူး။ လူတွေကျန်းမာဖို့ ဖွံ့ဖြိုးဖို့ ကိစ္စတွေကိုလည်း အလေးထား ဆွေးနွေးဖို့ လိုပါတယ်။

ဘာမှမသက်ဆိုင်တဲ့ ကိစ္စတွေနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဥပမာ ပြောရမယ်ဆိုရင် ဘားမားလို့ မသုံးနှုန်းရ၊ မြန်မာလို့ဘဲ သုံးနှုန်းရမယ် ဆိုတဲ့ အငြင်းအခုံတွေဟာလည်း အချိန်ဖြုန်းနေတာလို့ ပြောခြင်ပါတယ်။ ဒါတွေဟာ သမိုင်းဆိုင်ရာ ဆင့်ကဲဖြစ်စဉ်နဲ့ ဘာသာဗေဒ ကိစ္စသက်သက်လို့ပဲ ကျနော်ကတော့ မြင်ပါတယ်။ ကျနော်တို့ မျိုးဆက်မှာ အင်္ဂလိပ်လိုပြောရင် ရေးရင် ဘားမားလို့ သုံးပြီး၊ မြန်မာလို ပြောရင်ရေးရင် မြန်မာလို့ပဲ သုံးနေတာ ဖြစ်ပါတယ်။ မန္တလေးကို မြန်မာလို ပြောရင် မန်းလေး၊ မန်းဒလေးလို့ အသံထွက်ပါတယ်။ အင်္ဂလိပ်လို ပြောဖို့ ကြုံလာရင် မဲန်းဒလေး လို့အသံထွက်ပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြဿနာလို့ မမြင်ပါ။ မြန်မာတွေလည်း ဘရစ်တင် ဆိုတဲ့ အသံထွက်ကို ဗြိတိန်လို့ ရေးတာပဲ မဟုတ်လား။ အင်္ဂလိပ်လိုတော့ ပါလီမန် မြန်မာလိုတော့ ပြည်သူ့လွှတ်တော်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာထဲအထိ ပြည်သူ့လွှတ်တော်ကို ပါလီမန်လို့မရေးဘဲ ပြည်သူ့လွှတ်တော်ဆိုပြီး အင်္ဂလိပ်လို စာလုံးပေါင်းတဲ့အထိ လုပ်နေကြတာဟာ အရုပ်ဆိုးတယ်လို့ မြင်ပါတယ်။ တပ်မတော်ကိုလည်း အာမီလို့ မရေးဘဲ အင်္ဂလိပ်စာလုံးပေါင်းနဲ့ တပ်မတော် ဆိုပြီးရေးနေ ကြတာတွေဟာ အလွန်အကျွံ မျိုးချစ်စိတ်ကြောင့်လား၊ အဖားလွန်တာလား ဆိုတာကတော့ ပြုမူသူတွေသာ ပိုသိပါလိမ့်မယ်။

ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုး တဦးကို နိုင်ငံခြားသားတဦးက ခင်ဗျားဘယ်သွားမလို့လဲလို့ အင်္ဂလိပ်လို မေးလိုက်ရင် အဲသည့် ထိုင်းနိုင်ငံသားက ဘန်ကောက်သွားမယ်ဆိုရင် ဘန်ကောက်သွားမယ်လို့ အင်္ဂလိပ်လို ဖြေပါတယ်။ ထိုင်းဘာသာ စကားမှာ သူတို့မြို့တော် ဘန်ကောက်ကို ထိုင်းစကားနဲ့ ဘန်ကောက်လို့ မခေါ်ပါဘူး။ “ခရုန်ထစ်ပ်” လို့ပဲ အသံထွက်ပါတယ်။ ထိုင်းအချင်းချင်း ပြောနေတယ်ဆိုရင် “ခရုန်ထစ်ပ်” လို့ပဲ ပြောပါတယ်။ ဘန်ကောက်လို့ မပြောပါဘူး။ တီဗွီတွေမှာ ထိုင်းဘာသာနဲ့ သတင်းကြေညာတဲ့ အခါမျိုးမှာ ဆိုရင် “ခရုန်ထစ်ပ် မဟာနခေါင်” လို့တရားဝင် သုံးစွဲပါတယ်။ တခါ ခရုန်ထစ်ပ် လို့မခေါ်ဘဲ ဘန်ကောက်လို့ ခေါ်တဲ့ နိုင်ငံခြားသားတွေကိုလည်း စိတ်မဆိုးပါဘူး။ မည်သူမဆို နိုင်ငံခြားသားပဲ ဖြစ်ပါစေ ဘန်ကောက်လို့ မခေါ်ဘဲ ခရုန်ထစ်ပ်လို့ပဲ ခေါ်တွင်ရမယ်လို့ ဖိအားမပေးပါဘူး။ နိုင်ငံခြား သံရုံးတွေကိုလည်း အော်ချက်ထုတ် တာတွေ စာပို့သတိပေးတာတွေ မလုပ်ပါဘူး။ ထိုင်းနိုင်ငံကို ထိုင်းလိုပြောရင် “ပရာထစ်ထိုင်း” လို့ပြောပါတယ်။ အကယ်၍ ထိုင်းလူမျိုးတဦးဟာ အင်္ဂလိပ်လို စကားပြောရတဲ့ အခြေအနေတခုမှာ သူဟာ ထိုင်းနိုင်ငံက ဖြစ်တယ်ဆိုတာကို ပြောရင် “ထိုင်းလဲန်း” လို့ပြောပါတယ်။ “ပရာထစ်ထိုင်း” က လာပါတယ်လို့ မပြောပါ။ ပြောရင်လည်း နိုင်ငံခြားသားတွေအဖို့ နားလည်နိုင်ဖို့ ခက်ပါတယ်။ ရှေးတုန်းကထဲကစလို့ သူ့ဟာနဲ့သူ ဖြစ်တည်လာခဲ့တဲ့ အသုံးအနှုန်းကိစ္စ၊ ဘာသာစကားကိစ္စ တွေကို နိုင်ငံရေးထဲ ဆွဲသွင်း လာတာကသာ ပြဿနာလို့ မြင်ပါတယ်။

အကြံပေးလို တာကတော့ ရောင်တဲ့နေရာကို ဆီလူးကြပါ။ မရောင်တဲ့နေရာကို ဆီလူးပြီး အချိန်တွေ မဖြုန်းကြပါနဲ့လို့။ မိမိ တိုင်းပြည်အတွင်းမှာ နိုင်ငံသားတွေ လိုအပ်နေတာတွေကို ဖြည့်ဆီးပေးပါ။ ကူညီပေးပါ။ တနေ့တခြား ကျန်းမာရေးမှာ ချို့တဲ့၊ လူမှုရေးမှာ နိမ့်ကျ၊ ပညာရေးမှာ စကောစက ဖြစ်လာနေတဲ့ မြန်မာနိုင်ငံသား လူများစုကြီးရဲ့ မျက်နှာကိုကြည့်ပြီး အလုပ်လုပ်ကြပါ။ သူသာ အမျိုးချစ်တယ် ငါသာအမျိုးချစ်တယ် ဆိုတဲ့ အငြင်းအခုံတွေထဲမှာ ပျော်မွေ့မနေကြဖို့ ထပ်လောင်း ပြောလိုပါတယ်။

ဇော်မင်း
၃၁ ရက် ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်

ဆက်လက်ဖတ်ရှုရန်...

