ရွက်မွန်စာမျက်နှာ

Wednesday, October 1, 2008

Brazil vs Burma

(၁)
ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်းနှင့် ထိုင်းအသင်းတို့ ချစ်ကြည်ရေးပွဲကစားစဉ်က လောင်းကြေးကို တိတိကျကျမမှတ်မိတော့။ ကျနော့်အထင် "နှစ်လုံး-ငါးမူးရှုံး" ဖြစ်မည်ထင်သည်။ သို့သော် ထိုစဉ်က မိတ်ဆွေတဦးပြောသည့်စကားလေးတခွန်းကိုမူ ခုထိ နားထဲစွဲနေသေးသည်။

“နှစ်လုံး-ငါးမူးရှုံးမကလို့ သုံးလုံးကျောပဲ ပေးရပေးရ၊ အပေါ်ကထိုင်မယ်ကွာ။ ထိုင်းဆိုတာ ခုမှ ဘောလုံးမှာ အမည်း ဘယ်နှစ် ကွက်၊ အဖြူဘယ်နှစ်ကွက်ရှိသလဲသိဖို့ ဂဏန်းပေါင်းစက်တလုံးနဲ့ တွက်တုန်းချက်တုန်းရှိသေးတာ။ ဘရာဇီး ဆိုတာက အမိဝမ်း ထဲမှာကတည်းက ဘယ်ညာ အတော့ကျင့်လာတဲ့ကောင်တွေ။ ဘာပဲဖြစ်ဖြစ် ဘရာဇီးဘက်ကပဲ ထိုင်မယ်ကွာ”ဟု ပြောပါသည်။ (နှစ်လုံး-ငါးမူးရှုံးဆိုသည်မှာ လောင်းကြေးအခေါ်အဝေါ်တခုဖြစ်ပါသည်။ အကယ်၍ ဘရာဇီးအသင်းက ထိုင်းအသင်းကို နှစ်ဂိုး သုညဖြင့်နိုင်လျှင်သော်မှ ဘရာဇီးအသင်းဘက်မှလောင်းထားသူသည် သူ၏ လောင်းကြေးငွေ ထက်ဝက်ရှုံးရပေမည်။ ဘရာဇီး အသင်းက သုံးဂိုးပြတ်နိုင်ပါမှ ဘောနိုင်ငွေနိုင် ပြုံးနိုင်ပေလိမ့်မည်။)

ထိုင်းအသင်းကို နှိမ်ချလို၍ ပြောခြင်းမဟုတ်ဘဲ ဘရာဇီးအသင်းကို ကြိုက်လွန်း၍ ငွေမနိုင်ခင် စကားအနိုင်ရအောင် လုပြောထား နှင့်သည့် သူ့ကိုဆန့်ကျင်၍ မည်သူမျှ ထိုင်းအသင်းဘက်မှ မလောင်းရဲကြခြင်းကို မှတ်မိသည်မှလွဲ၍ ဘယ်နှစ်ဂိုးပြတ်သွားသည်ကိုမူ အမှတ်မရတော့။

(၂)
တုတ်တုတ်မျှ လှုပ်၍မရ၊ နည်းနည်းမျှ လုပ်ခွင့်မရသည့် ဖက်ဆစ်အုပ်စုလက်အောက်၌ တရားဝင်နှယ် လုပ်ခွင့်ရနေသည့် အရာ (၃)ခု ရှိနေပါသည်။ တခုမှာ “အဂတိလိုက်စားမှု”၊ နောက်တခုမှာ “လောင်းကစားမှု”ဖြစ်၍ အခြားတခုမှာ “မူးယစ် ဆေးဝါး သုံးစွဲမှု” တို့ပင်ဖြစ်ပါသည်။ ဌာနဆိုင်ရာတိုင်း လာဘ်စားကြ၍၊ ပေါင်းနုတ်မြှောက်စား နားလည်သူတိုင်း လောင်းကစားကြသည်ဟု မနှိုင်းအပ်လင့်ကစား “၀ိုင်းကြီး ၀ိုင်းကြီး ဘယ်လောက်ကြီး၊ ဟောဒီလောက်ကြီး”ဟု ဆို၍ မြန်မာပြည်မြေပုံကြီးကို ၀ိုင်းပြရ တော့ မတတ် ကြီးသည်ထက် ကြီးမားလာနေသည့် ၀ိသမလောဘနွံအိုင်ကြီးကို တွေ့နေရသည်မှာ ရင်ထဲမချိလှ။

