ရွက်မွန်စာမျက်နှာ

Wednesday, September 10, 2008

ကူတာတော့ကူပါ သို့သော်

ဇွန်
လ (၁၆) ခြောက်ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် မက်စ်မြန်မာကုမ္ပဏီအကြီးအကဲ ဦးဇော်ဇော်အား နာဂစ်မုန်တိုင်းကယ်ဆယ်ရေးနှင့် စပ်လျှင်း၍ တွေ့ဆုံမေးမြန်းခန်းကို ဖတ်ရှု့လိုက်ရသည်။ ဦးဇော်ဇော်သည် မြန်မာနိုင်ငံ ဘော်လုံး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌတဦးလည်း ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်သွားသည်က မေလ (၂) ရက်နှင့် (၃) ရက်နေ့များဖြစ်သည်။ မေလ (၅)ရက်နေ့မှစ၍ မက်စ်မြန်မာ ကုမ္ပဏီ ဝန်ထမ်း (၁ဝဝ) နှင့်အတူ ဆန်ကား (၁ဝ) စီးကို ဦးဇော်ဇော်က ဦးဆောင်၍ ကယ်ဆယ်ရေးလုပ်များ စတင် ဆောင်ရွက်ခဲ့သည် ကို အင်တာဗျူးတွင် ဖတ်မှတ်သိရှိရသည်။ အကူအညီ လိုအပ်နေသည့် မုန်တိုင်းသင့် ပြည်သူများ အရေအတွက်များလွန်း သည့် အတွက် မေလ (၇) ရက်နှင့် (၈) တွင် နောက်ထပ် ကုမ္ပဏီဝန်ထမ်း (၅ဝဝ) အား ဆရာဝန် (၈)ဦးနှင့်အတူ အားဖြည့်၍ ကယ် ဆယ်ရေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင် ခဲ့ကြောင်းကိုလည်း သိရှိရသည်။ ကောင်းသည်ဟု ဆိုရမည်။

ထိုကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတော်က တာဝန်မပေးမှီ ကတည်းက သူတို့အနေဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း ကို လည်း ဦးဇော်ဇော်က ရှင်းပြသည်။ လပွတ္တာမြို့နယ်အတွင်း လေဘေးကယ်ဆယ်ရေး စခန်းများကို ရက်တိုတိုအတွင်း ဆောက်လုပ်၍ မုန်တိုင်းသင့်ပြည်သူ ကိုးထောင်ကျော်ကို နေရာချထားပေးနိုင်ခဲ့ကြောင်း ဦးဇော်ဇော်က ပြောပြခဲ့သည်။

မက်စ်မြန်မာကုမ္ပဏီ အပါအဝင် စီးပွားရေးကုမ္ပဏီများ ဆောင်ရွက်နေသည်များကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသည့် အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရ သည်ဟု အဆိုပါတွေ့ဆုံမေးမြန်းခန်းအရ သိရသည်။ မက်စ်မြန်မာ၊ ဧရာရွှေဝါ၊ ဝါဝါဝင်းနှင့်ဇေကမ္ဘာ စသောကုမ္ပဏီများကို မေလ (၁၂) ရက်နောက်ပိုင်းမှ စတင်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော်မှ တာဝန် ဆက်လက် ပေး အပ်ခဲ့ သည်ဟု ဦးဇော်ဇော်က ထပ်မံရှင်းလင်းပြသည်။

ထို့အပြင် လတ်တလောကာလအတွင်း မက်စ်မြန်မာကုမ္ပဏီ အနေဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး အတွက် သုံးစွဲခဲ့ရသည့် ငွေပမာဏမှာ သိန်း (၉,ဝဝဝ) ထောင်ကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တတ်နိုင်သလောက် လုပ်ဆောင်သွားရန် ရည်စူးထားပြီး မတတ်နိုင်သည့် အတိုင်းအတာကျမှသာ လျှင် နိုင်ငံတော်က ပံ့ပိုးပေးသည်ကို လက်ခံ၍ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဦးဇော်ဇော်က တွေ့ဆုံမေးမြန်း ခန်း၌ ရှင်းပြသွားခဲ့သည်။

သူတို့အနေဖြင့် ဤကဲ့သို့ တတ်နိုင်သည့်ဖက်မှ အားသွန်ခွန်စိုက် လုပ်ကိုင်နေသော်လည်း အပြစ်တင်ခံနေရကြောင်း၊ သူတို့ဘာ လုပ်လုပ် မကောင်းသည့်အမြင်ဖြင့် ရှု့မြင်နေသူများ ရှိနေကြောင်းကိုလည်း ဦးဇော်ဇော်က ရင်ဖွင့်တင်ပြသွား ခဲ့သည်။

မက်စ်မြန်မာကုမ္ပဏီ အပါအဝင် စီးပွားရေးကုမ္ပဏီများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဝင်ရောက် ဆောင် ရွက်ကြသည်မှာ လက်တွေ့ဖြစ်သည်။ သူတို့လည်း သူတို့တတ်နိုင်သည့်ဖက်က အမျိုးသားရေးအမြင်ဖြင့် ကူညီ ခြင်းဖြစ်သည်မှာ လည်း ယုံမှားသံသယ ဖြစ်စရာမလိုပါ။

သို့သော် အများသူငါက မေးမြန်းစရာတွေ၊ သိလိုတာတွေ ရှိနေသေးသည်ကိုတော့ တဖက်မှာလည်း နားလည်ဖို့လိုသည်။

မြန်မာလူမျိုးတို့၏ စိတ်နေသဘောထားက ဘာပဲပြောပြော ကူညီသည်ကို ဝမ်းသာကြိုဆိုသည်။ တတ်နိုင်သူများက တတ်နိုင် သလောက် ဝင်ရောက်ကူညီကြသားပဲ ဆိုသည့် အကောင်းမြင်စိတ်ဓာတ်များ ရှိပါသည်။ ကူညီသည့် သူများ ဖက်က လည်း ငါတို့ ကကူညီတယ်၊ မကူညီတဲ့သူတွေ အနေနဲ့ ပြောဆိုဝေဖန်ပိုင်ခွင့် မရှိဖူးဆိုတဲ့ စိတ်မျိုး၊ သဘောထားမျိုး ရင်ဝယ်မပိုက်ဖို့လည်း လိုအပ်သည်။ ဝေဖန်ထောက်ပြခြင်းကို ရန်သူဟု မမြင်ဘဲ ကြိုဆိုနိုင်စွမ်း ရှိဖို့လိုသည်။

ခွင့်ပြုထားသည့် အခြေအနေအောက်တွင် မိမိတတ်နိုင်သလောက် ရိုးရိုးသားသား ကူညီခြင်းကို နောင်တွင် အများနားလည် လာလိမ့်မည်ဟု သဘောထားသင့်သည်။ သည်လောက် ငါတို့ကူညီနေသည်။ သူတို့ကတော့ တို့လောက်မကူညီနိုင်ဘဲ အပြစ်ပြောကြသည်။ ကူညီနေသည့်ငါတို့က မကူညီဘဲ ဝေဖန်လေကန်နေသည့် သူများထက် အများကောင်းကျိုးကို ဆောင်ရွက်နေသည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဟု သဘောထားမိပါကလည်း ကောင်းလိမ့်မည်မဟုတ်။

ဤသို့သဘောထားမိပါက တဖက်မှလည်း စီးပွားရေးကုမ္ပဏီများကို ပြန်လည်ထောက်ပြလာနိုင်သည်။

ယေဘုယျအားဖြင့် စီးပွားရေးနယ်ပယ်တွင် ပြန်မရနိုင်သည့် ငွေကို ရင်းနှီးမြုတ်နှံခြင်း (သို့မဟုတ်) သုံးစွဲခြင်း၊ အမြတ်ပြန် လာရန် နည်းပါးသည့်ကိစ္စ (သို့မဟုတ်) အမြတ်ရသည်ထက် အရင်းငွေတဝက်တောင် ပြန်မရနိုင်သည့် ကိစ္စများ အပေါ် ငွေမြှုတ်နှံခြင်း တို့ကို သာမန်အားဖြင့် မည်သည့်စီးပွားရေးသမားမှ မလုပ်ပါ။ အကြောင်းကြောင်းကြောင့် လုပ်ရပါကလည်း မိမိတွင် ရှိထားသည့် ငွေပမာဏသည် ထိုမြုတ်နှံလိုက်သည့် ပမာဏထက် ဆယ်ဆ၊ အဆနှစ်ဆယ်၊ အဆငါးဆယ်၊ အဆတရာ ရှိမှသာလျှင် လုပ်ရိုး ထုံးစံရှိသည်။