Friday, January 11, 2013

လိုင်ဇာသို့ မာနယ်ပလောသင်ခန်းစာ

၉၉၄ သြဂုတ်လထဲတွင် ကေအန်ယူတို့၏ ဌာနာချုပ်ဖြစ်သော မာနယ်ပလော၌ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် ညီလာခံကြီး တခု ကျင်းပခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုံစုံညီညီ တက်ရောက် ကြသည်။ လက်နက်မကိုင်သည့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနှင့် မြန်မာအဖွဲ့အစည်းများလည်း ပါဝင်ကြသည်။ ထိုင်းနိုင်ငံအခြေစိုက် ကျောင်းသားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း အကြီးအသေးတွေလည်း ဖိတ်ကြားခံရ သည်။ တောတွင်း၌လည်း ထိုအချိန်က နှစ်ဖွဲ့ကွဲနေသည့် ကျောင်းသားတပ်မတော်ဟု လူသိများသည့် အေဘီအက်စ် ဒီအက်ဖ် နှစ်ဖွဲ့လုံးလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင် သည့် နိုင်ငံခြားသား ပညာရှင် တချို့လည်း ဖိတ်ကြားခံရ၍ ရှိနေခဲ့သည်။

ကျနော်၊ ကိုအောင်သူငြိမ်းနှင့် လုပ်ဖော်ကိုင်ဖက် တချို့လည်း ဤဖွဲ့စည်းပုံ အခြေခံဥပေဒ ညီလာခံတက်ရောက်ရန် "ကလလတ"ဒေသ (ကရင်နီပြည်နယ်တောင်ပိုင်း) မှ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုအောင်သူငြိမ်းသည် ဥက္ကဋ္ဌ မိုးသီးဇွန် ဦးဆောင်သည့် “အေဘီအက်စ်ဒီအက်ဖ်” တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။ ထိုအချိန်က နှစ်ခြမ်း ကွဲနေသော ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေးအတွက် လုံးပန်းနေသော ကာလလည်း ဖြစ် သည်။ ပေါင်းစည်းရေးအတွက် ကော်မရှင်ဖွဲ့သောအခါ ဒေါက်တာနိုင်အောင် ဦးဆောင်သော ဖက်မှ ကော်မရှင်နှစ်ဦး မှာ ဒေါက်တာမြင့်ချို (ယခုသြစတေးလျှ) နှင့် ကိုဝင်းနိုင် (ယခု အာအက်ဖ်အေရေဒီယို ဝါရှင်တန်ဒီစီ) တို့ဖြစ်၍ မိုးသီးဇွန် ဦးဆောင်သောဖက်မှ ကော်မရှင်နှစ်ဦးမှာ စာရေးသူကျနော်နှင့် ကိုလွမ်းဏီ (မင်းဘူးကျော်ကျော်) တို့ ဖြစ်သည်။ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ သီးသန့််တွေ့ဆုံ ဆွေးနွေးသည့်အခါများ ရှိသလို၊ တပ်ပေါင်းစု ခေါင်းဆောင်များကို တရား သူကြီးများ သဖွယ် ရှေ့မှာထား၍ ဆွေးနွေးရသည့် အခါများလည်း အကြိမ်ကြိမ် ရှိခဲ့သည်။ ထိုအချိန်က တပ်ပေါင်းစု ခေါင်းဆောင်များ ထဲမှ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ကို တွေ့ဆုံရသည့် ခေါင်းဆောင်များကတော့ ကေအန်ယူမှ ဗိုလ်ချုပ်တာမလာဘော၊ ရခိုင်အဖွဲ့မှ ခေါင်းဆောင် တဦးဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ရံဖန်ရံခါ မွန်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဟံသာတို့လည်း ပါရှိသည်။ ဖဒိုမန်းရှာလည်း တခါတရံ ဆွေးနွေးပွဲ၌ လာထိုင်တတ်သည်။

အနာဂတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင်းပနေသည့် ရက်များအတွင်း ကျနော်တို့ အင်အားစု တချို့အကြား နောက်ထပ် ဆွေးနွေးဖြစ်သည့် ကိစ္စတခုကတော့ မာနယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျနိုင်မကျနိုင် ဆိုသည့် ဆွေးနွေးချက်များ ဖြစ်သည်။ မာနယ်ပလောဌာနချုပ်ကို အစိုးရတပ်များ ဝိုင်းထားသည်မှာ ၁၉၉၁ နှစ်ကုန် ကတည်းက ဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်သည်။ အစိုးရတပ်မှ တရုပ်လုပ် တိုက်လေယဉ်များနှင့် နေ့စဉ်ဆိုသလို တိုက်ခိုက်သည့် အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲများတွင် ထွီးပါးဝီကျိုးခေါ် ခွေးအိပ်တောင် တိုက်ပွဲသည် အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ၁၉၉၂ ခုနှစ် မတ်လထဲတွင် ခွေးအိပ်တောင်ကို အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ အမြောက်ကြီးများဖြင့် တရက်ကို အလုံးတရာထက် မနည်း နှစ်လသုံးလခန့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။ အစိုးရတပ်မှ ကျွံပြီးဝင်လာသော ဗိုလ်မှူး မင်းညဏ်ရှိန် ဦးစီးသည့် တပ်ခွဲတခုအား ကျောင်းသားတပ်များနှင့် ကေအန်ယူကွန်မင်ဒိုများ ဝိုင်းပတ်ချေမှုန်းသည်။ ဗိုလ်မှူး မင်းညဏ်ရှိန် တပ်ခွဲမှ ဆွီဒင်နိုင်ငံလုပ် ကားလ်ဂူးစတပ်ဖ် ရော့ကက်လောင်ချာ တလက် ကို ကေအန်ယူ ကွန်မင်ဒိုများမှ သိမ်းပိုက် ရရှိခဲ့တာကို မှတ်မိသေးသည်။

ခွေးအိပ်တောင် ကျသွားသော်လည်း မာနယ်ပလောသည် လွယ်လွယ်နှင့်မကျနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မာနယ် ပလော ဌာနချုပ်၏ တည်နေရာသည် ကျယ်ပြန့်သည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ် အကြားမှာတည်ရှိ၍ ဌာနချုပ် အနောက်ဖက် တကြောလုံးကို အလွန်ရေစီးသံသည့် သံလွင်မြစ်နှင့် ဒေါနတောင်တန်းကြီးက တံတိုင်းသဖွယ် ကာထား သည်။ အရှေ့ဖက် တွင်လည်း သောင်ရင်းမြစ်နှင့် ထိုင်းနိုင်ငံနယ်နမိတ် မျဉ်းကြောင်းက ကာဆီးထားပြန်သည်။ ဘာနှင့် တူသလဲဆိုလျှင် အင်းဝမြို့ကို ဧရာဝတီမြစ်နှင့် ဒုတ္ထဝတီမြစ်တို့ ကာရံပေးထားသလိုမျိုး ဖြစ်သည်။

