အ ဖွဲ့ချုပ်က အမတ်လောင်း ရွေးချယ်တာနဲ့ ပတ်သက်လို့ မကျေနပ်သံတွေ အတော်လေးကြားရပါတယ်။ အောက်ခြေက ဆန္ဒကို မျက်ကွယ်ပြုတယ်၊ ဗဟိုချုပ်ကိုင်မှုများလွန်းတယ် စသဖြင့် ပြောသံတွေလည်း ရှိပါတယ်။ တဆက်ထဲမှာလည်း မိခင်ပါတီ ဖြစ်တဲ့ အဖွဲ့ချုပ်ကို သပိတ်မှောက်တာတွေ၊ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်တာတွေလည်း တွေ့နေရပါတယ်။ ၈၈ငြိမ်းပွင့်က ခေါင်းဆောင်များကို ကိုပြုံးချိုတဦးကလွဲလို့ အဖွဲ့ချုပ်ရဲ့ ဗဟိုကနေ ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့တာကိုလည်း မကျေနပ်တာမျိုး အစာမကျေတာမျိုးတွေလည်း ရှိပါတယ်။
အဖွဲ့အစည်းတခုရယ်လို့ ဖြစ်လာရင် သဘောသဘာဝအရ ပြဿနာတွေက များပြားလှပါတယ်။ အဖွဲ့ဝင် လူတဦးချင်းစီ ကျေနပ်ဖို့၊ တခြားလူတဦးချင်းစီ ကျေနပ်ဖို့၊ မီဒီယာသမားတွေလည်း ကျေနပ်ဖို့ ဆိုတာကတော့ တယ်ပြီး မလွယ်လှပါဘူး။ ကနေ့နိုင်ငံရေးအခြေအနေကို ရွေးကောက်ပွဲလို့ သဘောမထားပဲ တိုက်ပွဲတခုလို မြင်ဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီရေး အတွက် တိုက်ပွဲဟာ အခုမှစလုံးရေစပဲ ရှိပါသေးတယ်။ တိုက်ပွဲတခုအတွက် ပြင်ဆင်တဲ့နေရာမှာ အမိန့်ပေးကွပ်ကဲတဲ့ ဗဟိုအဖွဲ့ ဆိုတာ ရှိရပါလိမ့်မယ်။ ဗဟိုအမိန့်ပေးစင်တာက ဆုံးဖြတ်ချက်နဲ့ အမိန့်ကို သဘောမကျလို့ တယောက်တပေါက် ဖြစ်မယ်ဆိုရင် တိုက်ပွဲရှုံးပါလိမ့်မယ်။ သို့သော်လည်း ဗဟိုဆိုတာက လူသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် မှားတဲ့အခါလည်း မှားတတ်ပါတယ်။ ဖက်လိုက်တာမျိုး မျက်နှာသာပေးတာမျိုး တခါတရံ ဖြစ်တတ်ပါတယ်။ တခါတရံ အောက်ခြေက အခြေအနေမှန်ကို သဘော မပေါက်တာကြောင့် ပြဿနာ ဖြစ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ အခုအထိ ဘုံရန်သူရှိနေပါသေးတယ်။ အဲတာကတော့ ဒီမိုကရေစီကို အရေခြုံပြီး နိုင်ငံသားတွေကို စစ်ကျွန်စနစ်အောက် ဆက်ထားလိုသူတွေပဲ ဖြစ်ပါတယ်။ အဲဒီစနစ်ကို ရေရှည်ထိမ်းထားနိုင်အောင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပေါ်ပေါက်လာရတာပါ။ အခုတောင် ပြောနေကြပြီမဟုတ်လား။ ကြံ့ခိုင်ရေးက ၂၆ ရာနှုန်းနိုင်ရင်တောင် စစ်တပ်က အမတ် ၂၅ ရာနှုန်းနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်တာကြောင့် ပွဲကပြတ်နေပြီဆိုတဲ့ အပြောမျိုး တွေပါ။ ကြောက်စရာကောင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ ၂ဝဝ၈ နာဂစ်အခြေခံ ဥပဒေကို