ရွက်မွန်စာမျက်နှာ

Thursday, July 1, 2010

ဗမာတွေခေါက်ဆွဲ စားကြရတော့မည်။

ခေါက်
ဆွဲစားတယ်ဆိုတဲ့ အသုံးအနှုံးက ဘယ်တုန်းကပေါ်လာသလဲတော့ မသိပါ။ ဘောလုံးသမားများ လာဘ်စားသည် ကို ခေါ်သော အသုံးအနှုံး ဖြစ်တာကတော့ လူတိုင်းသိကြသည်။ ထားပါတော့။ ဒါက ဘောလုံးနှင့် ပတ်သက် သည့် ကိစ္စ။ အခုတော့ ဘယ်လိုက ဘယ်လိုဖြစ်၍ ဗမာတွေ ခေါက်ဆွဲ စားကြရ တော့မည်ဟု ဒီစာကို ခေါင်းစဉ် တပ်ရသလဲ။ ဆက်ရှင်းပါမည်။

ဒီနှစ်အတွင်း ကမ္ဘာမှာ နာမည်ကျော် စီးပွားရေးပညာရှင် တဦးဖြစ်သူ ပါမောက္ခ ဂျိုးဆက် စတိဂလစ် မြန်မာ ပြည်သို့ သွားရောက်ခဲ့သည်။ သူသည် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရရှိထားသူ တဦးလည်း ဖြစ်သည်။ မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ စစ်ဗိုလ်ချုပ်များကို အကြံပေးမှုများ ပြုလုပ်ခဲ့သည်။ သူအဓိကထား ပြောသွား တာကတော့ မြန်မာပြည်သည် တချိန်တုန်းက ကမ္ဘာတွင် ဆန်တင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ နာမည်ကြီးခဲ့ သော တိုင်းပြည် ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို ဦးမော့လာအောင် အရင်လုပ်ဖို့ အကြံပြု သွားခဲ့ခြင်း ဖြစ်သည်။ လယ်သမားတွေကို ကူညီဖို့ လိုကြောင်း ကိုလည်း ပြောသွားခဲ့သည်။ စတိဂလစ် ပြန်သွား အပြီး မြန်မာလူမျိုး စီးပွားရေးပညာရှင် တဦးဖြစ်သူ ပါမောက္ခ ဦးမြင့်ကလည်း စတိဂလစ်၏ ဟောပြောချက်များ ကို ပြန်လည်ရှင်းလင်းသည့် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

ထိုသတင်းကို ကြားရသည့်အတွက် မြန်မာ့ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်း ပြန်လည် တိုးတက်လာအောင် လုပ်ကြတော့ မလားဟု ဝမ်းသာအားရဖြစ်မိသည်။ စပါးစိုက်ပျိုးရေးနှင့် ပတ်သက်သည့် သုတေသနအဖွဲ့ တခုလည်း မြန်မာပြည်မှာ ရှိနေပြီဟု သိရသည့်အတွက် အားတက်မိသေးသည်။ ဆန်ကုန်သည်ကြီးများ အသင်း စတာတွေကလည်း ဆန်စပါး စိုက်ပျိုးရေးနှင့် ပတ်သက်၍ အတိုင်းအတာ တခုအထိ ပွင့်ပွင့်လင်းလင်း ပြောလာကြသည်။ ထို့ကြောင့် ထိုအရာ အားလုံးသည် မြန်မာ့လယ်ယာ စိုက်ပျိုးရေးအတွက် ကောင်းသော ခြေလှမ်းများဟု ယူဆမိသည်။

သို့သော် ရွေးကောက်ပွဲ ကိစ္စမှလွဲ၍ အခုအထိ စစ်ဗိုလ်ချုပ်များဖက်မှ လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်၍ ဘယ်လို တိုးတက်အောင် လုပ်ဆောင်မည်ဆိုသည်ကို တခွန်းတပါဒမှ တရားဝင် ပြောကြားတာ မကြားရသေး။

စပါးကိစ္စ လယ်ယာကိစ္စနှင့် ပတ်သက်၍ မိမိ အားတက်မိတာတွေ ပြန်ကျသွားခဲ့သည်။ တခြားကြောင့်တော့ မဟုတ်ပါ။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်လို သဘာဝအလျှောက် မိုးကောင်းသော ဒေသသည် ဒီနှစ်တွင် မိုးမကောင်းသောကြောင့် စပါးစိုက်သည့် တောင်သူများ ဒုက္ခရောက်နေသည် ဟူသော သတင်းကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် မြစ်ဝကျွန်းပေါ်လို မိုးသိပ်မကောင်းသည့် အရပ်က လယ်သမားများ ပို၍ ဒုက္ခ ရောက်မည်ကတော့ သေချာနေသည်။ မိုးကမကောင်းဖူး ဆိုတော့ ရှိထားသော ဆည်ရေကို အားကိုး၍ စိုက်ပျိုးလို့ မရနိုင်ဖူးလားဟု တွေးမိပြန်သည်။ စစ်အစိုးရ တက်လာသည့်နှစ်မှ စ၍ ဆောက်လုပ်ခဲ့သော ဆည်ကြီးဆည်လေးပေါင်း ၁၅ဝ ကျော် မြန်မာနိုင်ငံမှာ ရှိနေသည်။ သို့သော် မိုးခေါင်သည့်နှစ် ဖြစ်၍ ထိုဆည်ကြီး ဆည်လေးများမှာလည်း ရေအလုံအလောက် သိုလှောင် ထားနိုင်ပါ့မလားဟု တွက်မိသည်။

တလောတုန်းက ရန်ကုန်တိုင်း ပဲခူးတိုင်းအတွင်းမှာ ဒေသခံများ သောက်သုံးရေတောင် အခက်အခဲ ဖြစ်လာ၍ ရုပ်ရှင် မင်းသား ကျော်သူတို့ ဦးဆောင်၍ ရေများလှူဒါန်း ခဲ့ရသည်မှာလည်း မကြာသေး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြစ်တွေချောင်းတွေမှာ ရေတွေ သိသိသာသာ ခမ်းခြောက်လာ နေသည်။ သတင်းစာများ တီဗွီများကလည်း ဒီလိုဖြစ်နေတာတွေအတွက် သူတို့ပြည်သူ တွေကို ပွင့်ပွင့်လင်းလင်း တင်ပြသည်။ ဖုံးကွယ်မထား။ တချို့နေရာများတွင် လယ်သမားများ အားထား နေရသော ဆည်များပင် ရေခမ်းလုနီးပါး ဖြစ်လာသည့်အတွင် အစိုးရက ထိုနေရာမျိုးများတွင် မိုးအတု ရွာသွန်းအောင် ဖန်တီးပေးသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှားနှင့် နယ်စပ်ချင်း ကပ် နေသော ပါတာနီဆိုသည့် ပြည်နယ်တွင် မိုးခေါင်လွန်း သည့် အကျိုးဆက်ကြောင့် ကျေးရွာတခုမှ အိမ်ထောင်စုပေါင်း ၃ဝဝ ကျော်၊ လူဦးရေအားဖြင့် တထောင်ကျော် သည် သူတို့ရွာကို စွန့်ခွာ၍ နီးရာမြို့တခုသို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့လာ ကြသည်။ အရွယ်ကောင်းသော ရွာသားများကတော့ မလေးရှား နိုင်ငံဖက်ကို ကူး၍ ရရာအလုပ်အကိုင်များ ရှာဖွေ လုပ်ကိုင်ကြသည်။

ထိုရွာသားများသည် စပါးစိုက်ခြင်း၊ ရော်ဘာအစေး ထုတ်ယူခြင်းတို့ဖြင့် အသက်မွေးသူများ ဖြစ်သည်။ မိုးကလည်း မရွာ၊ ဆည်ရေကိုလည်း အားမကိုး နိုင်သောကြောင့် စပါးလည်း စိုက်မရ၊ ရော်ဘာပင် များကလည်း အစေးကောင်းကောင်း မထွက်တော့။ ထို့ကြောင့် နောက်ဆုံးတွင် နေရင်းရပ်ရွာကို စွန့်ခွာလာရသည်အထိ ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဒီနှစ်မိုးခေါင်သလိုမျိုး နောက်နှစ်တွေမှာလည်း ဆက်ပြီးမိုးခေါင်ပါက ဘယ်လိုလုပ်ကြ မည်နည်း။ ရေအလုံ အလောက် မရရင် စပါးစိုက်ဖို့ မလွယ်တာကတော့ လူတိုင်းသိသည်။ ငုတ်တုတ် ထိုင်နေလို့ကတော့ မရ၊ နည်းလမ်းရှာရ ပေလိမ့်မည်။ မိုးလေဝသ ပြန်ကောင်းမည် မှန်လာမည် ဆိုရင်တော့ အတိုင်းထက် အလွန် ပေါ့။ သို့သော် နောင်နှစ်တွေ မှာလည်း မိုးပြန်ကောင်းမည်ဟု မည်သူကမှ အာမမခံနိုင်။ ကမ္ဘာကြီး ပူနွေးလာနေ တယ် ဆိုတော့ ရာသီဥတုတွေက မမှန်တော့။

နည်းလမ်းရှာဆိုတော့ ဘယ်လို ရှာကြမလဲ။ သိထားတာလေး ကြားဖူးတာလေး တခုတော့ ဖောက်သည် ပြန်ချလိုသည်။ ရေရှားပါးမှု အခြေအနေအောက်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ဘယ်လို ဆက်လုပ်နိုင်သလဲဆိုတဲ့ ကိစ္စတခု ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ Fred Pearce ဆိုသော သူတဦးက သူ၏စာအုပ်ထဲတွင် လူအများကို အကြံပြုထား သည်။ စာအုပ်နာမည်က When the Rivers Run Dry ဖြစ်သည်။ မြန်မာလို ဘာသာပြန်ရင်တော့ မြစ်ရေ များခမ်းခြောက်လေ သောအခါ ဟုဆိုနိုင်သည်။ ထိုစာအုပ်တွင် ပါရှိသည့် အကြောင်းအရာကို အကျဉ်းရုန်း၍ ပြောပါမည်။

စပါးစိုက်ပျိုးခြင်းသည် အခြားကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းထက် ရေပိုကုန်သည်ဟု ဆိုထားသည်။ တချို့ စပါး အမျိုး အစားတွင် ဆန်အလေးချိန် တပေါင် ရရှိဖို့ သုံးစွဲရသည့် ရေပမာဏသည် ဂါလံ ၂၅ဝ ဖြစ်၍ အချို့စပါး အမျိုးအစားသည် ဆန်အလေးချိန် တပေါင်ထွက်ရှိဖို့ ရေဂါလံ ၆၅ဝ သုံးစွဲရသည်။ သို့သော်လည်း ဂျုံအလေးချိန် တပေါင်ထွက်ဖို့ သုံးစွဲရသည့် ရေပမာဏကတော့ ဂါလံ ၁၃ဝ သာ ဖြစ်သည်။ အာလူးအလေးချိန် တပေါင်ထွက်ဖို့ သုံးစွဲရသည့် ရေပမာဏကတော့ ၆၅ ဂါလံသာ ဖြစ်သည်။ ထို့အတူ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပီလောပီနံ၊ ငှက် ပျောသီး အစရှိသည့် အမျိုးအစားများသည် စပါး စိုက်တာလောက် ရေကို သုံးစရာမလိုပါ။

ကော်ဖီစိုက်ပျိုးခြင်းသည်လည်း ရေကို အတော်လေး သုံးစွဲရသည်။ ကော်ဖီတခွက် ဖြစ်လာဖို့ ရေဂါလံ ၃၇ ဂါလံ သုံးစွဲရ သည်။ စတားဘတ်က ကော်ဖီကို ကြိုက်သူများ သတိထားသင့်သည့် အချက် ဖြစ်သည်။ သို့သော် လက်ဖက်ရည်တခွက် ဖြစ်ဖို့အတွက် သုံးစွဲရသော ရေပမာဏာသည် ၉ ဂါလံသာ ဖြစ်သည်။ မကွာလွန်းဖူးလား။ ကော်ဖီထက် လက်ဖက်ရည် ပို သောက်ဖို့ တိုက်တွန်းလိုသည်။ လဖက်ရည် တနေ့ နှစ်ခွက်သုံးခွက် သောက်ခြင်းသည် ကင်ဆာရောဂါကို ကာကွယ်နိုင် သည်ဟု သိပံ္ပသုတေသန လုပ်သူများက ဆိုထားသည်။ ဟုတ်မဟုတ်တော့ မသိပါ။

ရေရှားပါးသည်ကို ရင်ဆိုင်နေရသည့် ကာလမျိုးတွင် ရှိထားသည့်ရေကို ခြစ်ကုတ်၍ စပါးစိုက်ပျိုးရာမှာ သုံးမည့် အစား စပါးအစားထိုး သီးနှံတခုခုစိုက်ပျိုးဖို့ လိုကြောင်း ထောက်ပြထားခြင်း ဖြစ်သည်။ ထို့အပြင် မိုးကောင်းနေ သေးသည့် အရပ်များမှာလည်း စပါးကို တသီးသာစိုက်သင့်သည်။ နှစ်သီး သုံးသီး မစိုက်သင့်။ စပါးတသီး ရိတ်သိမ်းပြီးလျှင် နောက်အသီးများကို ရေသိပ်သုံးစရာမလိုသည့် သီးနှံများကိုသာ စိုက်ပျိုးသင့်သည်ဟု ဆိုထားသည်။

စပါးစိုက်ဖို့ ရေရှားရသည့် ကြားထဲတွင် ပြဿနာ ဖန်တီးနေသည့် ကိစ္စများ ရှိသေးသည်။ တခြားတော့ မဟုတ် လူချမ်းသာ များ အပန်းဖြေသည့် အနေဖြင့် ဂေါက်သီးကစားခြင်း ဖြစ်သည်။ ဂေါက်သီးကွင်း တခု မြက်ခင်းများ ဖြင့် စိမ်းလန်းစိုပြေနေ အောင် ရေကို အမြဲတမ်း သုံးနေရခြင်းဖြစ်သည်။ ဂေါက်သီးကွင်းမှ မြက်ခင်းများ စိမ်းလန်း စေရန် အသုံးပြုရသည့် တနှစ် အတွင်း ရေပမာဏသည် လယ်ဧကပေါင်း ၂၅ဝဝ အတွက် အသုံးပြုနိုင်သည်။

တရုတ်နိုင်ငံတွင် ရေရှားသော အရပ်များ၌ ခါတိုင်းလို စပါးကို ရေသွင်းမစိုက်တော့ဘဲ ပုံစံပြောင်း လိုက်သည်။ ထိုရေရှား သော အရပ်များ၌ စပါးအစား အာလူးကိုသာ စိုက်ပျိုးလာခဲ့သည်။ ယနေ့ တရုတ်ပြည်သည် ကမ္ဘာ ပေါ်တွင် အာလူး အထွက်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်သည်။

ဗမာလူမျိုးတွေ အနေဖြင့် ဂျုံမှလုပ်သော အစားအစာများနှင့် မစိမ်းပါ။ သွားရေစာအဖြစ်လည်း နေ့တဓူဝ စားသုံးနေကြ သည် မဟုတ်လော။ နံပြား၊ ပလာတာ၊ ချာပါတီ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ခေါက်ဆွဲ၊ အီကြာကွေး စသည်တို့သည် ဂျုံနှင့် ပြုလုပ်ထားသော အစားအစာများ ဖြစ်သည်။ ဗမာတွေ အတွက် ကတော့ ဆန်ကိုအစားထိုးတဲ့ အနေနဲ့ အနောက်တိုင်း သားများလို ပေါင်မုန့်စားခြင်းကို လွယ်လွယ်နှင့် ကူးပြောင်း၍ ရမည်မဟုတ်သေး။ တဖက်မှာလည်း ပေါင်မုန့်စားမည်ဆိုပါက ထောပတ်တို့ ယိုတို့ ဘာညာတို့က လိုလာဦးမည်။ ထောပတ်ကလဲ ဈေးကမသေးတော့ ဆင်းရဲသည့် ဗမာလူမျိုး အများစု အနေဖြင့် ထမင်းအစားထိုး ပေါင်မုန့် စားခြင်းသည် တွက်ခြေကိုက်မည် မဟုတ်။

သို့သော် ခေါက်ဆွဲသည် နောင်တွင် ထမင်းအစားထိုး ပစ္စည်း ဖြစ်လာနိုင်သည်။ ခေါက်ဆွဲကြော်၊ ဆီချက် ခေါက်ဆွဲ၊ ခေါက်ဆွဲလက်သုပ်၊ ခေါက်ဆွဲပြုတ် တို့သည် ဗမာတို့နှင့် အလွန်ရင်းနှီးသော သွားရေစာများ ဖြစ်သောကြောင့် အများကြီး ဖြစ်နိုင်သည်။ ခေါက်ဆွဲကြော်ဖို့ ဆီမရှိပါက ပြုတ်၍ စားနိုင်သေးသည်။

လာမည့် နှစ်များမှာ မိုးခေါင်သထက် ခေါင်လာမယ် ဆိုရင်တော့ ဗမာလယ်သမားတွေ စပါးစိုက်ဖို့ထက် ဂျုံစိုက်ဖို့ မလွဲမသွေ ပြင်ဆင်ရတော့မည်။ ထို့ကြောင့် ဗမာတွေ ခေါက်ဆွဲစားကြ ရတော့မည်လို့ ခေါင်းစဉ် တပ်လိုက်ခြင်း ဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်၍ ချမ်းသာနေသော တောင်ကိုရီးယား နိုင်ငံသည် ပင်လျှင် အစိုးရက နိုင်ငံသားများ အနေဖြင့် တပတ်လျှင် ထမင်းတနပ်မစားဘဲ ဂျုံ၊ အာလူး စသည့် ထမင်းအစားထိုး အစားအစာများ စား သောက်ရန် တိုက်တွန်းနေသည်။ ရေကို ချွေတာလို၍ လုပ်ဆောင်သည့် အချက်ဖြစ်သည်။

ဗမာတို့အနေဖြင့် ကျုပ်တို့ကတော့ တနေ့ ထမင်းသုံးနပ်ပဲ၊ ထမင်းကလွဲလို့ ကျန်တာတွေတော့ မစားနိုင်ဖူးလို့ အခုနေ အခါမှာ ပြောကောင်းပြောနိုင်ပေမဲ့ စပါးစိုက်ဖို့ ရေအလုံအလောက် မရတဲ့ နှစ်တွေ များသထက် များလာရင်တော့ နောက်ဆုံးမှာ ခေါက်ဆွဲစားတဲ့ ယဉ်ကျေးမှုကို မဖြစ်မနေ ပွေ့ဖက်လာရ ပေတော့မည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁ ရက် ဇူလိုင်လ ၂ဝ၁ဝ ခုနှစ်



Share/Bookmark

2 comments:

FTC said...

ဆရာရေ သတင်းတွေမှာ ဖတ်ရတာတော့ မနှစ်က မြန်မာနိုင်ငံရဲ့ ဆန် export တက်လာတယ်ဆို။

Kyaw Nyo Thway said...

ကောင်းတယ် ဂျုံပဲစား
ထမင်းစားတာက အာဟာရလည်း သိပ်ဖြစ်တာလည်းမဟုတ်ဘူး
ပုပုသေးသေးလေးတွေ ဖြစ်နေခဲ့တာ။
အသားကျစ်ဖို့မလိုဘူး။ ငထွားဖြစ်ပြီး ဥာဏ်ကောင်းဖို့ပဲလိုတယ်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.