ရွက်မွန်စာမျက်နှာ

Thursday, August 20, 2009

လျော့၊ လျော့ အကုန်လုံးလျော့

၁။
မြို့ကိုပြန်မရောက်တာ ကြာလှရှိပြီ။ အမေ့ကိုလည်း တွေ့ချင်လှသည်။ ထို့ကြောင့် ရှိသမျှ အလုပ်တွေကို ဖုတ်ကနဲ ပစ်ချကာ ခရီးဆောင်ကွန်ပြူတာကို လွယ်၍ ဖိုးသော်တယောက် မွေးရပ်မြေသို့ အလည် ပြန်လာ ခဲ့သည်။ အမေတို့ ဆီမှာ သည်တခေါက် ကြာကြာနေမည်။ နယ်မှာတော့ ငြိမ်းချမ်းသည့်အတွက် တောင်ရေး မြောက်ရေး လည်း ပို၍လုပ်နိုင်မည်။ သို့သော်လည်း ဖိုးသော်အတွက်တော့ သည်တခေါက် မြို့ကို ပြန်လာရတာ အရင် အခါက်များနှင့် မတူ လွန်စွာ ကွဲလွဲနေသည်ဟု စိတ်ထဲတွင် ထင်နေမိသည်။ ဘာဖြစ်လို့တုံးဆိုတော့ ဘူတာမှ ဆင်းကထဲက မြို့ကို ကြည့်ရတာ ပို၍ပို၍ ပူလောင်ခြောက်ကပ် လာနေသည်ဟု ခံစားမိ၍ဖြစ်သည်။

ဖိုးသော်တို့ မြို့ကလေးသည် ပူလောင်အိုက်စပ်ကာ ဖုံတထောင်းထောင်း ထနေလေ့ရှိသော အခြားအညာ မြို့ကလေးများနှင့် ဘာမှသိပ်မထူး အတူတူပင်။ နွေရာသီ၌ သူလိုကိုယ်လို အပူခြင်းပြိုင်နေသော မြို့ကလေး များသာ ဖြစ်သည်။ သို့သော် သည်တခေါက် အမေတို့ဆီ အလည်ပြန်တော့ မြို့ကလေးသည် ဟိုးရှေးတုံးက နှစ်တွေထက် ပို၍ပူလောင် နေသည်။ ဘူတာမှ အမေ့အိမ်သို့ ဆိုက်ကား ငှားစီးလာရင်း လမ်းတလျှောက်၌ ဖိုးသော် မွေးကတည်းက မြင်ဖူးနေသော မန်ကျီးပင်ကြီးများ ကုက္ကိုပင်ကြီးများ နည်းသွားလေသလား ဟုလည်း စိတ်ထဲတွင် သံသယရှိမိသည်။

သို့နှင့် ဆိုက်ကားဆရာကြီးအား "ဦးလေး ... ကြည့်ရတာ မြို့ထဲမှာ သစ်ပင်တွေ လျော့ကုန်သလားလို့။ ခါတိုင်းနဲ့ကို မတူဘူး။" ဆိုက်ကား ဆရာကြီးက ကျောက်ကြမ်းများဖြင့် ဘုသီးထနေသော လမ်းမပေါ်တွင် ဆိုက်ကားကို ဂရုစိုက်၍ နင်းနေရင်းက အင်းဟု အသံကို အရှည်ကြီး ဆွဲလိုက်ခါ "ဟုတ်တယ်ကွ။ မြို့အင်္ဂါနဲ့ ညီအောင် လမ်းတွေ ချဲ့မယ် ပြင်မယ်ဆိုပြီး ခုတ်လိုက်တာ မြို့ထဲက အပင်ကြီးတွေဆို ကုန်သလောက်ပဲ ငါ့တူရေ" ဟု ဆိုလေသည်။ ဆိုက်ကားဆရာကား ကာယစွမ်းအားနှင့် လုပ်ကိုင်စားသည့်သူ ဆိုပေမင့် ကြည့်ရတာ သည်လောက် သန်သန် စွမ်းစွမ်းကြီးမဟုတ်။ အသက်အတော် ထောက်နေပြီ။ ဆိုက်ကားကို အတော်အားစိုက်၍ နင်းနေရသည်။ ဖိုးသော်က သြော်ဟု တချက်ဆိုလိုက်ရင်း "ဒါနဲ့ ... ဦးလေး အသက်ဘယ်လောက်ရှိပလဲ။ စိတ်မရှိနဲ့နော်" ဟု စပ်စုလိုက်သည်။ ဖိုးသော် ဘာကြောင့်အသက်ကို မေးမှန်း ရိပ်စားမိဟန်ဖြင့် ဆိုက်ကားဆရာကြီးက "အခုလာမဲ့ ဝါဆိုဆိုရင် ခြောက်ဆယ့်ရှစ်။ အသက်တွေလည်း ထောက်လာပြီဆိုတော့ ခွန်အား တွေလည်း လျော့လျော့ လာသပေါ့ကွာ။ ဟိုတုံးကလို နင်းသလောက် မပေါက်တော့ဘူး ငါ့တူရေ"။

