ရွက်မွန်စာမျက်နှာ

Wednesday, February 18, 2009

လူသားဝါဒ ထွန်းကားပါစေ

ထိုင်း
နိုင်ငံရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေ Development ကိုကြည့်ရင် ကောင်းတာတွေ ပါသနေသလို အခုအထိ မတိုးသာ မဆုပ်သာ ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း နေရာ အတော်များများမှာ တွေ့နိုင်သည်။ ထိုသို့များမြောင် လှသည့် ကိစ္စများထဲမှ တခုကတော့ လူ့အခွင့်အရေး ကာကွယ်ရေးဆိုသည့် ခေါင်းစဉ်က ထိပ်ဆုံးမှာ ရှိနေသည်။ ထိုင်းလူ့အဖွဲ့ အစည်း၏ လူ့အခွင့်ရေး ကာကွယ်ပေးရေး အပေါ်တွင်ထားရှိသည့် အမြင်က မည်သို့ရှိသနည်း။ စိတ်ဝင်စားဖွယ် ဖြစ်သည်။

လူ့အခွင့်အရေး ကာကွယ်ပေးခြင်းအပေါ် ထိုင်းလူ့အဖွဲ့အစည်း၏ အမြင်ဆိုတာကို Institute of Southeast Asian Studies တက္ကသိုလ်က ပါမောက္ခ ပါဗင် ချတ်ချာဗဲလ်ပုန်ပန် Dr। Pavin Chatchavalpongpun ဆိုသူက အခုလို မှတ်ချက်ပေး ထား သည်။

"တန်းတူညီမျှ အခွင့်အရေးရှိခြင်း ဆိုတဲ့ကိစ္စသည် ထိုင်းလူ့အဖွဲ့အစည်း အတွင်းမှာ ယုံမှတ်မှားချက် ဒဏ္ဍာရီ တခုလို ဖြစ်နေ သည်။ တန်းတူညီမျှမှု ဆိုသည့်ကိစ္စသည် ထိုင်းတို့၏ စရိုက်လက္ခဏာ အစိတ်အပိုင်းအဖြစ် ဘယ်တုံးကမှ မရှိခဲ့ပေ။"

နိုင်ငံတကာ မီဒီယာများမှ ထိုင်းတပ်မတော်အား ရိုဟင်ဂျာ ဒုက္ခသည်များကို ပင်လယ်ထဲတွင် လက်လွတ်စပယ် ပြန်၍ မျှော လိုက်သည် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲ ရေးသားခဲ့ကြသည်မှာ မကြာသေး။ ထို့အတွက် ထိုင်းနိုင်ငံသည် နိုင်ငံ တကာ အလယ်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ နာမည်ပျက်စာရင်း အသွင်းခံရမည့် အရေးကို စိုးရိမ်၍ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် အနေဖြင့် ပြန်လည်ဆယ်မရန် ကြိုးစားနေရသည်။ ထို့ကြောင့် ကုလသမဂ္ဂ အေဂျင်စီ တခုဖြစ်သော UNHCR တာဝန်ရှိသူများနှင့် အန်ဂျီအိုများအား အထက်ပါလှေစီး ဒုက္ခသည်များနှင့် စပ်လျှဉ်း၍ မေးမြန်းစုံစမ်း ဖေါ်ထုတ်ရန် ခွင့်ပြု ခဲ့ရသည်။

