ရွက်မွန်စာမျက်နှာ

Wednesday, June 24, 2009

ဟိုဖက်ခြံနှင့် သည်ဖက်ခြံ

၁။
သူမအမည်က "သုန်"။ အသက်က လေးဆယ့်ငါးနှစ်။ အိမ်ထောင်မရှိ အပျိုကြီးဖြစ်သည်။ သူမဇာတိက ထိုင်းနိုင်ငံ အရှေ့မြောက် ပိုင်းဒေသ။ ထိုင်းတွေက ထိုအရပ်ကို အိစံဟု ခေါ်ကြသည်။ လာအိုနိုင်ငံနှင့် ဟိုဖက်သည်ဖက် ကပ်လျက် ဖြစ်သည်။ အိစံ အရပ်က လူများစုသည် လယ်သမားများ ဖြစ်ကြသည်။ သူတို့အားလုံး ထိုင်းဘာသာစကား ပြောသူများ ဖြစ်သော်လည်း အလယ်ပိုင်း အောက်ပိုင်းက ထိုင်းများနှင့် စကားပြောသောအခါ လေသံကွဲသည်။ လယ်သမားများ ဖြစ်ကြသည့်အလျောက် ဝင်ငွေက အလွန်နည်းသည်။

ဝင်ငွေနည်းလွန်းသည့်အတွက် အိစံလူငယ် လူလတ်များ စပါးခင်းများကို စွန့်ခွါ၍ ချင်းမိုင်၊ ဘန်ကောက် အစရှိသော မြို့ကြီး များသို့ သွားရောက်၍ မြို့ပြတွင် အလုပ်ရှာကြသည်မှာ နှစ်ပေါင်းမနည်းတော့။ အဓိကအားဖြင့် အမျိုးသမီးများက အိမ်ဖော် လုပ်ငန်း၊ အမျိုးသား လူငယ်များက ဆောက်လုပ်ရေးနှင့် အခြားအလုပ်ကြမ်းများ လုပ်ကိုင်၍ အသက်မွေး ကြသည်။ ရသည့် ဝင်ငွေက လယ်ကွင်းများအတွင်း လုပ်ကိုင်သည်နှင့် နှိုင်းစာပါက ပိုဝင်တာကတော့ အမှန်။ အလုပ်များက ဘာပဲ ပြောပြော ပင်ပန်းသည့်အလုပ်များ ဖြစ်သော်လည်း နေပူစပ်ခါး စပါးခင်းများအတွင်း လုပ်ကိုင်ရသည်နှင့် စာလျှင်တော့ သက်သာသေး သည်ဟု ဆိုနိုင်သည်။ ထို့အပြင် အိစံတွင် ကျန်ရစ်ခဲ့သော မိဘများနှင့် မောင်ငယ်များ အတွက် လစဉ်မှန်မှန်ငွေပို့ ပေးနိုင် သေးသည်။

သုန်က ဘန်ကောက်ရှိ သူဌေးအိမ် တအိမ်တွင် ထမင်းချက် အဝတ်လျှော်သည်။ သူမ၏ လစဉ်ဝင်ငွေက ဘတ် ရှစ်ထောင် ဖြစ်သည်။ တကိုယ်တည်း အပျိုကြီးဖြစ်၍ တခြားကုန်စရာလည်း အထွေအထူးမရှိ သောကြောင့် ရွာတွင် ကျန်ရစ်ခဲ့သော လယ်သမား မိဘများကို လစဉ်မှန်မှန်ငွေထောက် နိုင်သည်။