ဥပမာ လွယ်လွယ်တခုပြရမည် ဆိုပါက။ ဒေါ်လာတထောင်တန် ကားတစီးကို ဝယ်စီးသည့်သူသည် အနည်းဆုံး သူ့ထံ၌ ဒေါ်လာ တစ်သောင်းရှိမှ ထိုကားကို ဝယ်စီးမည်ဖြစ်သည်။ ဒေါ်လာနှစ်ထောင်သာ ဓနရှိသောသူတဦးအနေဖြင့် ဒေါ်လာတ ထောင်တန် ကားကို ဝယ်စီးခြင်းသည် မိုက်မဲခြင်းသာ ဖြစ်သည်။ အကြောင်းကတော့ ကားအတွက် ပြန်ကုန်ကြရမည့် လောင်စာ၊ ပြုပြင် စရိတ် တို့ကိုထည့်သွင်းတွက် ချက်ဖို့လိုသောကြောင့် ဖြစ်သည်။ သည်ကြားထဲ ကားမှောက်ခြင်း၊ ကားတိုက်ခြင်း ဖြစ် ပွားလာ ပါက ထို့အတွက် နောက်ကလိုက်ရမည့် ကုန်ကျရမည့် စရိတ်များ လိုနေသေးသည်။ ရှိသမျှအရင်း ပြုတ်သွားနိုင်သည်။ ထို့အတွက် ဒေါ်လာနှစ်ထောင်သာ ရှိသောသူသည် ဒေါ်လာတထောင်တန်ကားကို ဝယ်မစီးပါ။

မက်စ်မြန်မာ ကုမ္ပဏီသည် လောလောဆယ်တွင် မြန်မာငွေသိန်းပေါင်း (၉ဝဝဝ) ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးအတွက် သုံးစွဲခဲ့သည်ဟု ဆိုထားသည်။ အခြားကုမ္ပဏီများလည်း ဤနည်းနှင်နှင် ငွေပမာဏကို သုံးစွဲခဲ့ရမည်မှာ သေချာ သည်။ ဤသို့ဆိုပါက အထက်တွင် တင်ပြခဲ့သည့် သီအိုရီအတိုင်း တွက်ချက်လိုက်ပါက မက်စ်မြန်မာကုမ္ပဏီ၏ ကြွယ်ဝမှု အစုစုသည် သိန်းပေါင်း (၁၈,ဝဝဝ) တော့မဖြစ်နိုင်။ ထို့ထက်ဆယ်ဆ (သို့) အဆငါးဆယ် (သို့) အဆတရာ ရှိလို့သာလျှင် သိန်းပေါင်း (၉,ဝဝဝ) ကို မတွန့်မဆုတ်ဘဲ သုံးစွဲကုန်ကျ ခံခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် ဘဝပျက်သွား ခဲ့ရသော ပြည်သူ များကို စာနာ သောကြောင့် အမျိုးသားရေး အမြင်ဖြင့် ကုမ္ပဏီပြုတ်ပြုတ် ကူညီမည်ဆိုသော စိတ်ကူးသည် မည်သည့် စီးပွား ရေးအဖွဲ့အစည်းမျိုး၌ မရှိပါ။ ( အမျိုးသားရေး အမြင်ဖြင့် အင်္ဂလိပ်မီးသင်္ဘောကုမ္ပဏီကို ပြိုင်သောကြောင့် ပြုတ်သွားသော မွန်တိုင်းရင်းသား သူဌေး ဦးနာအောက် ဆိုတာတော့ မြန်မာ့သမိုင်းမှာရှိခဲ့ဖူးသည်။ စကားချပ်)

ဤသို့ဆိုလျှင် မက်စ်မြန်မာအပါအဝင် စီးပွားရေးကုမ္ပဏီများတခုစီ၏ ဓနကြွယ်ဝမှုသည် သိန်းပေါင်း (၉,ဝဝဝ) စီ ကွက်တိတော့ မဖြစ်နိုင်ဆိုတာ ခန့်မှန်းလို့ရသည်။ ယေဘုယျအားဖြင့် မက်စ်မြန်မာ၏ ဓနသည် သူသုံးစွဲခဲ့သည့် ငွေထက် အနည်းဆုံး ဆယ်ဆ ပို၍ရှိထားလို့သာ ဖြစ်သည်။ ထို့ထက်လည်းအများကြီး ပိုနိုင်သေးသည်။

မက်စ်မြန်မာ ကုန်ကျခဲ့သော သိန်း (၉,ဝဝဝ) သည် ဆုံးရှုံးသွားသော ပလုံဖြစ်သွားသော ငွေဟုဆိုနိုင်ပါသလား။ သို့မဟုတ် နောင်တွင် အရင်းသာမက အမြတ်ပါပြန်ရနိုင်သည့် အလားအလာရှိသည့်အတွက် လတ်တလော အကုန်ခံခြင်းလော ဆိုတာကလည်း စဉ်းစားစရာ ဖြစ်သည်။

