ရွက်မွန်စာမျက်နှာ

Sunday, January 4, 2009

ဗွီးရှင်း (Vision)


နှစ်ကူးပြန်ပေါ့။ ၂၀၀၉ ရောက်ခဲ့ပြန်တယ်။
လွန်ခဲ့တဲ့ ၉ နှစ်၊ သက္ကရာဇ် ၂၀၀၀ ပြည့်တုန်းက "ထောင်စုနှစ်အသစ်" ထဲကို ကျနော်တို့ နိုင်ငံက စိတ်သစ်လူသစ်နဲ့ ချီတက် ပူးပေါင်းနိုင်မလားလို့ စိတ်ကူးမိခဲ့သေးတယ်။ ဒီလိုနဲ့ တနှစ်ပြီးတနှစ် ဖြတ်လာ၊ ကျနော်တို့လည်း ၉ -နှစ် အိုလာ ခဲ့တယ်။
ခုနှစ်ကူးမှာတော့ မကေသွယ်ရဲ့ "ဆယ်လမွန်ငါးတို့အပြန်" ကို ထူးထူးခြားခြား ဖတ်လိုက်ရတယ်။ စိတ်ကြည်နူးပျော်ရွှင်စရာ မျှော်မြင်ချက်ကလေးပါပဲ။ ကျနော်လည်း ဘလော့မိသားစုနဲ့ ဝေးနေတာ၊ တာဝန်တွေ ပျက်နေတာ တော်တော်ကြာပေါ့။ မိတ်ဆွေတယောက်က "ဘလော့ခွင့်ရက်ရှည်ယူသွားတဲ့ ကို ယောဟန်အောင်" ဆိုပြီး ရေးခဲ့သေးတယ်။ နှစ်သစ်ကူး နှုတ်ဆက် ကြတဲ့ မိတ်ဆွေများအားလုံးလည်း ကျေးဇူးပါဗျာ။ တကယ်မအားလို့ စာမရေးဖြစ်ခဲ့တာပါ။ အခုတော့ အမေရိကန်ဆောင်း ပြန်ခို နေရချိန်မို့ စာပြန်ရေးနိုင်မယ် ယူဆပါတယ်။

ဒီတလောထဲမှာ ကျနော်က ပရောဂျက်တွေ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ သင်တန်းတွေမှာ ကြားနာခဲ့ရတယ်။ ထူးထူးခြားခြား ဆရာတဦးက မြို့မငြိမ်းရဲ့ "လူချွန်လူကောင်း" သီချင်းကို မျှော်မြင်ချက် (Vision) နဲ့ ပတ်သက်လို့ ကိုးကားဖော်ပြလာခဲ့ တယ်။ သူက ပြောတယ်... "မြို့မငြိမ်းတို့များ လွန်ခဲ့တဲ့ နှစ် ၄၀-၅၀ လောက်ကတည်းက ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်တဲ့ မျှော်မြင်ချက် ကို ဖော်ပြခဲ့တယ်... ဘယ်လောက် အမျှော်အမြင်ကြီး လိုက်သလဲတဲ့"

"ကြည့် .... လျှပ်စစ်အား အသုံးများတဲ့အပြင် ... တဲ့ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်လာရင် လျှပ်စစ်အား အသုံးများရမယ် ဆိုတာ ဟိုအချိန်ကတည်းက ကြိုပြောထားခဲ့တယ်တဲ့" ဟုတ်ပါရဲ့။ ကျနော်တို့ နိုင်ငံခေါင်းဆောင်တွေလည်း သူ့လို စဉ်းစား မိသင့်ပါရဲ့။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးက မီးမလာတော့လည်း မသင့်လှပေဘူး။ ဒါနဲ့ ဒီသီချင်းကို အကြိမ်ကြိမ် ပြန်နားထောင်မိ။ မြို့မငြိမ်းကို ပိုလေးစားမိ ဖြစ်လာတယ်။ အခုလို နှစ်သစ်ကူး အချိန်မျိုးမှာ မိတ်ဆွေတွေကို ပြန်ဝေငှ ဖလှယ်နားထောင်စေချင် တာမျိုး ဖြစ်လာခဲ့တယ်။

ဒီသီချင်းကို ကျနော် ငယ်ငယ်ကတည်းက ကြိုက်မိတယ်။ ကျနော် ဆေးတက္ကသိုလ် (၂) မှာ တက်နေတုန်းက စိတ်ကူး ယဉ်ခဲ့ ဖူးတယ်။ တချိန် ကျနော်က ဆရာဝန်ပေါက်စလေးဖြစ်လာရင် နယ်ကို သွားမယ်။ ဆေးခန်းကလေးတခု ဖွင့်မယ်။ ဆင်းရဲတဲ့ လူနာတွေကိုလည်း အလကား ကုသပေးမှာပေါ့။ ကျနော်က မြို့မငြိမ်းရဲ့ ခုသီချင်းထဲက စာသားအတိုင်း ဆေးခန်း နာမည် ကိုလည်း "ကိုယ်နဲ့ထပ်တူ" ဆေးခန်း နာမည်ပေးဖို့ စဉ်းစားထားသေးတယ်။ အခုတော့ "ကိုယ်နဲ့ထပ်တူ" ဆေးခန်း ကလေး လည်း လက်တွေ့ မဖြစ်မြောက်နိုင်တော့ပါဘူး။ ကျနော်လည်း ကျောင်းနဲ့ ၁၉၈၈ ကတည်းက ဝေးခဲ့ရတယ်။ ဒါပေ မယ့် ဒီသီချင်း က တကယ်တန်ဖိုးရှိတဲ့ သီချင်းလို့ ထင်မိတယ်။