ယခင် ဝန်ကြီးချုပ် တပ်ဆင်ရှီနာဝါ လက်ထက်တုံးကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သတ်၍ ပြင်းပြင်း ထန်ထန် ဝေဖန်ခံခဲ့ရဘူးသည်။ သာဓက တခုအနေဖြင့် တင်ပြရလျှင် မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုသည့် ခေါင်းစဉ် အောက်တွင် ၂ဝဝ၃ ခုနှစ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားသည်ဟု သံသယရှိခံရသည့် လူပေါင်း (၂, ၅ဝဝ) ကျော် အာဏာပိုင်တို့၏ လက်ချက်ဖြင့် သတ်ဖြတ် (သို့မဟုတ်) သေဆုံးခဲ့ရသည်။ ၂ဝဝ၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ဝန်ကြီးချုပ် တပ်ဆင်မှ မူးယစ် ဆေးဝါး နှိမ်နင်းမှု အောင်မြင်ခဲ့သည်ဟု ကြွေးကျော်ခဲ့သည်။ ထိုကြွေးကျော်မှုကို ထောက်ခံသည့် အနေဖြင့် ဘန်ကောက်မြို့ လယ်တွင် လူပေါင်း ငါးသောင်းကျော်ကလည်း ချီတက်ပွဲ ဆင်နွှဲခဲ့ကြ သေးသည်။

(စာရေးသူ၏ စကားချပ်။ ။ ထိုစဉ်က ထိုင်းလူ့အဖွဲ့အစည်းအတွင်း အငြင်းပွားမှုများလည်း ဖြစ်ပွားခဲ့သည်။ လူလတ် တန်းစား ပညာတတ်များနှင့် တက္ကသိုလ်ကောလိပ်များမှ ပညာရှင်များကတော့ မူးယစ်ဆေးဝါး နှိမ်နင်းခြင်း ဟူသည့် ခေါင်းစဉ် အောက်တွင် ထိုသို့ လက်လွတ်စပယ် သတ်ဖြတ်ခြင်းမျိုးကို အားမပေး၊ မထောက်ခံ။ အဘယ်ကြောင့်ဆိုသော် မူးယစ်ဆေးဝါး နှိမ်နင်းခြင်း ခေါင်းစဉ်ကို အာဏာပိုင်များက တလွဲအသုံးချ၍ လူ့အခွင့်အရေး ချိုးဖေါက်မှာကို စိုးရိမ်ပူပန် သောကြောင့် ဖြစ်သည်။ သို့သော်လည်း သာမန်လူတန်းစား များအနေဖြင့် အစိုးရမှ မူးယစ်ဆေးနှင့် ပတ်သက်၍ ထိုသို့ ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းအား ထောက်ခံကြသည်ကို တွေ့ရသည်။)

ထိုအချိန်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူများက ဝန်ကြီးချုပ်တပ်ဆင်အား ၎င်း၏မူးယစ်ဆေး နှိမ်နင်း ရေး ပေါ်လစီကို ခုတုံးလုပ်၍ အစိုးရအရာရှိများက လက်တလုံးခြား ဆောင်ရွက်ခဲ့သည်များ ရှိပါသလောဟု မေးမြန်းလာသည် ကို ဝန်ကြီးချုပ် လုပ်သူက အခုလို ပြန်လည်ဖြေကြားသွားခဲ့သည်။ "ကုလသမဂ္ဂဟာ ကျုပ်အဖေ မဟုတ်ဘူး" ဟူသတတ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ လူနည်းစု ထိုင်းမွတ်စလင်များနှင့် ပတ်သက်၍လည်း အစွန်းရောက် ထိုင်းဗုဒ္ဓဘာသာများက ကြင်နာ သနားခြင်း စာနာခြင်းမျိုး မရှိဟု ပါမောက္ခ ပါဗင်က သုံးသပ်ထားသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက်မှု များ ပဋိပက္ခများကြောင့် သေဆုံးခဲ့သူပေါင်း သုံးထောင်ကျော်ခဲ့ပြီ ဖြစ်သည်။ လူနည်းစု မွတ်စလင်များကို သီးခြား လူတန်းစားဟု ခွဲခြားသတ်မှတ်သော အမြင်သည် ထိုင်းလူ့အဖွဲ့အစည်းတွင် ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ကျဉ်း မြောင်းသော လူမျိုးရေး အမြင်ပေါ်တွင် အခြေခံ၍ ဖြစ်သည်။ ထိုင်းတယောက်ဖြစ်ခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ခြင်းနှင့် အတူတူ ဖြစ်သည်ဟူသော အမြင်ကို အခြေခံ ခြင်းကလည်း အစိတ်အပိုင်းတခုသဖွယ် ဖြစ်သည်။

