ရွက်မွန်စာမျက်နှာ

Thursday, April 2, 2009

လူ့အခွင့်အရေးနှင့် ယနေ့ကမ္ဘာ (အပိုင်း ၂)

ဆာ
ရာယေဗို၊ ဘော့စနီးယား

ဘော့စနီးယားမှာ ခရစ်ယန်နဲ့ မွတ်စလင်တွေ ပြဿနာစပြီး တက်ခဲ့တဲ့အချိန်တုံးက ကမ္ဘာ့သတင်း မီဒီယာဌာနတွေ အများ အပြား အဲဒီမှာ ရှိနေခဲ့ပါတယ်။ ဘော့စနီးယားမှာ ဘာတွေဖြစ်နေတယ် ဘယ်လိုတွေ ဖြစ်ပျက်နေတယ် ဆိုတာ တွေကို ကမ္ဘာ့ ပရိဿတ်ကြီးဆီသို့ နေ့စဉ်နေ့တိုင်း သတင်းများတင်ပြနေပါတယ်။ သို့သော် ဘယ်သူကမှ ဘယ်အင်အားကြီး အစိုးရများကမှ အဲသလို ဖြစ်နေတာတွေကို သိပါတယ် စိုးရိမ်တယ်လို့ ဝန်ခံခြင်း မရှိခဲ့ပါ။ အဲသည့် ပြဿနာတွေ စတင်ခဲ့တဲ့ အချိန်ကတော့ ယူဂို စလားဗီးယားနိုင်ငံ ကွဲပြဲမှုစတဲ့ ၁၉၉၂ ခုနှစ်မှာ ဖြစ်ပါတယ်။

ဘော့စနီးယား ဆာ့ဗ်လူမျိုး ခရစ်ယန်ဘာသာဝင်တွေက ဘော့စနီးယားကို ခရစ်ယန်နိုင်ငံတော် အဖြစ်မြင်လို ခဲ့ပါတယ်။ အဲတာ ရဲ့ နောက်ဆက်တွဲ အကျိုးအဖြစ် ဘော့စနီးယား မူစလင်တွေကို အင်အားသုံးပြီး နှင်ထုတ်ခဲ့ကြပါတယ်။ ဘော့စနီးယား မွတ်စလင် အမျိုးသမီးပေါင်း မြောက်များစွာ မုဒိန်းပြုကျင့်ခြင်း ခံခဲ့ရပါတယ်။

အဲသလို ဖြစ်နေစ အချိန်မှာ ဖောရိန်းပေါ်လစီဂ (Foreign Policy) ဂျာနယ်က အယ်ဒီတာတဦးဖြစ်တဲ့ ရစ်ချတ်ဟိုးဘရုတ် ဆိုသူက အမေရိကန် ဦးဆောင်တဲ့ ဥရောပအဖွဲ့များ ဘော့စနီးယား အရေးကို ဝင်ရောက်စွက်ဖက်စေဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ ဝေါလ်လမ်းမလို့ ခေါ်တဲ့ အမေရိကန် ငွေကြေး စီးပွားရေးအရပ်က ဘဏ်လုပ်ငန်းရှင် တဦးလည်း ဖြစ်ပါတယ်။ ဘော့ စနီးယား ခရစ်ယန်တွေက ဘော့စနီးယား မူစလင်တွေကို သတ်ဖြတ်နေခြင်းဟာ ဂျီနိုစိုက်လို့ ခေါ်တဲ့ မျိုးတုန်း သတ်ဖြတ် မှုမျိုး ဖြစ်နေကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။ အဲတာကြောင့် နိုင်ငံတကာက ဝင်ရောက်တားမြစ် စွက်ဖက်ဖို့ လိုတယ်လို့ တင်ပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဲသည့်အချိန်မှာ ဥရောပနိုင်ငံများ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ တို့က ဘော့စနီးယားကို လက်နက်တင်သွင်းခြင်း ပိတ်ဆို့ဖို့ ဆောင်ရွက်ပါတယ်။ တဖက်မှာ ကြည့်ရင်တော့ ဟုတ်မလို လိုပါဘဲ။ သို့သော် လက်နက်တင် သွင်းမှု ပိတ်ဆို့ခြင်းဟာ လက်နက် ကောင်းကောင်းမွန် မရှိတဲ့ မွတ်စလင် အုပ်စုများ အတွက် အတော်ကြီး ဒုက္ခရောက်စေ ခဲ့ ပါတယ်။ ခရစ်ယန်တွေရဲ့ တိုက်ခိုက်မှုကို ပြန်လည်ကာကွယ်ဖို့ မွတ်စလင်တွေ အတွက် အကြီးအကျယ် အခက်အခဲ တွေ့ခဲ့ရ ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေနဲ့ ဒုက္ခရောက်နေတဲ့ ဘော့စနီးယား မွတ်စလင်များကို လူသားချင်း စာနာတဲ့ အတွက် စားရေရိက္ခာများ ထောက်ပံ့ခဲ့ပါတယ်။ အဲတာက ၁၉၉၂ ဇူလိုင်လထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် အကြီးဆုံး ပြဿနာ ကို ကုလရော၊ အမေရိကန်ရော၊ ဥရောပနိုင်ငံတွေပါ လုပ်ဆောင်ခဲ့ခြင်း မရှိပါဖူး။ ဒါကဘာလဲ ဆိုတော့ ဘော့စနီးယား ခရစ်ယန် တွေက ဘော့စနီးယား မွတ်စလင်တွေကို သတ်ဖြတ်နေခြင်းအား ကာကွယ်တားဆီးပေးခြင်း မရှိခဲ့တာပါဘဲ။