ကျန်တဲ့သူ အများကလည်း ဒီသီချင်းနဲ့ ပတ်သက်လို့ ဆောင်းပါးအများအပြား ပြန်ရေးခဲ့ဖူးပါတယ်။ ကျနော်ကတော့ ဒီတခါ အမြင်အသစ်နဲ့ ပြန်နားထောင်မိပါရဲ့။

ကိုသုမောင် ပြန်ဆိုထားတဲ့ "လူချွန်လူကောင်း" သီချင်းကို ဒီနေရာမှာ ဒေါင်းလုပ် ရနိုင်ပါတယ်။


လူချွန်လူကောင်း
ရေး။ ။ မြို့မငြိမ်း

(ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ်စိုပြည်လွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေ သန်မြန်အောင်မြင်….။

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံသွဲ့ နာပျော်ဖွယ်ကြည်ကြည်လင်
လုပ်ငန်းကို ကိုယ်စီဝင် စက်ရုံ ကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတခွင်က အရောင်းအ၀ယ် စုံဆန်သာသည်ပင်….။

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မ မိတ်ဆွေတွေကို
ကြည်ညိုစွာ မြင်လိုက်ချင်
ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင်
ရိုသေခင်မင် အားတက် အလေးပြုလျှက်ပဲ အစဉ်…။)၂

ကစားခုန်စား စွမ်းအားဘက်တွင်
စံချိန်ရင်ဘောင်တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်
သန်မြန်ယောက်ျားဘသားပင်...

လျှပ်စစ်အားအသုံးများတဲ့ အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက် မြေတခွင်
သစ်ပင်တွေ မြေတွင်းဓာတ်တွေ
ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာယှဉ်
အကြံဉာဏ်ဝေဖန် မျှော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းရင်
မြေပြင်လေပြင်နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်…။


((ဆရာဝန် ပညာတွေကိုသင်
ခေတ်ရောရှေ့မီ သမားကျော်များပင်
လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်ထား ညွန်ကြားညွန်ကြား
သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်)၂

(ကလေးလေးတွေ ပညာရရှိဖို့တော့
အဖအမိပုံသွင် အာစရိတွေပင်)၂
လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်...

ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းရင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်) ၂

ဒီသီချင်းကို ပြန်နားထောင်မိတဲ့အခါ ... သူပြောတဲ့ လူချွန်လူကောင်းဆိုတာ အခုခေတ် ကျနော်တို့ ပြောနေတဲ့ Human resources လို့ ပြန်နားလည်လာတယ်။ တကယ်က စီးပွားရေးစနစ်တခု ဖွံ့ဖြိုးဖို့ မြေ၊ လုပ်အား၊ အရင်းအနှီး (Land, labor, capital) လိုတယ် ဆိုရာမှာ လူသားအရင်းအမြစ်ကိုပါ ပြောလာကြတယ်။ ဒါကို ဖွဲ့ဆိုခဲ့တာလို့ သဘောပေါက်လာတယ်။
အဲသည်မှာ လူချွန်လူကောင်းဆိုတာကလည်း ဘက်ပေါင်းစုံ ကဏ္ဍက လူတွေ ပါနေတယ်။

သူက လယ်သမားတွေ၊ စက်ရုံလုပ်သားတွေသာမက ကုန်သည်တွေကိုလည်း ထည့်စဉ်းစားထားသေးတယ်။ "ကြည်းရေ တခွင်က အရောင်းအ၀ယ် စုံဆန်သာသည်ပင်…" မဟုတ်လား။ နောက်တော့ တိုင်းပြည်တခု ဖွံ့ဖြိုးဖို့က လျှပ်စစ်အား အသုံးများဖို့ လိုတယ်လည်း ပြောခဲ့သေးတယ်။

ဒါတင်မဟုတ်ဘူး။ "တွင်တွင်ကျယ်ကျယ် ထက်အောက် မြေတခွင်... သစ်ပင်တွေ မြေတွင်းဓာတ်တွေ ... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်" တဲ့ သစ်ထုတ်တာတွေ၊ ဓါတ်သတ္တုထုတ်တာတွေကို ကိုယ့် အမျိုးသားတွေက တတ်ကျွမ်းကျင်ရမယ် ဆိုတာလည်း ပြောခဲ့သေးတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကိုလည်း ချန်မထားခဲ့ဖူး။ အားကစားသမားတွေက လည်း တကယ်တော့ နိုင်ငံဂုဏ်ဆောင်တွေထဲ ပါသင့်သေးတယ်။