ထို့အတွက် ဗုဒ္ဓဘာသာဝင် ထိုင်းလူမျိုး မဟုတ်ပါက လူ့အခွင့်အရေးကို မခံစားရ (သို့မဟုတ်) မခံစားသင့် ဆိုသည့် အမြင် မှားယွင်းစွာ စွဲကပ်နေခြင်းသာဖြစ်သည်။

ထိုင်းလူ့အဖွဲ့စည်းသည် ရာထူးကြီးသူ၊ အာဏာရှိသူ၊ ချမ်းသာသူ အစရှိသည်တို့ကို ကြောက်ရွံ့ခံ့ငြားရသော ဖြစ်စဉ် အပေါ်တွင် အခြေခံ၍ ဖြစ်တည် လာခဲ့သည်ဟု ပါမောက္ခ ပါဗင်က ဆိုထားသည်။ ထို့အတွက် ထိုင်းနိုင်ငံသည် လွတ်လပ်သောမြေ ဖြစ်သည် ဟု ဆိုသော အဓိပ္ပါယ်သည် တကယ်တန်းတွင် မမှန်ကန်ပေ။ ထင်ရောင်ထင်မှား သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ ကျေးကျွန်စနစ်ကို ထိုင်းနိုင်ငံတွင် ဖျက်သိမ်းခဲ့သည်မှာ နှစ်တရာကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုင်းတို့ကိုယ်တိုင်သည် မလူးသာမလွန့်သာ ရှိသော၊ အခွင့်အရေးများ မကြာခဏ ချိုးဖောက်ခံနေရသော လူမှုထောင်ချောက်ထဲတွင် ပိတ်မိနေဆဲ ဖြစ်သည်။

တချိန်က ထိုင်းနိုင်ငံသည် စစ်ခေါင်းဆောင်များ၏ အမျိုးမျိုးသော အမည်နာမ များအောက်တွင် အုပ်ချုပ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်ကလည်း လွတ်လပ်မှုကို အလေးထားပါသည်ဟု ဆိုသော ကမ္ဘာ့နိုင်ငံများက လူ့အခွင့်အရေး ချိုးဖောက်နေသော၊ ဒီမိုကရေစီကို မျက်ကွယ်ပြုနေသော ထိုင်းစစ်ခေါင်းဆောင် အုပ်ချုပ်သူများကို အမျိုးမျိုးသော အကူအညီများ ပေးခဲ့သည်။

ယနေ့တွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးစနစ်သည် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကျွင်းကျန်နေသည့် အရာတခု ရှိနေသေးသည်ဟု ပါမောက္ခ ပါဗင်က ဆိုသည်။ ထိုအရာကား တန်းတူညီမျှသော လူ့အခွင့်အရေး ကင်းမဲ့နေမှုပင် ဖြစ်သည်။

ထို့အတွက် ရိုဟင်ဂျာ ဒုက္ခသည်များ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်ရပ်သည် ထူးဆန်းသည်ဟု မဆိုနိုင်။ လူ့အခွင့် အရေးကို မျက်ကွယ်ပြုထားသရွေ့ လူသားတို့နှင့် ဆက်စပ်နေသည့် ပဋိပက္ခများ ပြဿနာများသည် ဆက်လက်တည်ရှိ နေဦးမှာပင် ဖြစ်သည်။

(၂ဝဝ၉ ခုနှစ် ဖေဖဝါရီလ (၁ဝ) ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Dr. Pavin Chatchavalpongpun ရေးသားသော The Thai perception of rights protection ဆောင်းပါးမှ အချက်အလက်များကို မှီငြမ်းပါသည်။)