ကုန်ကုန်ပြောရရင် ဒုက္ခသည် စခန်းလို့သတ်မှတ် ထားတဲ့ နေရာမျိုးမှာတောင် ဘော့စနီးယား မွတ်စလင်တွေ အသတ်ဖြတ် ခံနေရခြင်းပါဘဲ။ တချို့နေရာတွေမှာ ဆိုရင် ဒီလိုမျိုးအထိဖြစ်ခဲ့ပါတယ်။ ဘော့စနီးယာ မွတ်စလင်များ အသက်ချမ်းသာချင် ရင် ဘော့စနီးယား ခရစ်ယန်များကို သူတို့ပိုင်ဆိုင်တဲ့ အိမ်မြေယာ စတာတွေကို လက်မှတ် ရေးထိုးပြီး အပိုင်ပေးလိုက်ရခြင်း ဖြစ်ပါ တယ်။ ပြောရရင် ဒုက္ခသည်တွေကို စားရေရိက္ခာပေးရုံမက အသတ်အဖြတ် မခံရအောင် ကူညီဖို့ နိုင်ငံတကာမိသားစု ဟာ တာဝန် ပျက်ကွက် ခဲ့ပါတယ်။

၁၉၉၂ နွေကာလအတွင်းမှာ ကလင်တန်ဟာ သမ္မတ မဖြစ်သေးပါဘူး။ သမတဖြစ်ဖို့ လအနည်းငယ်သာ လိုပါတော့တယ်။ သို့သော် သမ္မတလောင်း တဦးအနေနဲ့ မဲဆွယ်နေတဲ့ ကာလဖြစ်ပါတယ်။ အဲသည်တုံးက ကလင်တန်က ဒီလိုဆိုပါတယ်။ ဘော့စနီးယား ခရစ်ယန်တွေ ဘော့စနီးယား မွတ်စလင်တွေ အပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ရပ်ဆိုင်းသွားဖို့ အတွက် ဘော့စနီးယား ခရစ်ယန်တပ်တွေကို လေတပ်သုံးပြီး ဗုံးကြဲတိုက်ခိုက် တားဆီးဖို့ အဆိုပြုခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ဘော့စနီးယားမွတ်စလင်တွေ အပြင်းအထန် အတိုက်အခိုက်ခံရပါတယ်။ ဘော့စနီးယား ခရစ်ယန် လက်ဖြောင့်တပ်သား အများ အပြားဟာ မွတ်စလင်အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ နေရာတိုင်းမှာ ရှိနေခဲ့ပါတယ်။

ရစ်ချတ်ဟိုးဘရုတ်ဟာ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တဦးကဲ့သို့ ဟန်ဆောင်ပြီး ကုလမှတ်ပုံတင် အတုကိုသုံးပြီး ဘော့စနီးယား နယ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲသည့်နောက်မှာတော့ အမေရိကန်၊ ဥရောပနိုင်ငံများ အနေနဲ့ ဘော့စနီးယားမှာ ကုလငြိမ်း ချမ်းရေး ထိန်းသိမ်းရေးတပ်များ တပ်စွဲဖို့လိုကြောင်း တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည် စခန်းများဆီသို့ စားနပ်ရိက္ခာများ လုံလုံခြုံခြုံ မရောက်ရှိနိုင်ဘဲ ဖြစ်နေတာတွေကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ တင်ပြခဲ့ပါတယ်။ သို့သော်လည်း ရစ်ချတ် ဟိုးဘရုတ်ရဲ့ ဆောင်ရွက်မှုတွေကို ဘယ်သူကမှ အသိအမှတ် မပြုခဲ့ပါဘူး။ နောက်ဆုံးရလဒ် ကတော့ အမေရိကန် အစိုးရက သူ့ကို ဂျာမဏီနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်ထားပြီး ချောင်ထိုး ထားလိုက်ပါတယ်။ "မင်းစကားများလွန်းတယ်၊ ဂျာမဏီ မှာသွားနေ" ဆိုပြီး လုပ်လိုက်တဲ့ သဘောပါ။