အမှန်တကယ် ဒီမိုကရေစီ ဆန်တဲ့ ဖွဲ့စည်းပုံမျိုးအဖြစ် မပြောင်းနိုင်မခြင်း တိုက်ပွဲဟာ မပြီးသေးပါ။ ရွေးကောက်ပွဲဆိုတာ အခုကာလအတွက်တော့ ကြားခံ ပစ္စည်းတခု သဘောပါပဲ။ ပြောရမယ်ဆိုရင် လျှပ်စစ်မီးမရှိတဲ့ အရပ်မှာ ရေခဲသေတ္တာ လက်ဆောင်ရထားသလိုမျိုးနဲ့ ဆင်တူပါတယ်။ ဘာမှအသုံးမဝင်တဲ့ အခြေအနေမျိုးကို ပြောလိုရင်းပါ။ ဒါကြောင့် ဒီမိုကရေစီမရှိဘဲ ရွေးကောက်ပွဲ ရှိနေခြင်းဟာ လူတွေအတွက် အကျိုးမရှိပါဘူး။
ဗဟိုကနေမှားနေတာမျိုးကို သေသေချာချာ ခိုင်ခိုင်လုံလုံ တင်ပြပြီး စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်ဖို့လိုပါတယ်။ ခံစားချက် တွေ ပေါက်ကွဲပြီး အဖွဲ့ကနေထွက်တာမျိုး မဖြစ်သင့်ပါ။ ဗဟိုကလည်း မကျေနပ်လို့ ဆန္ဒပြတဲ့ အဖွဲ့ဝင်များကို အဲသလောက် နဲ့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်တာမျိုးကလည်း မှားပါတယ်။ ကောင်းပါပြီ။ ဗဟိုကသတ်မှတ်ချပေးလိုက်တဲ့ အမတ်လောင်း ဟာ အမှန်တကယ် အမတ်မဖြစ်ထိုက်သူ ဆိုပါစို့။ ဘယ်လိုလုပ်ကြမလဲ။ ဗဟိုကို ပြန်တင်ပြရမှာက ကိုယ့်ဖက်ကတာဝန်ပါ။ တခါ ဗဟိုအနေနဲ့ အောက်ခြေက ခိုင်ခိုင်လုံလုံ တင်ပြလာတာကို ပယ်ချလိုက်တယ်ဆိုရင် တခုခုတော့ လုပ်ဖို့လိုလာ ပါတယ်။ ဘယ်လိုလုပ်မှာလဲ။ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက ကြုံခဲ့ရတာတခုကို မျှဝေလိုပါတယ်။
အဲဒီအချိန်တုန်းက ဒေါ်စုက အကျယ်ချုပ်ဘဝနဲ့ပါ။ ဗဟိုကဆုံးဖြတ်ပေးလိုက်တဲ့ အမတ်လောင်း ရွေးချယ်တဲ့ ကိစ္စများကို ကောင်းသည်ဆိုးသည် စသဖြင့် ဝင်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အခြေအနေ ဖြစ်ပါတယ်။ ဖြစ်သွားခဲ့တာက အထက် မြန်မာပြည်က မြို့လေးတမြို့မှာ ဖြစ်ပါတယ်။ အဲဒီမြို့မှာ မဲဆန္ဒနယ် နှစ်ခုရှိပါတယ်။ ၁ နဲ့ ၂ ဆိုပါစို့။ မဲဆန္ဒနယ် တခုမှာ ဝင်အရွေးခံမယ့် အဖွဲ့ချုပ် အမတ်လောင်းက မြို့ခံလူတွေကလည်း ကြိုက်တာကြောင့် ပြဿနာမရှိပါ။ ဒါပေမဲ့ နောက်ထပ် မဲဆန္ဒနယ် တခုမှာတော့ အတော်လေး ပြဿနာက ကြီးမားနေပါတယ်။
မြိုခံတွေ မနှစ်သက်တာကြောင့် တာဝန်ရှိတဲ့ အဖွဲ့ချုပ်မြို့နယ် တာဝန်ခံများက ဗဟို ပြန်တင်ပြပါတယ်။ အမတ်လောင်း နောက်တဦး ထပ်ရွေးချယ်ပေးဖို့ ဖြစ်ပါတယ်။ မြို့ခံတွေမကြိုက်တဲ့ အမတ်လောင်းက ဘယ်လိုလူစားမျိုး ဖြစ်နေသလဲ။ အဲဒီ ပုဂ္ဂိုလ်ဟာ အတော်လေး ချမ်းသာပါတယ်။ အဲဒီမြို့မှာ ဟိုတယ်တလုံးလည်း ပိုင်တဲ့သူပါ။ ဒါပေမဲ့ သူ့ဟိုတယ်က နာမည်သာ ဟိုတယ်ဆိုပေမယ့် တည်းတဲ့သူ မရှိသလောက်ပါ။ ဘာကြောင့်တုန်းဆိုတော့ သူ့ရဲ့ အဓိကအလုပ်က အဲဒီဟိုတယ်မှာ ပြည့်တန်ဆာတွေထားပြီး စီးပွားရှာနေတဲ့သူ ဖြစ်နေပါတယ်။ တိုတိုပြောရရင် အနှီပုဂ္ဂိုလ်ဟာ ပြည့်တန်ဆာခေါင်းလို့သာ ပြောရပါလိမ့်မယ်။ ဒါကြောင့် မြို့ခံတွေက သူ့ကို အမတ်ဖြစ်ဖို့ မဲပေးလိုခြင်း မရှိတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘာကြောင့်မှန်းမသိ ဗဟိုက အဲဒီသူကိုပဲ ကိုယ်စားလှယ်လောင်း အမတ်လောင်းဖြစ်တယ် ပြန်ပြင် မပေးနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်။ မြို့ခံတွေလည်း တော်တော် မခံမရပ်နိုင် ဖြစ်ကြတယ်။ ဒါနဲ့ မြို့နယ်အဖွဲ့ချုပ် တာဝန်ရှိသူတွေက မြို့ထဲက တက်ကြွလှုပ်ရှားသူများ မြို့မိမြို့ဖများနဲ့ တိုင်ပင်ဆွေးနွေးရပါတယ်။ ဘာဆက်လုပ်ကြမလဲပေါ့။ နောက်ဆုံးတော့ အဖြေရလာပါတယ်။ အဲတာကတော့ လူသူလေးစားတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် တဦးကို တသီးပုဂ္ဂလ အမတ်လောင်း အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါတယ်။
ရွေးကောက်ပွဲမှာ ရလာတဲ့ အဖြေကတော့ ပြည့်တန်ဆာရုံ ဟိုတယ်ပိုင်ရှင် ခွက်ခွက်လန်အောင် ရှုံးသွားခြင်းပါပဲ။ တသီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်တဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်က မဲနိုင်လို့ အမတ်ဖြစ်သွားခဲ့ပါတယ်။ ဒီနေရာမှာ အဲသလို တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအနေနဲ့ ဝင်ပြိုင်တာကြောင့် မဲပြားမသွားနိုင်ဘူးလားဆို့တဲ့ အချက်ဖြစ်ပါတယ်။ မဲပြားမသွားပါဘူး ခင်ဗျာ။ မြို့ခံလူတွေက ဘာကြောင့် ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားလို့ ဖြစ်ပါတယ်။ ဒါဟာ အောက်ခြေကနေ ဗဟိုကို သင်ခန်းစာပေးလိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။ အဲဒီမြို့နယ်က အဖွဲ့ချုပ်ဝင်တွေ စိတ်ကူးကောင်းခြင်း ဖြစ်သလို အဲတာကို မဲပေးမယ့် လူအများကလည်း အထာညက်နေတာကြောင့်ပါ။ ခံစားချက်တွေကို ပေါက်ကွဲပြီး အဖွဲ့ချုပ်ကနေ နှုတ်ထွက်တာတွေ ဘာတွေလည်း မရှိခဲ့ပါဘူး။ ပြည့်တန်ဆာရုံဟိုတယ်ပိုင်ရှင်ကို အမတ်လောင်း အဖြစ် ရွေးချယ်ပေးခဲ့တဲ့ ဗဟိုကလူကြီးတွေလည်း အခုတော့ မရှိကြတော့ပါဘူး။ အတော်များများကွယ်လွန်ကုန်ပါပြီ။
