စစ်
အစိုးရက မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှု မြင့်လှပါသည်ဟု ၀ါကြွားနေသော်လည်း နိုင်ငံတကာအလယ်တွင် ကြုံရသမျှ မျက်နှာ မပြရဲစရာ အခြေအနေချည်း ဖြစ်နေရသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလက သံဃာများဦးဆောင်သည့် မေတ္တာပို့ လှုပ်ရှားမှုဖြစ်လာခဲ့သည်။ စစ်အစိုးရက အကြမ်းဖက်တုံ့ပြန်မှုများ ရက်ရက်စက်စက်ကျူးလွန်ခဲ့ပြီး သံဃာများကို သတ်ဖြတ်နေ သည်မှာ နိုင်ငံတကာ သတင်းမီဒီယာများတွင် ဟိုးလေးတကျော် မြင်မကောင်း ရှုမကောင်း ဖြစ်လာခဲ့ရသည်။ နိုင်ငံခြားသား မိတ်ဆွေ အများအပြားက မေးခွန်းထုတ်ကြသည်။ "ဘာဖြစ်လို့ သံဃာတွေကို သတ်ဖြတ်ကြရသနည်း" အဖြေ မရှိပါ။ ဗုဒ္ဓ ဘာသာကို လူများစု ကိုးကွယ်သည့် နိုင်ငံတခုတွင် ဤသို့သံဃာများကို သတ်ဖြတ်နေသည်ကို နိုင်ငံခြား သားတို့ နားမလည်ကြ သလို၊ မြန်မာ့ယဉ်ကျေးမှုကိုပါ မေးခွန်းထုတ်လာခဲ့သည်။ ယခုတကြိမ်တွင်လည်း နာဂစ်မုန်တိုင်း ဘေးဒဏ်သင့် ပြည်သူများ ဒုက္ခရောက်နေကြပုံကို နိုင်ငံတကာ သတင်းမီဒီယာများတွင် အကျယ်အပြန့်ဖော်ပြလာကြ ပြန်သည်။ ၎င်းသတင်းများနှင့် အတူ စစ်အစိုးရ၏ တုံ့ပြန်ပုံ ညံ့ဖျင်းမှု၊ နိုင်ငံတကာ အကူအညီပေးမည့် အဖွဲ့များကို ပြန်၍ မောင်းနှင်ထုတ်လိုက်သည့်ကိစ္စ၊ နိုင်ငံတကာ အကူအညီများကို ဟန့်တားထားသည့် ကိစ္စ၊ နိုင်ငံရပ်ခြား အကူအညီပေး ရေးအဖွဲ့များကို ကြန့်ကြာနေစေရန် ဗီဇာမပေးသည့် ကိစ္စ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင်က သြချ ညည်းညူနေရသည့် ကိစ္စများကို မြင်တွေ့နေရသည်။ သူတို့ နားမလည်ကြတော့ပါ။ ထို့မျှမက အလောင်းများကို ကောင်းစွာ သဂြိုင်္ဟ်ခြင်း မရှိဘဲ မြစ်အတွင်း မျှောချနေသည်ကိုလည်း စီအဲန်အဲန် ရုပ်မြင်သံကြားတွင် တွေ့ခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ အခြေအနေက ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်းအလယ်တွင် ပို၍မျက်နှာမပြရဲစရာ ဖြစ်လာရသည်။ အရိုင်းအစိုင်းတို့၏ နိုင်ငံတခုလို ဖြစ်လာရသည်။