တချိန်တည်းမှာလည်း အမေရိကန်တွေ လေတပ်ကိုသုံးပြီး ဘော့စနီးယား ခရစ်ယန်တပ်တွေကို တိုက်ခိုက်မှာကို ဥရောပ နိုင်ငံများက ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်မှာ သူ့တို့တပ်အချို့ ရှိနေလို့ ဖြစ်ပါတယ်။ ပြဿနာတွေ စတင်ခဲ့ တဲ့ ကာလကနေ နောက်ထပ် (၁၅) လအတွင်းမှာ (နိုင်ငံကြီးများနှင့် ကုလတို့ ဘာလုပ်ရမလဲ ဆိုတာတွေ ငြင်းခုံ နေစဉ် ကာလ အတွင်း) ဘော့စနီးယား မွတ်စလင် ကလေး၊ လူကြီး၊ အမျိုးသမီးများ အမြောက်အများ သတ်ဖြတ်ခံခဲ့ရ ပါတယ်။ နောက်ဆုံး မနိုင်ရင်ကာရှိတော့မှ အမေရိကန် အစိုးရဟာ ဂျာမဏီမှာ ပို့ထားတဲ့ ရစ်ချတ်ဟိုးဘရုတ်ကို ပြန်ခေါ်ပြီး ဘော့စနီးယားကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်အတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ လေတပ်များက ဘော့စနီးယား ခရစ်ယန်တပ်တွေကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။ ဘော့စနီးယား မွတ်စလင်တွေကို သတ်ဖြတ်ခံနေရတာကို ထိထိရောက်ရောက် မတား ဆီးနိုင်ခဲ့ပါဘူး။ ဥပမာအားဖြင့် တခုပြောရရင် ကုလတပ်များ ရောက်လာပြီးနောက်ပိုင်း သူတို့ ရှိနေရဲ့သားနဲ့ ကာရာ ဟိုဘတ်ခ်ျ ဆိုတဲ့ မြို့ငယ်လေး တခုတည်းမှာတင် ဘော့စနီးယား ခရစ်ယန်တပ်များက သတ်ဖြတ်လို့ ဘော့စနီးယား မွတ်စလင် လူပေါင်း ရှစ်ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

နောက်ဆုံးတော့ လေတပ်တခုထဲနဲ့ ဗုံးကြဲတာလည်း အရာမထင်တာကြောင့် မြေပြင်တပ်များနဲ့ပါ ဘော့စနီးယား ခရစ်ယန် တွေ ထိန်းချုပ်ထားတဲ့ ဆာရာယေဗိုကို ဝင်ရောက်သိမ်းပိုက်ဖို့ သမတ ကလင်တန်က အမိန့်ပေးခဲ့ပါတယ်။ အဲသလို အမိန့်ပေးခဲ့တဲ့ အချိန်မှာ ဘော့စနီးယားမှာ မွတ်စလင် အရပ်သူအရပ်သားတွေ တောက်လျှောက် အသတ်ခံနေရတာ သုံးနှစ်မြောက် ကာလ အထိ ရောက်ရှိနေပါပြီ။ ရက်ရက်စက်စက် လူတွေကို ပြောင်ကျကျ မျိုးတုံးသတ်ဖြတ်နေတဲ့ အုပ်စုကို နှိမ်နင်းဖို့ သုံးနှစ်တောင် စောင့်ခဲ့ရပါတယ်။

အခုအမေရိကန် သမတအသစ် အိုဘားမားလည်း မြန်မာ့အရေးကို ဘယ်လောက် လုပ်နိုင်မလဲ။ ဥရောပ နိုင်ငံတွေကော ဘယ် လောက် လုပ်နိုင်မလဲ။ မြန်မာစစ်အစိုးရဟာ ဘော့စနီးယား ခရစ်ယန်တပ်တွေလို ပြောင်ကျကျ အစုလိုက် အပြုံလိုက် သတ် ဖြတ်နေတာမျိုး မရှိပေမဲ့ တရိရိနဲ့ သတ်နေတာ နှစ်ပေါင်း မနည်းတော့ပါ။ သက်ဆိုင်သူများ အားလုံး ဒီလိုသမိုင်းတွေ ဖြစ်စဉ် တွေကို သဘောပေါက်ဖို့တော့ အထူးလိုပါတယ်။ အမေရိကန်တွေဟာ သူတို့ ပေါ်လစီကို ပြောင်းလဲချင်ရင် ဘာကိုမှ သိပ်စဉ်း စားနေတာ မဟုတ်သလို တခုတခု လုပ်ဖို့ဆိုရင်လည်း ဖင့်နှေးတတ်တဲ့ သဘောရှိတာကို သိဖို့လိုပါတယ်။ ထပ် ပြောရရင်တော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတာကို နှလုံးပိုက်ဖို့လိုပါတယ်။ တကယ်တန်းကျတော့ နိုင်ငံရေး အကျိုးအမြတ်နဲ့ စီးပွားရေး အကျိုး အမြတ်ဟာ လူ့အခွင့်အရေးရဲ့ အပေါ်မှာ အမြဲတမ်း ရှိနေတတ်ကြောင်း သတိမလစ်ဟင်းဖို့ တင်ပြပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၉ ရက် မတ်လ ၂ဝဝ၉ ခုနှစ်

ဆက်လက်ဖေါ်ပြပါမည်)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.