၁၉၉၂ သင်္ကြန်ကာလ မတိုင်မီ အစိုးရဖက်မှ ဗိုလ်ချုပ်မောင်လှက ဦးစီး၍ အပစ်အခတ် ရပ်စဲရေးကို ကြေညာ ခဲ့သည်။ ခွေးအိပ်တောင် အစိုးရလက်တွင်း ကျသွားသော်လည်း အစိုးရတပ်တွင်းမှာ အခက်အခဲများ ဆက်လက် ရင်ဆိုင်နေခဲ့ရ၍ ဖြစ်သည်။ မာနယ်ပလော ကာကွယ်ရေးအတွက် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း လာရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြသည်။ ၁၉၉၁ ဒီဇင်ဘာလမှ ၁၉၉၂ ဧပြီလအထိ အစိုးဖက်မှ ဒဏ်ရာရ ကျဆုံးသူပေါင်း သုံးထောင်ခန့် ရှိခဲ့သည်။ ခွေးအိပ်တောင်တခုသာ သိမ်းပိုက်နိုင်ခဲ့သည်။ မာနယ်ပလော တခုလုံးကို သိမ်းပိုက်ဖို့ဆိုလျှင် နောက်ထပ်ရင်းရမည့် တပ်အင်အားကား သည့်ထက်မက များပြားသည်ကို တွက်ချက်နိုင်သည်။ တချိန်ထဲမှာလည်း အစိုးရ စစ်ကြောင်းများမှ တပ်ပြေးများကလည်း မနည်းလှ။ တပ်များအတွင်း စိတ်ဓာတ်ရေးရာအရ တစုံတရာ ကျဆင်းနေသည်ကို ပြန်လည် ဆယ်မရန် အစိုးရဖက်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာသည်ဟု ယူဆရသည်။ အချိန်ဝယ်သည့် သဘော မျိုး ဖြစ်သည်။

မာလယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျသွားနိုင်သလား ဆိုတဲ့ ဆွေးနွေးချက်ကို ပြန်သွားပါမည်။ အယူအဆ ကလည်း အမျိုးစုံလှသည်။ တချို့က ဒီလိုတွက်သည်။ အစိုးရသည် မာနယ်ပလောကို မည်သည့်နည်းနှင့်မဆို ရအောင် တိုက်ယူနိုင်သည်။ ရှေ့တန်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲ လိုက်ခြင်းသည် နိုင်ငံရေးအရ ဆက်ကစားလိုသောကြောင့် ဖြစ်သည်။ တပ်ကိုအားကောင်းကောင်းနှင့် ဆက်ထိန်းရန်အတွက် ရန်သူရှိနေသေးသည် ဆိုတာကို ပြသဖို့လိုသည်။ ထို့ကြောင့် မာနယ်ပလောကို အပြီးမသိမ်းဘဲ အသက်ရှုပေါက် ပေးထားသည်ဟု မြင်သည့်သူများလည်း ရှိသည်။ တချို့ ကတော့ ဆက်လက် ရင်ဆိုင်ရမည့် နိုင်ငံတကာဖိအားကို စိုးရိမ်သောကြောင့် အပစ်ရပ်လိုက်သည်ဟု ထင်မြင်ချက်ပေးကြ သည်။ မာနယ်ပလောကို အပြီးသိမ်းယူဖို့ဆိုလျှင် အစိုးရဖက်မှ အနည်းဆုံး စစ်သားနှစ်သောင်းကျော် သုံးသောင်းလောက် အသေခံမှ ရမည်ဆိုသည့် တွက်ကိန်းကြောင့် အစိုးရဖက်မှ ခေတ္တနောက်ဆုတ် လိုက်တာသာဖြစ်ကြောင်း တချို့က တွက်ချက်ကြသည်။ တချို့ရဲ့ ဆွေးနွေးချက်များကတော့ ဒီလိုဖြစ်သည်။ ဘယ်လိုဘယ်အကြောင်းနဲ့ မာနယ်ပလော စစ်ဆင်ရေးကို ရပ်ဆိုင်း လိုက်သည်ဖြစ်စေ ဈေးပေါပေါဈေးချိုချိုနဲ့ ရမည်ဆိုလျှင်တော့ မာနယ်ပလောကို အစိုးရက သိမ်းမှာ ပဲ လို့ တွက်ချက်ပြခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံကြီး ပြီးစီးသွားသော်လည်း ကျနော်နဲ့ ကိုလွမ်းဏီ မာနယ်ပလောမှာ ဆက်ရှိနေသည်။ ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များ တဖက်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ရှိသောကြောင့် ဖြစ်သည်။ ကိုမိုးသီးဇွန်နှင့် ကိုအောင်သူငြိမ်းတို့ကတော့ ညီလာခံအပြီး တနင်္သာရီတိုင်းထဲ၌ ဌာနချုပ်လုပ်ထားသော စခန်းတခု ဆီသို့ ပြန်သွားကြသည်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလလယ်ခန့်တွင် ကျနော်နှင့်ကိုလွမ်းဏီတို့ ဒေါက်တာနိုင်အောင် ဦးဆောင်သည့် သူတို့၏ ဗဟို ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ပြန်လည်ပေါင်းစည်းရေး အတွက် သူတို့ဖက်က ကော်မရှင်နှင့် ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။ သူတို့ ဗဟိဌာနချုပ်သည် သံလွင်မြစ် နံဘေးတွင်တည်ရှိသည်။ ထိုနေရာကို ကရင်များက ဒါးဂွင်ဟုခေါ်၍ ကျောင်းသားများကတော့ ဒေါင်းဂွင်ဟု ခေါ်ကြသည်။ နှစ်ညအိပ်ခန့် သူတို့ဌာနချုပ်တွင် ဆွေးနွေးခဲ့ကြပြီး ကျနော်နှင့် ကိုလွမ်းဏီတို့ မာနယ်ပလောသို့ စက်လှေဖြင့် ပြန်ခဲ့ကြသည်။ ဒေါင်းဂွင်နှင့် မာနယ်ပလောအကြားတွင် နယ်စပ်ဈေးကြီး တခုရှိသည်။ သံလွင်မြစ်ကို မေးတင်၍ ထိုင်းနိုင်ငံဖက်ခြမ်း၌ ဆောက်လုပ်ထားသော ဈေးတန်းကြီးဖြစ်သည်။ သော်လဲထ ဈေးဟုခေါ်သည်။ ထိုင်းတွေကတော့ မယ့်စံပလက်ဟု ခေါ်ကြသည်။ ထိုဈေးကြီး၌ ကျနော်နှင့် ကိုလွမ်းနီတို့ နေ့လည်စာ စားကြသည်။ သည့်နောက်တော့ မာနယ်ပလောဖက် ထွက်မည့် စက်လှေကို စုံစမ်းမေးမြန်းရင်း JRS (Jesuit Refugee Service) တွင်အလုပ်လုပ်နေသည့် အမေရိကန်နိုင်ငံသူ အီးဒစ်နှင့် တွေ့သည်။ သူမကလည်း စက်လှေတစီးလုံး စင်းလုံးငှား ထားသည်။ စက်လှေပေါ်တွင် ဆန်အိပ်များ အပြည့်တင်ထားသည်ကို တွေ့ရသည်။ ထိုဆန်အိပ်များက မာနယ်ပလော ဧရိယာတခုတွင် ဖွင့်လှစ်ထားသော အမျိုးသမီး ခရစ်ယန်ကွန်ဗင့်ကျောင်းကို လှူဒါန်းရန်ဖြစ်သည်ဟု အီးဒစ်က ပြောပြ သည်။