ဝန်ထမ်းအတော်များများကို အဂတိလိုက်စားမှုနှင့် စာရိတ္တပျက်ပြားနေစေ၍၊ မိသားစုကြီးငယ်လိုက်ကို လောင်းကစားမှုနှင့်စိတ်ဓာတ် ပျက်ယွင်းနေစေပြီး၊ လူငယ်အတော်များများကို မူးယစ်ဆေးဝါးလောကထဲ၌ မှိုင်းမိနေစေသည့် လုပ်ကြံမှုသည် ဖက်ဆစ်အုပ်စု၏ သက်ဆိုးရှည်ရေး စီမံချက်များထဲမှ အဓိက လုပ်ငန်းစဉ်တခုပင်ဖြစ်ပေမည်။ လုပ်ခွင့်ကိုင်ခွင့်ရှိသည့် လူတန်းစားက အဂတိ လိုက်စားမှုကို ကျူးလွန်၍၊ လုပ်ခွင့်ကိုင်ခွင့်မဲ့သည့် လူတန်းစားက လောင်းကစားမှုကို ကျူးလွန်နေ ကြသည်။

ထိုလူတန်းစားနှစ်ရပ်ပေါင်းက မူးယစ်ဆေးဝါးအမှုကို ကိုယ့်နည်းကိုယ့်ဟန်နှင့်ကို ကျူးလွန်၍ နေကြပြန်ပါသေးသည်။ ထို့ကြောင့် ယင်းလူတန်းစား(၂)ရပ်အား ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားလာအောင် မလုပ်ဆောင်နိုင်ကြပါလျှင် တိုင်းပြည်အပြောင်းအလဲဖြစ်ရန် မျှော်မှန်းသည်ထက် ပို၍ကြာမြင့်ပေလိမ့်မည်။

ဘောလုံးပွဲလောင်း၍မိသွားလျှင် လာဘ်ထိုးလိုက်ရုံပင်။ နှစ်လုံးထီထိုး၊ ချဲထီထိုး၍ ဖမ်းမိသွားလျှင် လာဘ်ထိုးလိုက်ရုံပင်။ လွန်ရော ကျွံရော အချုပ်ထဲခဏသွားနေလိုက်ရုံပင်။ ထို့ကြောင့် မနက်စာအတွက်မပူ၊ ညနေစာအတွက် မကြောင့်ကြ။ စိတ်ကူးကောင်းလျှင် အိတ်ကြီးဖောင်း၍ စိတ်ကူးမှားလျှင် အိတ်ကြီးပြားသည့်ထုံး နှလုံးပိုက်၍ ရရစားစား လောင်းကြစားကြ သည်။ မိမိတို့ရသည့် မစို့မပို့နေ့တွက်စာ တကျပ်တပြားကို မနှမြော၊ ၀မ်းဟောင်းလောင်းဖြင့်နေ၍ လောင်းကစားပစ်ကြ သည်။ နိုင်ငံရပ်ခြား၌ အလုပ် လုပ်၍ အိမ်ပြန်ပို့နေကြသည့် မိသားစုဝင်များ၏ ချွေးနှဲစာကို မငဲ့မညှာ လောင်းကစားပစ်ကြ သည်။ ဤသို့ဖြင့် ရှုံးသွားလျှင် ပေါင်နှံချေးငှား၍ နိုင်လျှင် ဖဲ့ဆပ်ကြသည့် တိုးရင်းပေါင်းသံသရာထဲ၌ လုံးပါးပါးနေကြသည်။ တစ်လုံး(ဘောလုံး)၊ နှစ်လုံး (နှစ်လုံးထီ)၊ သုံးလုံး(ချဲထီ)ဖြင့် ဘ၀ဆုံးတော့မည့်အရေး၊ မျိုးဆက်သုဉ်းတော့မည့်အရေးသည် စေ့စေ့တွေးကြည့်လျှင် တိုင်းပြည်၏ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် ရင်လေးဘွယ်ရာပင်။

