ရွက်မွန်စာမျက်နှာ

Thursday, April 25, 2013

ဘာစွမ်းရည်တွေကိုမြှင့်မှာလဲ

ခု ကျနော်တို့ နိုင်ငံမှာ စွမ်းရည်မြှင့်သင်တန်း capacity building training တွေ ခေတ်စားလာနေပါတယ်။ ပိပြားနေ အောင် အုပ်ချုပ်ခံလာရတဲ့ နှစ်တွေက ရာစုနှစ်တဝက်လောက် ရှိခဲ့ပါတယ်။ လွယ်လွယ်ဆိုရရင် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅ဝ လောက် အကြောက်တရားအောက်မှာ နေခဲ့ရတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စလို့ မြန်မာပြည်မှာ လူထုအခြေပြု အဖွဲ့အစည်းတွေ တစတစနဲ့ လုပ်ကိုင်ခွင့် လှုပ်ရှားခွင့်တွေ ရလာနေပါတယ်။ တချို့သော လူထုအခြေပြု အဖွဲ့အစည်းတွေဟာ ပြည်တွင်းအလှူရှင်များရဲ့ လှူဒါန်းမှုအပေါ် အဓိကထားပြီး သာရေးနာရေး ကိစ္စများကို ဇောင်းပေးပြီး အလုပ်လုပ်ကြပါတယ်။ တချို့သော လူထုအခြေပြု အဖွဲ့အစည်းများကတော့ နိုင်ငံခြားအလှူရှင်များ အပေါ်မှာ မှီခိုပြီး လုပ်ကိုင်ကြပါတယ်။

နိုင်ငံခြားအလှူရှင်များရဲ့ သဘာဝအရ သူတို့မှာ သူတို့ရဲ့ပေါ်လစီတွေ ရှိပါတယ်။ အဲတာကြောင့် တချို့သော လူထုအခြေပြု အဖွဲ့အစည်းများဟာ နိုင်ငံခြားအလှူရှင်များရဲ့ ချမှတ်ထားတဲ့ ပေါ်လစီအတိုင်း အလုပ်လုပ်ဖို့ လိုအပ်လာပါတယ်။ အဲသလို အခြေအနေမျိုးမှာ နိုင်ငံခြားအလှူရှင်များရဲ့ ပေါ်လစီတချို့ဟာ ကိုယ့်မြေကိုယ့်ရေနဲ့ စပ်ဟပ်ရဲ့လား ဆိုတာကို ထဲ့သွင်း တွက်ချက်ပြီး လုပ်ကိုင်မယ်ဆိုရင်တော့ ပိုသင့်တော်မယ်လို့ မြင်ပါတယ်။ နိုင်ငံခြားအလှူရှင်များ အနေနဲ့ မြန်မာပြည်လို အပြောင်းအလဲ ဖြစ်လာကာစ နိုင်ငံတွေကို ကူညီတဲ့နေရာမှာ စွမ်းရည်မြှင့် သင်တန်းတွေ ပေးတာကို အလေးထားပါတယ်။ ပြိုကျခဲ့တဲ့ ပြိုကျနေတဲ့ လူ့အဖွဲ့အစည်းတခုကို ဆယ်မဖို့ အလုပ်လုပ် ကြတဲ့နေရာမှာ စွမ်းရည်မြှင့်သင်တန်းတွေ လိုတာ ကလည်း အမှန်ပါဘဲ။ သို့သော်လည်းပဲ အခုမြင်ရသလောက် ဆိုရင် စွမ်းရည်မြှင့် သင်တန်း အတော်များများဟာ မြို့ကြီး များရဲ့ ဟော်တယ်များ ခန်းမများမှာသာ ပြုလုပ်နေတာက အများစုလို့ ဆိုနိုင်ပါတယ်။