ကျနော်တို့ကို သူ့လှေနှင့်လိုက်လိုက လိုက်နိုင်ကြောင်းပြော၍ ကျနော်တို့အတွက် အဆင်ပြေသွားသည်။ လှေခလည်း ကုန်စရာမလိုတော့။ သံလွင်မြစ်အတိုင်း ရေကိုစုန်၍ စက်လှေကထွက်လာသည်။ သော်လဲထမှ ထွက်၍ မိနစ်လေးဆယ် ငါးဆယ်လောက် အကြာတွင် သံလွင်နှင့်သောင်ရင်း မြစ်ဆုံသို့ ရောက်လာသည်။ ဤတွင် ကျနော်တို့ စက်လှေ အတား ခံရသည်။ တားသူများကတော့ ကေအန်ယူ ယူနီဖောင်းဝတ် စစ်သားများ ဖြစ်သည်။ သေနတ်များကို မြှောက်ပြကာ ဝီစီ မှုတ်၍ တားခြင်း ဖြစ်သည်။ လှေသမားလည်း ကမ်းကိုကပ်၍ ရပ်ပေးရသည်။ မရပ်ပါက သေနတ်ဖြင့် အပစ်ခံရဖွယ်ရှိသည်။ အနီးနားရောက်မှ မြင်ရသည်ကတော့ ထိုကေအန်ယူစစ်သားများသည် ခေါင်းတွင် သင်္ကန်းရောင် အစများကို ခေါင်းစည်း သဖွယ် ပတ်ထားကြ၍ သေနတ်များတွင်လည်း သင်္ကန်းစများကို ချည်ထားကြသည်။ ကျနော့်အထင်တော့ အနည်းဆုံး သင်္ကန်းကို ခေါင်းပတ်ထားသော စစ်သားများမှာ အရေအတွက်အားဖြင့် နှစ်ရာခန့်ရှိသည်။

လှေရပ်အပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျနော်တို့ကို ယောက်ဖတို့ ဘယ်အဖွဲ့ကလဲ ဘယ်သွားမှာလဲဟု မေးသည်။ တခုခုဖြစ်နေပြီဆိုတာကို ကျနော်သဘောပေါက်လိုက်သည်။ ကျနော်က ကျနော်တို့သည် ကျောင်းသားအဖွဲ့ က ဖြစ်ကြောင်း မာနယ်ပလောကို ပြန်မှာဖြစ်ကြောင်း ပြောလိုက်သည်။ ထိုသူက ဒီအင်္ဂလိပ်မကကော ဘယ်သွားမှာလဲဟု မေးလာပြန်သည်။ ကျနော်က စကားပြန်လုပ်၍ ထိုအမျိုးသမီးသည်လည်း မာနယ်ပလောကို သွားမှာဖြစ်ကြောင်း ဆန်အိပ် များကလည်း သူ့ဆန်အိပ်များဖြစ်ကြောင်း ရှင်းပြသည်။ ဒီဆန်အိတ်တွေက ဘယ်သူ့အတွက်လဲဟု မေးလာ၍ ဒုက္ခသည် များအတွက် ဖြစ်ကြေင်း ကျနော်ကဝင်ပြောရပြန်သည်။ ခရစ်ယာန် ကွန်ဗင့်ကျောင်းအတွက်ဟု မပြောရဲသောကြောင့် ဖြစ်သည်။ ထိုခေါင်းဆောင် ဖြစ်ဟန်တူသူက ကျနော်တို့ကို လှေပေါ်မှဆင်းခိုင်း၍ လှေသမားနှင့်အတူ သောင်ပြင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူကပဲ ဆက်၍ သူတို့တောင်ပေါ်မှ ဆင်းလာရခြင်းမှ ဘာသာရေး မညီမျှမှု ဖြစ်သောကြောင့် ဆန္ဒ ပြရန် ဤမြစ်ဆုံ ဘုန်းကြီးကျောင်းကို ဆင်းလာရခြင်း ဖြစ်ကြောင်း ရှင်းပြနေသည်။ သူတို့နဖူးမှာ သင်္ကန်းစတွေကို စည်းထား ကတည်းက ကျနော့်အနေနဲ့ သဘောပေါက်ပြီးသားပါ။

ပြီးခဲ့သည့် လပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် ကရင်အရပ်သားများနှင့် ကေအန်ယူ ခရစ်ယန် အရာရှိတဦးအကြား ပြဿနာ ဖြစ်ထားတာကိုလည်း ကျနော်တို့ သိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကရင်လူမျိုး ဘုန်းတော်ကြီးတပါးက (မြိုင်ကြီးငူ ဆရာတော်) ရှေ့တန်းနယ်မြေ တနေရာတွင် စေတီငယ်တဆူ တည်သည့် ကိစ္စနှင့် ပတ်သက်၍ ထို ဘုန်းတော် ကြီးသည် ရန်သူအစိုးရ လက်နက်ကြီးပစ်လျှင် လွယ်ကူစေရန် နေရာအညွှန်းပြသည့် သဘောဖြင့် ထိုစေတီကို တည်သည် ဟု ကရင်အရာရှိ တချို့ကမြင်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း မြိုင်ကြီးငူ ဆရာတော်၏ မြစ်ဆုံကျောင်းသို့ ဥပုသ် နေ့များတွင် စက်လှေဖြင့်လာရောက်သည့် ဗုဒ္ဓဘာသာဝင် ကရင်ဒေသခံများအား ခရစ်ယာန် ကေအန်ယူ အရာရှိတချို့မှ သောင်ပြင်ပေါ်တွင် နေပူလှမ်းခြင်း ရိုက်နှက်ခြင်းများပြုလုပ် ထားတာကလည်း ရှိထားသည်။ ထိုအရာရှိများ၏ အဆို ကတော့ စစ်ပူနေသည့် ကာလကြီးမှာ တိုက်ပွဲဖြစ်ပွားနေသည့် ခွင်အတွင်းမှာ ရှိသည့် ဘုန်းကြီးကျောင်းကို လာရသလား တခြားကျောင်းတွေကို ဘာလို့ မသွားတာလဲ စသဖြင့် စွပ်စွဲ၍ ရိုက်မောင်းပုတ်မောင်း လုပ်ထားများကလည်း ရှိနေ သေးသည်။ နောက်ဆုံး တိုတိုပြောရရလျှင် မာနယ်ပလော ခံစစ်ကုန်းများပေါ်မှာ ဗုဒ္ဓဘာသာ ကေအန်ယူရဲဘော်များ လက်နက်အစုံဖြင့် ဆင်းလာ၍ မြစ်ဆုံ ဘုန်းကြီးကျောင်းကို သပိတ်စခန်းအဖြစ် ဖွင့်လှစ်လိုက်ခြင်းပင်။