သုန်တွင် ညီမတစ်ယောက်လည်း ရှိသည်။ သူမ၏အမည်က "လမိုင်"ဟု ခေါ်သည်။ လမိုင်ကတော့ အိမ်ထောင်သည် ဖြစ်သည်။ ကလေးနှစ်ယောက် ရှိသည်။ လမိုင်တို့ မိသားစုက ဘန်ကောက် မြို့ဆင်ခြေဖုံးတခုတွင် နေထိုင်ကြသည်။ လမိုင်၏ ခင်ပွန်း သည်က ကျောင်းကားမောင်းသော ကားဒရိုင်ဘာဖြစ်သည်။ လမိုင်ကတော့ အိမ်တွင် ကလေးများကို ထိန်းရင်း အိမ်ဆိုင် ကလေးတည်ထားသည်။ ကလေးစားသည့် မုန့်မျိုးစုံမှစ၍ လူကြီးများအတွက် ဘီယာ၊ ဈေးပေါသည့် ဒေသထွက် အရက်ဖြူ၊ ဆေးလိပ် စသည်တို့ကို ရောင်းချသည်။ လမိုင်သည်လည်း အရွယ်ထောက် နေပြီဖြစ်သော လယ်သမားမိဘနှစ်ပါး အတွက် လစဉ်မှန်မှန် ငွေပို့ပေးသည်။ လယ်လုပ်ငန်းက နှစ်တိုင်းကောင်းသည် မဟုတ်သောကြောင့် ထိုကဲ့သို့ မိဘများအတွက် ထောက်ပံ့ နေရခြင်း ဖြစ်သည်။

၂။ တနေ့တွင် သုန်နှင့် လမိုင်တို့ကို မိဘများ ဖုံးဆက်လာသည်။ လယ်ဆင်းသည့်အခါ ရွာမှနေ၍ စပါးခင်းများသို့ ဆိုင်ကယ်နှင့် လွယ်လွယ်သွားနိုင်သော်လည်း လယ်ယာသုံး ပစ္စည်းများ၊ စပါးနှင့် တခြားဟင်းသီးဟင်းရွက်များ သယ်ဖို့ တင်ဖို့ ပစ်ကပ်ကား တစီးလောက် လိုနေသည်ဟု ဆိုလာခြင်းဖြစ်သည်။ ထို့အတွက် သမီးနှစ်ယောက်မှ ဖြစ်နိုင်ပါက တတ်နိုင်သလောက် စိုက်ပေး နိုင်မည်လောဟု အသိပေးလာခြင်း ဖြစ်သည်။ ညီအမနှစ်ဦး ဖင်ပြန်ခေါင်းပြန် တိုင်ပင်ညှိနှိုင်း၍ ပစ်ကပ်ကားဝယ်ပေးရန် မိဘ များကို ပြန်၍ အကြောင်းကြားလိုက်သည်။

သမီးများ၏ သဘောတူညီချက် ရလျှင်ရခြင်း တပတ်ရစ် ကားများရောင်းသည့် ကားကုမ္ပဏီမှ ဂွတ်စက်ကင်းဟင်း ပစ်ကပ်တစီး ကို မဆိုင်းမတွဝယ်လိုက်သည်။ ကားဖိုးက ဘတ်တသိန်းလေးသောင်း ပေးရသည်။ သို့သော် လုံးကနဲ ပေးစရာမလို။ သုံးနှစ် အတွင်း အရစ်ကျပေးရန်သာ ဖြစ်သည်။

အခါတိုင်းဆိုလျှင် လယ်ကွင်းများဆီသို့ ဆိုင်ကယ်အစုတ်လေးများဖြင့် သွားရသည်။ ဒါကမဆန်း။ သို့သော် အထူးသဖြင့် လယ်မှထွက်သည့် စပါး အပါအဝင် အခြားသီးနှံများကို သယ်ဖို့လိုလာသည့် အခါများတွင် ကားငှားရသည်။ ထို့အတွက် ငွေပို ကုန်သည်။ အခုတော့ ကိုယ်ပိုင်ပစ်ကပ်ကားလေးဖြင့် ကိုယ်သယ်ခြင်သည့် ပစ္စည်းများကို ရွာနှင့် လယ်အကြား ကြိုက်သလို သယ်ယူပို့ဆောင်နိုင်လာသည်။ ထို့အပြင် သုန်တို့ အမေက ခြံထွက် ဟင်းသီးဟင်းရွက်များကို ကားနှင့်တင်၍ မနက်တိုင်း ရွာအနီးက မြို့ကလေးသို့ သွားရောက်ရောင်းခြ နိုင်သောကြောင့် ဝင်ငွေပို၍တိုးလာသည်။ ခါတိုင်းဆိုပါက ဆိုင်ကယ် နောက်မြီး တွင် တနိုင်လောက်သာ တင်နိုင်၍ ကိုယ်ရောင်းခြင်သလောက် မရောင်းနိုင်ခဲ့။

ထို့အပြင် ထပ်၍တိုးတက်လာသည့် အခြေအနေတခုက သုန်၏မောင်လေး အငယ်ဆုံးဖြစ်သည်။ ထိုမောင်အငယ်ဆုံးသည် အသက်တဆယ့်ခွန်နှစ်နှစ် အရွယ်ဖြစ်သည်။ သူ၏အမများကဲ့သို့ ဘန်ကောက်တက်၍ အလုပ်လုပ်ခြင်ကြောင်း မိဘများကို ပူဆာနေခြင်းဖြစ်သည်။ သူသည်လည်း လယ်တောထဲတွင် အလုပ်မလုပ်ခြင်။ လူငယ်တို့ ဘသာဝအရ မြို့ကိုတက်၍ သည့်ထက် တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေလိုသည်။ သို့သော် သူ၏မိဘများ ပစ်ကပ်ကားဝယ်အပြီး ကားမောင်း၍ လယ်ထွက် ပစ္စည်းများ ရောင်းချ၍ မိဘများကို ကူညီရသည်ကို ပို၍ စိတ်ဝင်စား လာသောသောကြောင့် ဖြစ်သည်။ သည်လိုမျိုး လုပ်ရ ရင်ဖြင့် ဘန်ကောက်တက်၍ ပန်းရံလုပ်စရာ မလိုဟူသော အသိစိတ် နိုးကြားလာသောကြောင့်ဟု ဆိုနိုင်သည်။ ဘာပဲပြောပြော ကိုယ့်အရပ်မှာ နေရင်းလုပ်ရင်းဖြင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီး၍ ရသည်ဟူသော အမြင် ပေါက်လာတာက ကောင်းသည့် အချက်ပင် ဖြစ်သည်။ သူ့လို ခေတ်ပညာမတတ်သူ တယောက် ဘန်ကောက်တက်၍ အလုပ်ရှာပါကလည်း တသက်လုံး နေ့စား ပန်းရံသမား ဘဝမှတက်မည် မဟုတ်သည်ကို နားလည်သွားခြင်း ဟုလည်း ပြော၍ရသည်။

နောက်တချက်ကလည်း အိုမင်းလာပြီ ဖြစ်သော လယ်သမားမိဘ နှစ်ပါးကို စောင့်ရှောက်ဖို့ လိုသလို ဓါးမဦးချ လုပ်ခဲ့သော လယ်များကို သူမှဦးဆောင်ပြီး မလုပ်တော့လျှင် နောင်တွင် လုပ်မည်သူလည်း မရှိတော့။ ဘာပဲပြောပြော အမနှစ်ယောက် ဘန်ကောက်မှာ အလုပ်လုပ်၍ ပံ့ပိုးလိုက်သည်က ရွာကသူတို့အတွက် အများကြီးပြောင်းလဲ သွားခဲ့တာကတော့ အမှန်ပင် ဖြစ်သည်။ သည့်အပြင် အပျိုကြီးဖြစ်သည့် အမကြီးသုန် တနေ့ရွာပြန်လာပါက အားလုံးအဆင်သင့် တက်ညီလက်ညီ မိသားစု စားနိုင်သောက်နိုင် လုပ်ကိုင်နိုင်ကြမည်။ ပညာမတတ်သော အမနှစ်ယောက် စွန့်စွန့်စားစား မြို့တက်၍ အလုပ် လုပ်ရင်း မိသားစုကို ပြန်ထောက်ပံ့ခဲ့ခြင်းသည် ရွာကသူတို့ အတွက်လည်း အများကြီး အထောက်အကူဖြစ်ခဲ့သည်။

၃။ မြင့်သောင်းက မြန်မာပြည်အတိုင်းအတာနှင့် ဆိုပါက ဘွဲ့ရပညာတတ် တယောက်ဖြစ်သည်။ သို့သော် မြင့်သောင်း တယောက် ဂျပန်တွင် အလုပ်လုပ်နေသည်မှာ ဆယ်နှစ်ဆယ်မိုး နီးပါးရှိနေပြီ။ သူကအိမ်မှာ သားအကြီးဆုံး။ သူတို့မိသားစုက ပဲခူးတိုင်းအတွင်းက မြို့တမြို့တွင် နေထိုင်ကြသည်။ မြင့်သောင်းတွင် ညီနှစ်ယောက်ရှိသည်။ နှစ်ယောက်စလုံးက အိမ်ထောင် သည်များဖြစ်၍ မိဘများနှင့် ယခုတိုင်အတူ နေထိုင်ကြသည်။ မြင့်သောင်းမိဘများက ပင်စင်စားကျောင်းဆရာ ဆရာမကြီး များဖြစ်သည်။ မြင့်သောင်းအသက် လေးဆယ့်သုံးနား ကပ်နေပြီ ဖြစ်သော်လည်း ယခုအထိ လူပျိုကြီး။ ဂျပန်တွင် အလုပ် လုပ်နေရသည့် ဆယ်နှစ်အတွင်း မြန်မာပြည်ကိုလည်း တခါမှ အလည်မပြန်ဖြစ်သေး။ ပြန်လို့လည်းမရ။ မြင့်သောင်းက ဂျပန်မှာ အိုဗာစတေးခေါ် ဗီဇာရက်လွန်နေထိုင်၍ တရားမဝင် အလုပ်လုပ်ကိုင် နေသူတဦးဖြစ်သည်ကိုး။ မြန်မာပြည် ပြန်ပါက ဂျပန်ကို နောက်တခေါက် ပြန်လာဖို့ မလွယ်သောကြောင့်ပင်။

မြန်မာပြည်က အိုမင်းနေပြီဖြစ်သော မိဘနှစ်ပါးအတွက် မြင့်သောင်းငွေမှန်မှန်ပို့သည်။ ထို့အပြင် ညီတယောက်က အနောက် တိုင်းဆန်ဆန် ခေတ်မှီကော်ဖီဆိုင် တဆိုင်ထောင်ခြင်သည် ဆို၍လည်း အရင်းအနှီးတချို့ ပို့ပေးခဲ့သေးသည်။ မြင့်သောင်း ပေးသည့် ပိုက်ဆံတဝက် ယောက်ခမဆီမှ ပိုက်ဆံတဝက်ဖြင့် မြင့်သောင်း၏ညီ ကော်ဖီဆိုင် စတင် ဖွင့်လှစ်ခဲ့သည်။ စစခြင်း ကတော့ မဆိုး။ သာမန်ညစ်တီးညစ်ပတ် လဘက်ရည်ဆိုင်များလို မဟုတ်တာ တကြောင်း၊ လူငယ်ကြိုက်သီချင်းများ ဖွင့်ပေး တာကလည်း တကြောင်းဆိုတော့ အလုပ်ဖြစ်သည်လို့ ဆိုနိုင်သည်။ သို့သော် နှစ်အနည်းငယ်အတွင်း မြို့ထဲမှာ အလားတူ ခေတ်မှီကော်ဖီဆိုင်များ မှိုလိုပေါက်လာတော့ ရောင်းအားကြလာသည်။ ဖောက်သည် ကွဲထွက်သွားသည့် သဘောဟုဆိုလျှင် မမှား။ သည်ကြားထဲ မိန်းမလှလေးများ ကောင်တာထိုင်သော ဆိုင်များက ပို၍ လူငယ်များဖြင့် စည်ကားလာသည်။ အခုတော့ မြင့်သောင်းညီ၏ ကော်ဖီဆိုင်မှာ အလုပ်ဖြစ်ရုံသာ လည်ပတ်နိုင်တော့သည်။