(၃)
လူအတော်များများသည် “အဂတိလိုက်စားမှု”နှင့် “လောင်းကစားမှု”တို့အထဲ၌ အာရုံရောက်နေသဖြင့် အခြား အရေးကိစ္စ များကို နေရာမပေးနိုင်တော့၊ အချိန်မပေးနိုင်တော့။ အထူးသဖြင့် နိုင်ငံ့အရေးအရာ ကိစ္စများကို ကိုယ့်အရေးမဟုတ်သလို သဘောထား လာကြသည်အထိပင်။ တဘက်၌လည်း နိုင်ငံရေးနှင့်ပတ်သက်ပါက လာဘ်ထိုးရုံနှင့်မရ၊ အချုပ်ထဲ ခေတ္တသွား နေရုံနှင့်မရ။ ထို့ကြောင့် နိုင်ငံရေးဆိုလျှင် “နားမလည်”ဟုဆို၍ ရှောင်ကြသည်။ “ကျနော်/ကျမက နိုင်ငံရေး မဆွေးနွေးချင် ဘူး”ဟု ဆို၍ ချဲတွက်နေကြသည်။ ဘောလုံးပွဲလောင်းနေကြသည်။ နှစ်လုံးထီ ထိုးနေကြသည်။ ဆေးခြောက်ရှူနေကြ သည်။ ညကလပ်များ၌ ကြိတ်ကြိတ်တိုးနေကြသည်။

သို့သော် ကျနော်တို့လူငယ်များ၊ ကျနော်တို့ပြည်သူများတွင်လည်း ဘရာဇီးလိုအသင်းမျိုးနှင့် တပွဲတလမ်းလောက်တော့ အကဲစမ်း လိုက်ချင်သေးသပ ဟူသည့် အိပ်မက်တခု မရှိနိုင်ဘူးဟု မည်သူအတတ်ပြောနိုင်ပါမည်နည်း။ သို့သော် ထိုလူငယ်များကိုအားကစား ကွင်းများ၊ လေ့ကျင့်ရေးစခန်းများတွင် မတွေ့ရ။ နံနက်လင်းအားကြီးအချိန်ကျကာမှ အိပ်မှုန်စုံမွှားနှင့် စောင်ကြမ်း ကိုယ်စီပတ်၍ တီဗွီစလောင်းရုံများမှ လေးတိလေးကန်ခြေလှမ်းများဖြင့် ခေါင်းငိုက်စိုက်ချ ထွက်လာကြသည် ကိုသာ စိတ်မကောင်းခြင်းကြီးစွာ တွေ့မြင်နေကြရပါသည်။

စတုတ္ထမဏ္ဍိုင်ဟုဆိုရမည့် သတင်းစာများက စစ်တပ်ကြီးစိုးရေးတရားကို တွင်တွင်ဟော၍၊ အားကစားဂျာနယ်များက လောင်းကစား လမ်းညွှန် ကျမ်းကြီးကျမ်းခိုင်များသဖွယ် ကိုးရန်ကားရန် ဟောကိန်းများ ထုတ်ပြန်ပေးနေကြသည်မှာ ရေနစ်သူကို ၀ါးကူထိုးနေ ကြသည်လား၊ မနစ်နစ်အောင် ထိုးနှစ်နေကြသည်လား မပြောတတ်တော့။

ကိုလိုနီခေတ်က တရုတ်ပြည်သည် "ဘိန်းစစ်ပွဲ"ကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ်သတ်မှတ်၍ အလေးထားဆင်နွှဲခဲ့ကြရ သကဲ့သို့ ကျနော်တို့တိုင်းပြည်သည်လည်း "အဂတိလိုက်စားမှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနွံအိုင်ထဲမှ ရုန်းထွက်ရေး တိုက်ပွဲ"ကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ်သတ်မှတ်၍ အလေးထားဆင်နွှဲကြရပေလိမ့်မည်ထင်သည်။

တိုင်းပြည်တပြည်၏ အပြောင်းအလဲသည် ယင်းတိုင်းပြည်ရှိ နိုင်ငံ့အရေး စိတ်ပါဝင်စားသည့် နိုင်ငံသူနိုင်ငံသားများ (တနည်း) ကိုယ့်အရေးကိုယ် အလေးထားသည့် တိုင်းသူပြည်သားများ များသည်ထက်များပြားလာရုံမျှမက ၎င်းတို့၏ အပြောင်းအလဲကို လိုလားသည့် စိတ်ဆန္ဒအပေါ်၌လည်း မူတည်လိမ့်မည်ဟု ထင်မိသည်။

(၄)
အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်တို့၊ လူထုဦးလှတို့၊ ကျားဘညိန်းတို့ခေတ်တုန်းကဆိုလျှင် စိတ်လေနေသည့် လူငယ် များ၊ တွေဝေနေသည့် လူငယ်များ၊ စိတ်ဓာတ်ပျက်ပြားနေသည့်လူငယ်များအား အားကစားလှုပ်ရှားမှုများ လုပ်စေခြင်းဖြင့် လူငယ့် အားမာန်ကို လေ့ကျင့်မွေးမြူပေးခဲ့ဖူးပါသည်။ နိုင်ငံနှင့်အ၀န်းကျယ်ပြန့်၍ အမျိုးသားရေးလှုပ်ရှားမှုအသွင် ဆောင်ခဲ့သည့် ထိုလှုပ်ရှား မှုများသည် လူငယ်ထုကိုသာမက ယင်းလူငယ်ထု၏ မိဘမောင်ဘွားများနှင့် ဆွေမျိုးသားချင်းများကိုပါ လမ်းမှန်ကို ပြသပေးခဲ့ပါ သည်။ အမြော်အမြင်ရှိ၍ လက်တွေ့ကျသည့် ခေါင်းဆောင်မှုအောက်၌ လိုက်ပါခွင့်ရခဲ့သည့် ထိုစဉ်ကလူထုသည် ရုပ်ပိုင်းဆိုင်ရာ အရသာမက စိတ်ဓာတ်ရေးရာအရပါ ဖွံ့ဖြိုးတိုးတက်ခဲ့ကြရပေသည်။ ထိုခေတ်က မြန်မာ့ အားကစားသည်လည်း အာရှတလွှား၌ လူရိုသေရှင်ရိုသေရှိခဲ့ရသည်အထိ အဆင့်အတန်းမြင့်မားခဲ့ရဖူးပါသည်။

ကျနော်တို့တိုင်းပြည်ရှိ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးငယ်များအနေဖြင့်လည်း (တလွဲဆံပင်ကောင်းနေသည့် စစ်အုပ်စု၏ ဟန်ပြ စီမံချက်များကို ဘေးချိတ်ထား၍) ဆရာကြီးဦးရာဇတ်တို့၊ လူထုဦးလှတို့၊ ကျားဘညိန်းတို့ကဲ့သို့သော ရည်ရွယ်ချက် ကောင်းများ ထားရှိ၍ လမ်းလွဲနေသည့် မိသားစုများ၊ ၀န်ထမ်းများနှင့် မျက်မှောက်ခေတ်လူငယ်ထုကြီးအား လမ်းမှန်ကို ညွှန်ပြပေးသင့်သည်၊ ထိုသို့ ညွှန်ပြပေးရန်လည်း တာဝန်ကိုယ်စီရှိကြသည်ဟု ထင်မြင်မိပါသည်။

“ဧရာဝတီသာ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်မစီးဘူးဆိုရင်၊ ဧရာဝတီသာ တနှစ်တခါ ရေမလျှံဘူးဆိုရင် အထက်အညာ ဒေသ ဟာ ဆန်ရေစပါး ပါးရှားရှာမယ်” ဟု ဒေါက်တာမောင်ဖြူးက ဆိုခဲ့ပါသည်။ အကယ်၍ လူငယ်များသာ လောင်းကစားနွံနှင့် မူးယစ်ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်ကြဘူးဆိုလျှင်၊ မိသားစုကြီးငယ်များသာ လောင်းကစားနွံထဲမှ ရုန်းမထွက်နိုင်ကြဘူးဆိုလျှင်၊ ဌာနဆိုင်ရာ ၀န်ထမ်းကြီးငယ်များသာ အဂတိလိုက်စားမှုနွံထဲမှ ရုန်းမထွက်နိုင်ကြဘူးဆိုလျှင် တိုင်းပြည်၏ အနာဂတ်သည်လည်း ………။

အောင်မော်ဦး
စက်တင်ဘာ၊ ၂၇၊ ၂၀၀၈။

2 comments:

ဝင်းပေါ်မောင် said...

ကောင်းတယ်ဗျာ။

ဒူကဘာ said...

နှိုင်းယှဉ် ချိန်ထိုးပြသမှု အလွန်ကောင်းသည့် ပို့စ်တခုလို့ ဆိုပါရစေ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.