ကျနော်တို့လည်း သောင်ပြင်ပေါ် နေပူပူအောက်မှာ နှစ်နာရီလောက် ထိုင်နေခဲ့ရသည်။ ထို့နောက် သူတို့အထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူက ယောက်ဖတို့သွားလို့ရပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ တခါ မာနယ်ပလောဝင်သည့် သောင်းရင်းမြစ်ထဲရှိ သစ်စက်ဂိတ်မှာလည်း ကျနော်တို့ နောက်ထပ်တနာရီလောက် အစစ်ဆေးခံရပြန်သည်။ ဗုဒ္ဓဘာသာ ကရင်စစ်သား အရေအတွက် ဘယ်လောက် မြစ်ဆုံမှာ ရှိသလဲ၊ ဘာလက်နက်တွေ ကိုင်ထားသလဲ စသဖြင့် အမေးအမြန်း ခံနေရခြင်း ဖြစ်သည်။ သို့ဖြင့် ညနေနေဝင်ခါနီးလောက်မှ ကျနော်တို့စက်လှေ မာနယ်ပလောကို ရောက်တော့သည်။ လှေကြုံလိုက်မိသော ကျနော်နှင့်ကိုလွမ်းဏီမှာ သောပြင်နေပူထဲတွင် နှစ်နာရီခန့် နေခဲ့ရသလို မာနယ်ပလော ရောက်တော့ လည်း လှေဆိပ်မှာ လူမရှိသောကြောင့် အီးဒစ်၏ ကွန်ဗင့်ကျောင်းကိုလှူမည့် ဆန်အိတ်များအား ကမ်းစပ်သို့ ထမ်းချပေး လိုက်ရသေးသည်။ ကျနော်တို့အား တားဆီးသော ထိုဗုဒ္ဓဘာသာဝင် ကေအန်ယူ စစ်သားများသည် နောင်မကြာမီ၌ ဒီကေဘီအေ ဟူ၍ဖွဲ့စည်းကာ ကေအန်ယူမှ ခွဲထွက်လိုက်ကြသည်။

သည့်နောက် မာနယ်ပလောတွင် လူကြီးများခေါင်းချင်းရိုက်၍ ပြဿနာကို ဘယ်လိုဖြေရှင်းမည်နည်းဟူ၍ စဉ်းစားကြသည်။ အဖွဲ့အစည်း ပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဆွေးနွေးရန်ကိုယ်စားလှယ်အဖွဲ့ တခုကို ဖွဲ့စည်းလိုက်သည်။ ကျနော်တို့ဖက်မှ ကိုလွမ်းဏီလည်း ထိုအဖွဲ့တွင် ပါဝင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကတော့ ကေအန်ယူက ဖဒိုမန်းရှာဖြစ်သည်။ ၂ဝဝ၈ ခုနှစ် တွင် အမည်မသိ သေနတ်သမားများက မဲဆောက်၌ လုပ်ကြံ၍ ကွယ်လွန်ခဲ့သူ ဖြစ်သည်။ မြစ်ဆုံဘုန်းကြီးကျောင်းကို ဆွေးနွေးဖို့ ရောက်တော့ ဗုဒ္ဓဘာသာ ကရင်စစ်သားများက ဖဒိုမန်းရှာကို ဖမ်း၍ မြေကျင်းကြီးတခုထဲတွင် ချုပ်ထားလိုက် သည်။ နောက်ဆုံး အားလုံး ဝိုင်းဝန်းဆွေးနွေးရာမှ ဖဒိုမန်းရှာကို ပြန်လွှတ်ပေးသည်။ ဖဒိုမန်းရှာသည် ကေအန်ယူ ခေါင်းဆောင်များထဲတွင် ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် တဦးဖြစ်သည်။

တိုတိုနှင့်ချုပ်ရလျှင် ၁၉၉၅ ဇန်နဝါရီ လဆန်းထဲတွင် မာနယ်ပလောကို အမြောက်တချက် မဖောက်ရဘဲ ဗုဒ္ဓဘာသာဝင် ကရင်စစ်သားများ အကူအညီဖြင့် စစ်အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ ဈေးချိုချိုနှင့် ရလိုက်သည်ဟုသာ ပြောရပေ တော့မည်။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေသော စစ်ပွဲတွင်လည်း ကေအိုင်အေတို့၏ လိုင်ဇာဌာနချုပ်ကို အစိုးရစစ်တပ် သိမ်းနိုင် မသိမ်းနိုင် ပြောဆိုနေသံတွေ ကြားနေရသည်။ အတွင်းမှာ စိတ်ဝမ်းကွဲလျှင် မာနယ်ပလောလိုပဲ ဈေးအချို အချောင်ဖြင့် အစိုးရဖက်က ရသွားနိုင်သည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအယူအဆများ၊ အကျိုးစီးပွားများနှင့် ပတ်သက်၍ ပဋိပက္ခတွေ ရှိလာခဲ့ပါက အက်ကြောင်းများရှိလာခဲ့ပါက ကြားဝင်နှောက် ခံရနိုင်သည်။ အနှောက်ခံရပါက လိုင်ဇာသည် လွယ်လွယ်နှင့် ဆုံရှုံးသွားနိုင်ဖွယ်ရာ ရှိသည်။ မာနယ်ပလော ကျဆုံးခဲ့ခြင်းကို သင်ခန်းစာ ယူကြဖို့ တိုက်တွန်းလိုသည်။

တဖက်မှာလည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်စေဖို့ နည်းနာများ အကူအညီများ အကျယ်အပြန့် ရှာဖွေဖို့ လိုအပ်သည်။ တရားသဘောအရ ပြောရပါက ဘယ်သူမှားမှား ဘယ်သူမှန်မှန် စစ်ပွဲများရှိနေခြင်းကြောင့် လက်နက်မဲ့ ပြည်သူလူထုတွေဟာ အမြဲတန်း မြေဇာပင်ဖြစ်ကြရသည်။ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်စေဖို့ လူတဦးတယောက်၊ အဖွဲ့အစည်းတခု စတာတွေအပေါ်မှာ အားကိုးပြီး အဖြေရှာခြင်းထက် ကျယ်ပြန့်သော အသွင်ဆောင်တဲ့ ဆွေးနွေးဖြေရှင်းတာမျိုးက ပိုပြီးအကျိုးလိမ့်မည်ဟု ယူဆပါကြောင်း ထပ်လောင်းပြောပါရစေ။

ဇော်မင်း
၁၁ ရက်နေ့ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်။

ဆက်လက်ဖတ်ရှုရန်...