သင်တန်းတွေက အမျိုးစုံ
ကလေးအခွင့်အရေး၊ အမျိုးသမီးအများသား တန်းတူအခွင့်အရေး၊ သောက်ရေသန့်ရရှိရေး၊ မြေမြုပ်မိုင်းများ အန္တရာယ်၊ လယ်သမား အလုပ်သမား အခွင့်အရေး၊ ကျောင်းသားအခွင့်အရေး၊ လူကုန်ကူးခြင်း တားဆီးတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး၊ ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် အဖြေရှာခြင်း၊ ဒိုင်ယာလော့ ပြုလုပ်နည်း၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး၊ သစ်ပင်များပြန်စိုက်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ လုံခြုံရေး၊ ကျန်းမာရေး ပညာပေး သင်တန်းများ၊ ပိုးသတ်ဆေးများနှင့်ဓာတ်မြေသြဇာများ၏ အန္တရာယ် သင်တန်းများ၊ ကွန်ပြူတာသင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ပရောဂျက် ပရိုပိုဆယ် ရေးနည်းသင်တန်း၊ မီဒီယာလွတ်လပ်ခွင့် အပါအဝင် ဆက်စပ်သင်တန်းများ စသဖြင့် ရှိနေကြပြီး နောက်ထပ်လည်း အမျိုးအစား များလှတဲ့ စွမ်းရည်မြှင့် သင်တန်းတွေလည်း ရှိပါသေးတယ်။ ဒါတွေဟာ လူတိုင်း လူတိုင်း နိုင်ငံသားတိုင်း သိထားသင့်တဲ့ ကိစ္စများဖြစ်ပါတယ်။ ဒီလိုသင်တန်းမျိုး ပေးခြင်း ဟာလည်း ကြိုဆိုရမှာပါဘဲ။

အလယ်ကလပ်နေသေး
သို့သော်လည်း တချိန်ထဲမှာ အလှမ်းကျယ် အလယ်လပ်နေတဲ့ အခြေအနေကို မြင်ရပြန်ပါတယ်။ ဘယ်လိုဘယ်ပုံ အလယ်လပ်နေ သလဲ ဆိုတာကို ဆက်ပြောပါ့မယ်။ အခုလို အပြောင်းအလဲ စတင်နေပြီလို့ ဆိုနိုင်တဲ့ ကာလမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့် အရည်အချင်းမြှင့် သင်တန်းတွေ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်ဆိုင်ရာ အထောက်အကူပြုတဲ့ သင်တန်းတွေလည်း လိုနေပြီဆိုတာကို စတင်ပြီး သတိထားမိပါတယ်။ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ အထောက်အကူပြု သင်တန်းမျိုးတွေလိုသလဲ။ လူတဦးနဲ့တဦး အနိုင်မကျင့်ဖို့၊ အထက်စီးကနေ မဆက်ဆံဖို့၊ ဘာလူမျိုးဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် နိုင်ငံသားအားလုံးဟာ တန်းတူဖြစ်တယ် ဆိုတာကို နားလည်ဖို့၊ နိုင်ငံသားမဟုတ်သော်လည်း အကြာင်းအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံအတွင်းမှာ နေထိုင်နေရတဲ့ သူများအပေါ်လည်း နိုင့်ထက်စီးနင်း မပြုလုပ်ဖို့၊ အစွန်းရောက် အပြုအမူ အယူအဆတွေကို ပယ်နိုင်ဖို့၊ လူမျိုးရေး ဘာသာရေးအရ အစွန်းရောက်စေတဲ့ ဟောပြောပွဲတွေ လှုံ့ဆော်မှုတွေ အရေးအသားတွေကို လက်မခံဖို့ မကြိုဆိုဖို့၊ အစွန်းရောက်အောင် တွန်းပို့နေတဲ့ မျက်ကန်းမျိုးချစ် လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ စတာတွေကို ခြုံငုံမိစေတဲ့ သင်တန်းတွေလည်း အရေးတကြီး လိုအပ်နေပြီလို့ ဆိုချင်ပါတယ်။

