မြန်
မာပြည်သူများ အတော်များများတွင် စိတ်ဒဏ်ရာရသွားကြသည်။ အမာရွတ်ထင်စေနိုင်လောက်သည့် စိတ်အတွင်း ဒဏ်ရာမျိုး ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာဒဏ်ချက်များက သွေးမတိတ်သေး။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာဒဏ်ချက်များက သွေးစိမ်းရှင်ရှင်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်များ ရစေခဲ့ပြန်သည်။ ဤတကြိမ်တွင်တော့ အတော်ကုစားရန် ခက်ပါလိမ့်မည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့၊ ပြန်လည်သင့်မြတ်ရေးတို့ ပြောနေကြသော်လည်း ဤတကြိမ်တွင်တော့ အစစ်အမှန် ပြန်လည် ပေါင်းစည်းနိုင်ရန် အတော် အချိန်ယူကြရတော့မည် ဖြစ်သလို၊ ပျက်ပြားသွားပြီဖြစ်သော ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း နိုင်ငံတခု၊ လူမှုအဖွဲ့အစည်းတခုအနေဖြင့် အတော် ရုန်းကန်ကြိုးပမ်း ကြရပါဦးတော့မည်။
(Trauma) ဟု ဆေးပညာရပ်အားဖြင့် ခေါ်ဆိုကြသော စိတ်တွင်းနာ၊ သို့မဟုတ် စိတ်ဒဏ်ရာသည် လူတဦးချင်းအဖို့ပင် နှစ်ပေါင်းများစွာ ရင်ဆိုင်ရုန်းကန်ကြရသော ပြဿနာဖြစ်ပါသည်။ လူတဦး၏ စိတ်တွင်းဒဏ်ရာများ ကုသနိုင်ရေးအတွက် ပင် နှစ်ပေါင်းများစွာ အချိန်ပေးကြရသည်။ အချို့ပညာရှင်များက ၇-နှစ်မှ ၁၅-နှစ်တိုင်တိုင် အချိန်ယူကြရသည်ဟု ဆိုကြပါ သည်။ ကဗျာဆရာကြီးဦးတင်မိုးက သူ၏ကဗျာတပုဒ်တွင် မြန်မာပြည်၏အခြေအနေနှင့် ပတ်သက်၍ “ပြည်တွင်းနာ” ဟု သုံးနှုံးခဲ့ဖူးသည်ကို ကျနော် မှတ်မိနေပါသည်။ သူက ကပ်သဘော၊ အထွေထွေအကျပ်အတည်းသဘောကို ပြောသည်ဖြစ် နိုင်ပါသည်။ ကျနော်၏ယူဆချက်ကတော့ ဤ“ပြည်တွင်းနာ” ဟူသော စကားလုံးတွင်ပင် စိတ်ခံစားချက်သဘောများလည်း ပါဝင်နေသယောင် ထင်မှတ်မိပါတော့သည်။ လူတဦးချင်း၏ စိတ်ဒဏ်ရာများ ပေါင်းစည်းမိသောအခါ၊ ကပ်ဘေးဒုက္ခ၊ အကျပ်အတည်းများ၊ စစ်ကြီးများ၊ အဖျက်အဆီး ဘေးဆိုးကြီးများ ကြုံတွေ့ရသောအခါ လူမှုအဖွဲ့အစည်းတခုလုံး စိတ် ဒဏ်ရာခံစားရတတ်ပါသည်။ ကျနော်ကတော့ ၁၉၈၈၊ ၂၀၀၃ ဒီပဲယင်း၊ ၂၀၀၇ သံဃာများ၏ ကံဆောင်ပွဲဖြိုခွင်းနှိမ်နင်းမှု များသည် ကျနော်တို့ လူမှုအဖွဲ့ကြီးတခုလုံးအတွက် တခုအပေါ် တခုဆင့်၍ စိတ်ဒဏ်ရာများ အနာဖေးမတက်နိုင်ခင်၊ နောက်ထပ် နာကျဉ်စေပြန်ခဲ့ပြီဟု မြင်နေမိပါတော့သည်။
ဤသို့ စိတ်ဒဏ်ရာရစေလောက်အောင် ကြုံရသော အခြေအနေမျိုးတွင် ထိုသူတဦး၏ လုံခြုံမှုနှင့် ပတ်သက်သော ကျနော်တို့၏ ယုံကြည်ထားချက်ကို အခြေခံဖောင်ဒေးရှင်းမှ စ၍ ဆွဲလှုပ်ခံလိုက်ရပါသည်။ တနည်းဆိုရသော် ယုံကြည် ထားသောအရာ ကိစ္စများလည်း ပြိုကွဲကြေမွသွားရပါတော့သည်။ ထို့အပြင် စိတ်ဒဏ်ရာရလျှင် လူအများသည် ဤဒဏ်ရာ ပြေပျောက်စေကြောင်းအတွက် နည်းလမ်းများစွာဖြင့် တုံ့ပြန်တတ်ကြပါ သည်။ ဥပမာအားဖြင့် -မိမိစိတ်တွင်း ခံစားချက်ကို ဖြေသိမ့်နိုင်ရေးအတွက် အရက်သောက် ထွက်ပေါက်ရှာကြခြင်းများ၊ အိမ်ပြန်လာသောအခါ မိန်းမရိုက်၍ အိမ်တွင်း အနိုင်ကျင့် နှိပ်စက်မှုများ၊ အခြားနည်းပေါင်းစုံဖြင့် လွဲမှား မူမမှန်စွာဖြေရှင်း ကြသည်များလည်း တွေ့ရတတ်ပါသည်။ ဤတုံ့ပြန်ပုံလုပ်ငန်းမျိုးကို Coping mechanism ဟု ခေါ်ကြပါသည်။
နိုင်ငံအများတွင်လည်း ဤသို့ လူမှုအဖွဲ့အစည်းကြီးတရပ်လုံး စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်များ ကြုံခဲ့ကြရဖူးပါသည်။ ဥပမာ-အမေရိကန်ပြည်ထောင်စုဆိုလျှင် ပြည်တွင်းစစ်၏ သမိုင်းကြောင်းကို ပြော၍ မဆုံးသေးသကဲ့သို့၊ ဒုတိယကမ္ဘာစစ် ကို ကြုံခဲ့ရသော မျိုးဆက်များက ရန်-ငါ (အဖြူ သို့မဟုတ် အမဲ) စသည့် အတွေးများနှင့် စစ်အေးတိုက်ပွဲကို ဆက်ခဲ့ကြ ကြောင်းလည်း လေ့လာသူများက ဆိုကြပါသည်။ ထို့အပြင် စက်တင်ဘာ ၁၁ (September 11) သည် အမေရိကန် လူထု အများအတွက် စိတ်ဒဏ်ရာအကြီးအကျယ် ရစေခဲ့သော ကိစ္စပင် ဖြစ်သည်။ ဤစက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တုံ့ပြန်လာပုံ ဆိုးကျိုးများကို မိမိတို့တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါသည်။ အမေရိကန်လူထုများ၏ အစွန်း ရောက်မျိုးချစ်စိတ်ဓါတ်ကို ပိုမိုပြင်းထန်စေသကဲ့သို့ အခြားသော လူမှုအခွင့်အရေး၊ စစ်၊ ကမ္ဘာ့ဆက်ဆံရေး မျက်နှာစာများ တွင် များစွာ အကျိုးသက်ရောက်စေခဲ့ပါသည်။
အချို့ လူမှုအဖွဲ့အစည်းများတွင်လည်း စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်များ ကြုံကြရဖူးပါသည်။ နာဇီများ၏ အစုလိုက် အပြုံလိုက် ဂျူးများကို လက်စတုန်းသုတ်သင်မှုသည် လူမှုအဖွဲ့အစည်းတခုလုံးကို ထိခိုက်စေခဲ့သကဲ့သို့၊ ပါလက်စတိုင်း ပြည်သူများ၏ နိုင်ငံမဲ့တွန်းပို့ခံရသောအခြေအနေ၊ ဒုက္ခသံသရာများကလည်း လူမှုအဖွဲ့အစည်းကို ၀ါးအစည်းပြေစေ သကဲ့သို့၊ တဖက်တွင်လည်း အစွန်းရောက် အယူအဆများ ထွက်ပေါ်လာစေပါသည်။ အကြမ်းဖက်မှုများအကြောင်း လေ့လာကြသူများက ထိုလူမှုအဖွဲ့အစည်း၏ ကောက်ယူမွေးစားထားသော စိတ်ဒဏ်ရာ (chosen trauma) များ အကြောင်းကိုလည်း အကျယ်တ၀င့်လေ့လာဖူးခဲ့ကြပါသည်။
ယခုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများကို လမ်းမလယ်ခေါင် ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းနေပုံများကို မြင်တွေ့ခဲ့ကြရသည်။ ပြောရမည်ဆိုလျှင် ၂၀၀၇ စက်တင်ဘာလ သံဃာများနှင့် ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ဖြိုခွဲချေမှုန်းမှုသည် မြန်မာနိုင်ငံ၏ စက်တင်ဘာ (၁၁) Burma September 11 ဟု တင်စားလျှင် မမှားနိုင်ပါ။ ထစ်ကနဲရှိ စစ်တပ်အားကိုး၊ လက်နက်အားကိုးဖြင့် ဖိနင်းချေမှုန်းလိုသည့် အာဏာရှင်များ၏ ဒေါသ၊ အမျက် မာန်မာနများကို မြင်တွေ့လိုက်ကြရသည်။ ထို့အပြင် တဖက်သတ်ပြောဆို ၀ါဒဖြန့်ချိနေမှုများကလည်း၊ ထပ်မံ စော်ကားသကဲ့သို့ ရှိနေစေသည်။ သံဃာများက ဆိုခဲ့သကဲ့သို့ မေတ္တာဓါတ်အားနည်းသည့် အပြုအမူများ၊ ရုန့်ရင်းကြမ်း တမ်းမှုများကလည်း ဆက်လက်သည်းညည်း မခံနိုင်စရာ။ လူအများ၏ ကိုးကွယ်ယုံကြည်မှု ဘာသာရေးအခြေခံကိုပါ ရိုက်ချိုးကြေမွစေသကဲ့သို့ ဖြစ်စေခဲ့သည်။
သမိုင်းအရလည်း စိတ်နာကျည်းစရာများက အကြိမ်ကြိမ်၊ ၁၉၆၂ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခဲ့သည်။ ဦးသန့်အရေးအခင်းတွင် သွေးချောင်းစီးခဲ့ရသလို၊ ၁၉၇၀ ခုနှစ် အလုပ် သမားဆန္ဒပြပွဲများကိုလည်း ပစ်ခတ်ချေမှုန်းခဲ့သည်။ ၁၉၈၈၊ ၂၀၀၃၊ ၂၀၀၇ သွေးချောင်းစီးရမှုများက မြန်မာ့လူ့အဖွဲ့အစည်း အတွက် မမေ့နိုင်စရာ အဖြစ်အပျက်များ ဖြစ်နေသည်။ ထိုထက်ပို၍ ဆိုးသည်မှာ ငြိမ်းချမ်းမှုကိုလိုလားသည့်၊ ဗုဒ္ဓဘာသာထွန်းကား၊ အလေးအမြတ်ထားသည့် လူမှုအဖွဲ့အစည်းဟု ဂုဏ်ယူနေကြဆဲ ရဟန်းသံဃာများနှင့် သာသနာကို အဆိုးဝါးဆုံးဖျက်ဆီး ချေမှုန်းလိုက်မှုသည် လူအများအတွက် စိတ်ဒဏ်ရာကို ပို၍ နက်ရှိုင်းလာစေခဲ့တော့သည်။
သံဃာများ၏ ဆန္ဒပြပွဲများကို အကြမ်းဖက်ချေမှုန်းနေစဉ်တွင် ပြည်တွင်းမှ “သဲ” ဟူသော ကလေးမတဦးနှင့် မိမိ ချက်တင် စကားပြောခွင့် ရနေခဲ့ပါသည်။ သူရော၊ ကျနော်ပါ စိတ်လှုပ်ရှားနေကြ၍ အတော်လည်း စိတ်ထိခိုက်နေကြရပါသည်။ “ပစ်နေပီ။ ပစ်နေပီ။ လုပ်ကြပါဦး” “သေကုန်ကြတော့မှာပဲ” တဖက် မြန်မာပြည်ဖက်မှ သူမ ရိုက်ပို့လိုက်သော စာသားများ ကျနော် ရရှိနေပါသည်။ သူမက ပြင်ပသို့ အဖြစ်အပျက်များကို တတ်နိုင်သမျှ သတင်းပေးနိုင်ရေးအတွက် ကြိုးစားကူညီနေ သူသာ ဖြစ်ပါသည်။ မိမိနှင့် ယခင်ကလည်း မရင်းနှီး၊ မကျွမ်းဝင်ခဲ့ပါ။ “ပြောပေးကြပါဦး” “ကျမတို့လည်း ဘာမှ မတတ်နိုင် တော့ဘူး” သူမက အဖြစ်အပျက် အသေးစိတ်ကို ပေးပို့နေချိန်တွင် ခံစားချက်ကိုပါ ကျနော်ထဲထဲဝင်ဝင် မြင်နေရပါသည်။