Saturday, January 5, 2013

မပြောင်းပြောင်း၊ မပြောင်းပြောင်း ပြောင်းပြောင်း

ရစ္စမတ် ဝန်းကျင်နေ့ရက်တေ၊ွ နှစ်အကုန် နှစ်သစ်ကူးအတွက် ကျင်းပတဲ့ ဝိုင်းတွေဝိုင်းတွေနဲ့ အပျင်းထူတာတွေပါ ပေါင်း လိုက်တော့ သုံးပတ်လောက် စာမရေးနိုင်ပဲ ဖြစ်သွားတယ်ဗျ။ အခုပြန်ရေးဖြစ်ပြန်ပါတယ်။ သိသိသမျှ ခင်မင်သမျှ ရပ်ဝေး ရပ်နီး သူငယ်ချင်းမိတ်ဆွေများ အားလုံး နှစ်သစ်မှာ လမ်းဆန်းကြပါစေလို့ ဆုတောင်းလိုက်သဗျို့။

ကျုပ်တို့ရွှေပြည်ကြီးမှာ ဘာတွေ အပြောင်းအလဲ ဖြစ်နေသလဲ။ ပြောတဲ့သူကတော့ ရှုထောင့်မျိုးစုံပါတယ်။ ပြောင်းကုန်ပြီ ပြောင်းကုန်ပြီလို့ ပြောတဲ့သူတွေရှိသလို၊ ဘာများထူးပြီးပြောင်းလို့တုန်းလို့ ဆိုသူတွေလဲ ရှိပါတယ်။ တချို့ဟာတွေမှာ ပြောင်းတာတွေ ရှိပေမယ့် တချို့ဟာတွေကတော့ အခုအထိ မပြောင်းရေးချ မပြောင်းသေးတာတွေလဲ ရှိတယ်လို့ ထောက်ပြ သူများလဲ ရှိသဗျ။ ဒီအထဲမှာ ပြောင်းတိုင်းကောင်းတာ မဟုတ်ဘူးလို့ ဆိုသူတွေလည်း ပါပါတယ်။ တခါ ကောင်း တာလေးတွေ ပြောင်းမသွားဖို့လည်း လိုတယ်လို့ ထပ်လောင်းဖြည့်စွက် သူများလည်း ရှိပါသေးတယ်။
ပြောင်းပြောင်း
တလောတုန်းက ကျုပ်အမေရဲ့ ဇာတိမြို့ကလေးက သူငယ်ချင်းတချို့ဆီကို တယ်လီဖုန်းဆက်ဖြစ်ပါတယ်။ အဲသည်မြို့ ကလေး ကတော့ တောင်သာလို့ ခေါ်သဗျ။ မြင်းခြံကနေ တောင်ဖက် ၁၅ မိုင်အကွာလောက်မှာ ရှိပါတယ်။ မြင်းခြံက ဘယ်မှာတုန်းဆိုတော့ ကျုပ်အဖေရဲ့ဇာတိ မန္တလေးမြို့ရဲ့ တောင်ဖက် မိုင် ၁ဝဝ ခန့်လောက်မှာ တည်ရှိနေတဲ့ ခရိုင်မြို့ပါ။ ဆိုတော့ကာ မန္တလေးကနေ တောင်သာကို သွားမယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ၁၁၅ မိုင် သွားရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို ဖုန်းထဲကနေ သိလိုတာတွေ သိချင်တာတွေ တလစပ်မေးခဲ့ပါတယ်။ ဘာတွေ သိချင်တာတုန်းဆိုတော့ ဒီလိုပါ။ မင်းတို့ တောင်သာမှာ ဘာတွေ အပြောင်းအလဲ ရှိသလဲ ပြောစမ်းပါဦးဆိုတဲ့ လေနဲ့မေးတာပေါ့။ အဲ ဖုန်းဆက်တယ် ဆိုတာက သူတို့ကို ကျုပ်က ဘန်ကောက်ကနေ ဆက်တာ။

အဲသည်တော့ သူငယ်ချင်းတွေကလည်း စုံနဖာစီအောင် ပြန်ပြောကြပါတယ်။ ကိုင်း ရန်ကုန် မန္တလေး စတာတွေကတော့ အတော်ပြောင်းလဲကုန်ပြီ ပြောတယ်။ တောင်သာရဲ့ အပြောင်းအလဲလေးတွေလဲ လုပ်စမ်းပါပေါ့လေ။ သူတို့က ဖုန်းလိုင်း ပေါ်မှာ တဟဲဟဲရယ်ကြရင်း တယောက်ပြီးတယောက် ဒီလိုဖြေကြသဗျ။

ပထမတယောက်။ ။ အင်း အပြောင်းအလဲ ဆိုတော့ကာ၊ ဒီလိုတော့ ရှိသယ်ကွ။ မင်းတောင်သာကို ရောက်ခဲ့သဲ့ နောက်ဆုံး အခေါက်က လွန်ခဲ့တဲ့ ၂၂နှစ်ကနော်။ ဟုတ်သယ်မို့လား။ အေး ဒီအတောအတွင်း ဒို့တောင်သာမြို့က မင်းလမ်းမကြီးပေါ်မှာ တိုက်အသစ် ကလေးတွေ လေးငါးလုံးလောက်တော့ ပေါ်လာသကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့။ ဒါပေမယ့်လို့ ငဒို့မင်းဒို့ ကလေးတုန်းက ဝင်ဝင်ဆော့နေတဲ့ လမ်းထောင့်က တိုက်ပျက်ကြီးကတော့ အခုအထိ အပျက်ကြီးအတိုင်း ရှိသေးသဟ။ ခုထိ ကလေးတွေ ဝင်ဆော့နေသာ ဒို့များငယ်ငယ်တုန်းက အတိုင်းပဲ။

ကျုပ်။ ။ ဘယ်တိုက်ပျက်ကြီးကို ပြောတာတုန်း။

ပထမတယောက်။ ။ ဟာကွာ့  ဒုတိယကမ္ဘာစစ်တုန်းက ဗုံးထိလို့ ပြိုသွားတဲ့ ကျောက်တိုက်အထူကြီးဟာလေ။ ဦးကင်းထောင် ခေါက်ဆွဲဆိုင်နဲ့ မျက်နှာချင်းဆိုင်က တိုက်ပျက်ကြီးကို ပြောနေသာ။

ကျုပ်။ ။ အော် ဟုတ်လား။ ဒါနဲ့ ဦးကောင်းထောင်ဆိုင်က ခေါက်ဆွဲကျော်ကော အရင်လိုကောင်းသေးလား။ စားသောက်ဆိုင် ဆိုတော့ ဒီဖက်ခေတ်မှာ အပြင်အဆင်လေးတွေနဲ့ အတော်လေး ပြောင်းလဲနေရာပေါ့။

ပထမတယောက်။ ။ ခေါက်ဆွဲကျော်ကတော့ ကောင်းတုန်းပဲ။ မင်းနောက်ဆုံးအခေါက် ရောက်တုန်းက လိုပါပဲ။ သူ့ဆိုင်ကတော့ ဘာမှ မပြောင်းလဲဘူး။ ခေါက်ဆွဲကျော်နဲ့ ထမင်းကျော်ကလွဲလို့ ကျန်တာမရောင်းဘူး။ စားပွဲခုံတွေ ထိုင်ခုံ တွေ ဆိုတာ ဖုံတသောသောနဲ့။ ဖောက်သည်လာမှာ ကောက်ပြီး ဖုံကိုသုတ်ပေးသာ။ အရင်အတိုင်းပဲ။ မင်းမမှတ်မိစရာ မရှိဘူး။

