ရွက်မွန်စာမျက်နှာ

Tuesday, May 19, 2009

အုတ်တချပ်သဲတပွင့် လုပ်အား ထည့်ဝင်နိုင်ပါစေ

မြန်
မာပြည်မှာ ကနေ့ ဖြစ်နေတာတွေကို ကြည့်လိုက်ရင် ကောင်းတဲ့ဘက်ကို ပြောင်းလဲမယ့် အရိပ်အယောင်ဆိုတာ မတွေ့ရ သလောက်ပါဘဲ။ စစ်တပ်က ပြောနေသလို တိုင်းပြည် ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ သူတို့က ကယ်လိုက်ရတယ်ဆိုတာ တကယ်တော့ ဆင်ခြေသက်သက်ပါ။ တိုင်းပြည်ကို လက်တွေ့မှာ ချောက်ထဲတွန်းချနေတာ စစ်တပ်ဆိုတာ အားလုံး သိပါတယ်။

ဒါပေမယ့် စစ်တပ်ကို ပူးပေါင်းပြီး တဖြည်းဖြည်းနဲ့ နားချသွားမယ်ဆိုရင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို နောင်မှာ ရောက်ပါ လိမ့်မယ်လို့ ပြောတဲ့ တသီးပုဂ္ဂလတွေ၊ အဖွဲ့လေးတွေလည်း ပြည်တွင်းပြည်ပမှာ ရှိကြပါတယ်။ ကိုင်း ... အခု အဲဒီ ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေ ဘာများ ပြောချင်ပါသေးလဲ။ ဒေါ်စုကို အင်းစိန်ထောင်ထဲမှာ တရားစီရင်တာ အများသူငါ လာရောက် နားထောင်ခွင့် မရပါဘူး။ တခါးပိတ်ပြီး တရားစီရင်နေတာပါ။ ဒေါ်စုခေါင်းမာလို့၊ အန်အယ်ဒီ အသုံးမကျလို့ ဒီမိုကရေစီရဖို့ဟာ နှေးနေပါ တယ်လို့ ပြောခဲ့သူများ ဘာများ ပြောချင်ပါသေးလဲ။

စစ်တပ်အုပ်ချုပ်လာတဲ့ ၁၉၆၂ ကတည်းက ရှိစုမဲ့စု ဒီမိုကရေစီ ကွယ်ပျောက်ခဲ့ရပါတယ်။ ဒေါ်စုကြောင့် ဒီမိုကရေစီရဖို့ နှေးကွေး နေပါတယ်လို့ စွပ်စွဲနေရင် ပြန်မေးရမယ့် မေးခွန်းတွေလည်း ရှိပါတယ်။ ဘယ်သူက ဒီမိုကရေစီရဖို့ အမှန်တကယ် အလုပ် လုပ်နေလို့လဲ။ စစ်တပ်နဲ့ ပူပေါင်းပြီး တဖြည်းဖြည်းချင်း ဒီမိုကရေစီကို တည်ဆောက်ယူမယ်ဆိုတဲ့ သူများလည်း လက်တွေ့မှာ ဒီမိုကရေစီတန်ဖိုးနဲ့ ကျင့်စဉ်တွေကို မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဘယ်အဆင့်အထိ တည်ဆောက်ပြီးပြီလဲ။

ဒီမိုကရေစီတည်ဆောက်ရေးဟာ ရှည်လျှားတဲ့ ဖြစ်စဉ်ဆိုတာ လူတိုင်း သဘောပေါက်ပြီးသားပါ။ ဒီမိုကရေစီ တည်ဆောက်ဖို့ လွတ်လပ်မှု လိုပါတယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့ကလို လွတ်လပ်မှုမျိုးတွေ ချက်ချင်း တည်ဆောက်လို့ မရတာလည်း လူတိုင်း သိပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ လွတ်လပ်မှုကို တဆင့်ချင်း တလွှာချင်း ဖွင့်လှစ်ပေးနေသလားလို့ ပြန်ကြည့် ပြန်တော့လည်း အနှစ် ၂ဝ အတွင်းမှာ လွတ်လပ်မှုတွေကို ဖွင့်ပေးတဲ့ လုပ်ရပ်မျိုး တခုမှ မတွေ့ရပါ။

စီးပွားရေးအရလည်း လွတ်လပ်မှုတံခါး ဖွင့်ပေးတာမျိုး မရှိသေးပါ။ စစ်အစိုးရကိုယ်တိုင်နဲ့ သူတို့ နောက်လိုက်တွေသာ အကျိုး များတဲ့ စနစ်ကိုသာ တွေ့ရပါတယ်။ ပညာရေးမှာလည်း လွတ်လပ်မှုတံခါး ပိတ်ထားဆဲပါ။ ကျန်းမာရေးဆိုရင်လည်း ချုံးချုံး ကျနေတာ နိုင်ငံသားတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် အသိသာကြီး ဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အာဏာ နဲ့ တိုက်ရိုက်မပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကြည့်လိုက်တော့လည်း အဲဒီတံခါးဟာ ပိတ်ထားဆဲပါ။ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တစာစာပြောနေတဲ့ အဖွဲ့တွေ၊ လူတွေ စစ်အစိုးရကို သဘာဝ အရင်းအမြစ်တွေ အလွန်အကျွံ အသုံးမချဖို့အတွက်တောင် နားဝင်အောင် နားမချနိုင်ဘူးဆိုတာ ထင်ရှားလှပါတယ်။ ဒီလို မလွတ်လပ်တဲ့ တံခါးချပ်များကို တလွှာစီဖွင့်ဖို့တောင် စစ်တပ်ကို လက်ခံအောင်၊ နားဝင်အောင် မပြောနိုင်တဲ့သူတွေက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ အပြောင်း အလဲကို ရေရှည်မှာ ဆောင်ရွက်နိုင်မှာလဲ။ သံသယ ရှိစရာပါ။

တကယ်တမ်း အားမနာတမ်း ပြောရရင် ဒေါ်စု ခေါင်းမာတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လိုက်ပြောနေသူတွေဟာ တချိန်က ဒေါ်စုနားမှာ ရှိခဲ့တဲ့ သူတွေပါ။ တချို့ဆိုရင်လည်း ဒေါ်စုအနီးကပ် လူတွေ မဟုတ်ပေမယ့် ဒေါ်စုကို ထောက်ခံခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ ဆိုရပါက ဒေါ်စုဟာ ထိုသူတွေရဲ့ သစ္စာဖောက်ခြင်းကို ခံရသူပါ။

အခုအခြေအနေက ဒေါ်အောင်ဆန်းစုကြည်လို လူပုဂ္ဂိုလ်မျိုးကိုတောင် ဒီလောက်အထိ သူတို့ဘက်က ပြတ်ပြတ်သားသား ချေမှုန်းနေတယ်ဆိုတော့ နောက်နောင်မှာလည်း ဘယ်လိုလူမျိုးကိုမှ ညှာမယ်မဟုတ်ဘူးဆိုတာလည်း သိသာစေပါတယ်။ တတိယလိုင်း တတိယအင်အားစုလို့ လူသိများနေတဲ့ အုပ်စုထဲက လူတွေလည်း ယောင်လို့ အပြောမှား၊ အဆိုမှား ဖြစ်လို့ ကတော့ စစ်တပ်က ဂုတ်ဆွဲပြီး ထောင်ထဲထည့်မှာ မလွဲပါဘူး။ သတိချပ်စေချင်တဲ့ သဘောနဲ့ အကြံပေးခြင်းပါ။

နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ မပါချင်လည်း နေလို့ရပါတယ်။ ဘာသိဘာသာပေါ့။ ဒါပေမယ့် ဝင်မနှောက်ယှက်ဖို့လည်း လိုပါ တယ်။ ဘဝနဲ့ ရင်းပြီး လုပ်နေသူတွေကို အထင်မကြီးလည်း ရပါတယ်။ ဒါပေမယ့် အဲဒီသူတို့ကို မနှောင့်ယှက်သင့်ဖူးလို့လည်း မြင်ပါတယ်။

ဒီမိုကရေစီရေး ဖြစ်စဉ်မှာ ပြည်သူတွေဟာ သူတို့နည်း၊ သူတို့ဟန်နဲ့ ထောက်ခံဖို့ ကျားကန်ပေးဖို့တော့ လိုပါတယ်။ ဒါကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပဲဖြစ်ဖြစ် ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒီမိုအရေး လုပ်နေသူတွေကို ထောက်ခံပါတယ် ဒါပေမယ့် နိုင်ငံရေးမှာ လူကိုယ်တိုင်တော့ မပါနိုင်ဘူး။ ဒီလိုဆိုလည်း ပြဿဿနာမရှိပါဘူး။ တချို့က လူနဲ့ပါရင်းပြီး နိုင်ငံရေးကို ဝင်ရောက်ဆောင်ရွက်တယ်။ တချို့က ပြောင်ပြောင်တင်းတင်း ထောက်ခံတယ်။ တချို့က တခြားနည်းတွေကို သုံးပြီး ထောက်ခံ တယ်။ လိုရင်းကတော့ မိမိနှစ်သက်တဲ့ ပုံစံနဲ့ ထောက်ခံဖို့ ပံ့ပိုးဖို့ပါပဲ။ ကိုယ့်တပ်ကိုယ် ပြန်နင်းစေတဲ့ လုပ်ရပ်မျိုးကိုတော့ အသိ ဉာဏ်ရှိရှိနဲ့ ရှောင်ရှားဖို့ လိုပါတယ်။

တလောက ဘာသာပြန်ဆရာတဦးက စီးပွားရေးပိတ်ဆို့မှုကို မထောက်ခံဘူးလို့ ပြောလာပါတယ်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် ဒီမိုကရေစီရသွားတဲ့ နိုင်ငံမျိုး မတွေ့သေးဘူးလို့လည်း ဆိုပါသေးတယ်။ ဒါဟာ ဘာသာပြန်ဆရာရဲ့ အလုပ်မဟုတ်ပါ။ သူဟာ နိုင်ငံရေးထဲ ခုန်ဝင်လာချင်လို့လား ဒါမှမဟုတ် ပညာရှင်တဦးလို တင်ပြချင်လို့လားဆိုတာ တွေးစရာပါပဲ။ ပညာရှင်တဦးလို ထောက်ပြချင်ရင်တော့ တကယ့်ပညာရှင်တဦးလို သေသေချာချာ ချဉ်းကပ်တင်ပြသင့်ပါတယ်။ သာမန်စကားဝိုင်း၊ အင်တာဗျူး အတိုတွေနဲ့တော့ ပြည့်စုံအောင် တင်ပြနိုင်မှာ မဟုတ်ပါဘူး။

နာမည်ကြီး စာရေးဆရာ တဦးကတော့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒီမိုကရေစီရနိုင်တယ်လို့ မပြောပါဘူး။ ဒါပေမယ့် သူပြော တာကတော့ ဒီစီးပွားရေးပိတ်ဆို့မှုကြောင့် စစ်အစိုးရအနေနဲ့ လုပ်ချင်တိုင်း လုပ်လို့မရတာကတော့ အမှန်ပဲလို့ ပြောသွားပါ တယ်။ နို့မဟုတ်ရင် ဥပမာအားဖြင့် အန်အယ်ဒီဟာ ဖျက်သိမ်းခံရတာ ကြာလှရှိပြီတဲ့။ ဒီလိုတင်ပြတာမျိုးက ပိုပြီး သဘာဝ ကျပါတယ်။ ဘက်လိုက်တာ မဟုတ်ပါ။ လေလှိုင်းမှာပဲဖြစ်ဖြစ်၊ စကားဝိုင်းတွေမှာပဲဖြစ်ဖြစ် ပရိသတ်ကို တင်ပြရတာ အချိန် တိုလွန်းပါတယ်။ အချိန်တိုတိုအတွင်း လူထုကို ကွင်းကနဲ ကွက်ကနဲ ဖြစ်စေနိုင်တဲ့ မက်ဆေ့ခ်ျပေးတာမျိုးက လက်တွေ့ အကျ ဆုံးပါပဲ။

အခု စစ်အစိုးရလုပ်ရပ်ဟာ လူထုအကြားမှာ မကျေနပ်မှုတွေ ဖြစ်စေဖို့ ထပ်ပြီး လုပ်တာနဲ့ အတူတူပါပဲ။ ညှိညှိနှိုင်းနှိုင်း လုပ်ကြ မယ်ဆိုတဲ့ အပြုသဘော ဆောင်ရွက်ချက်ကို ဒီအနှစ် ၂ဝ အတွင်းမှာ မမြင်ခဲ့ရသေးပါ။

သေနတ်နဲ့ထောက်ပြီး မဲထည့်ခိုင်းမယ် ဒါမှမဟုတ် မဲခိုးမဲလိမ်မယ် ဆိုရင်တော့ ရှေ့နှစ် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ပါတီက အနိုင်ရမှာပါ။ ပြည်သူတွေကို မခြိမ်းခြောက်ဘဲ ကြိုက်သလိုသာ မဲထည့်နိုင်တယ် ဆိုလို့ကတော့ စစ်တပ်ထောက်ခံတဲ့ ပါတီဟာ သေချာပေါက် ရှုံးမှာပါ။

အနီးဆုံးဖြစ်ခဲ့တဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို ကိုးကားပြောရရင် (၁) ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်း၊ သံဃာတွေ ပြည်သူတွေ သေဆုံးခဲ့ပါတယ်။ (၂) ၂ဝဝ၈ နာဂစ်မုန်တိုင်းမှာ ပြည်သူတွေကို မုန်တိုင်းရန်က ရှောင်ရှားဖို့ သတင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ (၃) နာဂစ်လွန်ကာလမှာလည်း မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် ဘာမှ ဖြစ်ဖြစ် မြောက်မြောက် ကူညီမှုမရှိဘဲ လက်လွတ်စပယ် ပြစ်ထားခဲ့ပါတယ်။ (၄) နိုင်ငံရေးအကျဉ်းသားတွေ ၂၁ဝဝ ကျော်အထိ တိုးလာ ပါတယ်။ (၅) အပစ်ရပ်အဖွဲ့တွေ ဖွဲ့စည်းပုံပြောင်းဖို့ ဗိုလ်ကျခိုင်းစေလာပါတယ်။ (၆) ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ထည့်ပြီး အကျဉ်းရုံးစနစ်နဲ့ တရားစီရင်ပါတယ်။ (၇) နာဂစ်အပြီး တိုင်းပြည်အနှံ့ လူထုတွေ ပိုမိုကျပ်တည်း ဆင်းရဲလာနေ ပါ တယ်။

ဒီလိုအခြေအနေအောက်မှာ စစ်တပ်ဟာ အန်အယ်ဒီကို တိုင်းပြည်အနှံ့ ရွေးကောက်ပွဲ မဝင်နိုင်စေဖို့ ညစ်ပတ်ခြင်း ဒါမှမဟုတ် အန်အယ်ဒီကို ဖျက်သိမ်းခြင်း လုပ်လာနိုင်ပါတယ်။ ဒါမှမဟုတ်ပါက စစ်တပ်ရဲ့ နောက်ဆုံးနည်းကတော့ ရွေးကောက်ပွဲကို ဆိုင်းငံ့ထားခြင်းသာ လုပ်ဖို့ပဲ ကျန်ပါတော့တယ်။

ဒီမိုကရေစီလိုလားသူ လူတိုင်းက သူ့ထောင့်သူနေရာကနေ ရပ်ပြီး အလုပ်လုပ်ဖို့သာ လိုပါတယ်။ အုပ်ချပ်တွေ သဲပွင့်တွေ များ လာဖို့က လိုရင်းပါပဲ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၈ ရက်၊ မေလ ၂၀၀၉ ခုနှစ်။

4 comments:

မေငြိမ်း said...

BRAVO !!! ကိုဇော်မင်းးး

ကိုပေါ said...

ကိုဇော်မင်းရေးခဲ့သမျှ ဆောင်းပါးတွေကို နှစ်သက်မိပါတယ်။

Hmoo said...

110% strongly agree with you...

Rita said...

ခုမှ ဖတ်ဖူးပေမယ့် နှစ်ခြိုက်လေးစားမိပါတယ်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.