သားသမီးတွေ မရှိဘူးလား။ သူတို့က လုပ်ကိုင်မကြွေးဘူလား စသဖြင့် စာနာစိတ်ဖြင့် ဆက်၍ စပ်စုလိုသော် လည်း တကယ်တန်း ဆိုရရင် ဖိုးသော်ကိုယ်တိုင်လည်း အဖေမရှိကတည်းက အမေ့ကို မယ်မယ်ရရ လုပ်ကိုင်ကြွေးဘူးသည် ထောက်ပံ့ဘူးသည် မဟုတ်။ ထို့ကြောင့် သူ့ပါးစပ်ကိုသူ ဘရိတ်အုတ်ထား လိုက်သည်။

ခြံဝင်းထိပ် ရောက်သည်နှင့် "အမေ ... ဗျို့အမေ။ ဗျို့ ဒေါကြီးထွေးတို့" ဟု ဖိုးသော်တယောက် ဗျို့ဟစ်ရင်း အိမ်ထဲ သို့ ဝင်လာသည်။ ဧည့်ခန်းထဲတွင် အထုတ်များကို ခြလိုက်ရင်း မီးဖိုရှိရာ နောက်ဖေးချောင်ဖက်ကို ဖိုးသော် တချက်ဝေ့ ကြည့်လိုက်သည်။ ကိုင်းကိုင်း ကိုင်းကိုင်း စိုက်စိုက် စိုက်စိုက်နှင့် ဧည့်ခန်းထဲသို့ ဝင်လာသော အမေ့ကို တွေ့ရသည်။ "ဟဲ့ ... ဖိုးသော်၊ ငါ့သား။ ဆိုင်းမဆင့် ဗုံမဆင့် နဲ့ပါလား " ဟု ဆိုလိုက်သော်လည်း သားဖြစ်သူကို မြင်လိုက်ရ၍ ဝမ်းသာနေပုံ ပေါက်နေသည်ကို အမေ့မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။ တဆက်တည်း ဆိုသလိုပင် ဒေါ်ကြီးထွေးလည်း ဧည့်ခန်းထဲသို့ ဝင်လာရင်း "ဖိုးသော်ရဲ့ လာမဲ့လာတော့လည်း နွေခေါင်ခေါင်မှ လာသကိုးကွဲ့" ဟု ဆိုရှာသည်။ အိမ်ကိုလှည့်ပတ် ကြည့်နေရင်းက ရေနံဝနေသော အမေ့၏ ပျဉ်ထောင်နှစ်ထပ် အိမ်ကား နဲနဲတော့ ယိုင်တိုင်တိုင် ဖြစ်နေသည်ဟု ဖိုးသော် ထင်မိသည်။ တချိန်က မားမားဝင့်ဝင့် ရှိခဲ့သော ပျဉ်ထောင်အိမ်ကြီးကား ယခုတော့ ခိုင်မာမှုတွေ လျော့ရည်းလာလေပြီ။

၂။ ဒေါ်ကြီးထွေး ပြင်ပေးသော ပဲပြုတ်နှင့် ထမင်းကြမ်းကို မနက်စာအဖြစ် စားအပြီး ဖိုးသော်စိတ်ထဲတွင် ပဲပြုတ် သည် သူငယ်ငယ်တုံးကလောက် မဆိမ့်လှတော့ဟု သတိထားမိသည်။ သည်ခေတ်ကြီးတွင် ပဲပြုတ်၏ အရသာ သည်လည်း လျော့ပါးကုန်သလား မသိ။ ပဲပြုတ် အရသာ လျော့ပါးလာသည်ဟု ဆိုလျှင် မြေဆီမြေနှစ်တွေ လျော့ပါးလာလို့သာ ဖြစ်ရမည်။ မြေကရားထဲမှ ရေနွေးကြမ်းကို အကြမ်းပန်းကန်ထဲ ငှဲ့ထဲ့လိုက်ရင်း "ဒေါ်ကြီးထွေး ... ခဏနေရင် ကျနော် သူငယ်ချင်းတွေဆီ လျှောက်လည် လိုက်ဦးမယ်။ ဈေးထဲက တခုခု မှာစရာရှိရင် ပြောလိုက်လေ။ အပြန်မှာ ကျနော်ဝင် ဝယ်ခဲ့မယ်"။

ဒေါ်ကြီးထွေးက "ဖိုးသော် ... မင့်သူငယ်ချင်း ချိုမောင် ပြီးခဲ့တဲ့လက ပျက်စီးတယ်ဟဲ့။ အဲတာ နင်သိရဲ့လား" ဟုဆိုလိုက်ရာ ဖိုးသော်ရင်ဝတွင် အလုံးကြီးတလုံး ဆို့တက်လာသလို ခံစားလိုက်ရသည်။ ချိုမောင်နှင့် ဖိုးသော်တို့သည် နှပ်ချေးတွဲလောင်း ဘဝမှ ဆယ်တန်းကျောင်းသား ဘဝအထိ လည်ပင်းဖက်နေခဲ့သူများ ဖြစ်သည်။ "အဟုတ်လား ဒေါကြီးထွေးရယ်"။
"ဟဲ့ ... ငါက လူကြီးတန်မဲ့ အလကား ညာပြောနေပါ့မလား"။
အမေက "ဟုတ်တယ် ငါ့သားရဲ့။ အသောက်လွန်ပြီး အသဲခြောက် သေတယ်လို့ ပြောကြတာပဲ" ဟုကြားကနေ ဝင်ထောက်လိုက်သည်။

ချိုမောင်၊ ချိုမောင်။ ငယ်ငယ်တုံးက ညဏ်ကြီးရှင်လုပ်တမ်း ကစားဖို့ အလွန်သန်သူ။ မှတ်မိသေးသည် သူတို့ ခွန်နှစ်တန်း တုံးက။
"ဂျောင်တဂိုး တမတ်၊ ဒါပေသိ ယောင်ဒဂုံ တကျပ်။ အဲဒါဘာလဲ ပြောစမ်း။"
အပျိုကြီးဂိုက် ဖမ်းနေသော မိကြည်တို့ ဘဲဥမမိအေးတို့က မဖြေဘဲ ဟိုလိုလို သည်လိုလို လုပ်နေသည်။
"ဖိုးသော် မင်းသိရင် ဖြေစမ်း"။
ထိုအခါ ဖိုးသော်က "မင်းဟာက လွယ်လွန်းလို့။ ပဂိုး (ပဲခူး) သွားရင် တမတ်၊ ဒါပေသိ ဒဂုံ (ရန်ကုန်) သွားရင် တကျပ်ကျတယ်လို့ ပြောတာမို့လား" ဟု ချက်ခြင်း ဖြေလိုက်သည်။ ချိုမောင်က ဟက်ဟက်ပက်ပက် ရယ် လိုက်ရင်း "လွဲချက်ကတော့ နာတယ်ကိုယ့်လူ"။

"ဗောဓိ နင်သိရင်လည်း ဖြေလိုက်စမ်းဟာ" ဟု ဖိုးသော်က ဗောဓိ ခေါ် မိပြုံးကို စစ်ကူ တောင်းလိုက်သည်။ ဗောဓိက သူမ၏ စွေစောင်းနေသော မျက်လုံးများကို ပို၍ စွေစောင်းလာသည် အထိစဉ်းစား နေရင်းက "ချိုမောင်ရဲ့ ... နင့်ကြံကြံဖန်ဖန် မေးခွန်းတွေ ငါတို့ ဘယ်သိပါ့မလဲ" ဟု ပြောရင်း အလျှော့ပေးလိုက်သည်။ ထိုအခါကြမှ ချိုမောင်က "မှတ်ထား လွယ်လွယ်လေး။ ချိုးတကောင် တမတ်၊ ဒါပေသိ ယုန်တကောင် တကျပ်လို့ ပြောတာဟ" ဟု အနိုင်ရသော လေသံဖြင့် ဆိုလေသည်။ အခုတော့ အသောက် လွန်လွန်းသဖြင့် အချိန်မတိုင်မှီ လူ့လောကို ကြောခိုင်းသွားခြေပြီ။ သူ့စကားနှင့် ထပ်တူပြု၍ ဆိုရပါက "အသောင်းတချက် အရက်နဲ့ ဆီပုံး" ဟုသာ မှတ်ချက်ချရ ပေတာ့မည်။

အမေ့ဆီက အသံထွက်လာပြန်သည်။ "အနောက်ဝိုင်းဖက်က နင့်သူငယ်ချင်း ကျော်အောင်တယောက်လည်း ဆုံးတာ ဘာကြာသေးလို့လဲ။ အလောင်းတောင် မမြင်လိုက်ကြရဘူး"။ ဘာဖြစ်လို့ ဆုံးတာလဲဟု ဖိုးသော်က မေးလိုက်သည်။ "အထက်ဖက်ကို ရွှေတူးလိုက်ရင်းက ငှက်ဖျားနဲ့ ဆုံးတာတဲ့။ ဟုတ်တယ်မို့လား အထွေး။ အလောင်းကို တောထဲမှာပဲ မြုတ်ခဲ့ရတယ်လို့ ပြောကြတာပဲ။ "။ အင်း ... သွားပြန်ပြီ နောက်တယောက်၊ ဘာဖြစ်လို့များ လူ့ဘဝကို စောစောစီးစီး စွန့်ခွာသွားကြ ပါလိမ့်ဟု ဖိုးသော် တွေးနေမိသည်။

ကျော်အောင်ကား အစအနောက်သန်၍ ပျော်ပျော် နေတတ်သူ။ သူတို့ရှစ်တန်း ကိုးတန်းလောက်ကဟု ထင်သည်။ တတန်းထဲသားဖြစ်သူ အံ့ကူကို သည်လိုကပ်၍ နောက်သည်။ အံကူတို့ အဖေ ဦးကြင်စွမ်က လက်ဖက်ရည်ဆိုင် ထောင်ထားသည်။ ပေါက်စီတို့ ဝက်သားပေါင်းတို့လည်း သူတို့ဆိုင်မှာရသည်။

"အံ့ကူ ...မင်းသိလား။ ပေါက်စီကို တီထွင်ခဲ့တာ မင်းတို့ တရုတ်တွေ ဆိုပေသိ ပေါက်စီအပေါ်မှာ အနီစက်ကလေး တင်ခဲ့တာ ငါဒို့အဖိုး တီထွင် ခဲ့တာကွ။ " အံ့ကူလည်း အူကြောင်ကြောင်ဖြစ်ကာ ဘာဖြစ်လို့တုံးဟု ပြန်၍မေးသည်။ ထိုအခါ ကျော်အောင်က "ဒီလိုကွာ ... ပေါက်စီက များသောအားဖြင့် ဝက်သားနဲ့ လုပ်တာကိုး။ ဒို့အရပ်မှာ နတ်ကိုးတဲ့ သူတွေကလည်း များတော့ ဝက်သားပေါက်စီကို လူတိုင်းမစားကြဘူး မို့လား"။ ဟုတ်ပေသည်။ သည်အရပ်မှာက မြင်းဖြူရှင်၊ ကိုကြီးကျော် စသဖြင့် ကိုးကွယ်သူတွေ အတော်များများက ဝက်သားကို ရှောင်ကြသည်။

"ဆိုတော့ကာ ... ကြက်သားပေါက်စီလည်း လုပ်ရတော့တာပေါ့။ ဒါပေသိ ပေါက်စီရောင်းတဲ့ တရုတ်ကြီးက ဝက်သားနဲ့ ကြက်သားပေါက်စီဟာ ပုံသဏ္ဍန်ခြင်း တူနေတော့ ဘယ်သင်းက ဘာလဲဆိုတာ မခွဲတတ်ဖူး ဖြစ်နေတယ်။ အဲဒါနဲ့ ငါ့အဖိုးက ခွဲရလွယ်အောင် ကြက်သားပေါက်စီပေါ်မှာ အနီစက်ကလေး တင်ဆိုပြီး လုပ်ပေးခဲ့တာကွ"။ ကြံကြံဖန်ဖန် ပြောတတ်သည့် ကျော်အောင်ကား အခုမရှိတော့ပြီ။

၃။ ဒေါ်ကြီးထွေးနှင့် အမေက ဆက်၍ ပြောနေသည်။ ဖိုးသော်၏ သူငယ်ချင်းများထဲမှ ဘယ်သူတော့ ဆုံးပြီ ဘယ်ဝါတော့ မရှိတော့ဘူး စသဖြင့် ပြောနေသည်မှာ ခြောက်ယောက် ခွန်နှစ်ယောက်လောက်ရှိတော့ ဖိုးသော်က တော်ပါတော့ အမေတို့ ဒေါ်ကြီးတို့ရယ်ဟု တောင်းပန်ကာ မြို့ထဲပိုင်းသို့ ခပ်သုတ်သုတ်ပင် ထွက်လာခဲ့တော့သည်။

ဟိုလူတော့သေပြီ သည်လူလည်း ဆုံးသွားပြီဆိုတော့ ဘယ်ကိုစ၍ သွားရမှန်းမသိ ဖိုးသော် မဝေခွဲနိုင်။ ထို့ကြောင့် ဈေးကြီးထဲသို့ တန်း၍ ဝင်လိုက်သည်။ "ဟဲ့ ဖိုးသော်၊ အမလေးဟဲ့ ဘယ်သူများလဲလို့" ဟုဆိုသည့် အသံပြဲကြီး ကြောင့် နောက်ကို လှည့်ကြည့်လိုက်ရာ ငယ်သူငယ်ချင်း တဦးဖြစ်သော ဗောဓိမိပြုံး။ စွေစောင်းသော မျက်လုံး အစုံနှင့် ခန္ဓာကိုယ်ပြားပြားကြီးက ဟိုတုံးကလိုပင်။ တဟီးဟီးနှင့် ရယ်၍ ဘယ်တုံးက ရောက်သလဲ၊ အခု ဘာလုပ် နေသလဲဟု လဲပေါင်းများစွာသော မေးခွန်းများကို တန်းစီ၍ မေးတော့လေသည်။

"ဗောဓိ... နင့်ကလေးတွေရော။ အခုဆို ရှစ်တန်း ကိုးတန်း အနဲလေးတော့ ရှိရောပေါ့၊ ဟုတ်လား" ဟု ဖိုးသော်က မေးလိုက်တော့ စောစောက တဟီးဟီး ရယ်နေသော ဗောဓိ၏ အပြုံးများ လျော့ရည်းကုန်၍ လောကကြီးကို စိတ်ကုန်ဟန် မျက်နှာပေးသို့ ပြောင်းလဲသွားလေသည်။ "အေး အမှန်ဆိုရင်တော့ အကြီးကောင်က ဆယ်တန်း၊ အလတ်မက ရှစ်တန်း ရောက်ရမှာပေါ့။ ဒါပေသိ စီးပွါးရေးက ကြပ်လွန်းတော့ ကလေးတွေကို မနှစ်ကတည်းက ကျောင်းနုတ်ထားရတယ်ဟာ။ ရှေ့နှစ် ကျောင်းပြန်ထား နိုင်ဖို့ ကြိုးစားနေရတယ်။ လောလောဆယ်တော့ ငဒို့နဲ့ ဈေးထဲမှာ ကူနေရတာပေါ့ "။ ဗောဓိ၏ ကလေးများကား ကျောင်းအတန်းတိုးမလာနိုင်ဘဲ တန့်၍နေသည်။ သို့သော် အချိန်တို့ကား တန့်မနေ တဖြည်းဖြည်းနှင့် လျော့နဲလာနေသည်။ ဖိုးသော်က ကြားရသည်များကို စိတ်မချမ်းမသာ ဖြစ်မိသောကြောင့် ပြောနေသည့် စကားများမှလွှဲ၍ "ဒါနဲ့ ဘဲဥမ တယောက်ကော" မေးလိုက်သည်။

"အေး သူ့မလဲ အဆင်သိပ် မပြေဘူးဟ။ ခလေးက ခြောက်ယောက်ဆိုတော့ တော်တော်လေး ရုန်းရတယ်"။ ထိုစဉ် ခပ်လှမ်းလှမ်း၌ အသက်နှစ်ဆယ်ကျော်ခန့် လူငယ်တဦး ချိုင်းထောက်နှစ်ချောင်းကို အားပြု၍ ကန်စွန်းရွက် အပုံကြီးနောက်တွင် ရပ်နေရင်း ဝယ်သူများကို အော်ဟစ် ခေါ်နေသည်။ ဗောဓိက "တွေ့လား ... အဲဒါ ဘဲဥမရဲ့သား အကြီးဆုံးကောင်။ စစ်ထဲလိုက်သွားပြီး မိုင်းထိလို့ဆိုလား ခြေထောက်နှစ်ဖက်လုံး ဆုံးသွားတယ်။ မြို့ပြန်ရောက်တာ လေးငါးနှစ်လောက်တော့ ရှိသွားပြီ"။ ဖိုးသော် ခေါင်းထဲတွင် နောက်ကျိ၍လာသည်။ ဗောဓိအား စကားဖြတ်၍ နုတ်ဆက်ကာ အံ့ကူတို့ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်။

၎။ "ဟာ ဟေ့ကောင် ဖိုးသော် ဘယ်တုံးက ပြန်ရောက်သလဲဟ"။ အံ့ကူက ဝမ်းပန်းတသာ ကြိုဆို၏။ လက်ဖက် ရည် ဆိုင်ကတော့ ဟိုးရှေးကလို စည်ကားနေဆဲ။ ဖောက်သည် အများစုကား လူငယ်တွေ ဖြစ်နေသည်ကိုလည်း သတိထားမိသည်။ "အံ့ကူ့  မင်းတို့ဆိုင်မှာ အနီစက်နဲ့ ပေါက်စီတွေရောင်းသေးလား" ဟု ဖိုးသော်က နောက်လိုက် သည်။ အံ့ကူက တဟဲဟဲ ရယ်နေရင်းဖြင့် ဤသို့ဆို၏။

"ဝက်သားပေါက်စီ တမျိုးပဲ ရောင်းတော့တယ်ကွ။ ကြက်သားနဲ့ မလုပ်တော့ဘူး။ အလုပ်ရှုပ်တဲ့ အပြင် ဒီခေတ် လူငယ်တွေက ဝက်သားပေါက်စီပဲ အားပေးတော့ အနီစက်တင်ထားတဲ့ ကြက်သားပေါက်စီ ခေတ်တုံးသွား တာပေါ့ကွာ"။ တရုတ်သွေးဖြစ်သည့် အံ့ကူမျက်နှာကား အစ်ထွက်၍ အဆီပြန်နေကာ နီရဲနေသည်။ သူသည်လည်း တော်တော်လေး သောက်သုံးနေဟန် ရှိသည်။

ဖိုးသော်က "အံ့ကူ ... မင်းလည်း အတော်ချ နေတယ်ထင်တယ်။ ဟုတ်လား" ဟု မေးလိုက်သည်။ အံ့ကူက မျက်နှာကို ရှုံ့လိုက်ရင်း ဤသို့ရှင်းလင်း၏။ "မင်းက မြို့ကြီးပြကြီးမှာ နေတော့ ဖြော်ဖြေစရာတွေ စုံမှာပေါ့ကွာ။ ဒို့ဆီမှာကတော့ ညနေတိုင် အလုပ်သိမ်းပြီးရင် စိတ်ဖြေစရာဆိုလို့ အရက်ပဲရှိတယ် သူငယ်ချင်း။ အခု ငါ့ဆိုင်ထဲမှာ ထိုင်နေတဲ့ လူငယ်တွေ တွေ့လား။ သူတို့လည်း ဒီမှာလာပြီး လက်ဖက်ရည် သောက်ရင်း နှစ်လုံးကိစ္စတွေနဲ့ အလုပ်ရှုပ်လိုက်နဲ့ စိတ်ကို ဖြေနေကြတာ။ နေ့တဓူဝ ဘဝ ဆိုတာကလည်း လွတ်လတ်မှုမရှိ၊ ကိုယ်ပြောခြင်တာလည်း ပြောလို့ဆိုလို့မရ၊ အကုန်လုံးကို ကြောက်နေရတဲ့ ဘဝကိုးကွ။ ငါ့အတွက်တော့ သောက်တုံးလေး ခဏမှာပဲ လွတ်လပ်တာဟေ့။ ဘာတတ်နိုင်မှာလဲ လူတိုင်း တနေ့တော့ သေရတာပဲ မို့လား"။

ဖိုးသော်က စပ်စုရင်း အံ့ကူကို အကြံပေးလိုက်သည်။ "အံ့ကူ ... မင်းဆိုင်မှာ အင်တာနက်လေး ဘာလေး တွဲထားပါလား။ လူငယ်တွေအတွက် ကမBာကြီးနဲ့ အဆက်ရတာ ပေါ့ကွာ"။ အံ့ကူက ငါးခူပြုံး ပြုံးလိုက်ရင်း "ဒေါက်တာဦးစိုးသန်းတော့ ရန်ကုန်ကနေ ကွန်ပြူတာကြီး တလုံးဝယ်လာပြီး စမ်းသေးတယ်ကွ။ ဒါပေသိ နှေးလွန်းလို့ ဆိုလား ဘာမှ လုပ်မရလို့ ဆိုပြီး သူတောင် နောက်ဆုံးမှာ လက်လျော့ လိုက်ရတယ်။ ငါက သူထက် ဘာပိုပြီး လုပ်နိုင်ဦးမှာလဲကွာ။ မင်းတို့ရန်ကုန်လို မဟုတ်ဘူးကွ"။

သည့်နောက် အံ့ကူဆိုင်တွင် ဆက်ထိုင်ရင်း အတော်လေး စကားပြော ဖြစ်သည်။ ပြောနေရင်းဖြင့် လာပြန်ပြီ တခါ။ ဟိုကောင်ကတော့ ဘယ်တုံးက ဆုံးတယ် ဒီကောင်ကတော့ ဆုံးတာ တနှစ်ကျော်ပဲ ရှိသေးတယ် စသဖြင့် အံ့ကူက ကွယ်လွန်သူ ငယ်သူငယ်ချင်း များကို ရေတွက်ပြနေသည်။ ကြက်ချေးတန်းမှ ဆယ်တန်းအထိ အတူတူ စာသင်ခဲ့ကြသော သူငယ်ချင်းများ အနက် နှစ်ဆယ်ခန့် သေဆုံးခဲ့ကြ ပြီးလေပြီ။ ချိုမောင်တို့လို အရက်နှင့် သေတာက များသည်။ အရက်မသောက်ဘဲ အသဲရောဂါနှင့် သေသူတွေလည်း ရှိသည်။ ကျော်အောင်တို့လို ငှက်ဖျားနှင့် သေသူတွေလည်း ရှိသည်။ တောမြို့ ပေါက်စလေးမှာပင် သူ့သူငယ်ချင်းများထဲမှ အေကိုက်၍ (သို့) လေးလုံးနှင့် သေသူတောင် နှစ်ဦးသုံးဦးခန့် ရှိနေသည်။ ငယ်သူငယ်ချင်များ လျော့ပါးသွား လိုက်သည်မှာ ကြောက်ခမန်းလိလိ။

ဖိုးသော် မဝေခွဲတတ်တော့။ ရန်ကုန်မှာ မငြိမ်းချမ်း၍ ဇာတိမြို့ ကလေးမှာ သာ၍ငြိမ်းချမ်းမည်ဟု ထင်ထားသော သူ၏ ထင်လုံးများကား ထင်တလုံးသာ ရှိသည်။ စိတ်ကူးနှင့် တလွဲစီသာတည်း။ ရှိရှိသမျှ အားလုံး လျော့ပါးကုန် မှတော့ သည်လောကသည် ဘယ်လိုလုပ်၍ ငြိမ်းချမ်းပါ့မည်နည်း။

ဇော်မင်း (လူ့ဘောင်သစ်)
၁၈ရက် သြဂုတ်လ ၂ဝဝ၉ ခုနှစ်

3 comments:

မေငြိမ်း said...

ဟေ့လူ... စိတ်ကူးကောင်းလေး ကောင်းလိုက်တာ..။
ပထမတော့ ခေါင်းစဉ်ဖတ်ပြီး ဟစ်ဟော့သီချင်းများလား လို့.. :)
ဖတ်ရတော့လည်း ရင်ထဲ ထိထိခိုက်ခိုက်..။

hmoo said...
This comment has been removed by the author.
hmoo said...
This comment has been removed by the author.
 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.