သူငယ်ချင်း ဒုတိယတယောက်နဲ့ စကားပြောဖြစ်ပြန်တယ်။
ကျုပ်။ ။ မင်းအနောက်ဝိုင်းဖက် ရောက်သေးလား။ ဘာတွေထူးသေးတုန်း။ ဦးလေးသိန်းဖေတို့ ဦးလေးဘရီတို့ ဆုံးကုန်ပြီ ဆိုတာတော့ ငါလည်းကြားရတယ်။

ဒုတိယတယောက်။ ။ အေး လူကြီးတွေကတော့ ဆုံးကုန်ပြီ။ အနောက်ဝိုင်းဖက်ကတော့ အရင်အတိုင်းပါပဲ။ ဘာမှ ထူးပြီး အပြောင်းအလဲ မရှိပါဘူး။ အတောင်သုံးဆယ်နက်တဲ့ တခုတည်းသော သောက်ရေတွင်းကြီးမှာပဲ အနောက်ဝိုင်းသားတွေ သောက်ရေခပ်နေတုန်း။ အဲ ဒါပေမယ့် သောက်ရေတစည်ကို အိမ်အရောက်ဝယ်မယ်ဆိုရင်တော့ ကျပ်တထောင် ပေးရ တယ်ငါ့လူ။ ရေရှားသာကတော့ ဒို့တောင်သာမှာ အရင်အတိုင်းပဲ ဘာမှမပြောင်းဘူး။ နောက်တခုက အနောက်ဝိုင်းနဲ့ မြင်းခြံ ကိုသွားသဲ့ ရထားလမ်း ကြားမှာတော့ ကွက်သစ်တွေ ပေါ်လာသယ်ကွ။ အိမ်ခြေ တထောင်လောက်များ ရှိမလားဘဲ။ ဒါလေးတွေကတော့ အပြောင်းအလဲတွေ ပေါ့ကွာ။

ကျုပ်။ ။ ဘယ်ကလူတွေ ဘယ်လိုရောက်လာပြီး ကွက်သစ်မှာ အဲသလောက် လူများနေရတာလဲ။

ဒုတိယတယောက်။ ။ တောဖက်မှာကွာ ယာတွေ၊ ထန်းတောတွေ အသိမ်းခံရသာ များသာကိုး။ တိုတိုပြောရရင် လုပ်ကိုင် စားစရာ ဘာမှမရှိကြတော့လို့ တောင်သာမြို့ပေါ် တက်လာကြရင်း ကွက်သစ်တွေ ပေါ်လာသာဟေ့။ အနောက်ဝိုင်းဖက် မှာတင် ကွက်သစ်တွေ ပေါ်လာတာ မဟုတ်ဘူး။ မြင်းခြံထွက်သဲ့ဘက်နဲ့ ကျောက်ပန်းတောင်း၊ မိတ္ထီလာ ထွက်သဲ့ ဘက် တွေမှာလည်း ကွက်သစ်တွေ အရှိုအရှိုပေါ်လာသာ နည်းသာမှ မဟုတ်ဘဲ။ ပေါင်းလိုက်ရင် ဒို့တောင်သာမှာ ပေါ်လာသဲ့ ကွက်သစ်တွေရဲ့ အိမ်ခြေစုစုပေါင်းဟာ သုံးထောင်ကျော်လောက် ရှိသယ်ကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့။

ကျုပ်။ ။ ဘူတာလမ်းဖက်က ခင်ကြည်ပြာသိန်း တယောက်ကော။ အခုဆို အိမ်ထောင်ကြလောက်ရောပေါ့။ မင်းမှတ်မိ မှာပေါ့။ သူတို့အိမ်ဖက်ကို ငဒို့တွေ စက်ဘီးနဲ့ လျှောက်ပြန်သံပေး လုပ်ကြရင် လမ်းကအဖုအထစ်တွေနဲ့ ကြမ်းလွန်းလို့ တခါခါ စက်ဘီး ဆင်းတွန်းရသေးတယ်လေ။ အခုလောက်ဆို လမ်းလဲကောင်းသွားရောပါ့။

ဒုတိယတယောက်။ ။ မင်းက ခင်ကြည်ပြာသိန်းကိုတော့ မမေ့သေးပါလား ဟဲဟဲဟဲ။ ကလေး သုံးယောက်ရနေပြီကွ။ လမ်းကကောင်းသွားပလား ဟုတ်လား။ ဝေးဟေးဟေး ပါသေးရဲ့။ ဘူတာသွားတဲ့ လမ်းတလျှောက်လုံးဟာ အရင်အတိုင်းပဲ။ လကမ္ဘာမျက်နှာပြင် အတိုင်း ရှိနေသေးတယ်။ စက်ဘီးနင်းသွား အခုအထိ ဇလုံးဇခုကြီး ဖြစ်နေတုန်း။ တနှစ်သား ငဒို့မင်းဒို့ ထန်းရည်မူးလာပြီး မင်းစက်ဘီးနဲ့ ဝင်တိုက်ခဲ့သဲ့ ဒေါ်လေးမြတို့ ဝင်းထောင့်က ကျောက်တုံး လုံးလုံးကြီးတောင် အခုအထိ ရှိနေသေးရဲ့။ ဒီဘူတာလမ်းကတော့ကွာ ဘာမှအပြောင်းအလဲ မရှိပါဘူး။ နောက်မင်းတို့ အမေကြီး ဝင်းထိပ်က ရေကန်ကြီး ကတော့ တနှစ်ပြီးတနှစ် မိုးခေါင်လို့ ရေခမ်းသွားလိုက်သာ အခုအထိ ကန်ခြောက်ကြီး။ အရင် ငဒို့မြင်မြင် နေရသဲ့ ကန် ထဲက လိပ်တွေတောင် မရှိတော့ဘူးကွ။ ဒါကတော့ ပြောင်းလဲသွားသာ နောက်တခုပေါ့ကွာ။

ကျုပ်။ ။ ဒါနဲ့ ရေကအဲသလောက် ဈေးကြီးနေရအောင် မြို့ထိပ်သဲချောင်းနားက လက်ဆယ်ကန်ကြီးက ရေလှောင်ထားတဲ့ ဟာပဲ။ အဲဒီကနေ သောက်ရေသုံးရေ မရတော့ ဘူးလားကွာ။