မယဉ်ကျေးမှုများနဲ့ ရိုင်းစိုင်းမှုများ
အထက်မှာ ပြောခဲ့တဲ့ စွမ်းရည်မြှင့်သင်တန်းတွေ အမျိုးအစားပေါင်း များစွာကို တက်ရောက်သင်ကြားခဲ့ လေ့လာခဲ့ရင် ယဉ်ကျေးပြီ မရိုင်စိုင်းတော့ဘူးလို့ ဆိုနိုင်သလား။ လူသားချင်းစာနာ ထောက်ထားတဲ့ စိတ်တွေပိုမို မြှင့်တက်လာပြီလို့ကော ဆိုနိုင်သလား။ ဥပမာ တခုလောက် ပြောခြင်ပါတယ်။ အန်ဂျီအိုတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတဦး နိုင်ငံခြားမှာ စွမ်းရည်မြှင့် ရက်တိုသင်တန်း သွားတက်ပါတယ်။ ပြန်လာတော့ ရန်ကုန်လေဆိပ်မှာ တက္ကဆီငှားပါတယ်။ ကားသမားကို သူကဒီလိုမေးပါတယ်။
အန်ဂျီအိုပုဂ္ဂိုလ်။ ။ ဟေ့ကောင့့်  လှည်းတန်းကို သွားမယ်။ ဘယ်လောက်လဲကွ။
ကားသမား။ ။ ခြောက်ထောင်ပါခင်ဗျာ။
အန်ဂျီအိုပုဂ္ဂိုလ်။ ။ မင်းတို့ဟာက များလှချည်လား။ လေးထောင်ဆိုရင် ဘယ်တက္ကဆီမဆို ငှားလို့ရတယ်။ ပါးတောင် အဆစ်ရိုက်လို့ ရသေးတယ်။

နိုင်ငံခြားမှာ စွမ်းရည်မြှင့် ရက်တိုသင်တန်းတက်ခဲ့တဲ့ သူဟာ သူ့ရဲ့သက်ဆိုင်ရာ ဘာသာရပ်ကို အတိုင်းအတာ တခုအရ နားလည်ကျွမ်းကျင်မှု ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသူဟာ ဘာကြောင့် လူတဖက်သားကို မောက်မောက်မာမာ ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံရ တာလဲ။

နောက်တခုလည်း ရှိပါသေးတယ်။ စစ်တပ်က တပ်ကြပ်ကြီးအဆင့်လောက်က ရဲတပ်ဖွဲ့က ဒုရဲအုပ်တပွင့်လောက်ကို အချိန်မရွေး လမ်းလယ်ခေါင်မှာ ပါးရိုက်လို့ ရတယ်ဆိုတဲ့ အပြောမျိုးတွေပါ။ လုပ်လည်းလုပ်ပါတယ်။ ခံခဲ့ရဘူးတဲ့ ရဲအရာရှိတွေ မနည်းလှပါ။ ရဲဆိုတာ စစ်တပ်ရဲ့ လက်အောက်ခံ ကျွန်သဘောမျိုးမို့ နိုင်ချင်တိုင်း နိုင်စားလို့ ရတယ်ဆိုတဲ့ အယူအဆကနေတဆင့် ရိုင်းစိုင်းတဲ့ လူသားချင်း မစာနာတဲ့ အတွေးအခေါ် ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ကျောင်းဆရာမ တယောက်က ပိုက်ဆံမတတ်နိုင်တဲ့ ကျောင်းသားဆီက သူလိုချင်တဲ့ လက်ဆောင်မရလို့ အဲဒီကျောင်းသား ကို အတန်းထဲမှာ တချိန်လုံး ရိုးမယ်ဖွဲ့ အပြစ်ရှာ နေတာမျိုးကလည်း ယဉ်ကျေးမှုမဲ့တဲ့လုပ်ရပ် အနိုင်ကျင့်တဲ့လုပ်ရပ်လို့ ဆိုနိုင်ပါသေးတယ်။ နာသုံးနာဆိုတာ ဒီခေတ်မှာ မရှိတော့ပါလို့ဆိုရင် လွန်တယ်ထင်မလား။ ဒီလို အဖြစ်အပျက်မျိုးတွေဟာ တိုင်းပြည်မှာ နေရာအနှံ့ ဖြစ်နေတာပါ။

