ဗ မာပြည်
သစ်တောတွေနဲ့ ရာသီဥတုဟာ အပြန်အလှန် မီတည်နေပါတယ်။ ကနေ့ကာလမှာ မြန်မာနိုင်ငံ တနိုင်ငံထဲမဟုတ်ဘဲ ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများဟာ အီကွေတာ အမြဲစိမ်းသစ်တောတွေ၊ မုတ်သုန်တောတွေကို ဆက်တိုက်ဆိုသလို ခုတ်ယူပြီး ဖွံ့ဖြိုးချမ်းသာတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချနေပါတယ်။ ရာသီဥတုကို ထိမ်းညှိပေးနေတဲ့ သစ်တောတွေကို အဲသလို ဆက်တိုက်ခုတ်ယူ ရောင်းချနေတာကြောင့် ကမ္ဘာ့လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပိုမိုထူထပ် များပြား လာရပါတယ်။ တဆက်ထဲမှာလည်း ချမ်းသာဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေက စက်ရုံတွေ၊ ကားတွေ၊ လေယာဉ်တွေက ထုတ်လွှင့် တဲ့ အပူရှိန်များ ကလည်း ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ပိုမိုများပြားလာစေပါတယ်။ ကနေ့ ကမ္ဘာပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး နိုင်ငံတွေကတော့ အမေရိကန်၊ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံတို့ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံလည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ အတော်မြင့်တက်လာနေတယ်လို့ လေ့လာသူများက ဆိုပါတယ်။
သစ်ပင်တွေ အလွန်ကျွံခုတ်တာကြောင့် မိုးခေါင်တာကို ရင်ဆိုင်ရသလို၊ စက်ရုံတွေက စွန့်ပစ်တဲ့ ဓာတုပစ္စည်းများကြောင့် ရှိထားပြီးသား မြစ်ချောင်းအင်းအိုင်တွေက ရေအရင်းအမြစ်များလည်း ညစ်ညမ်းလာတာကို မြင်ရပါတယ်။ ဒါ့အပြင် ရွှေ အပါအဝင် သတ္ထုတူးဖော် တာတွေကြောင့်လည်း မြစ်ချောင်းများ ပျက်စီးကုန်ပြန်ပါတယ်။ အဲသလို ဖြစ်ပျက်နေတဲ့ အချိန် မျိုးမှာ အပူချိန်ကလည်း မြင့်တက်လာပြီး ရေအရင်းအမြစ် ရှားပါးလာခြင်း၊ လိုအပ်တာထက် မိုးများလို့ ရေကြီးခြင်း စတာ တွေကြောင့် မြန်မာနိုင်ငံ အပါအဝင် စိုက်ပျိုးရေးကို အဓိကထားနေရဆဲ နိုင်ငံများအဖို့ ရှေ့ရှောက် အခက်အခဲများနဲ့ ပိုပြီး ရင်ဆိုင်ရမယ်လို့ ကျွမ်းကျင်သူများက တွက်ချက်ထားပါတယ်။