ဒုတိယတယောက်။ ။ မိုးက ဆက်တိုက်ခေါင်ပါသယ် ဆိုမှ။ အဲသည့် လက်ဆယ်ကန်မှာလည်း ရေက လင်ပန်းဝိုင်း လောက်ပဲ ကျန်တော့သဲ့ ဟာကိုး။ မိုးကဘယ်လောက် ခေါင်သလဲဆိုရင် ထန်းပင်တွေတောင် ထန်းရည်အထွက် နည်း သွားသဟ။ အဲ ဒါပေမယ့် အစိုးရထုတ် "ဇေ" ဆိုတဲ့ ဘီအီးကတော့ လှိုင်ပေါလယ်ပဲ။ ဈေးလဲပေါသယ်။ လူတိုင်းသောက် နိုင်သယ်။ သောက်လွင်းတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြသယ်။ ဇေကိုသောက်ရင် ငဒို့ဆီမှာ နှစ်နှစ်ခံလို့ သမုတ်သယ်။ ဘာလို့တုန်း သိလား။ နှစ်နှစ် ဆက်တိုက်သောက်ပြီးရင် ºကွသာပဲ။ အဲသာကြောင့်။ ဒါလည်း အပြောင်းအလဲတခုပေါ့။

တတိယမြောက် သူငယ်ချင်းနဲ့လည်း စကားပြောဖြစ်ပြန်တယ်။
ကျုပ်။ ။ မင်းတို့ ပွဲရုံလုပ်ငန်းကတော့ သူတကာထက်စာရင် ဘာဘဲပြောပြော အလုပ်ဖြစ်မှာပေါ့။ ဟုတ်တယ်မို့လား။

တတိယတယောက်။ ။ အေး ထမင်းတော့ မငတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ပွဲရုံလုပ်ငန်းတိုင်း အရင်လို အလုပ်မဖြစ်ဘူးကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့ကွာ။ မင်းသိအောင် ပြောရဦးမယ်။ ထန်းလျှက်အစစ်ရဲ့ ဈေးနှုန်းနဲ့ သကြားဈေးဟာ တန်းတူလောက် ဖြစ်နေသယ်ဆိုရင် မင်းယုံပါ့မလား။ မအံ့သြနဲ့။ ထန်းလျှက်အထွက်ဟာ တနှစ်ပြီးတနှစ် တိုးမလာဘဲ ကျကျလာသယ်ကွ။ အဲသာကြောင့် ထန်းလျှက်အမျိုးကောင်း တခုရဲ့ ဈေးနှုန်းဟာ သကြားဈေးနဲ့ တန်းတူနီးပါး ဖြစ်နေသာ။ ထန်းသမားတွေ ဘာလုပ်နေလဲ ဟုတ်သလား။ ထန်းတောတွေလည်း အသိမ်းခံရတော့ ထန်းသမားတွေလည်း မလေးရှားဖက် အလုပ် ထွက်လုပ်ကြသယ်လေ။ ထန်းသမားတွေအတွက် အပြောင်းအလဲလို့ ဆိုရမှာပေါ့။ မင်းကို ငါပြောမယ်။ ငဒို့တောင်သာ ဖက်မှာတင် ထန်းလျှက်အထွက် နည်းလာသာ မဟုတ်ဘူး။ တောင်သာကနေ တန်းစီ ရေလိုက်ရင် အောင်သာ၊ မလှိုင်၊ ပန်းအိုင် ဖက်တွေမှာလည်း ထန်းလျှက်အထွက်နည်းလာသာ။ မြင်းခြံ၊ နွားထိုးကြီး ဖက်လည်း ဘာသားနဲ့ ထုထားသာ မို့လို့လဲ။ အတူတူနဲ့ အနူနူချည်းပဲ။ ဒါလည်း အသစ်အသစ်သော ပြောင်းလဲမှုတွေလို့ ဆိုနိုင်သာပေါ့။

ကျုပ်။ ။ ကဲကွာ စီးပွားရေးတွေ နိုင်ငံရေးတွေ ထားလိုက်ပါတော့။ ဒို့ သူငယ်ချင်းတွေထဲက ဘယ်သူတွေ ဘာလုပ်နေလို့ ဘယ်ရောက်နေကြသလဲ။ ပြောစမ်းပါဦး။

တတိယတယောက်။ ။ ပြောရင် မင်းကယုံမှာ မဟုတ်ဘူး။ သူငယ်ချင်း အတော်များများတော့ ဆုံးကုန်ကြပြီ။ အရက်ပေါ့ ကွာ။ ဘာရှိဦးမှာတုန်း။ မင်း တောင်သာပြန်လာလည်မယ်ဆိုရင် တွေ့ရမှာက၊ လူရင်းထဲကဆို ငါရယ်၊ ငအုန်းရယ်၊ မော်ကြီး ရယ် အဲသလောက်ပဲ ရှိတော့တာ။ ကျန်သာတွေက အငယ်တွေဆိုတော့ မင်းလည်း သိပ်သိမှာ မဟုတ်တော့ဘူး။ မော်ကြီး တောင် အသဲ သိပ်မကောင်းလို့ အရက်ဖြတ်ထားသာ အတော်ကြာပြီကွ။ မင်းက တောင်သာမှာ ဘာတွေ အပြောင်းအလဲ ရှိသလဲဆိုပြီး မေးလို့သာ။ ပြောင်းတာတွေ ရှိသယ်ဆိုပေမယ့် မင်းပြန်လာရင် တောင်သာဟာ မင်းနောက်ဆုံး ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်ကအတိုင်းပါဘဲ။ မန္တလေး၊ ရန်ကုန်ရောက်လို့ မင်းမျက်စေ့ လည်ရင်လည်မယ်၊ တောင်သာမှာတော့ မင်းမျက်စေ့လည်လောက်စရာ အပြောင်းအလဲက များများစားစား မရှိပါဘူး။ ခြုံပြောရရင် မင်းသိခဲ့တဲ့ တောင်သာဟာ လူနေအိမ်ခြေ တိုးလာပေမယ့် အရင်အတိုင်း ပါပဲ။

မိတ်ဆွေများခင်ဗျား အပြောင်းအလဲ ဆိုတာကို လူမှုသိပ္ပံဆရာများက အင်္ဂလိပ်လို "ဒီဗဲလော့မင့်" (Development) လို့ သုံးနှုန်းပါတယ်။ တချိန်ထဲမှာလည်း ဖွံ့ဖြိုးတိုးတက်ခြင်း ဆိုတာကိုလည်း အင်္ဂလိပ်လို တိုက်ရိုက်အားဖြင့် "ဒီဗဲလော့မင့်" လို့ဆိုပါသေးတယ်။ အပြောင်းအလဲ ဆိုရာမှာတော့ ကောင်းတဲ့ အပြောင်းအလဲရော ဆိုးတဲ့ အပြောင်းအလဲရော နှစ်မျိုး စလုံးဟာ "ဒီဗဲလော့မင့်" ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ အကြုံးဝင်နေပါတယ်။ အပြောင်းအလဲရှိတယ်လို့ ဆိုတဲ့နေရာမှာ ဘယ်သင်းကို ဘယ်လိုတွက်ချက် မလဲဆိုတာကတော့ မိမိကိုယ်၌သာ ဆုံးဖြတ်ကြပါလို့ အကြံသာပေးနိုင်ပါတယ်ခင်ဗျား။

ဇော်မင်း
မြန်မာနိုင်ငံ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရေးသားသည်။

ဆက်လက်ဖတ်ရှုရန်...

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.