နောက်တချက် မေးရမည့် မေးခွန်းတခု ရှိပါသေးသည်။ မက်စ်မြန်မာ ပိုင်ဆိုင်သော ဓနကြွယ်ဝမှုတို့သည် ဘယ်ကလာသနည်း။ မြန်မာနိုင်ငံသည် ယခုအထိ စက်မှုမထွန်းကားသေးပါ။ အိမ်နီးချင်း နိုင်ငံများကိုတောင် မပြိုင်ဆိုင်နိုင်သေးသော လူဆင်းရဲနိုင်ငံ သာဖြစ်သည်။ ထိုသို့ဆိုလိုက်သည့် အတွက် လယ်ယာစိုက်ပျိုးရေးဖြင့် အဆင်ပြေနေသော နိုင်ငံဟုလည်း ပြောမရသည်က လူတိုင်းအသိ။ စက်မှုလည်း မထွန်းကားဘဲ လူဆင်းရဲများသော နိုင်ငံတွင် ကုမ္ပဏီများ ဘာကြောင့် ချမ်းသာလာရသနည်း။

အဖြေကတော့ ရိုးစင်းပါသည်။ နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများကို နိုင်ငံခြားသို့ ထုတ်ရောင်းခြင်းဖြင့်သာ ချမ်းသာ ရန် နည်းလမ်းတမျိုးသာရှိသည်။ ထိုသို့ရောင်းခြနိုင်ရန်မှာ အုပ်ချုပ်နေသော အစိုးရအာဏာပိုင်များ၏ ပူးပေါင်းမှုနှင့် ခွင့်ပြုချက် မရဘဲ ဆောင်ရွက်၍ မရနိုင်ပါ။

သဘာဝဓတ်ငွေ့များ အပါအဝင် ပြည်သူအားလုံးနှင့် သက်ဆိုင်သော၊ ရှိသမျှသော သဘာဝအရင်းအမြစ်များကို လက်ဝါးကြီး အုပ် ရောင်းခြခွင့်ရ၍ ချမ်းသာလာခြင်းသာ ဖြစ်သည်။ ထို့အတွက် ပြည်သူများ လိုအပ်လာသော အချိန်၌ ထိုဓနကြွယ်ဝမှုများ ကို ပြန်၍ သုံးစွဲရခြင်းအပေါ် ငါတို့ကသာ ကူညီနေရသည်ဟု ဂုဏ်မောက်တာမျိုး မဖြစ်သင့်ပါ။

ယခုနာဂစ်မုန်တိုင်း ဖျက်စီးလိုက်သောကြောင့် ဘဝပျက်သွားခဲ့ရသည့် မြစ်ဝကျွန်းပေါ်က ပြည်သူများသာမက တတိုင်းပြည်လုံး ရှိ ဆင်းရဲမွဲတေနေသော ပြည်သူများကို အကျိုးပြုဝေငှရန် အတွက် မြန်မာစစ်အစိုးရနှင့် မြန်မာစီးပွားရေးကုမ္ပဏီများ အားလုံး၌ အဓိကတာဝန်ရှိသည် ဆိုတာကိုလည်း မမေ့သင့်။

တချိန်တည်းတွင် မြန်မာစစ်အစိုးရ သဘောထားကျဉ်းမြောင်းတာကိုလည်း ပြောလိုသည်။ မုန်တိုင်းအပြီး မြန်မာပြည်အနှံ့ အပြား မှ သူ့နည်းသူ့ဟန်ဖြင့် ကူညီလာသူများကို ဘာကြောင့် နှောင့်ယှက်ရသနည်း ဆိုတာဖြစ်သည်။ ကုမ္ပဏီတွေကိုတော့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်စေဟုခွင့်ပြုသည်။ အခြားသူများကိုတော့ ခွင့်မပြုသည့်အပြင် ဖမ်းဆီး ထောင် ချနေသည်။ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ အခုထောင်ထဲမှာ ရောက်နေသည်။ ထိုသူတို့လုပ်ကိုင်သည့် ကယ်ဆယ်ရေး လုပ်ငန်းများကိုတော့ ရပ်တန့်သွားအောင် လုပ်ခဲ့သည်။ အံ့သြစရာ တိုင်းပြည်ကြီးပါတကား။

ပြည်သူတွေဆီက နုတ်ယူသွားသော ဓနကြွယ်ဝမှုကို ပြည်သူတွေအတွက် ပြန်လည်အသုံးပြုရခြင်းသည် တကယ်တန်း တော့ ထူးထူးထွေထွေ ကျေးဇူးတင်စရာမဟုတ်ပါ။ သူ့ကြွေးရှိရင် ပြန်ဆပ်ရတယ်ဆိုတာကို သတိချပ်သင့်သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၉ရက်၊ စက်တင်ဘာလ၊ ၂ဝဝ၈ ခုနှစ်

1 comment:

ashin kusalasami said...

ကိုဇော်မင်း ကျေးဇူးတင်တယ်ဗျာ။ ဒီလို ဆောင်းပါးမျိုးရေးပေးတာ။ ဒိထက်မကလဲ ရေးသင့်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူတွေထဲမှာ ခင်ဗျားတို့လို အချက်ကျကျ ရေးတတ်သူတွေ အများကြီး လိုအပ်တယ်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.