နောက်တချက်ကဘာလဲဆိုတော့ စိုက်ပျိုးရေးကို အားထားနေရဆဲ နိုင်ငံတွေမှာ ရိုးရာအရ တသီးပုဂ္ဂလ လယ်သမားတွေ အဖြစ် ရပ်တည်နေရတဲ့ ဆင်းရဲတဲ့ တောင်သူတွေဟာ အရင်းအနှီးအားကောင်းတဲ့ စီးပွားရေးကုမ္ပဏီတွေ စိုက်ပျိုးရေး လုပ်ငန်းများမှာ ဝင်ရောက် လာတာကြောင့် လယ်ယာလုပ်ငန်းတွေကို တဖြည်းဖြည်း စွန့်လွှတ်လာရတာမျိုးတွေကို ရင်ဆိုင် နေရပါတယ်။ မြန်မာနိုင်ငံမှာလည်း လယ်သိမ်းယာသိမ်း ကိစ္စတွေဟာ အခုအထိ ဖြစ်နေတုန်းပါ။ ဇေကမ္ဘာက သိမ်းသွားလို့၊ ယုဇနကသိမ်းသွားလို့၊ စစ်တပ်က သိမ်းထားလို့၊ လမ်းဖောက်ဖို့ ဂက်စ်ပိုက်လိုင်း သွယ်တန်းဖို့ လယ်တွေအသိမ်းခံရတာတို့ စသဖြင့် အမျိုးကို စုံနေတာပါပဲ။ လယ်ယာစိုက်ပျိုးရေးကို ပိုပြီးအားကောင်းအောင် လုပ်ရမယ့်အစား ပျက်အောင် ဖျက်ချ နေသလိုမျိုး ဖြစ်နေပါတယ်။
ကျနော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည် တခုဖြစ်တဲ ထိုင်းနိုင်ငံက လယ်သမားများရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြောလိုပါ တယ်။ ထိုင်းလယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးတွေကို အခုအခါမှာ မြန်မာလယ်သမားတွေလည်း ရင်ဆိုင် နေရပါတယ်။ ထိုင်းနိုင်ငံထဲက တပ်ခရိုင်မှာ မိုးခေါင်တာကို ရင်ဆိုင်နေရတာ သုံးလေးနှစ် ရှိပါပြီ။ အဲသလို မိုးခေါင်တဲ့ အကျိုးဆက်ကြောင့် တပ်ခရိုင်ထဲက စပါးစိုက်တဲ့ အသေးစားလယ်သမားတွေဟာ ရေပြတ်လတ်မှု မလုံလောက်မှုနဲ့ ကြုံတွေ့နေ ရပါတယ်။ တချိန်ထဲမှာ ဆက်လက်ကြုံတွေ့ နေရတာကတော့ ပြင်ပကနေ အသစ်ဝင်လာတဲ့ အရင်းအနှီး ကြီးမားတဲ့ ကုမ္ပဏီတွေက စိုက်ပျိုးလုပ်ငန်းမှာ ရင်းနှီးမြုတ်နှံ လုပ်ကိုင်လာတာကြောင့် ဖြစ်ပါတယ်။
အရင်းအနှီးကြီးမားတဲ့ စီးပွားရေး မြုတ်နှံသူတွေနဲ့ အသေးစားလယ်သမားတွေ အကြား စိုက်ပျိုးရေးအတွက် တန်ဖိုးရှိလှတဲ့ ရေအရင်းအမြစ်ကို လုရသလို ဖြစ်နေပါတယ်။ တချိန်ထဲမှာလည်း စိုက်ပျိုးရေးကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်လာတဲ့ အရင်း အနှီး ကြီးမားတဲ့ ကုမ္ပဏီတွေဟာ ဈေးကွက် အတွင်းမှာ ငွေဖြစ်လွယ်တဲ့ သီးနှံတွေကိုသာ အကြီးအကျယ် စိုက်ပျိုးလာခြင်း ဖြစ်ပါတယ်။ အဲဒီသီးနှံတွေက ဘာတွေလဲ ဆိုတော့ နှင်းဆီ၊ ပြောင်းဖူးနဲ့ အာလူးတို့ ဖြစ်ပါတယ်။ အဆိုပါသီးနှံတွေ စိုက်ပျိုး ဖို့ အတွက် ရေအရင်းအမြစ် အမြောက်အများ သုံးစွဲရတယ်လို့ ဆိုပါတယ်။ တဆက်ထဲမှာလည်း အဲသည့် သီးနှံတွေကို နှစ်တိုင်း ဆိုသလို ဆက်တိုက် စိုက်ပျိုးလာတာကြောင့် ရေလိုအပ်မှု ပမာဏ ကလည်း တနှစ်ထက်တနှစ် မြင့်တက်လာနေ ပါတယ်။