မေးစရာဖြစ်လာ
အခုမြန်မာနိုင်ငံအတွင်းမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအမျိုးမျိုးက ပို့ချနေတဲ့ စွမ်းရည်မြှင့်သင်တန်းတွေဟာ လူတွေရဲ့ စိတ်နေ သဘောထားတွေ အပြုအမူတွေ ယဉ်ကျေးလာအောင်၊ လူသားချင်း စာနာတဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒါမှမဟုတ်ဘဲ စွမ်းရည်မြှင့်သင်တန်းတွေ များများတက်ထား ပြီးရင် အန်ဂျီအို ကြီးငယ်လတ်တွေမှာ လခကောင်းကောင်းနဲ့ အလုပ်ရအောင်ဆိုတဲ့ စိတ်တွေကပဲ များနေသလား ဆိုတာကလည်း နောက်ထပ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အခု နာမည်ကြီးနေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အလုပ်လုပ်ဖို့အတွက် နိုင်ငံခြားသား ကျွမ်းကျင်သူများလည်း အုံနဲ့ကျင်းနဲ့ လာနေကြတာ မြင်ရပါတယ်။ မြန်မာပြည်အရေးကို နှစ်ပေါင်းများစွာ လေ့လာနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာအုပ်တွေ အတော်များများ ရေးခဲ့ဘူးတဲ့ ဆွီဒင်နိုင်ငံသား ဘာတဲလ် လင်တနာကတော့ အဲသလိုမျိုး နိုင်ငံခြားသား တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာကို အကြောင်းပြပြီး ရွှေတွင်းတူးမယ့် သူတွေလို့ ဝေဖန်ထားတာဖြစ်ပါတယ်။ အဲ့တာအပြင် ငြိမ်းချမ်းရေးကို အကြောင်းပြလို့ နိုင်ငံတကာကနေ ဝင်လာမယ့် ငွေကြေးပမာဏက များလှတာမို့ ဒီလုပ်ငန်းကို စီးပွားရေး အသွင် သဘောထားပြီး လုပ်ကိုင်နေတာကို မြင်နေရတဲ့အတွက် “ငြိမ်းချမ်းရေး စီးပွားရေး လုပ်ငန်းကြီးမှ ကြိုဆိုပါ၏” ဆိုပြီး ခပ်ထေ့ထေ့ မှတ်ချက်ခြ ရေးသားခဲ့ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ငန်း ကိုင်ငန်းတွေထဲမှာ လူ့အဖွဲ့အစည်း အတွင်း လူသားချင်းစာနာတဲ့ စိတ်တွေ တိုးမြှင့်စေတဲ့ လုပ်ငန်းမျိုးတွေ ပါမပါ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

အစွန်းရောက်လှုံ့ဆော်မှုတွေ
ရခိုင်အရေးကစလို့ အခုလတ်တလော ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာအရေးအထိ မွတ်စလင်ဆန့်ကျင်ရေးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လှုံ့ဆော်နေတာတွေ ရှိတယ်ဆိုတာ မြင်ရပါတယ်။ လူသတ်တာဟာ လူသတ်တာပဲ ဖြစ်ပါတယ်။ အမျိုးသားရေး၊ စီးပွားရေးစတဲ့ ဒိုင်းတွေနဲ့ ကာကွယ်ရုံနဲ့ မလုံလောက်ပါဘူး။ မနေ့တနေ့က ခိုးဝင်လာတဲ့သူတွေ အပေါ်မှာ ဥပဒေအရ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးမြန်မာမင်းများ လက်ထက်ကစလို့ (သို့မဟုတ်) မျိုးဆက်ပေါင်း များစွာ မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ မွတ်စလင်များဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ မြန်မာပြည်က နိုင်ငံသားမွတ်စလင်တွေ အကုန်လုံး နိုင်ငံခြားကို ထွက်ပြေးလို့ ဒါမှမဟုတ် အကုန်လုံး အကြောက်တရား ကြောင့် ဗုဒ္ဓဘာသာ ကူးပြောင်းသွားရင်ကော မြန်မာပြည်မှာ ပြဿနာတွေ အေးဆေးလို့ ငြိမ်းချမ်းမယ် ထင်ပါသလား။

လုံးဝမထင်ပါလို့ ကြိုတင်ဟောကိန်း ထုတ်လိုက်ပါရစေ။ အဲဒီအခါမှာလည်း အားလုံး ဗုဒ္ဓဘာသာဝင်တွ ဖြစ်တယ် ဆိုပေမယ့် ဒီကောင်တွေက ကုလားတွေ ကုလားဆက်တွေ ဆိုပြီး ဘာသာတူပေမယ့် လူမျိုးမတူတဲ့ အပေါ်မှာ ပြဿနာတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်။ အခု မြန်မာပြည်မှာ ဖြစ်တည်နေတဲ့ ဆင်းရဲနွမ်းပါးမှုဟာ ဘယ်သူ့ကြောင့် ဖြစ်ခဲ့တာလဲ ဆိုတာကို နားလည်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်တွေကြောင့် မြန်မာပြည်ကြီး ဆင်းရဲသွားတာ မဟုတ်ပါဘူး။ အာဏာရှင်တွေရဲ့ တုံးလွန်းတဲ့၊ မနာလိုစိတ် ကြီးမားလွန်းတဲ့ စိတ်နေသဘောထားကြောင့် မွဲခဲ့ကြရတာပါ။ တခါ မွတ်စလင် ပြဿနာ မရှိတော့ရင်လည်း ထပ်ပြီး ပေါ်ပေါက်လာမယ့် အစွန်းရောက်နောက်ထပ် ကိစ္စတခုကတော့ ခရစ်ယန်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံသား တိုင်းရင်းသားတွေဟာ ပစ်မှတ်အသစ် ဖြစ်လာလိမ့်မယ် ဆိုတာပါဘဲ။ အယူဘာသာချင်း တူရင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ်လို့ ထင်တာဟာ မှားယွင်းတဲ့ ချဉ်းကပ်မှုပါ။ ရှေးတုန်းက မြန်မာမင်းတွေဟာ မွန်မင်းတွေ၊ ရခိုင်မင်းတွေ၊ ရှမ်းစော်ဘွားတွေနဲ့ စစ်ခင်းခဲ့ကြတာ တခြိမ်းခြိမ်းပါဘဲ။ မွန်တွေ၊ ရခိုင်တွေ၊ ရှမ်းတွေလည်း ဗုဒ္ဓဘာသာဝင်တွေ ပါဘဲ။ ဘာကြောင့် စစ်ခင်းခဲ့ကြတာလဲ။ လောဘကြောင့်ပါ။ ဘယ်လိုလောဘ တုန်းဆိုတော့ မိမိ တန်ခိုးသြဇာ ဘုန်းလက်ရုန်း ကြီးမားတာကို ပြလိုတဲ့ လောဘကြောင့် နောက်ဆုံးမှာလည်း ဗုဒ္ဓဘာသာဝင် အချင်ချင်းလဲ သတ်ဖြတ် နှိပ်ကွပ်ခဲ့တာကို မြင်နိုင်ပါတယ်။

မီးတောက်ကို မကြီးပါစေနဲ့
ဗုဒ္ဓဘာသာဝင်တွေဖက်က မွတ်စလင်ဆန့်ကျင်ရေး ကြီးမားသထက် ကြီးလာပြီး ထစ်ခနဲရှိ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက် သတ်နေမယ်ဆိုရင် ဒါဟာ မြန်မာပြည်အတွက် အန္တရာယ် ရှိပါတယ်။ တကမ္ဘာလုံးဟာ အင်တာနက် ကွန်ယက်ကြီးနဲ့ ဆက်သွယ်နေကြတဲ့ ကာလဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်တဲ့ ပြဿနာဟာ မြန်မာပြည်မှာဘဲ အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာ နားလည်ကြဖို့ လိုပါတယ်။ ဘင်္ဂလားဒက်ရှ် နယ်စပ် အခြေစိုက် အစွန်းရောက် မွတ်စလင် အဖွဲ့အစည်းတွေ၊ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်ရေး မလေးနွယ်ဖွား မွတ်စလင် အဖွဲ့အစည်းတွေ၊ ဖိလစ်ပိုင်တောင်ပိုင်းက အစွန်းရောက် မွတ်စလင်အဖွဲ့တွေ၊ အင်ဒိုနီးရှားနဲ့ မလေးရှားက လျှို့ဝှက် အစွန်းရောက် မွတ်စလင်အဖွဲတွေနဲ့ မြန်မာ နိုင်ငံသား မွတ်စလင်တွေ တနေ့မှာ မဟာမိတ်ဖွဲ့ကုန်ကြပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဒီဒေသအတွင်းမှာ ကြီးမားလာအောင် လက်ရပ်ခေါ်တဲ့ လုပ်ရပ်များကို မလုပ်မိဖို့ လိုပါတယ်။ ကိုယ့်ဖက်က ဉာဏ်ကြီးကြီးထားဖို့ ဆိုလိုတာပါ။