နောက်ထပ်ညီ အငယ်တယောက်ကတော့ အလုပ်ဟူ၍ မယ်မယ်ရရမရှိ။ ဟိုကုမ္ပဏီက ကန်ထရိုက်လိုလို၊ ပွဲစား အေးဂျင့်လိုလို ဖြင့် ယောင်တောင်တောင် လုပ်နေသည်။ နောက်တော့ သူ့အပေါင်းအသင်းများဖြင့် စု၍ချဲဒိုင်ကိုင် သည့်အလုပ်ကို လုပ်နေ တော့သည်။

မြင့်သောင်း ပိုက်ဆံဘယ်လောက် ပို့ပို့ မြန်မာပြည်မှာ လောက်သည်ဟူ၍ မရှိ။ စုမိသည်ဟုလည်း မကြားမိ။ မြင့်သောင်း မိခင် ကတော့ ရှင်းပြရှာသည်။ မိဘနှစ်ပါး စားသောက်ရုံမျှဖြင့် မြင့်သောင်းပို့ပေးသည့်ငွေ ကုန်စရာမရှိ။ ထို့အပြင် စုမိ ဖို့တောင် ရှိသည်။ သို့သော် မြင့်သောင်းညီ နှစ်ယောက်၏ မိသားစုများ၊ တူ-တူမများ အရေးအခင်းကလည်း ကုန်စရာ များဖြင့် အမြဲလိုလို အသင့်ရှိနေတတ်သည်။ ထို့အတွက် အဖိုးအဖွား ဖြစ်သော မြင့်သောင်းမိဘများက ကြည့်မနေနိုင် သောကြောင့် သူတို့အိတ်ထဲမှ လိုက်၍စိုက်ပေးနေရသည်။ ကလေးများ ကျောင်းစရိတ်က စလို့ဖြစ်သည်။ ထို့ကြောင့် မြင့်သောင်း သည်ဆယ်နှစ်အတွင်း ပို့ပေး ခဲ့သောငွေများသည် ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန် ဆိုသည့် စကားလို ဖြစ်နေတာမဆန်း။

မြန်မာပြည်ကို အပြီးပြန်ဖို့ဆိုတာကလည်း ပြန်ရင်ဘာလုပ်စားမလဲ ဆိုတဲ့ ပြဿနာက လက်ဦးဆုံး ကြုံရမည့် ကိစ္စကြီး ဖြစ်နေ သည်။ မပြန်ဖြစ်သေးတော့လည်း အလုပ်ပြီးရင်း အလုပ်ဆိုသလို ဖြစ်နေသည်။ မြင့်သောင်းက တနေ့ကို အလုပ်နှစ်ဆိုင်း လုပ်သည်။ ဂျပန်မှာ အိမ်ခန်းခများက ဈေးကြီးလွန်း၍ဖြစ်သည်။ မြန်မာပြည်ကို ငွေပြန်ပို့ဖို့ လိုသလို ဂျပန်မှာနေသည့် စရိတ်ကိုလည်း ထည့်တွက်ရသေးသည်။ အိမ်ထောင်စု နှစ်ခုအတွက် အလုပ်လုပ်နေရသလို ဖြစ်နေသည်ဟု ဆိုလျှင်လည်း မမှား။

သို့သော် ခြေစောင့်လက်စောင့် သဘောအဖြစ် သူ့မိဘများက သူပို့ထားသည့် ငွေအချို့ကို ဘဏ်မှာအပ်ထားသည်။ သိန်း လေးဆယ်ခန့် လောက်တော့ရှိသည်။ ထိုငွေများက အကယ်၍ အိုမင်းလာနေသည့် မိဘနှစ်ပါး နေမကောင်း ထိုင်မသာဖြစ်၍ ဆေးကုသဖို့ လိုပါက အရေးပေါ် အသုံးပြုရန်ဖြစ်သည်။

အိမ်လွမ်းနာက တနှစ်ထက်တနှစ် ဖိစီးလာသည်။ မြင့်သောင်းလည်း စဉ်းစားစပြုလာသည်။ နောက်ထပ်သုံးနှစ်လောက် အလုပ် ကို ကြုံးလုပ်၍ ငွေစုမည်။ ပြီးလျှင် ဘာဘဲဖြစ်ဖြစ် မြန်မာပြည် ပြန်မည်ဟု အကြမ်းဖျဉ်း ဆုံးဖြတ်လိုက်သည်။ မိဘနှစ်ပါးကိုလည်း တယ်လီဖုန်းဆက်၍ တိုင်ပင်တော့ မိဘများကလည်း သဘောတူသည်။ မြင့်သောင်း မိဘများလည်း မြင့်သောင်းကို သနား သည်။ ဟုတ်ပေသပေါ့။ အသက်ကြီးသည်အထိ အိမ်ထောင်မပြုဘဲ အနွံ့အတာခံ၍ မိသားစုကြီး တခုလုံးကို ညီများ၊ ခယ်မများ၊ တူတူမများ အတွက်ပါမကျန် ပုခုန်းထမ်းခဲ့သည် မဟုတ်လား။

ဘာဘဲပြောပြော မိဘများက သဘောတူသည်ဆို၍ မြင့်သောင်း စိတ်အတော်ပေါ့သွားသည်။ ဒီသုံးနှစ်လောက်တော့ ဘာပဲ ဖြစ်ဖြစ် ကျွဲတကောင် နွားတကောင်လို ကြုံး၍ လုပ်ပြစ်လိုက်မည်ဟု နှလုံးသွင်းထားလိုက်သည်။

၎။ မနေ့ညက အိမ်နှင့် ဖုန်းရသည်။ အမေဖြစ်သူ အရေးပေါ်ခွဲစိပ်ရန်လို၍ ရန်ကုန်ဆင်းရသည်။ ပုဂ္ဂလိကဆေးရုံကို တက်ရ သည်။ ဟုတ်သည်လေ။ အစိုးရဆေးရုံများမှာ ဘာဆေးမှာမှ မရှိဘဲကိုး။ ဆယ်သိန်းလောက် ကုန်သွားသည်ဟု သူ့ကို ပြော သည်။ ဒါကပြဿနာမရှိ။ ကျန်းမာရေးကိုး။ ကိုယ့်မိဘအတွက် ကုန်သင့်သလောက်တော့ ကုန်ရမှာပေါ့ ဆိုသည့် အမြင်ကြောင့် ဘယ်လိုမှစိတ်ထဲမှာ မအောက်မေ့မိ။ ကုန်သွားတဲ့ ဆယ်သိန်းအတွက် ထပ်ရှာမည်ဟု တေးထားလိုက်သည်။

စစ်စစ်ပေါက်ပေါက် ပြန်တွက်ကြည့်မည်ဆိုပါက သည်ဆယ်နှစ်အတွင်း မြင့်သောင်း မြန်မာပြည်ကို ပြန်ပို့ ပေးထားသော ငွေ စုစုပေါင်းမှာ သိန်းငါးရာလောက်တော့ အနည်းလေးရှိသည်။ သို့သော် ထိုသိန်းငါးရာသည် နေ့တဓူဝ နေရေးစားရေး၊ တူ တူမများ ပညာရေးအတွက်ပါ တောက်လျှောက်သုံးစွဲ လာခဲ့ရတော့ ဘဏ်တွင် အပ်ထားသည့် သိန်းလေးဆယ်နှင့် ကော်ဖီ ဆိုင်မှလွဲ၍ လောက်လောက် လားလား အဖတ်တင်ခြင်း မရှိခဲ့။ အခု သူ့အမေ၏ ဆေးရုံစရိတ်အတွက် ဆယ်သိန်း လောက် ကုန်သွား၍ သူတို့လက်ထဲတွင် သိန်းသုံးဆယ် လောက်သာ ကျန်တော့သည်။

မြင့်သောင်း သူ့အိမ်နှင့် ဖုန်းမဆက်ဖြစ်တာ နှစ်ပတ်သုံးပတ်လောက် ရှိပြီ။ အလုပ်က နေ့တိုင်းနှစ်ဆိုင်း လုပ်နေရ၍ အခန်း ပြန်ရောက် ခေါင်းချသည်နှင့် တချိုးထဲ အိပ်ပျော်သွားသောကြောင့် ဖြစ်သည်။ ကနေ့ညတော့ အခန်းဖော်တဦး ဖြစ်သူ ကျော်ကျော်လွင် ရန်ကုန်ကသူငယ်ချင်းများနှင့် စကားပြောနေစဉ် တဖက်မှသူများက မြင့်သောင်း အနားမှာရှိ သလားဟု မေးလာသည်။ ကျော်ကျော်လွင်က ရှိတယ် ပြောမလားဟု ဆိုသောကြောင့် အဆိုပါသူငယ်ချင်းများနှင့် မြင့်သောင်း စကားပြောဖြစ်သည်။

သူငယ်ချင်းတဦးက စိတ်မကောင်းစွာဖြင့် မြင့်သောင်းအား သူ့ညီများအကြောင်းကို ပြောပြလေသည်။ မြင့်သောင်း၏ ညီ အကြီးကောင် ကော်ဖီဆိုင်ဖွင့်ထားသူက အရက်မူး၍ဆိုင်ကယ်တိုက် သောကြောင့် လူကဘာမှ သိပ်မဖြစ်သော်လည်း ဆိုင်ကယ် ကတော့ အတော်လေး ပျက်စီးသွားကြောင်း သိရသည်။ အဆိုးဆုံး အခြေအနေကတော့ မြင့်သောင်း၏ ညီ အငယ်ကောင် ချဲဒိုင်ကိုင်နေသူ အကြောင်းဖြစ်သည်။ ပြီးခဲ့သည့်အပတ် ချဲဒိုင်ကိုင်တာ ကွဲကြောင်း။ အလျှော်ပေးရမည့် သူများကို မပေးနိုင်သောကြောင့် မြင့်သောင်း၏ညီငယ်မှာ ရှောင်နေကြောင်း စိတ်မချမ်းမြေ့ ဖွယ်ရာ ကြားရသည်။ နောက်ဆုံးတွင် ချဲထိုးသူများက မြင့်သောင်းမိဘအိမ်ကို ဝိုင်းကြသည်ဟုလည်း ဆိုသည်။ အလျှော်မပေးပါက အိမ်ကို ဖျက်မည် မီးရှို့မည် စသဖြင့် တင်းမာလာသောကြောင့် နောက်ဆုံးတွင် မြင့်သောင်းမိဘများက အလျှော်ပေး ရမည့် သူများကို အပြည့် မဟုတ်သော်လည်း တောင်းပန်ညှိနှိုင်း၍ စုစုပေါင်း သိန်းသုံးဆယ်ခန့် အလျော်ပေးလိုက်ရကြောင်း သိရတော့ မြင့်သောင်း တယောက် အရုပ်ကြိုးပြတ် ဖြစ်လေတော့သည်။

ဒီလိုအတိုင်းသာ ဆိုရင်တော့ နောက်သုံးနှစ် ဂျပန်မှာ ကုန်းရုန်းလုပ်ဦးတော့ မြန်မာပြည်ကို ပြန်ဖို့ မလွယ်သေးကြောင်း မြင့်သောင်း တယောက် ကောင်းကောင်းကြီး သဘောပေါက်လေတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၃ ရက် ဇွန်လ ၂ဝဝ၉ ခုနှစ်

1 comment:

ROGER said...

good essay!
I feel it's real situation in our country.
so sad for our country future.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.