အုပ်ချုပ်ရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပညာတွေကိုလည်း ထည့်ပြောခဲ့သေးတယ်။
"ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င် သုံးသပ်လေ့လာယှဉ်... " တဲ့။ Comparative studies ကို ပြောတာလို့ ကျနော် နားလည်လာတယ်။ ဒါတင်မက " အကြံဉာဏ်ဝေဖန် မျှော်လို့မြင်..ငါတို့ပြည်ထောင်စုတွင်" တဲ့။ Vision ရှိရမယ် ဆိုတာပါ ပြောခဲ့သေးရဲ့။ "ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းရင် ... မြေပြင်လေပြင်နှံ့ စပ်စုံလင်" လို့လည်း ပြောခဲ့သေးတယ်။ ပင်လယ်ကူး သင်္ဘောအတတ်တွေ၊ လေယာဉ်ပျံမောင်း အတတ်တွေကိုလည်း ပြောခဲ့သေးတယ်။ နိုင်ငံအလံတင် သင်္ဘော ကုမ္ပဏီအဖြစ် ရည်ရွယ်ခဲ့တဲ့ ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီက (၁၉၅၉) မှာထောင်တာ။ အခု ၂၀၀၉ မှာ နှစ် (၅၀) ပြည့်လာ တဲ့ အချိန်မှာ ကမ်းရိုးတန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေသာ ပြေးတဲ့သင်္ဘော အဆင့်ကနေ မတက်သေးဘူး။ မြန်မာ့လေကြောင်း ကတော့ အားလုံးသိကြတဲ့ အတိုင်းပေါ့။

ဒါတင်မကဘူး။
" စံချိန်ရင်ဘောင်တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်
သန်မြန်ယောက်ျားဘသားပင်..." လို့ ပြောခဲ့သေးတယ်။ (International standardization, physical fitness) တွေကို ဆိုလိုတာလို့ ကျနော်နားလည်တယ်။ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ဆိုတာကတော့ ဒီကနေ့ (Globalization) ကမ္ဘာ လွှမ်းပတ် ဆက်သွယ်မှုကို ကြိုပြောထားခဲ့တယ်လို့ ဆရာ ချစ်ဦးညိုကလည်း ဒီသီချင်းနဲ့ ပတ်သက်လို့ ရေးထားတာ ဖတ်ဖူး တယ်။

ဆရာမြို့မငြိမ်းရဲ့ မျှော်မြင်ချက် (vision) က ကြီးလှတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀-၅၀ ကတည်းက ကြိုတွေးလာတဲ့ အခြေအနေ။ တကယ်တိုင်းပြည်ကို ဦးဆောင်နေတဲ့ လူတွေက ဒီလိုမျှော်မြင်ကြရင်လည်း ကောင်းတာပေါ့။ မျှော်မြင်ချက်က တကယ် အကောင်အထည် မဖော်ဖြစ်ရင် စိတ်ကူးယဉ်အိပ်မက်နဲ့ သိပ်မထူးလှဘူး ဆိုတာလည်း တွေးမိသေးရဲ့။

၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းတက်လာတော့ ဗိုလ်ချုပ်ခင်ညွန့်တို့က "မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်" တဲ့။ မျှော်မြင်ချက်ထားခဲ့ကြတယ်။ အာဏာသိမ်း နှစ် (၂၀) ပြီးခဲ့တဲ့ ဘေဂျင်းအိုလံပစ်မှာ မြန်မာနိုင်ငံက အားကစားသမားတွေ သွားယှဉ်ကြတော့ ၆ ယောက်လား သွားနိုင်တာကို တွေ့ရတယ်။ ကမ္ဘာလွှမ်းဖို့ ဆိုရင်တော့ နှစ် ၂၀၀-၂၀၀၀ လောက် စောင့်ရဦးမယ် ထင်မိတယ်။

အင်း... နှစ်သစ်ကူးမှာ ထူးထူးခြားခြား ဆိုရမလား။ ထိုင်း-မြန်မာနယ်စပ်က အတိုက်အခံတွေရဲ့ တပ်ပေါင်းစု NCUB က အစိုးရတရပ် စင်ပြိုင်ဖွဲ့တော့မယ်လို့ ကြေညာတာကို ကြားလိုက်ရတယ်။ အင်း... ကျနော်ကတော့ ဘာမှ မပြောချင်တော့ပါ ဘူး။ မျှော်မြင်ချက်တွေ ကြီးကြပါစေ။ လက်တွေ့လည်း အကောင်အထည် ဖော်နိုင်ကြပါစေဗျာ။

ယောဟန်အောင်
၂ ဇန် ၂၀၀၉

2 comments:

Hmoo said...

MC student ..Dan Tant Dan...

Ngu Wah said...

yes.., i also felt like that when i attended his training and at that time he used that song and also ko mya gyi's song.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.