မြန်မာနိုင်ငံနှင့် ဝေးကွာသည့် အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဂျော့ဘုရှ်က မုန်တိုင်းသင့် ပြည်သူများအတွက် ၀မ်းနည်း စကားဆိုခဲ့သည်။ အကူအညီပေးရန် အဆင်သင့်ဖြစ်ကြောင်း ချက်ချင်းကမ်းလှမ်းခဲ့သည်။ မြန်မာနိုင်ငံနှင့် ရှိနေသည့် သံတမာန်ရေး ပြဿနာများ ခဏထား၊ လူမှုကယ်ဆယ်ရေးအတွက် ပြောလာခဲ့သည်။ မြန်မာနိုင်ငံ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဆိုသူ သန်းရွှေက ယခုတိုင် ၀မ်းနည်းပူပန်ကြောင်း တခွန်းမဟ။ ဒုက္ခရောက်နေသည့် နေရာများသို့လည်း ခြေဦးပင် မလှည့်ခဲ့ပေ။ ထို့အပြင် ယခု အကူအညီများကို ငြင်းပယ်နေခြင်း၊ ဗီဇာတင်းကျပ်ထားခြင်းမှာလည်း အထက်က ချုပ်ကိုင် အမိန့်ပေးဆုံးဖြတ်နေသည်မှာ သူပင် ဖြစ်သည်ဟု ယူဆရသည်။ ကုလသမဂ္ဂ၏ ကပ်ေးဘသင့်လူမှု ကယ်ဆယ် ရေးလုပ်ငန်းများသမိုင်း တလျှောက်လုံးတွင်ပင် ပထမဦးဆုံးအကြိမ် အဆိုးရွားဆုံး အခြေအနေဟု ပြောလာကြပြီ။
ကပ်ဘေးဒုက္ခသင့်ကြရသည့် အခြေအနေ၊ သဘာဝဘေးအန္တရာယ် ဆိုက်ရောက်ကြရသည့် အခြေအနေတွင် အရေးအကြီး ဆုံး ဦးတည်ထားကြရမည့် ကိစ္စမှာ "လူသားများ"ပင် ဖြစ်သည်။ ဤလူသားများသည်လည်း မိမိတို့ သူငါမခြား အခြား လူသား များကဲ့သို့ပင် ဘ၀၊ မိသားစု၊ အလုပ်အကိုင်၊ မျှော်မှန်းချက်များ၊ အိပ်မက်များ၊ ပိုင်ဆိုင်မှုများ ရှိကြသူများဖြစ်သည်။ ထိုမျှ မက ထိုသူများသည် ထိတ်လန့်ကြောက်ရွံ့ဖွယ် ဘေးဆိုးကို ဖြတ်သန်း၍ ကံကောင်းထောက်မစွာ ရှင်ကျန်ရစ်ကြ သူများ ဖြစ်သည်။ ထိုသူများတွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာများသာမက၊ အကုန်ဆုံးရှုံးလိုက်ကြရသည့်အတွက် စိတ်ဒဏ်ရာ အနာတရများပါ ရှိနေကြသည်။ နောက်ဆုံး သဘာဝကပ်ဘေးကြောင့် သေဆုံးသွားသည် ထားဦး။ ထိုသူများ သည် "လူသားများ"ပင် ဖြစ်သည်။ ကောင်းမွန်စွာ သဂြိ င်္ုဟ်ခွင့် ရသင့်ကြသည်။ ထိုသူများကို မြစ်ထဲမျှောပင်နေခြင်း၊ အစုအပြုံလိုက် မြေမြှုပ်ပစ်နေခြင်းမှာ မလုပ် သင့်သော ကိစ္စဖြစ်သည်။ ထိုမျှမက သဘာဝဘေးဆိုးကြောင့် ပျက်စီးရသည့် အခြေအနေများ ကို ဖုံးကွယ်၍ အမှောင်ချ နေသည်။ သတင်းထောက်များကို ထိုနေရာများသို့ တားမြစ်ထားသည်။ နိုင်ငံခြားသား သတင်းထောက်များကို ရှာဖွေပိတ် ဆို့နေသည်။ နိုင်ငံရေးနှင့် ကပ်ဘေးဒုက္ခပြဿနာကို အရောရော အထွေးထွေး စီမံနေပြန်သည်။ မခက်ပါလော။