ကျနော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့ပါ။ ကျနော့ကိုယ် ကျနော်လည်း ၁၉၈၈ အာဏာသိမ်းမှုအပြီး၊ ရန်ကုန်ဆေးရုံကြီးအနီး ရင်ခွဲရုံရှိ သူငယ်ချင်းအလောင်းနားတွင် နံရံကိုထု၊ မျက်ရည်တွေတွေကျ ငိုယိုနေသော လူငယ်လေးတယောက်ကို ပြန်မြင် ယောင်နေပါသည်။ ထိုသို့ ငိုယိုနေခဲ့သူ လူငယ်ကလေးမှာ ကျနော်ကိုယ်တိုင် ဖြစ်ပါသည်။ ယခုတော့ ငိုယိုနေသူကလေးမ တဦး၏ အဖြစ်ကို ကျနော်ကိုယ်တိုင် နောက်ထပ် မြင်တွေ့နေရပါတော့သည်။
ကျနော်တို့၏ စိတ်ဒဏ်ရာများက ပို၍ပို၍ နက်ရှိုင်းလာစေပါသည်။ ကျနော်တယောက်ထဲ မဟုတ်။ ကျနော်တို့ လူမှု အသိုင်း အ၀ိုင်းကြီးရော၊ နောက်ထပ် မျိုးဆက်သစ်လူငယ်များပါ ထပ်၍ စိတ်ဒဏ်ရာသင့်ရပြန်ပါပြီ။ ဘယ်တော့များမှ ပြီးနိုင်တော့ မည်နည်း။ မည်သည့်အခါမှ ကျေပျောက်နိုင်ကြပါတော့မည်နည်း။ မျိုးဆက်များ ဆင့်ခဲ့ကြပြီ ဖြစ်သည်။
စစ်အစိုးရကတော့ လူအနည်းစုကလေး၏ အုံကြွမှု၊ ကောက်ရိုးမီးသဖွယ် ပုံဖော်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်ဟု အပေါ်စီး မက်လုံးပေးရုံလောက်ဖြင့် ငြိမ်းအေးသွားတော့မည့် ကိစ္စဟု ထင်နေပုံရပါသည်။ လူမှုအဖွဲ့အစည်း အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခဲ့သော စိတ်ဒဏ်ရာအတွင်းကြေကို ဤမျှလောက်ဖြင့် ကျေပျက်စေလိမ့်မည် မဟုတ် ပါ။ ကျနော်တို့၏ ယုံကြည်မှုအခြေခံတခုလုံး ကိုင်လှုပ်ခံလိုက်ရသောအခြေအနေ၊ ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ကြီး ပြိုကျခဲ့ သလို အပြန်အလှန်ယုံကြည်မှုများ ပြိုကွဲ မြေပေါ်ပုံကျသွားရသည့် အခြေအနေကို ကျနော်မြင်နေရပါသည်။ ဤစိတ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးက ကာလအတန်ကြာ ဆက်လက်လျှောက်လှမ်းနေကြရဦးတော့မည် ဖြစ်ပါတော့သည်။
အောင်သူငြိမ်း
အောက်တိုဘာလ ၂၀၀၇ ခုနှစ်။
ဒီဆောင်းပါးကို မဇ္ဈိမ မြန်မာ အင်တာနက်စာမျက်နှာမှာလည်း တင်ထားပါတယ်။
Tuesday, October 9, 2007
ပြည်တွင်းနာ
Posted by ရွက်မွန် at 3:32 AM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment