ရွက်မွန်စာမျက်နှာ

Thursday, March 29, 2012

စိတ်တွေကို အရင်ပြင်ဖို့လိုလိမ့်မည်

ဘန် ကောက်မြို့ လူစည်ကားသည့် တနေရာ၌ ဖြစ်သည်။ အသက် ၆ဝ ဝန်းကျင်ခန့် အမျိုးသမီးကြီးသုံးဦးနှင့် အသက် ၂၅ နှစ်ခန့် အမျိုးသမီးငယ် တဦး ဈေးဝယ်နေကြသည်။ သူတို့လေးဦးစလုံး မြန်မာလူမျိုးတွေ ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အဖွားကြီး သုံးယောက်နှင့် မိန်းမပျိုတို့ တဦးနှင့်တဦး မြန်မာလို စကားကို အကျယ်ကြီးပြောနေတာကို ကြားရသောကြောင့် ဖြစ်သည်။ ထို အချိန် သူတို့နားသို့ အပြာနုရောင် ရှပ် လက်ရှည်နှင့် ကာကီရောင် ရှိုးဘောင်းဘီကို သားသားနားနား ဝတ်စားထားသည့် အသက်လေးဆယ် အရွယ် ခန့် လူစိမ်းအမျိုးသားတဦး ချဉ်းကပ်လာသည်။

လူစိမ်း။ ။ အဒေါ်တို့က မြန်မာပြည်က လာတာမဟုတ်လား။ ထိုင်းကိုလာတော့ ပတ်စ်ပို့တွေ ဘာတွေ ပါကြရဲ့လား။ အဒေါ်တို့ကို ကြည့်ရတာ နယ်စပ်ကနေ ခိုးဝင်လာတဲ့ ပုံမျိုးတော့ မဟုတ်ပါဖူး။ ဒီမှာ ဘယ်လောက်ကြာကြာ နေကြမှာတုန်း။

မြန်မာစကားဖြင့် မေးလိုက်သော လူစိမ်း၏ အသံကြောင့် အဒေါ်ကြီးသုံးဦးစလုံး အလန့်တကြားဖြင့် ထိုလူကို မော့ကြည့်ရင်း ကျယ်လောင် ကျယ်လောင် စကားပြောနေရာမှ ဟုတ်ခနဲဆိုသလို အသံများတိတ် သွားကြသည်။

ပထမအဒေါ်ကြီး။ ။ အမလေး လန့်လိုက်တာကွယ်။
ဒုတိယအဒေါ်ကြီး။ ။ မင်းက ဘယ်သူတုန်းကွဲ့။
တတိယအဒေါ်ကြီး။ ။ ပတ်စ်ပို့လား၊ ပါပါတယ်ကွယ်၊ ပါပါတယ်။

လူစိမ်း။ ။ ရဲတွေ့လို့ ပတ်စ်ပို့မပါရင် အဖမ်းခံရမှာ စိုးလို့ အဒေါ်တို့ကို စေတနာနဲ့ မေးတာပါ။ အဒေါ်တို့က မြန်မာလို အကျယ် ကြီး ပြောနေတာမို့လား။

မြန်မာလိုအကျယ်ကြီး ပြောနေတာမို့လားဟု ဆိုသော လူစိမ်း၏စကားကြောင့် အဒေါ်ကြီး သုံးဦးစလုံး စိုးရိမ် သွားဟန်ရှိသည်။
ပထမအဒေါ်ကြီး။ ။ မောင်ရင်က ဘယ်သူလဲကွဲ့။ ဒီနိုင်ငံကို လာလည်တာလား။
လူစိမ်း။ ။ ကျနော်က ထိုင်းလူမျိုး ရဲအရာရှိပါ။ ဒါကြောင့် အဒေါ်တို့မှာ ပတ်စ်ပို့ပါရဲ့လားလို့ မေးတာပါ။ ပတ်စ်ပို့များ ပါတယ် ဆိုရင် ကျနော် ကြည့်ပါရစေ။
ဒုတိယအဒေါ်ကြီး။ ။ ဟဲ့ ရဲအရာရှိတဲ့၊ ပတ်စ်ပို့တဲ့။ ထုတ်ပြလိုက်ကြ။
ထိုစဉ် တတိယအဒေါ်ကြီးက သံသယရှိဟန်ဖြင့် “မင်းက ထိုင်းရဲအရာရှိဆိုပြီး ဘာဖြစ်လို့ မြန်မာစကားတတ် နေတာတုန်းကွဲ့” ဟုမေးလိုက်သည်။
လူစိမ်း။ ။ ဒါက ဒီလိုပါ။ ကျနော်က တရားမဝင်ခိုးဝင်လာတဲ့ မြန်မာတွေကို ဖမ်းရပြီး အဲသည့်အမှုတွေချည်းပဲ ဆက်တိုက် ဆိုသလို ကိုင်လာရတာ ကလည်း အနှစ်နှစ်ဆယ် ကျော်ပြီဆိုတော့ သူတို့နဲ့ ဆက်ဆံရင်း မြန်မာစကား တတ်လာတယ် ဆိုပါတော့။

လူစိမ်း၏ အဖြေကို ဟုတ်မှာပါဘဲဟု အဒေါ်ကြီး သုံးဦးစလုံး ယုံကြည်သွားဟန် ရှိသည်။ ပတ်စ်ပို့တွေက ဘယ်သူ့ အိတ်ထဲမှာတုံး၊ ရှာကြစမ်းပါဟု အဒေါ်ကြီးချင်းချင်း ပြောရင်းခေါင်းချင်း ရိုက်၍ရှာနေကြသည်။ တော်တော်နဲ့ ရှာမတွေ့ကြ။

ပထမအဒေါ်ကြီး။ ။ နေပါဦး။ ငါတို့ အိတ်ထဲမှာတော့ မတွေ့ဖူး။ ဘယ်သူ့ အိတ်ထဲမှာများ ပေါင်းထည့်မိ လိုက်ပါလိမ့်။
ဤတွင် ဒုတိယအဒေါ်ကြီးမှ သတိရဟန်ဖြင့် ဈေးဆိုင်မှ ပစ္စည်းများကို သဲသဲမဲမဲရွေးနေသော အမျိုးသမီးငယ်ကိုလှမ်း၍ “ဟဲ့ ဟဲ့ မိသင်းကြည် ညီးအိတ်ထဲမှာ မို့လား၊ ပတ်စ်ပို့တွေ။ ထုတ်ပေးစမ်းအေ။ ဒီမှာ ရဲအရာရှိတဲ့၊ ပတ်စ်ပို့ စစ်နေတယ်။”
မိသင်းကြည်ဆိုသည့် မိန်းမပျိုက သူ၏စလင်းဘက်အိတ်ကြီးကို မွှေနှောက်ရှာရင်း “ဒေါ်လေး ကျမတော့ ရှာ မတွေ့ဘူး။ မဟုတ်မှလွဲရော ဟော်တယ်က အခန်းထဲမှာ ကျန်ရစ်ခဲ့ပြီထင်တယ်။ ပျောက်တာတော့ မပျောက် ပါဘူး” ဟု ပြောလိုက် သည့်နောက် အဒေါ်ကြီး သုံးဦးစလုံး၏ မျက်နှာများ ဆီးရွက်လောက် ဖြစ်သွားသည်။

လူစိမ်း။ ။ ဒါကြောင့် ကျနော်ပြောတယ်မို့လား။ ပတ်စ်ပို့နဲ့ လာတယ်ဆိုရင် ဒီမှာ ဘယ်ကိုသွားသွား ပတ်စ်ပို့ကို အမြဲဆောင် ထားဖို့ လိုတယ်။ မပြနိုင်ရင် အဖမ်းခံရပြီး ထောင်တွေဘာတွေ ကျနိုင်တယ်ခင်ဗျ။
တတိယအဒေါ်ကြီး။ ။ ငါ့တူရယ်၊ အဒေါ်တို့က တကယ်ဘဲ ပတ်စ်ပို့နဲ့ လာတာပါ။ မယုံရင် အဒေါ်တို့ တည်းနေတဲ့ ဟော်တယ်အထိ လိုက်ကြည့်လို့ ရပါတယ်။ (စိုးရိမ်ဟန်ဖြင့်) ဟဲ့ မိသင်းကြည်၊ ဒို့ဟော်တယ် နာမည်က ဘာတဲ့ တုန်း၊ ဘယ်လမ်းမှာ ရှိတာလဲအေ့။ သူ့ကို ပြောလိုက်စမ်းပါဦး။

မိသင်းကြည်ဆိုသည့် တူမဖြစ်ဟန်ရှိသော မိန်းကလေးက စိတ်တိုနေသည့် လေသံဖြင့် “ကျမက ထိုင်းလိုမှ မတတ်တာ ဘယ် လိုပြောရမှာတုန်း ဟော်တယ် လိပ်စာကို” ဟု ပြောလိုက်ရင်း ထိုင်းဘာသာဖြင့် ရေးထားသည့် ဟော်တယ်လိပ်စာ ကတ်ပြားကို အိတ်ထဲမှထုတ်၍ လူစိမ်းထံသို့ ထိုးပေးလိုက်သည်။

လူစိမ်း။ ။ အဒေါ်တို့ရော ဒီကငါ့ညီမရော စိတ်မဆိုးနဲ့နော်။ ကျနော်က ထိုင်းရဲအရာရှိမဟုတ်ပါဖူး။ မြန်မာပါပဲ။ အဒေါ်တို့ကို တမင် စနေတာပါ။
ထိုအခါကြမှ အဒေါ်ကြီးသုံးယောက် ပြန်၍ ကျယ်လောင်ကျယ်လောင် မြန်မာလိုပြောရင်း၊ တဦးက “ငါထင်သား ပဲ ထိုင်းလူမျိုး ရဲအရာရှိက မြန်မာလို အဲသလောက် ပတ်ရည်နှပ်ရည် မပြောနိုင်ပါဖူးလို့”။ နောက်တဦးကလည်း “သိဘူးလေအေ ရဲအရာရှိက ပတ်စ်ပို့ စစ်တယ်ဆိုတော့လည်း” ဟု အချင်းချင်း ပြောရင်း အရှက်ပြေ ရယ်မော နေကြ လေသတည်း။

၂။ ချင်းမိုင်မြို့လည် တနေရာမှ ကုန်တိုက်ကြီးထဲကနေ သမီးငယ်ကို လက်ဆွဲ၍ ကိုဖိုးသော် ပြန်ထွက်လာသည်။ ဇနီးဖြစ်သူက ကွန်ပြူတာတလုံးနှင့် အလုပ်များနေ၍ ဟော်တယ်က အခန်းထဲမှာ ကျန်ရစ်ခဲ့သည်။ ကိုဖိုးသော် နှင့် ခွန်နှစ်နှစ်အရွယ် သမီးငယ် တို့ အပြင်ထွက်၍ ကုန်တိုက်ထဲတွင် နေ့လည်စာ သွားစားခြင်းဖြစ်သည်။ ဇနီး သည် အတွက် ထိုင်းကြက်ဆီထမင်း တထုပ်ဝယ် လာခဲ့သည်။

ဟော်တယ်က ဓာတ်လှေကားရှေ့တွင် အပေါ်ကိုပြန်တက်ရန် စောင့်နေသည်။ ထိုအချိန် ဘောင်းဘီရှည် ဝတ်ထားသော အသက် ၆ဝ ကျော်ခန့် အရွယ်ရှိ အမျိုးသမီးကြီးနှစ်ဦးလည်း ဓာတ်လှေကား လာစောင့်နေကြ ရင်း တရုတ်လိုလို ကိုရီးယားလိုလို စကားတွေပြောနေကြသည်။ ဓာတ်လှေကားပွင့်သွား၍ ဖိုးသော် သမီးငယ်ကို လက်ဆွဲ၍ ဓာတ်လှေကားထဲ ဝင်လိုက်သည်။ အဖွားကြီးနှစ်ဦးလည်း လိုက်ဝင်သည်။ ဖိုးသော်တို့အခန်းက ရှစ်ထပ်မှာ ဖြစ်သည်။ တိုးရစ်ဖြစ်ပုံရသော ထိုအဖွားကြီး နှစ်ဦး၏ အပြန်အလှန် အတင်းစကားများကြောင့် ဖိုးသော်သာမက သမီးငယ်လည်း အတော်လေး အံ့အားသင့် သွားရသည်။

ပထမအဖွားကြီး။ ။ (မြန်မာသံ ပီပီသသကြီးဖြင့် အားရပါးရပြောလိုက်သည်) အမလေးတော်၊ အဖေကြီးက မဲသလောက် သမီးလေးကတော့ ဖြူလိုက်တာ။ သမီးအရင်းမှ ဟုတ်ကဲ့လား မသိဖူး။ သားအဖလို့ပြောရင် ဘယ်သူယုံမှာတုန်း။
ဒုတိယအဖွားကြီး။ ။ (သူလည်း မြန်မာသံပီပီကြီးဖြင့်) ညီးကလည်း၊ ကလေးမလေး အမေက ဖြူလို့ဖြစ်မှာပေါ့။ တရုတ်ထဲမှာတောင် အသားမဲတဲ့ တရုတ်ငချိတ်တွေ တပုံကြီးဟာကိုး။

သမီးငယ်က ဖိုးသော်ကို မော့ကြည်ပြီး ပြုံးပြရင်း ရယ်ခြင်ပက်ကျိ ဖြစ်နေသည်။ ဖိုးသော်က သမီးငယ်ကို ဘာမှ မပြောနဲ့ ဆိုသည့် သဘောဖြင့် ပြန်၍ အံ့ကြိတ်ပြလိုက်သည်။

ပထမအဖွားကြီး။ ။ သူတို့ကြည့်ရတာ ထိုင်းတော့ ဟုတ်ဟန်မတူဖူးအေ့။ မလေးရှားတို့ ဖိလစ်ပိုင်တို့များလား မသိဖူး။ မလေးတို့ ဖိလစ်ပိုင်တို့မှာလည်း အတော်လေး အသားညိုတဲ့ လူမျိုးတွေ ရှိတာကိုး။
ဒုတိယအဖွားကြီး။ ။ အေးဟဲ့ မြန်မာတော့ မဟုတ်နိုင်ဖူး။ မြန်မာဆိုရင်တော့ သိသာပါတယ်။ လူတွေကမွဲပြီး အာဟာရ ချို့တဲ့ နေကြတော့ လူရုပ်တောင် ကောင်းကောင်း ပေါ်တော့တာမှ မဟုတ်တာ။ ပြီးတော့ ဒီလို ဟော်တယ်မျိုးကို ကပ်နိုင်ဖို့ဆိုတာ ဝေးသေး။
“တင်” ဆိုသည့် အသံဖြင့် ဓာတ်လှေကားသည် ရှစ်ထပ်တွင် ရပ်၍ တံခါးပွင့်သွားသည်။ ဖိုးသော် သမီးငယ်ကို လက်ဆွဲ၍ ဓာတ်လှေကားအပြင်သို့ ထွက်လိုက်သည်။ အဖွားကြီး နှစ်ဦးလည်း ထွက်လိုက်လာသည်။ သူတို့ လည်း ရှစ်ထပ်မှာ တည်းနေတာ ဖြစ်နိုင်သည်။
ဖိုးသော် မနေနိုင်တော့ဘဲ “အန်တီတို့လည်း ဒီအထပ်မှာဘဲ တည်းသလား” ဟု ရုတ်ချည်းမေးလိုက်သည်။ အဖွားကြီး နှစ်ယောက်စလုံး၏ မျက်နှာများမှာ ဟင်းခိုးစားရင်း လူမိသော ကလေးများနှယ်။

ပထမအဖွားကြီး။ ။ ငါ့တူရယ် စောစောက ပြောခဲ့တာတွေ ဘယ်လိုမှ မအောက်မေ့ပါနဲ့။ သမီးလေးက ဖြူလွန်း ချောလွန်းလို့ ပြောလိုက်မိတာပါ။ အဲ ငါ့တူကို ရုပ်ဆိုးတယ်လို့ ပြောတာမဟုတ်ဖူးနော်။
ဒုတိယအဖွားကြီး။ ။ မလေးတော်၊ မြန်မာတွေ အချင်းချင်း လာတွေ့နေတာကိုး။ ငါ့တူရယ် စိတ်မဆိုးပါနဲ့။ မြန်မာ တော့ မဟုတ်လောက်ဖူးလို့ ထင်လို့ ပြောမိတာပါကွယ်။
ဖိုးသော်။ ။ အန်တီတို့ ရန်ကုန်က လာတာလား။ ဒီချင်းမိုင်မှာ ဘယ်နှစ်ရက် နေဦးမလဲ။
ပထမအဖွားကြီး။ ။ အန်တီတို့က မြန်မာပြည်က ထွက်လာပြီး အခု ထိုင်ဝမ်မှာ နေနေတာ နှစ်ပေါင်း သုံးဆယ့် ငါးနှစ် ရှိပြီကွဲ့။ ထိုင်းကို လာလည်တာပါ။
ဒုတိယအဖွားကြီး။ ။ မြန်မာပြည်ကို ပြန်လည်ခြင်လွန်းလို့ ဗီဇာလျှောက်တာ ခဏခဏပါပဲကွယ်။ တခါမှ ဗီဇာ မရသေးဖူး ငါ့တူရဲ့။ ဒါနဲ့ အလွမ်းပြေဆိုပြီး အိမ်နီးချင်း ထိုင်းကိုပဲ လာလည်ကြရတာ။
ထို့နောက် ဖိုးသော် သမီးငယ်နှင့် အဖွားကြီးနှစ်ယောက် သက်ဆိုင်ရာ အခန်းများဆီသို့ သွားရင်း လမ်းခွဲလိုက် ကြတော့သည်။

၃။ ရန်ကုန်က လူကြီးတဦး အညာက မြို့လေးတခုမှာ အလည်ရောက်နေသည်။ သူက အဲသည့်မြို့သူနဲ့ အကြောင်းပါ ထားသည်။ ထိုလူကြီး၏ မိဘမျိုးရိုးထဲတွင် အနောက်တိုင်းသွေး ပါထားသည်မို့ ထိုလူကြီး၏ အသားအရေ အရပ်အမောင်းသည် အနောက်တိုင်းပုံစံလို ဖြစ်နေသည်။ အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျင် သည်။ ဒါ့အပြင် ထိုလူကြီးသည် အနောက်တိုင်းသွေး အနည်းငယ်ပါသော်လည်း မြန်မာပြည်ပေါက်မို့ မြန်မာ စကားကို မြန်မာတဦးလို ကျွမ်းကျင်သည်။ ထိုလူကြီးသည် အစအနောက် သန်သည်။ ရယ်စရာ ဇာတ်လမ်း တွေကိုလည်း ပြောပြတတ်သူမို့ တူတူမတော်သူ ကလေးများက ချစ်ခင်ကြသည်။

တညနေတွင် ထိုလူကြီးက ကလေးများကို ရယ်စရာ ဇာတ်လမ်းတခု ပြောပြနေသည်။ မြန်မာစကားဖြင့် ပြောပြ နေခြင်းဖြစ်သည်။ တချက်တချက်လည်း အင်္ဂလိပ်လို ပါသေးသည်။ ဒါပေမယ့် ဇာတ်လမ်းတခုလုံး အင်္ဂလိပ် စကားနဲ့ ပြောနေသည်ဟု ထင်ရအောင် မြန်မာအသံထွက်တွေ နောက်မှာ “အက်စ် သံတွေ အက်ဖ် သံတွေ” ညှပ်၍ပြောကာ အသောဖောက်နေသေးသည်။ သူပြောနေတာက ဒီလို။

“လေကြီးစ် မိုးကြီးစ် ဝုန်းဒိုင်းစ်”
“သင်္ဘောကြီးစ် ပျက်စ်”
“မဟာဇနက အင်ဿ ဆီးစ်”
“ရက်ကန် ရက်ကန်စ် ဆဲဗင်းဒေးစ်”
“ယောက်ကျားတို့စ် လုံ့လကိုပြ — စ်”
“မေခလာ နတ်သမီးစ် ကယ်စ်”
“ဖိုင်နယ်လီး၊ ကျောက်ဖြာပေါ်ရောက်စ် ဘုရင်ဖြစ်စ်” ဟူ၍ ဖြစ်သည်။

ကလေးများကို အဲသလို နောက်ပြောင်၍ စကားလုံးများ ပုံဖျက်၍ ပြောနေသည်ကို အနီးအနားမှ ဆွေမျိုး လူကြီးတချို့လည်း မသိမသာ နားထောင်နေကြသည်။ ထို့နောက် ထိုလူကြီးများက ကွယ်ရာတွင် ဤသို့ မှတ်ချက်ချကြသည်။
“သူပြောနေတာတွေက အင်္ဂလိပ်လိုတွေ ဖြစ်နေလို့ အကုန်မသိပေမယ့် မှန်းလို့ရပါတယ်။ ဇာတ်တော်ကြီး ဆယ်ဘွဲ့ထဲက မဟာဇနက မင်းသား အကြောင်းကို ပြောနေတာ” ဟူသတတ်။

၎။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်။ ဖိုးအောင်တယောက် သူ့ကုမ္ပဏီက လူတချို့နှင့် ဘန်ကောက်ကို အလုပ်ကိစ္စအတွက် သွားဖို့ ရောက်နေသည်။ ဖိုးအောင်အတွက် ဘန်ကောက်သွားခြင်းသည် ထမင်းစား ရေသောက်ပမာ ဖြစ်နေပြီ။ ဘန်ကောက် သွားရသည့် အခေါက်ပေါင်းလည်း မရေနိုင်တော့။

ဒီတခေါက်မှာ ဖိုးအောင်တယောက် ရေရေလည်လည် အရစ်ခံနေရသည်။ လေဆိပ် လုံခြုံရေး အရာရှိတဦးက ဖိုးအောင်ကို မောက်မောက်မာမာ မေးမြန်းနေသည်။
အရာရှိ။ ။ (လေသံမာမာဖြင့်) မင်းက ဘန်ကောက်ကို ဘာသွားလုပ်မှာလဲ။ ဟိုမှာ အလုပ်သွားလုပ်ဖို့လား။ ပြီးရင် ဘယ်နိုင်ငံကို ဆက်သွားဦးမှာလဲ။ မလေးတို့ဘာတို့ သွားဦးမှာလား။
ဖိုးအောင်။ ။ (ပုံမှန်အသံဖြင့်) ကျနော့် ကုမ္ပဏီကိစ္စနဲ့သွားမှာပါ။ အလုပ်ကိစ္စပြီးရင် ပတ်တရားတို့ ဘာတို့လည်း သွားလည်မယ်။ ဒီလောက်ပါပဲ။ ပြီးရင် ရန်ကုန်ပြန်လာမှာပါ။
အရာရှိ။ ။ မင်း ငါကို့ ဘတ်မယ် မကြံနဲ့။ မင်းလိုကောင်မျိုးတွေ ဒီလေဆိပ်ကနေ ဒီလိုအကြောင်းပြပြီး ထွက်ကြ တာ ငါတို့က အံတိုနေပြီ။
ဖိုးအောင်။ ။ (စိတ်အနည်းငယ်တိုလာ) ခင်ဗျား ကြိုက်သလိုစစ်၊ ကျနော့်မှာ ထိုင်းဗီဇာလည်း တရားဝင်ရှိတယ်။ တရားမဝင်တဲ့ ပစ္စည်း ဘာတခုမှလည်း ကျနော် သယ်မလာဖူး။ ကျနော့အိတ်ကို ခင်ဗျား ကြိုက်သလို စစ်နိုင် တယ်။ ဟောဒါက ကျနော့် ကုမ္ပဏီလိပ်စာကတ်။ ခင်ဗျား စုံစမ်းလို့ရတယ်။ နောက်ပြီး ကျနော့်မှာ လေယာဉ် လက်မှတ် အသွားအပြန်လဲ ရှိတယ်။ ဟောဒီမှာ။

စကားပြောရင်း ပြောရင်းဖြင့် အပေါက်အလမ်း သိပ်မတဲ့တော့။ ဖိုးအောင် ဂျင်းဘောင်ဘီ အိတ်ထဲ မိုဘိုင်းဖုံးကို ထုတ်လိုက်ပြီး အနည်းငယ် နောက်ကျနေသော သူ့ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် နှစ်ဦးကို ဆက်သွယ်လိုက် သည်။ ဖိုးအောင် မိုဘိုင်းဖုံးကို ထိုအရာရှိမြင်တော့ နည်းနည်း မျက်နှာပြောင်းသွားသည်။ ပြောင်းမှာပေါ့ ဖိုးအောင်ကိုင်ထားတဲ့ မိုဘိုင်းဖုံးက အခု မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ဈေးအကြီးဆုံးဆိုတဲ့ မိုဘိုင်းဖုံးကိုး။ မိနစ်ပိုင်းအတွင်း ဖိုးအောင်လူများလည်း ရောက်လာသည်။ သားသားနားနား ဝတ်ဆင်ထားသော ဟိုလူနှစ် ယောက်ကို မြင်တော့မှာ အရာရှိဆိုသူ သဘောပေါက်ပြီး ရစ်နေတာ ရပ်သွားသည်။ စောစောက ဖိုးအောင်ကို မင်းနဲ့ငါနဲ့ ပြောနေရာမှ ခင်ဗျားနဲ့ ကျနော်ဆိုပြီး ဖြစ်လာသည်။ တကယ်တန်း ဆိုရင် ဖိုးအောင်နဲ့ အဲသည့် အရာရှိ ဆိုသူက အသက်အားဖြင့် မတိမ်းမယိမ်းတွေ။ ဘာ့ကြောင့် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရသနည်း။

ဖိုးအောင် သဘောပေါက်သွားသည်။ သူကတော့ ဘန်ကောက်ကို သွားလိုက်ပြန်လိုက် လုပ်နေတာ အခေါက် ပေါင်း များပြီမို့ အဝတ်အစားကို ဖြစ်သလို ဝတ်ထားသည်။ တီရှပ်က အနွမ်းကြီး မဟုတ်ပေမယ့် သစ်သစ်လွင် လွင်လည်း မဟုတ်။ ဂျင်းဘောင်းဘီက အကောင်းစားပေမယ့် တမင်ဟောင်းအောင် လုပ်ထားသည့် အမျိုးမို့ တဖက်လူအမြင်တွင် မှိန်တိန်တိန် ဖြစ်နေပြန်။ ထိုအခြေအနေကို မြင်ပြီး အရာရှိဆိုသူက တဖက်နိုင်ငံတွင် အလုပ်သွားမယ့် လူမျိုးဟု ထင်ကာ ဖိုးအောင်ထံမှ ကြားပေါက် ပိုက်ဆံရလိုရငြား မောက်မောက်မာမာ အာဏာ ပြ၍ ဆက်ဆံနေခြင်းဖြစ်သည်။ အကယ်၍ ဖိုးအောင်အနေဖြင့် အာဏာပိုင်မို့ ဦးကျိုးသွားမိပါက တဖက်က ပိုက်ဆံတောင်းတော့မည်။

ကျနော်တို့ ချစ်သော မြန်မာပြည်ကြီး ပြောင်းလဲဖို့ ဆိုရာမှာ ဒီမိုကရေစီ တခုထဲသာ မဟုတ်ပါ။ အရင်တလျှောက်လုံး အမြစ်တွယ်နေသည့် အကျိုးအပြစ် များလွန်းသည့် စိတ်နေစိတ်ထားများကိုလည်း ပြောင်း လဲဖို့ လိုသေးသည်။ ကြောက်တတ် လွန်းတာတွေလည်း မကြောက်တတ်ဖို့ ပြင်ဆင်ရမည်။ ပိုင်ပြီထင်ပြီး ပြောချင်ရာပြော လုပ်ချင်ရာလုပ် တာမျိုးတွေလည်း ပြင်ဆင်ရမည်။ ယုံလွယ်လွန်းသည့် စိတ်ကိုလည်း ပြင်ရ မည်။ ကိုယ်မတတ်ဘဲ မသိဘဲ ရှိတာတွေကို သိသလိုလို တတ်သလိုလို မလုပ်ကြဖို့လည်း ပြင်ဆင်ရဦးမည်။ အာဏာပြ မောက်မာတဲ့ စိတ်များကိုလည်း ပြောင်းရမည်။ စိတ်ကိုပြောင်းလဲရတာက ဒီမိုကရေစီ ပြောင်းလဲဖို့ အတွက် ဆိုတာထက် ပိုခက်မည်ဟု ပြောလိုသည်။ မခက်လိုပါက မျိုးဆက်သစ်များအတွက် ပညာရေးစနစ်ကို လွတ်လပ်သော ပညာရေးဖြစ်ဖို့ အရင်ဆုံး ပြောင်းလဲဖို့သာ ဖြစ်တော့သည်။ ပြောင်းလဲရေးတွေ အတွက် နောက်ဆုံး ဆိုက်သည့် လမ်းကတော့ လွတ်လပ်သော ပညာရေးစနစ်သာ ဖြစ်တော့သည်ဟု ပြောလိုသည်။

ဇော်မင်း
၂၆ ရက် မတ်လ ၂ဝ၁၂ ခုနှစ်

1 comment:

ငစနေ said...

လေဆိပ်က ဆရာသမားတွေကတော့ အတော်လေး အချိုးပြောင်းသွားပါပြီ။ မတ်လဆန်းတုန်းက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုနဲ့ ရန်ကုန်ကို ခဏ ပြန်လာဖြစ်သေးတယ်။ အဝင်ရောအထွက်ရော ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာပဲ။ ရစ်တာ ငွေတောင်းတာလဲ မရှိတော့ဘူး။ တစ်ခုပဲရှိတယ် ... လေဆိပ်ကအထွက်မှာ အတင်း အိတ်လိုက်သယ်ပြီးတော့ ပိုက်ဆံတောင်းတဲ့ လူတွေကတော့ သရုပ်ပျက်လွန်းတယ်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.