နိုင်ငံရေးခေါင်းဆောင်တွေ အမျှော်အမြင် ကြီးမားဖို့၊ သည်းခံစိတ်တရား ကြီးမားဖို့ကလည်း အခရာကြပါတယ်။ ဘာမှမပြောဘဲ ငြိမ်နေတယ်ဆိုတာကြောင့် အလိုတူ အလိုပါလို့ စွပ်စွဲခံရနိုင်ပါတယ်။ ဒါကြောင့် ဆိုရေးရှိက ဆိုရမယ့် သတ္တိရှိဖို့ လိုပါတယ်။ နိုင်ငံသားတွေ အနေနဲ့လည်း နိုင်ငံရေးကို နိုင်ငံရေးလို နားလည်ပြီး အရပ်ဖက် နိုင်ငံရေး ခေါင်းဆောင်မဟုတ်သူတွေ (ဘာသာရေးနဲ့ လူမျိုးရေး ခေါင်းဆောင်တွေ) သွေးထိုးတာ မြှောက်ပင့်တာတွေကို နားမယောင်ဖို့လည်း လိုပါတယ်။ လူမျိုးရေးဘာသာရေးကို ခုတုန်းလုပ်လေ့ရှိတဲ့ အရပ်သားနိုင်ငံရေး ခေါင်းဆောင်တွေကိုလည်း မထောက်ခံဖို့ လိုပါတယ်။ မီးတောက်ကို ဒီထက်ဒီ မကြီးမားစေဘဲ မီးငြိမ်းသည် အထိ ဆောင်ရွက်ဖို့ အလေးအနက် ထားသင့်တယ်လို့ ထောက်ပြလိုပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်တွေကို အကုန် ချေမှုန်းပြီးရင် မြန်မာဗုဒ္ဓဘာသာဝင်တွေ စီးပွားရေးတက်လာမယ် ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဖို့ လိုပါတယ်။ တချိန်ထဲမှာလည်း ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေတဲ့ နိုင်ငံသားမွတ်စလင် ဘာသာဝင်တွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ လိုပါတယ်။

လူမျိုးရေးဘာသာရေး အခြေခံတဲ့ မီးတောက်ကို ကြီးထွားမလာဖို့ အတွက် သတင်းမီဒီယာများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကလောင်ကို မရမ်းဘဲ၊ ဘက်မလိုက်ဘဲ အရှိကိုအရှိအတိုင်း သတ္တိရှိရှိ ရဲရဲရင့်ရင့် ပြောနိုင်ရေးနိုင်ဖို့ လိုပါတယ်။ တစုံတခုကို ကြောက်နေရလို့ ကလောင်နဲ့ ကင်မရာကို ဖွက်ထားရတာမျိုး မဖြစ်စေလိုပါ။ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓဘာသာကို ရှေ့တန်းတင်ပြီး နာဇီလက်သစ် ဒါမှမဟုတ် အသေးစားဖက်ဆစ် အတွေးအခေါ်မျိုး မြန်မာ့လူ့အဖွဲ့အစည်း အတွင်း ပေါ်ပေါက်လာမှာကို တားဆီးဖို့ သတင်းမီဒီယာများမှာလည်း တာဝန်ရှိတယ်ဆိုတာ ပြောလိုပါတယ်။

အာသောကမင်းကြီးရဲ့ လူသားဆန်မှု
ဘုန်းတန်ခိုးသြဇာကို ပြသလိုတဲ့ လောဘကြောင့် အာသောကမင်းကြီးဟာ မရေတွက်နိုင်အောင် စစ်ပွဲများကို ဆင်နွှဲခဲ့ပါတယ်။ နောက်ဆုံး ကာလင်္ဂတိုင်းကို ရက်ရက်စက်စက် ချေမှုန်းအပြီးမှာ တောင်ပုံရာပုံ ဖြစ်နေတဲ့ လူသေအလောင်းတွေကို ကြည့်ပြီး နောင်တရခဲ့ပါတယ်။ သူကိုယ်တိုင်လည်း နောက်ဆုံးမှာ ဗုဒ္ဓဘာသာဝင် တဦး ဖြစ်ခဲ့ပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ သည်းခံမှုတရား ခွင့်လွှတ်မှုတရားဟာ အရေးကြီးတယ် ဆိုတာကို ထိုးထွင်းမြင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နှောင်းလူတွေ သင်ခန်းစာယူဖို့ ကျောက်စာရေးထိုးခဲ့ပါတယ်။ အာသောက မင်းကြီးရဲ့ ဆိုလိုချက်က ဒီလိုပါ။