တပ်ခရိုင်အတွင်းက လယ်သမားတွေ အဆိုအရ ဟိုတုန်းကဆိုရင် ရေပြတ်လတ် သွားမှာကို စိုးရိမ်စရာ မလိုဘူးလို့ ဆိုပါ တယ်။ ရာသီဥတုကလည်းကောင်း မိုးကလည်း မှန်တာကြောင့် ဖြစ်ပါတယ်။ အကယ်၍ တနှစ်တလေ မိုးမကောင်းရင် လည်း ဆည်ရေကို အလုံအလောက် ရရှိအသုံးပြုနိုင်တာကြောင့် ပူပန်စရာမလိုဖူးလို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ဆည်ဖြစ်တဲ့ ဘူမိဘောဆည်ကြီးဟာ တပ်ခရိုင်အတွင်းမှာ တည်ရှိပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အရင်းအနှီးကြီးမားတဲ့ သူတွေက စိုက်ပျိုးရေးမှာ မြုတ်နှံလုပ်ကိုင်လာခြင်းဟာ ရင်းနှီးမြုတ်နှံသူ တွေအတွက် အကျိုးရှိတာမှန်ပေမယ့် ဒေသခံလယ်သမားတွေ အတွက်တော့ ဒုက္ခများနဲ့ ရင်ဆိုင်လာရပါတယ်။ ဒေသခံ လယ်သမားတွေဟာ ဆင်းရဲသူတွေ ဖြစ်တဲ့အတွက် အရင်းအနှီးကြီးမားသူတွေကို မပြိုင်ဆိုင်နိုင်ပါဖူး။ အရင်းအနှီးကြီးမား သူတွေက လိုအပ်ရင်လိုအပ်သလို ရေအရင်းအမြစ်ကို သူတို့ရဲ့ လယ်တွေအတွက် အသုံးပြုနိုင်ကြပါတယ်။ မိုးခေါင်တဲ့ ကာလ တွေမှာလည်း မြေအောက်ရေကို နက်နက်တူးပြီး သူတို့လယ်တွေအတွက် ရေကိုပေးဝေနိုင်ပါတယ်။
ဆည်ကနေလည်းတဆင့် လိုအပ်တဲ့ ရေကိုရနိုင်ပါသေးတယ်။ တခါ ကုမ္ပဏီကြီးတွေက နေရာအနှံ့ မြေအောက်ရေကို တူးဖော် အသုံးပြုတဲ့အတွက် ဆင်းရဲသား အသေးစားလယ်သမားတွေအတွက် တူးဖော်ဖို့ မြေအောက်ရေတောင် မကျန်တော့သလို ဖြစ်လာပါတယ်။ ဘူမိဘောဆည်ကြီးဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံးဆိုပေမယ့် နှစ်တိုင်းလိုလို မိုးခေါင်တဲ့ အကျိုးဆက်ကြောင့် ဆည်ကြီးကနေ ရေပေးဝေတဲ့ နေရာမှာ အကန့်အသတ် ဖြစ်လာခဲ့ပါတယ်။ ဆိုလိုတာကတော့ အသေးစား လယ်သမားတွေ အတွက် လိုအပ် သလောက် ရေအရင်းအမြစ်ကို ဆည်ကြီးကနေလည်း အပြည့်အဝ မရဘူးဆိုသလို ဖြစ်လာခြင်းပါ။ တပ်ခရိုင်ထဲက ဒေသခံ လယ်သမားတချို့ဟာ အခုဆိုရင် သူတို့လယ်မြေတွေကို အရင်း အနှီးကြီးသူတွေလက်ထဲ ထိုးအပ်ရမလို ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာက မြန်မာပြည်လို လယ်မြေကို ဇွတ်အတင်း ဝင်သိမ်းတာမျိုး မဟုတ်ပေမယ့် အားကြီးတဲ့ သူတွေကို ရေရှည်မှာ မပြိုဆိုင်နိုင်တော့ဖူးဆိုတာ မြင်ရပါတယ်။ ကျနော်တို့ဆီ မှာက ဇွတ်အတင်းသိမ်းတော့ လယ်သမားတွေ ပိုပြီးခံရပါတယ်။
ပြန်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ဆင်းရဲသားတွေရဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို အာဏာပိုင် တွေက စီးပွားရေးကုမ္ပဏီတွေနဲ့ ပေါင်းပြီး သိမ်းယူလာခဲ့တာ တပြည်လုံး အတိုင်းအတာနဲ့ ဆိုရင် မနည်းလှတော့ပါဖူး။ အခုလက်ရှိမှာလည်း အကြောင်းအမျိုးမျိုး ပြပြီး လယ်တွေယာတွေကို သိမ်းယူနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲသား လယ်သမားလူတန်းစားဟာ တဖြည်းဖြည်းနဲ့ လယ်မဲ့ယာမဲ့တွေ ဖြစ်လာနေပါတယ်။ အခုလက်ရှိ အခြေအနေတခုကိုေုပြာရမယ်ဆိုရင် ရန်ကုန်ကနေ နေပြည်တော်ကို သွားတဲ့ ကားလမ်းတလျှောက်မှာ တည်ရှိနေတဲ့ လယ်ယာ မြေတွေမှာ ရိုးရာအရ ဒေသခံလယ်သမားပိုင်ဆိုင်တဲ့ မြေယာတွေဟာ နည်းနည်းပဲ ကျန်တော့တယ်လို့ လေ့လာသူ များက ဆိုပါတယ်။
ဘယ်ဖက်ကို လက်ညိုးထိုးထိုး ဒီဖက်ကလယ်မြေတွေက ဘယ်ဗိုလ်ချုပ်ပိုင်တာ၊ ဟိုဖက်က လယ်ကွက်တွေကတော့ ဟိုဗိုလ်ချုပ် သားသမီးတွေ ပိုင်တာ၊ ဒီလယ်တွေကတော့ ဘယ်ဗိုလ်ချုပ်နဲ့ နီးစပ်တဲ့ သူဌေးကြီး ဦးဘယ်သူ ပိုင်တာ စတာမျိုးတွေ ဖြစ်နေ ပါတယ်။ အခုလို မိုးခေါင်တဲ့ နှစ်တွေမှာ (တချို့နေရာမှာတော့ ရေကြီး) မြန်မာလယ်သမားတွေ ဘယ်လောက် ကာလအထိ တောင့်ခံထားနိုင်မလဲ ဆိုတာကတော့ မတွေးဝန့်စရာဘဲလို့ ပြောလိုပါတယ်။ ဒီလိုမျိုး ရင်ဆိုင်နေရတဲ့ အချိန်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာပြည်ရဲ့ ဂျီဒီပီဟာ တိုးတက်လာနေတယ်လို့ မိန့်ခွန်းထဲမှာ တလောလေးက ပြောပါတယ်။ ဘယ်ဟာတွေ ထုတ်လုပ်လို့ ဘယ်ဟာတွေကို နိုင်ငံတကာဈေးကွက်မှာ ဘယ်လိုများ အကြီးအကျယ် ရောင်းချနိုင်လို့ ဂျီဒီပီ တက်လာသလဲ ဆိုတာကိုတော့ သမတက ရှင်းလင်းပြောကြားခြင်း မရှိပါ။ တကယ်တန်း လက်တွေ့မှာ ဒေသခံ အသေးစား လယ်သမားတွေကို အမှန်တကယ် ကူညီဖို့ လိုတယ်လို့ ပြောလိုပါတယ်။
ဇော်မင်း
၂၈ ရက်၊ ဇွန်လ၊ ၂ဝ၁၂ ခုနှစ်

No comments:
Post a Comment