ကျနော်က အခြေခံ အလွယ်ဆုံးကိစ္စ အချို့ကို စဉ်းစားကြည့်သည်။ မုန်တိုင်းတိုက်ခတ်ပြီး၍ ၈ ရက်ကြာသည့်တိုင်၊ ယာယီ ဒုက္ခ သည်စခန်း မည်မျှ၊ ခိုလှုံနေသူမည်မျှ ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေး။ ထိုသူများ၏ အရေးပေါ်လိုအပ်ချက်များကို စာရင်း ပြုစု အသိပေးနိုင်ခြင်း မရှိသေး။ အပျက်အစီး ပမာဏတန်ဖိုးကို ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေး။ မည်မျှ အကူ အညီလို မည်ကို တင်ပြပြောဆိုပေးခြင်း မရှိသေး။ လိုအပ်သည့် ဆက်သွယ်ရေး ကိစ္စများ စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။ ဥပမာ- ကျနော် ၏ မိဘများက ရန်ကုန်မြို့ ဆင်ဖြေဖုန်း ဒဂုံမြို့သစ်တွင် နေကြသည်။ ယခုတိုင် ဖုန်းပြော၍ မရနိုင်သေး။ ဖုန်းလိုင်းများကလည်း မကောင်းပါ။ မိမိကဲ့သို့ အလားတူ ပူပန်နေသူ လူပေါင်းသိန်းနှင့် ချီ၍ ရှိနိုင်သည်။ ထိုသူများကို ဆက်သွယ်ခွင့် ရနိုင်ရေး၊ ပျောက်ဆုံးနေသူများ စာရင်းပြုစုရေး၊ အမျိုးအဆွေများ ဆက်သွယ်နိုင်သည့် ပြန်ကြားရေးဌာန များ ရှိမနေပါ။ ဥပမာ- မုန်တိုင်းဒဏ် အဆိုးဆုံးခံလိုက်ရသည့် လပွတ္တာသို့ အမျိုးတယောက်က သူ၏ ဆွေမျိုးများ အခြေ အနေကို မေးမြန်းသိလိုသည်။ ကူညီလိုသည်။ ဆက်သွယ်ရမည့် နေရာမရှိ။ လပွတ္တာရှိ ကံကောင်းထောက်မ၍ အသက်ရှင် ကျန်ရစ်ရသူကလည်း အခြား ဒေသရှိ ဆွေမျိုးများထံ၊ နိုင်ငံခြားရောက်နေသူ ဆွေမျိုးများထံ ဆက်သွယ် အကူအညီ တောင်းခံလိုသည်။ ဆက်သွယ်ရန် လမ်းကြောင်းဌာန မရှိ။
ထိုင်းနိုင်ငံတွင် ဆူနာမီလှိုင်းဒဏ်သင့်ရသည့် ကာလက သေဆုံးသူ အများအပြားရှိခဲ့သည်။ ထိုသူများထဲတွင် တရားမ၀င် မြန်မာ လုပ်သားများလည်း အပါအ၀င်။ သို့သော်လည်း ထိုသေဆုံးရသူများကို လူသားဆန်စွာ၊ လူသားဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ဆက်ဆံခဲ့ကြသည်။ အလောင်းများကို ကောင်းစွာသိမ်းဆည်းပေးသည်။ မျိုးရိုးဗီဇ (genetic) တိုက်ဆိုက် စစ်ဆေး၍ မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ပေးသည်။ တရားမ၀င် မြန်မာလုပ်သားများ၏ အလောင်းကို သဂြိ င်္ုဟ် ရန်ပင် မိသားစုများ မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်၍ လာတွေ့ခွင့်ပေးသည်။ ထိုသူ၏ နောက်ဆုံးခရီးအတွက် စီစဉ်ပေးမှုများ၊ လျှော်ကြေးများ ဆောင်ရွက် ပေးခဲ့သည်။ မြန်မာစစ်အစိုးရသည် ကပ်ဘေးကယ်ဆယ်ရေးအတွက် လုပ်နိုင်စွမ်းအား မိမိဘာသာ အပြည့်အ၀ ရှိနေသည်ဟု ဆိုနေသော်လည်း မြင်နေကြရသည်မှာ စိတ်မချမ်းမြေ့စရာ။ လူသားများကို လူသား တန်ဖိုး၊ ဂုဏ်သိက္ခာရှိသည့် အတိုင်း မဆက်ဆံသည်ကို မြင်နေကြရသည်။ မြန်မာနိုင်ငံတွင် သေဆုံးရသူများ၏ အလောင်း များကို ထိန်းသိမ်းထားနိုင်သည့် အခြေအနေ မရှိပါ။ မျိုးရိုးဗီဇ စစ်ဆေးနိုင်ရန် ပို၍ ဝေးတော့သည်။ ပညာရှင်နှင့် အဆင့်မြင့် နည်းပညာများလည်း ရှိမနေကြပါ။ ထို့အပြင် ပို၍ဆိုးသည်မှာ စာရင်းဇယားမရှိဘဲ ယခုလို အလောင်းများ ဖျက်ဆီးပစ်နေ ခြင်းနှင့် ကူညီကယ်ဆယ်မည့်သူများကို ပိတ်ဆို့နေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားချင်းစာနာမှုဆိုင်ရာ ရာဇ၀တ်မှု ကို ကျူးလွန်နေခြင်း ဖြစ်သည်။ ယဉ်ကျေး သည့် လူ့ကမ္ဘာ၏ တန်ဖိုးထားမှုများကို ချိုးဖောက်စော်ကားနေခြင်း ဖြစ်သည်။
ထိုထက်ပိုဆိုးသည်မှာ ကပ်ဘေးဒုက္ခကို အခြေခံ၍ နိုင်ငံရေးအမြတ်ထုတ်နေခြင်း ဖြစ်သည်။ ကြံ့ဖွံ့အလံစုတ်ကို ထိုးတင် နေ သည်။ အကူအညီများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်ရေး လုပ်နေသည်။ ကယ်ဆယ်ရေးကိစ္စများကို အလေးမထား။ ဆန္ဒ ခံယူပွဲဖြင့် အာဏာတည်ရေးကိစ္စကို ရှိသမျှ အရင်းအမြစ်များ ပုံအောလုပ်ဆောင်နေသည်။ အခြား အရပ်သား အင်အားစု များက တတ်စွမ်းသမျှ စေတနာ့ဝန်ထမ်း ကူညီနေသည်ကို အားမပေး။ မရှုစိမ့်။ ဖျက်လိုဖျက်ဆီး ပိတ်ဆို့နေ သည်။ "ကူချင်လျှင် တို့ရပ်ကွက်/ မြို့နယ်ရုံးထားခဲ့။ တို့ဝေပေးမည်" လုပ်နေသည်။ ဒုက္ခသည်များကို ပြန်ပေးဆွဲ၍ အေးဓါးပြ တိုက်နေသည်။ ဒုက္ခသည်များကို ရှေ့ထား၍ သီးသန့် ခန့်ညားသော ကုလားထိုင်များဖြင့် မိန့်မိန့်ကြီး သြ၀ါဒချွေနေကြသေး သည်။ ဒုက္ခ သည်များသည်လည်း သူလိုငါလို လူသားများဟု သဘောမထား၊ လူသား ဂုဏ်သိက္ခာနှင့် အညီ မဆက်ဆံ။ ယာယီ ခိုလှုံရာ စခန်းများမှ ဒုက္ခသည်များကို အရေအတွက်လျှော့ချနိုင်ရေးအတွက် နှင်ထုတ်နေကြသည်ဟုပင် ကြားနေရ သည်။ ဤထက်ဆိုး သည့် အခြေအနေ မရှိတော့ပါ။
" မရှိတာထက် မသိတာခက်" ဟု ဆိုရတော့မည့် အခြေအနေပင်။ ပို၍ ဆိုးသည်မှာ စစ်အစိုးရက လူသားချင်းစာနာကူညီမှု တွင် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို မသိဘဲ ငါတကောကော လက်ဝါးကြီးအုပ်နေခြင်းနှင့် လူသားဆန်မှုတန်ဖိုး ကို မသိခြင်းက ပို၍ဆိုးနေပါတော့သည်။ သို့မဟုတ်လျှင်လည်း ပြည်သူတို့အပေါ် လုံးဝစေတနာမထားသော အစိုးရမျိုးက အုပ်ချုပ် နေသည့် အရိုင်းအစိုင်းတို့ နိုင်ငံတော်အဖြစ် ကျရောက်မှန်း မသိ၊ ကျရောက်နေရပြီ ဖြစ်ပါတော့သည်။
အောင်သူငြိမ်း
မေလ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။
ကြက်ခြေနီအဖွဲ့မှအဆိုပြုသော အဲန်ဂျီအိုများထားရှိသင့်သည့် လူမှုကယ်ဆယ်ရေး ကျင့်ထုံး (၁၀) ချက်
၁။ လူသားချင်းစာနာသောအခြေခံ အရေးပေါ်လိုအပ်ချက်သည် ပထမဖြစ်သင့်သည်။
၂။ အကူအညီပေးရာ၌ လူမျိုး၊ နိုင်ငံသား၊ အယူဝါဒကွဲပြားမှုအပေါ်အခြေမခံပဲ လိုအပ်ချက်အပေါ်သာအခြေခံကူညီရမည်။
၃။ အကူအညီကိုအကြောင်းပြု၍ အခြားသော နိုင်ငံရေး၊ ဘာသာရေးရပ်တည်ချက်များအတွက် အသုံးချခြင်းမပြုရ။
၎။ မိမိတို့သည် အစိုးရများ၏ နိုင်ငံခြားရေးမူဝါဒများအတိုင်းဆောင်ရွက်ရန် လက်ကိုင်တုတ်အဖြစ်ဆောင်ရွက်ခြင်းမပြုရ။
၅။ မိမိတို့သည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားပါမည်။
၆။ မိမိတို့သည် ကပ်ဘေးဒုက္ခများကိုရင်ဆိုင်ရန် ဒေသခံပြည်သူများ၏စွမ်းအင်ကိုအခြေခံထား၍ ကြိုးပမ်းပါမည်။
၇။ အထောက်အပံ့ အကူအညီများပေးဝေရေးစီမံခန့်ခွဲစဉ်ကာလအတွင်း ပိုမိုထိရောက်သော ပိုမိုအကျိုးရှိစေသော နည်းလမ်းများရှာဖွေပါမည်။
၈။ ထောက်ပံ့သောအကူအညီများသည် အနာဂတ်ကာလတွင် အလားတူထိခိုက်ရမှုများ မဖြစ်ပေါ်နိုင်ရေးကို အထူး ရှေးရှုပါမည်။ အလားတူ အခြေခံလိုအပ်ချက်များပြည့်မီရေးဆောင်ရွက်ပေးပါမည်။
၉။ မိမိတို့သည် မိမိတို့ဘဏ္ဍာငွေလက်ခံရရှိရာဌာနများသို့ရော၊ အကူအညီလက်ခံယူသူပြည်သူများသို့ပါ ပွင့်လင်း အစီရင်ခံ တင်ပြပါမည်။
၁၀။ မိမိတို့သည် ကပ်ဘေးဒုက္ခသင့်ရသော ဒုက္ခသည်များကို ဂုဏ်သရေရှိလူသားများအဖြစ်ဆက်ဆံပါမည်။ မျှော်လင့်ချက် ကင်းမဲ့နေသောအပြုခံများအဖြစ် မဆက်ဆံပါ။
Sunday, May 11, 2008
အရိုင်းအစိုင်း နိုင်ငံတော်နှင့် လူသားဆန်မှု ပြဿနာ
Posted by ရွက်မွန် at 12:58 PM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment