ရွက်မွန်စာမျက်နှာ

Friday, December 12, 2008

ဉာဏ်လွှာတော့ ဘုရင့်ရွှေကိုယ့်ရွှေဖြစ်


လောက သံချိုနဲ့ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖြစ်ပါတယ်။ ဒါကလည်း ကျနော့်အဖွားကို ငယ်ငယ်တုံးက ထိမ်းခဲ့ဖူးတဲ့ အမေနွဲ့ကို သူတို့နေတဲ့ရွာမှာ ၁၉၈၆ ခုနှစ်တုံးက သွားတွေ့စဉ်က တပိုင်းတစ သိရတဲ့ ဇာတ်လမ်းအရ အမှတ်တရ ဖြစ်အောင် ပြန်ရေးတဲ့ သဘောပါ။

အဲသည့်အချိန်မှာ အမေနွဲ့က သူရဲ့ဇာတိဖြစ်တဲ့ အင်းဝနားက မြေငူဆိုတဲ့ ရွာမှာနေပါတယ်။ အမေနွဲ့က ရှေးတုံးက ကျနော် တို့ မမှီလိုက်တဲ့ အကြောင်းတွေကို ပြောရင်းက ဇာတ်လမ်းနောက်တခုကို သွားသတိရလို့ ပြောပြပါသေးတယ်။ အဲသည့် ဇာတ်လမ်း ကလည်း ကျနော်တို့ မိသားစုအတွင်းက ရှေးလူများနဲ့ ပတ်သက်နေပါတယ်။

အမေနွဲ့ ကိုယ်တိုင်လည်း အဲသည့်ဇာတ်လမ်းကို မှီခဲ့တာတော့ မဟုတ်ပါ။ လူကြီးများ ပါးစပ်ရာဇဝင် အနေနဲ့ ထားခဲ့တာ ကနေ တဆင့် သူလည်းသိခဲ့ရတော့ ကျနော်တို့ကို ပြန်ပြောပြတာ ဖြစ်ပါတယ်။ ကျနော့်အဖွားက ဒေါ်အေးခင်လို့ ခေါ်ပါ တယ်။ ဒေါ်အေးခင်ရဲ့ အဖေက ဦးမောင်မောင်လတ် ဖြစ်ပြီး အမေကတော့ ဒေါ်ဒေါ်မိုးလို့ ခေါ်ပါတယ်။ ကျနော့်ကို အဲသည့် ဇာတ် ကြောင်းပြောပြတဲ့ အချိန်မှာ အမေနွဲ့ဟာ အသက် (၉၅) နှစ်လောက် ရှိနေပါပြီ။

အမေနွဲ့က ကျနော့်အဖွားကို ထိန်းရင်း ဒေါ်ဒေါ်မိုးတို့ရဲ့ မန္တလေးအိမ်မှာ အတူတူနေခဲ့ကြပါတယ်။ အမေနွဲ့ ပြောပြတဲ့ ဇာတ်လမ်း က ဒီလိုပါ။

ကျနော်တို့ရဲ့ ဘေးကြီးက "ဘိုးဒိုင်" လို့ခေါ်ပါသတဲ့။ သူက ဦးမောင်မောင်လတ်ရဲ့ အဖေ၊ ဒေါ်အေးခင်ရဲ့ အဖိုးလည်း ဖြစ်ပါ တယ်။ အဲသည့် ဘိုးဒိုင်ဟာ ဘုရင့်ရွှေပန်းထိမ်တော် အမှုထမ်းတွေထဲက တဦးဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ရွှေပန်းထိမ် ဆရာ ပါပဲ။ နောက်တော့ ကျောက်ဆည်မြို့ဝန်ဆီမှာ စာရေးတော်အဖြစ် အမှုထမ်းရတဲ့ ဝန်စာရေးရဲ့ သမီးဖြစ်သူ "ဖွားကွယ်" (ဖွားဂွယ် ဟု အသံထွက်) နဲ့ ဘိုးဒိုင်ဟာ အိမ်ထောင်ကျပါတယ်။

ဘိုးဒိုင် ဘုရင့်ရွှေပန်းထိမ်တော်အဖြစ် အမှုထမ်းရတဲ့ ကာလက အမရပူရနန်းမှာ ပုဂံမင်း အုပ်ချုပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ အမေနွဲ့ ဇာတ်လမ်းအရ ပုဂံမင်းဟာ ထီးနန်းအရေး၊ နိုင်ငံ့အရေးကို စိတ်မဝင်စားပါဖူးတဲ့။ လောင်းကစားကလည်း အလွန် ဝါသနာထုံတဲ့ ဘုရင်ဖြစ်နေပါတယ်။ ပုဂံမင်းဟာ အချိန်ရှိသရွေ့ ကြက်တိုက်၊ ခါတိုက်တဲ့ အလုပ်ပဲ လုပ်နေလေ့ ရှိသတဲ့။ သူ့လက်ထက်မှာ နိုင်ငံအုပ်ချုပ်ရေးရာတွေ လစ်ဟင်းလို့လည်း နေပါတယ်။ တချိန်တည်းမှာလည်း ဘုရင်ဟာ သူနဲ့ အလွမ်း သင့်တဲ့၊ သူ့ကိုဖော်လံဖားနေတဲ့ လူများရဲ့ လက်ထဲမှာ တိုင်းရေးပြည်ရာကို အပ်ထားတဲ့အတွက် အမရပူရမြို့ထဲမှာဆိုလည်း ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီကြားထဲ သူ့လက်ထက်မှာ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ဖြစ်ပြီး အောက်မြန်မာ ပြည် တပိုင်းလုံး အင်္ဂလိပ်အောက် ရောက်သွားခဲ့ပါတယ်။

စပ်မိလို့ တခါတည်း ပြောရရင် အဲသည့်အချိန်တုံးက အမရပူရမြို့တော်ဝန် ဘိုင်ဆပ်ဟာ ဘုရင်မျက်နှာသာ အပေးခံရဆုံး ဝန်ထမ်းတဦးလို့ သိရပါသေးတယ်။ ဘုရင်ကစားလိုတဲ့ ကြက်တိုက်ပွဲ ခါတိုက်ပွဲတွေကို သူကပဲ အမြဲစီစဉ်ပေးရ တယ်လို့လဲ ဆိုပါတယ်။ အဲသည့် မြို့တော်ဝန်ဘိုင်ဆပ်ရဲ့ လက်အောက်မှာ မြို့တော်ဝန်စာရေးက ဦးပိန်တဲ့။ ပုဂံမင်းက တခါတရံ တောင် သမန်အင်းကို ဖြတ်ပြီး တောင်သမန်ရွာဖက်မှာ ထန်းရေသွားသောက်၊ ကြက်သွားတိုက် အစရှိသဖြင့်လည်း လုပ်လေ့ရှိပါ တယ်။ မိုးတွင်းရေတက်တဲ့အခါမှာ တောင်သမန်အင်းကို လှေနဲ့ဖြတ်ရတာ အချိန်ကုန် လို့ဆိုပြီး မြို့တော်ဝန်ဘိုင်ဆပ် အမိန့် နဲ့ ဝန် စာရေး ဦးပိန်က တောင်သမန်အင်းကို ဖြတ်ပြီး တံတားထိုးပေးရပါတယ်။ အဲသည့်အချိန်မှာ လိုအပ်တဲ့ သစ်တွေ အတွက် ကိုတော့ ဝန်စာရေးဦးပိန်က အင်းဝမြို့ဟောင်းက နန်းတော်တိုင် အဟောင်းတွေကို ယူလာပြီး အသုံးပြုတယ်လို့ ဆိုကြပါတယ်။ အခုကျနော်တို့ မြင်နေရတဲ့ တောင်သမန်အင်းက ဦးပိန်တံတား ဆိုတာ အဲသည့်အချိန်က ဆောက်ခဲ့တာပါ။ မင်းတုန်းမင်း နန်း ရတာ အင်္ဂလိပ်နှစ်နဲ့ ၁၈၅၂ ခုနှစ် လောက်ဆိုတော့ ဦးပိန် တံတားဆောက်တာဟာ အဲသည့်နှစ်ထက် စော မယ်လို့ တွက်နိုင် ပါတယ်။

ဘုရင်က အဲသလို ဖြစ်ချင်တိုင်းဖြစ်နေတော့ သူရဲ့ညီတော်နှစ်ပါးဖြစ်တဲ့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားက တခုခု တော့ လုပ်မှဖြစ်တော့မယ်ဆိုပြီး ပြင်ဆင်မှုတွေ ရှိလာပါတယ်။ ဒါကိုလည်း ပုဂံမင်းကို ဖားနေတဲ့ အုပ်စုတွေက သတိထားမိ တော့ ညီတော်တွေကို ဖမ်းဖို့ ဘုရင့်ကို တိုက်တွန်းလာတယ်လို့ ဆိုကြပါတယ်။ တိုတိုပြောရရင်တော့ မင်းတုန်းမင်းသားနဲ့ ကနောင် မင်းသားတို့ မိသားစုများကိုပါ ခေါ်ပြီး ဧရာဝတီမြစ်ကိုဖြတ်လို့ ရွှေဘိုအထိ ထွက်ပြေး တိမ်းရှောင်ရပါတယ်။

ဒီကြားထဲမှာတော့ အမရပူရမြို့တော်ဝန် ဘိုင်ဆပ်လည်း ကံမကောင်းပါဖူး။ ကံမကောင်းဖူး ဆိုတာက သူပုန်ထမဲ့ မင်းတုန်း မင်းသား အုပ်စုနဲ့သွားပေါင်းလို့ မဟုတ်ပါ။ ဘိုင်ဆပ်ကလည်း နောက်ဆုံး ဘယ်လောက်အထိ အာဏာပါဝါ ရူးလာသလဲ ဆိုတော့ ဘုရင်တွေမှ သုံးရတဲ့ ခြေခြောက်ချောင်းပါ ရွှေသလွန်ကို အိမ်မှာသုံးတဲ့ အတွက် ဖြစ်ပါတယ်။ မြန်မာ ပဒေသရာဇ် တွေ လက်ထက်က ဘုရင်ကဘယ်လောက်ပဲ မြှောက်စားမြှောက်စား အလွန်ဆုံး ခြေလေးချောင်းသာ ပါတဲ့ သလွန်အထိပဲ အသုံးပြုဖို့ မြှောက်စားပါတယ်။ သည့်ထက်မပိုပါဖူး။ ပထမတော့ ဘုရင်ကလည်း ဘိုင်ဆပ် တယောက် အဲသလောက် ဖြစ် နေတယ်လို့ မထင်ဖူးတဲ့။ သို့သော် ဘိုင်ဆပ်ကို မကြိုက်တဲ့ ဖြုတ်ချင်နေတဲ့ အုပ်စုတွေက ဝိုင်းတိုင်တော့ မြို့ဝန်ဘိုင်ဆပ် တယောက် သူ့အိမ် မှာ ခြေခြောက်ချောင်း သလွန်ကြီးနဲ့ ပက်ပင်းမိလို့ သေဒဏ်ပေး ခံလိုက်ရပါတယ်။ ဘုရင်ကိုတောင် သင်းက ပြိုင်လာတယ် ဆိုတဲ့ အမှုကြောင့်ပါ။ တံတား အဆောက်ကောင်းတဲ့ ဝန်စာရေး ဦးပိန်လည်း သေဒဏ်ပေးခံရတဲ့ အထဲ အဆစ်ပါသွားတယ်လို့ ဆိုကြပါတယ်။

နောက်တော့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ လက်နက်လူသူစုပြီး အမရပူရထီးနန်းကို လုပ်ကြံပါတယ်။ နန်းသိမ်း တယ် ဆိုပေမဲ့ တိုက်ပွဲကြီးငယ်တွေ မဖြစ်လိုက်ပါဖူးတဲ့။ အခုခေတ်စကားနဲ့ ပြောရရင် မင်းတုန်းမင်းသားရဲ့ ကွန်မင်ဒို (၇ဝ) လောက်က အလစ်အငိုက်မှာ နန်းတော်အထိဝင်ပြီး ပုဂံမင်းကို ဖြုတ်ချလိုက်တာပါ။ ရှိနေတဲ့ ဘုရင့်မှူးကြီးမတ်ရာတွေ၊ ဗိုလ်ချုပ် တွေ၊ ရဲမက်စစ်သား တွေကလည်း ဘုရင်ကို စိတ်ကုန်နေတော့ ဘယ်သူကမှ သူ့အတွက် အသက်အသေခံပြီး ပြန်မတိုက်လို့ အဲသလောက် လွယ်ကူသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲသည့်ခေတ်ရဲ့ ကတ္တီပါ နန်းတွင်း အရေးတော်ပုံလို့ တင်စားရင် ရ မလားပဲ။

အင်္ဂလိပ်သက္ကရာဇ် ၁၈၅၂ မှာ မင်းတုန်းမင်းသား ဘုရင်ဖြစ်လာပါတယ်။ သူ့အကို ပုဂံမင်းကို မသတ်ပဲ နန်းတော်ဝင်းထဲမှာ အိမ်ကြီးအိမ်ကောင်းနဲ့ ထားပြီးစောင့်ရှောက်တယ်လို့ ဆိုပါတယ်။ အဲသည့်ကာလများမှာ နန်းတော်ဟာ မန္တလေးကို မပြောင်း ရသေးပါဖူး။ အမရပူရမှာပဲ ရှိပါသေးတယ်။

ဒီအချိန်မှာ ကျနော်တို့ရဲ့ ဘေးကြီး ဘိုးဒိုင်ရဲ့ အခန်းကဏ္ဍရောက်လာပါပြီ။ မင်းတုန်းမင်း နန်းတက်တော့ သူတို့ နန်းတွင်းရဲ့ ရှေးထုံးတမ်းအရ၊ သူတို့နန်းတွင်း ကွန်စတီကျူးရှင်းအရ အိမ်နိမ့်စံ မင်းသားဘဝက ယူထားတဲ့ မိန်းမကို တောင်ညာစံ မိဖုရား တင်မြှောက်လို့ မရဖူးဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသည့် မိန်းမက ငါးစိမ်းသယ်မ မျိုးရိုးကနေ ဆင်းသက်လာတာ မို့လို့ပါတဲ့။ မင်းမျိုးမင်းသွေးထဲမှာ ငါးစိမ်းသယ်သွေး နှောနေတဲ့အတွက် တောင်ညာစံဒေဝီ မြှောက် မရဖူးပေါ့လေ။ အင်္ဂလိပ် လိုတော့ purple blood အစစ်မဟုတ်လို့ ထင်ပါရဲ့။ ငါးစိမ်းသယ်မဆိုတာ နန်းမတော်မယ်နုကို ရည်ညွှန်းပြောတာပါ။ မင်းတုန်း မင်းရဲ့ အိမ်နိမ့်စံဘဝက လက်ထပ်ထားတဲ့ မိန်းမ (စုဖုရားလတ်၊ စုဖရာကြီးတို့မိခင်) က နန်းမတော်မယ်နုရဲ့ သမီး ဖြစ်နေတာ ကိုး။

ဒါနဲ့ ဖအေတူမအေကွဲ အမဖြစ်သူ စင်္ကြာဒေဝီကို တောင်ညာစံ မြှောက်လိုက်ရပါတယ်။ စင်္ကြာဒေဝီမိဖုရားဟာ သူတို့ခေတ် သူတို့ အခါက ပညာကောင်းကောင်းတတ်တဲ့ နန်းတော်ရေးရာကိုလည်း ကျွမ်းကျင်တဲ့ အမျိုးသမီးလို့ ဆိုကြပါတယ်။ သို့သော်လည်း ငယ်ပေါင်းဖြစ်တဲ့ ဇနီးကိုလည်း နှစ်သိမ့်တဲ့ အနေနဲ့ ဆင်ဖြူလေးတကောင် မင်းတုန်းမင်းက ပေးသနားပြီး ဆင်ဖြူမရှင်ဆိုတဲ့ ဘွဲ့ကို အပ်နှင်းလိုက် ပါတယ်။ အဲသည်တော့ အဆိုပါဆင်ဖြူလေး လည်ပင်းမှာဆွဲဖို့ ရွှေခလောက်လေး တခု လုပ်ဖို့အတွက် လည်း ရွှေတိုက်တော်ကနေ ရွှေတပိဿာ ချီးမြှင့်ပါတယ်။ ပညာလည်း မတတ်၊ ငါးစိမ်းသည်မသမီး လည်း ဖြစ်တော့ ဆင်ဖြူ မရှင်ဆိုတဲ့ ဘွဲ့နဲ့ပဲ တင်းတိမ်လိုက်ရပါတယ်။

သူတို့ခေတ်တုံးကလည်း ကွန်စတီကျူးရှင်းနဲ့ ကိုင်ပေါက်ရင် ဘုရင်တောင် လွန်ဆန်လို့မရခဲ့ပါဖူး။ တဖက်မှာလည်း နန်းမတော် မယ်နု သမီးဆိုတော့ သူ့အမေဆိုးခဲ့တာတွေနဲ့ ပတ်သက်ပြီး နန်းတော်ထဲက မှူးကြီးမတ်ရာတွေက မုန်းနေဟန် လည်း ရှိပါ တယ်။

ပထမဆုံး ဘုရင့်ရွှေပန်းထိမ်တော် တဦးက အဲသည့်ရွှေတပိဿာနဲ့ ရွှေခလောက်လေး လုပ်ပြီး ဆင်ဖြူလေးလည်ပင်းမှာ ဆွဲပေး လိုက်ပါတယ်။ သို့သော် ဆင်ကလေး လမ်းလျှောက်တဲ့ အခါမှာ ခေါင်းလောင်းက အသံမလွင်ဘဲ ဘတ်သလတ် လတ် ဖြစ်နေ ပါသတဲ့။ ဒါနဲ့ စိတ်တိုင်းမကျလို့ နောက်ထပ် ဘုရင့်ပန်းထိမ်တော် တဦးကို ပြန်ပြင်ခိုင်းပါတယ်။ အဲသည့် ပန်းထိမ်တော်ကတော့ ကျနော့်တို့ရဲ့ ဘေးကြီး ဘိုးဒိုင်ပါ။

ပန်းထိမ်ဆရာပီပီ ဘိုးဒိုင်က ချက်ခြင်းရိပ်မိပါသတဲ့။ အရင် ပန်းထိမ်ဆရာက ရွှေတပိသာလုံးကို တရွေးစိမှ အပွန်းမခံဘဲ လုပ် ပေးလိုက်တဲ့အတွက် ခေါင်းလောင်းဟာ လိုအပ်တဲ့ မာဆင့် မရှိလို့ အသံမလွင်တာ ဆိုတာကို သိလိုက်ပါတယ်။ အဲတာကြောင့် ဘိုးဒိုင်က သူပြန်ပြင်တဲ့ အခါမှာ ခေါင်းလောင်းလေးက ရွှေငါးဆယ်သားကို နှုတ်လိုက်ပြီး ကြေးငါးဆယ်သား ပြန်ရောပြီးမှ လုပ်ပါတယ်။ အဲသည့်အခါကျမှ ခေါင်းလောင်းလေးဟာ အသံလွင်လာသလို ရွှေအရောင်လည်း မမှိန်ဘဲ ရှိပါသတဲ့။ အရင် ပန်းထိမ်ဆရာက ဘုရင့်ရွှေဆိုတော့ နုတ်ပြီး ယူမထားရဲဖူး။ သိသွားလို့ကတော့ ခေါင်းပြတ်မှာ မဟုတ် လား။ ဒါပေမဲ့ ဆင်ဖြူ မရှင်ကတော့ ဘိုးဒိုင်တို့များ လက်ရာလည်းကောင်း ခိုင်းတဲ့အတိုင်းလည်း လုပ်နိုင်တယ်ဆိုပြီး ချီးမွမ်း သတဲ့။

ဒါနဲ့ကျနော်က အမေနွဲ့ကို မေးပါတယ်။ ဘိုးဒိုင်က အဲသည့် ရွှေငါးဆယ်သားကို ဆင်ဖြူမရှင်ကို ပြန်ပေးသလားလို့။ အမေနွဲ့ ပြော တာကတော့ ဘိုးဒိုင်က အဲသည့်ရွှေငါးဆယ်သားကို နှုတ်ယူထားလိုက်ပေမဲ့ သိမ်းထားတယ်တဲ့။ မလိုတဲ့သူ တယောက်ယောက် က ကြားထဲကနေ ဂုံးချောရင် အသင့်ပြန်ပေး နိုင်အောင်ပေါ့။ ဘုရင်တွေ ခေတ်ကလည်း ဂုံးချော ဂုံးတိုက်တဲ့ အလုပ်က နန်း တွင်းမှာ ကဏ္ဍတခုအနေနဲ့ ရှိနေလေတော့ အတော်လေး သတိထားရတယ်လို့ ဆိုကြပါတယ်။ နောက်မေ့သလောက် ရှိတော့ လည်း ကိုယ်သုံးမှာပေါ့ကွယ်လို့ အမေနွဲ့က ထင်ကြေးပေးပါတယ်။

ဒီဇာတ်လမ်းက အမေနွဲ့ မမွေးခင်က ဖြစ်ခဲ့တာဆိုပေမဲ့ ရှေးလူကြီးများ ရယ်စရာအဖြစ်နဲ့ လက်ဆင့်ကမ်းလာခဲ့လို့ အမေနွဲ့ အနေ နဲ့ ကျနော်တို့ကို ပြန်ပြောနိုင်တာ ဖြစ်ပါတယ်။

ဘုရင်ဆိုတာ စိတ်မလိုရင် မလိုသလို မည်သူ့မဆို သေဒဏ်ပေးနိုင်ပါတယ်။ သို့သော် ဉာဏ်ကိုလွှာသုံးနိုင်တော့ ဘုရင့်ရွှေ တောင် ကိုယ့်ရွှေဖြစ်လာသေးတာပဲ မဟုတ်လား။

ဇော်မင်း (လူ့ဘောင်သစ်)
၁၁ ရက် ဒီဇင်ဘာလ ၂ဝဝ၈ ခုနှစ်

4 comments:

MHM said...

ပြောချင်တဲ့ အတွေးနဲ့ ဇာတ်လမ်းလေး ကောင်းပါတယ်။ ဒါပေမဲ့ အချက်အလက် အချို့ လုံးဝ လွဲနေပါတယ်။ အိမ်နိမ့်စံဘ၀က ယူထားတဲ့ မယားကို မဟေသီ မြှောက်လို့ မရတာ မဟုတ်ပါ။ စကြာဒေ၀ီကို တပင်တိုင်မင်းသမီး အဖြစ် ချီးမြှင့်ထားတာကိုက နောက်တက်တဲ့ မင်းက လက်ထပ်ပြီး တောင်ညာစံပေးဖို့ လျာထားလိုက်တာပါပဲ။ ပုဂံမင်းက နှမ အရင်းမို့ မယူခဲ့တာပါ။ မင်းတုန်းမင်းက ယူလိုက်တော့ အားလုံး ကျေနပ်ရတာပါပဲ။ အလယ်နန်းမိဖုရားကို ဆင်ဖြူပေးတာက စကြာဒေ၀ီ ကွယ်လွန်တော့မှပါ။ သူက စကြာဒေ၀ီ မရှိရင် တောင်ညာစံ ဖြစ်နိုင်ခွင့် ရှိသူ ဖြစ်ပါတယ်။ သို့ပေမဲ့ မင်းတုန်းမင်းက နေရာမပေးလိုလို့ ဆင်ဖြူပေးပြီး နှစ်သိမ့်လိုက်တာပါ။

ဒူကဘာ said...

အင်း ... ဆက်ပြီး တွေးနေမိတာ ကတော့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်အောင် ပို့ပေးနိုင်မဲ့ ဥာဏ်လွှာသုံးမဲ့ သူများ ဘယ်တော့ ထွက်ပေါ်လာ လိမ့်ဦးမလဲ....?

မေငြိမ်း said...

ွှအဲဒီရွှေခလောက်ကိစ္စ.. ကြားဖူးခဲ့တယ်။ ခုတော့ သိပီ။ ဘိုးဒိုင်ကိုး...။ ဒါနဲ့ အဲ့ရွှေတွေ ဘယ်ဆီရောက်ကုန် ပတုံး .ဟဲဟဲ..။ အင်း သမိုင်းအချက်အလက်မသိတော့ မပြောတတ်။ ဖတ်လို့တော့ တယ်ကောင်း။

Hmoo said...

Wowwww yes,50 percent,not 90%

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.