နောက်တချက်ပြောလိုကတော့ အောက်ခြေဆိုတဲ့ အသုံးအနှုန်းပါ။ အောက်ခြေနဲ့ မနီးစပ်ဘူး၊ အောက်ခြေက အခြေအနေကို နားမလည်ဘူး၊ အောက်ခြေက မထောက်ခံဘူးဆိုတဲ့ ကိစ္စတွေပါ။ တခါတရံတော့လည်း ဒီကိစ္စက ပြဿနာ အမြဲလိုလို ဖြစ်တတ်ပါတယ်။ အောက်ခြေက မထောက်ခံဘူး မကြိုက်ဘူးဆိုတာ အမှန်တကယ်လည်း ဟုတ်နိုင်သလို မြို့နယ်ရုံးက လူလေးငါးဦးရဲ့ အဆိုလည်း ဖြစ်နေတတ်ပါတယ်။ သတိထားဖို့ အကြံပေးခြင်း ဖြစ်ပါတယ်။
ဟိုလူ့ကို ဘာကြောင့်မရွေးတာလဲ ဒီလူ့ကို ဘာကြောင့် မရွေးတာလဲ ဆိုတဲ့ကိစ္စမှာလည်း အခြေအနေတွေက တခုနဲ့တခု မတူညီတာတွေ ရှိပါတယ်။ ဥပမာ ပညာရေးကိစ္စလုပ်ကိုင်နေတဲ့ ဒေါက်တာသိန်းလွင်ကို အဖွဲ့ချုပ်က ဘာဖြစ်လို့ ကိုယ်စားလှယ်လောင်းအဖြစ် မရွေးတာလဲဆိုတဲ့ အပြောမျိုးတွေပါ။ ဒေါက်တာသိန်းလွင်ဟာ ကျနော်နဲ့ ရင်းနှီးပါတယ်။ နယ်စပ်မှာတုန်းကလည်း မကြာခဏဆိုသလို အတူလက်တွဲ လုပ်ခဲ့ဘူးပါတယ်။ အင်္ဂလန်နိုင်ငံ နယူးကာဆယ် တက္ကသိုလ်ကနေ ပညာရေးနဲ့ ပါရဂူဘွဲ့ ရခဲ့တဲ့သူ ဖြစ်ပါတယ်။ ဦးကိုကိုကြီးတို့ကို မရွေးချယ်တာက ဘာကြောင့်ဆိုတာ ကျနော်မသိပါ။ ဒေါက်တာသိန်းလွင် ကိစ္စကတော့ ရှင်းပါတယ်။ သူပြည်တော်ပြန်ရောက်တာ နှစ်နှစ်ခွဲလောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့်ပါ။ ၂ဝဝ၈ နာဂစ်ဖွဲ့စည်းပုံအရ အမတ်လောင်းတဦးဟာ ရွေးကောက်ပွဲမတိုင်ခင် တိုင်းပြည် အတွင်းမှာ ဆယ်နှစ်တဆက်တစပ်ထည်း နေခဲ့တဲ့သူ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သူ့ကို ကိုယ်စားလှယ် လောင်း တင်သွင်းရင်လည်း ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချမှာ ဖြစ်ပါတယ်။ ဒီဥပဒေအတိုင်းဆိုရင် ဒေါက်တာ သိန်းလွင်တို့လို ပြည်ပက ပြန်လာတဲ့ လူများဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခွင့် မရှိသလို ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း အရွေးခံခွင့် မရှိပါ။ ၂ဝ၂၅ ကျမှသာ ရွေးကောက်ပွဲဝင်ဖို့ သူတို့ဥပဒေအရ ညီညွှတ်ပါတယ်။ ဒါကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ သက်ဆိုးရှည်နေသမျှ ဒီမိုကရေစီဆိုတာ ဂျိုနဲ့လားလို့ မေးရမှာ ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့သလို တင်ပြခဲ့သလို ရွေးကောက်ပွဲကို ကြားခံပစ္စည်းတခုလို သဘောထားပြီး ၂ဝဝ၈ ဖွဲစည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနည်းကျကျ ပြောင်းလဲဖို့ တိုက်ပွဲဆိုတာ ရှိသေးတယ်ကို မမေ့ကြဖို့၊ စိတ်ရှည် သည်းခံပြီး မြင်အောင်ကြည့်ကြဖို့ အကြံပေးလို ပါကြောင်း။
ဇော်မင်း
၂၂ ရက်၊ သြဂုတ်လ၊ ၂ဝ၁၅ ခုနှစ်

No comments:
Post a Comment