ဆက်ပြီးတင်ပြလိုတာက မြန်မာတွေ ဗမာတွေကော လူသားတို့ ရရှိသင့်တဲ့ လူ့အခွင့်အရေး အကာအကွယ် ပေးခြင်းကို ဘယ် လောက် အတိုင်းအတာ ဘယ်လို အတိုင်းအတာနဲ့ လက်ခံကြပါသလဲ ဆိုတာဖြစ်သည်။ မြန်မာနိုင်ငံ မှာလည်း ဆင်ဆင်တူ နေတာတွေ အများကြီးရှိသည်။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာနှင့် တွဲမြင်ကြသည်။ ရခိုင်၊ မွန်၊ ရှမ်း ဆိုလျှင်လည်း ဗုဒ္ဓဘာသာနှင့် တွဲဖက်၍ မြင်ကြသည်။

ခရစ်ယန်၊ မွတ်စလင် ဆိုပါက ကိုယ်နှင့်မတူ နိုင်ငံခြားသား သဖွယ် သတ်မှတ်ခြင်သည်။ သည်ရက်ပိုင်းအတွင်းမှာ သတင်းများ မှာလည်း တွေ့နေရသည် ခရစ်ယန် ဘုရားကျောင်း အတော်များများ အစိုးရအမိန့်ဖြင့် ပိတ်ခံထိသည်ဟု သိရှိရသည်။ ဝမ်းနည်းဖွယ်ရာများ ဖြစ်သည်။ ချင်းတောင်မှာဆိုလည်း ခရစ်ယန်များကို နှိမ်ထားသည်။ ဘုရားကျောင်း များကို မီးရှို့သည် အထိ ဖြစ်ခဲ့ရသည်။ ချင်းတွေ ထွက်ပြေးကြရ၍ အိန္ဒိယမှာ အမြောက်အများ သောင်တင်နေကြသည်။ စစ်အစိုးရကတော့ အာဏာရှင်မို့ လူ့ဂုဏ်သိက္ခာ ဆိုသည်ကို အလေးမထား။ ထားလိုက်တော့။ သို့သော် နိုင်ငံသား အချင်းချင်း တဦး၏ လူ့ ဂုဏ်သိက္ခာကို တဦးက အပြန်အလှန် စောင့်ရှောက် ပေးဖို့လိုသည်။ နိုင်ငံသားမဟုတ်သည့် ဧည့်သည်များ ဒုက္ခရောက် နေသည်ကိုလည်း လူသားတဦးအနေဖြင့် သတ်မှတ်၍ ကူညီကယ်တင် စောင့်ရှောက်ဖို့ လိုသည်။ သူများတပါးကို ကိုယ်က ကူညီပါမှ ကိုယ့်အလှည့်ကျရင်လည်း သူတပါးက ကိုယ့်ကိုကူညီလိမ့်မည် ဆိုတာ သိမှတ် ထားသင့်သည်။

လူသားအချင်းချင်း စောင့်ရှောက်နိုင်စွမ်းရှိဖို့ လူသားဝါဒ တိုးတက်ထွန်းကားဖို့လိုသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၂ရက် ဖေဖဝါရီလ ၂ဝဝ၉ ခုနှစ်

2 comments:

Kay said...

နာဂစ်ကာလက..အမလိုချစ်ခင်ရင်းနှီးသော ခေတ်ပညာတတ် ဆရာမတယောက်က..အ၀တ်ဟောင်းများပေးလှူဖို့ အဆက်အသွယ်မေးတဲ့အခါ..အသိတယောက်လုပ်နေသော ခရစ်ယန်အဖွဲ့တခုကို ညွှန်းမိပါသည်။ အဲဒီအမက ဆိုသည်မှာ- ဘုန်းကြီးကျောင်းက တဆင့်ပဲ လှူချင်တယ်။ ခရစ်ယန်အဖွဲ့ဆိုရင်တော့..မပေးချင်ဘူး လို့ ဆိုလာခဲ့တယ်။ သူ့ဖက်ကကြည့်ရင်..ယျထဘူတ ကျတာမှန်ပေမဲ့.. ကျဉ်းမြောင်းနေသေးတဲ့..အရောင်ခြယ် ကုသိုလ် များကို ၀မ်းနဲစွာ မြင်နေရ ဆဲပါပဲ။

ကောင်းကင်ကို said...

very good post. great!!!!

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.