“လူတဦးတယောက်သည် မိမိအစုအဖွဲ့ မိမိလူမျိုးအုပ်စုကိုသာ တန်ဖိုးထားချစ်မြတ်နိုး၍ အမျိုးမတူ အုပ်စုမတူသည့် အခြားသူ တဦးဦးကို စော်ကားမော်ကား ချိုးချိုးဖဲ့ဖဲ့ ပြုလုပ်ခြင်း မရှိစေရ။ တိကျသေချာခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက် သတ်ဖြတ် ပျက်စီးကြေပြုန်းခြင်း အမှုကို မဖြစ်စေရ။ လူတိုင်းလူတိုင်းသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်အုပ်စု အပေါ်တွင် ချစ်မြတ်နိုး တန်ဖိုးထားရန် ထိုက်တန်သော အခွင့်အရေးရှိသည်။ လူတဦးတယောက်သည် သူ၏မျိုးနွယ်စု ကောင်းကျိုးကို ဆောင်ရွက်ရင်း အခြားမျိုးနွယ်စုဝင်များ၏ ကောင်းကျိုးအတွက်လည်း တချိန်ထဲတွင် ဆောင်ရွက်နိုင်သည်။ ပြောင်းပြန် ကြည့်လတ်သော် မိမိမျိုးနွယ်စု၏ ကောင်းကျိုးကို မဆောင်ရွက်ဘဲ ထိခိုက်အာင် ဆောင်ရွက်သူသည် အခြား မျိုးနွယ်စုများ အတွက်လည်း ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်။ မိမိမျိုးနွယ်စု ကောင်းစားရေးအတွက် အခြား မျိုးနွယ်စု တခုကို တိုက်ခိုက်သတ်ဖြတ် ချေမှုန်းပါက ထိုလုပ်ရပ်သည် တချိန်တွင် မိမိမျိုးနွယ်အုပ်စုကိုသာ တဖန်ပြန်လည်၍ ဒဏ်ရာအနာတရ ဖြစ်စေကာ အကျိုးယုတ်စေသည်။”

လိုနေတာက
ပြန်ကောက်ရမယ်ဆိုရင် ကနေ့မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လိုနေတာက လူသားချင်းစာနာ တန်ဖိုးထားတဲ့ စိတ်ဖြစ်ပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ တန်းတူညီမျှမှု ကလည်း တခါထဲ ကပ်ပါနေပါတယ်။ သည်းခံစိတ်ကြီးမားမှုကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ထစ်ခနဲရှိ ဆော်ထည့်လိုက်မယ်ဆိုတဲ့ စိတ်ထားမျိုးတွေကို ပြုပြင်ဖို့ လိုပါပြီ။ နိုင်ငံသား မွတ်စလင် ဘာသာဝင်တွေဟာ တဆင့်နိမ့် နိုင်ငံသားများ မဟုတ်ပါ။ အားလုံးနဲ့ တန်းတူရည်တူရှိတဲ့ နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ မကြာသေးခင်က ရှမ်းခေါင်းဆောင်တဦး ပြောခဲ့တာ တခုရှိပါတယ်။ တိုင်းရင်းသားတွေဟာ မြန်မာတွေနဲ့ နိုင်းယှဉ်လိုက်ရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ဒုတိယတန်းစား နိုင်ငံသားလို ဆက်ဆံခံနေရတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူတို့လက်တွေ့ ခံစားနေရတဲ့ ခံစားချက်အမှန်ဖြစ်ပါတယ်။ ပြန်ကောက်ရမယ်ဆိုရင် ကနေ့ ခေတ်စားလာတဲ့ စွမ်းရည်မြှင့်သင်တန်းများမှာ ရုပ်ပိုင်းအသိပညာ အတတ်ပညာများသာ မကဘဲ လူသားချင်းစာနာ တန်ဖိုးထားဖို့၊ နိုင်ငံသားအားလုံးဟာ တန်းတူဖြစ်ပြီး အချင်းချင်း အပြန်အလှန် လေးစားကြဖို့ စတဲ့ အတွေးအမြင် အယူအဆတွေကိုပါ မျှဝေနိုင်တဲ့ သင်တန်းများ ဖြစ်လာစေဖို့ ဆန္ဒပြုလိုက် ရပါတယ်။

ဇော်မင်း
၂၅ ရက်၊ ဧပြီလ၊ ၂ဝ၁၃ ခုနှစ်

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.