ရွက်မွန်စာမျက်နှာ

Wednesday, March 26, 2014

ပြတိုက်များတည်ဆောက်ခြင်းနှင့် ထိမ်းသိမ်းခြင်း

မြန်
မာပြည်ရဲ့ ပညာရေးစနစ်ကို မြှင့်တင်ဖို့ ပြောင်းလဲဖို့ ကြိုးပန်းတဲ့နေရာမှာ အရေးကြီးတဲ့ ကဏ္ဍတွေ အများကြီး ရှိနေ ပါတယ်။ အဲသလို ကဏ္ဍတွေထဲမှာ ပြစ်ပယ်ထားလို့ မရတဲ့ ကိစ္စတခုရှိနေတာကို တွေ့ရပါတယ်။ အဲဒီ ကိစ္စကတော့ ကျောင်းစာသင်ခန်းများရဲ့ ပြင်ပမှာ ရှိနေပါတယ်။ ဘာတွေများလဲဆိုတော့ အဲဒါတွေဟာ ပြတိုက်များ ဖြစ်ပါတယ်။ တိုင်းပြည်တပြည် အတွင်းမှာ အမျိုးမျိုး အထွေထွေသော ပြတိုက်တွေ တည်ဆောက်ထားရှိခြင်းဟာ အလွန်အရေးကြီး ပါတယ်။ ကနေ့ မြန်မာနိုင်ငံမှာ ပြတိုက်တွေ ဘယ်နှစ်ခုရှိသလဲလို့ လေ့လာလိုက်ရင် အရေအတွက်အားဖြင့် မဆို စလောက်သာ ရှိနေတာကို တွေ့ရပါတယ်။ တခါ အဲသလို တည်ရှိနေတဲ့ ပြတိုက်တွေကလည်း စနစ်တကျမရှိသလို အဆင့်အတန်းအရ မြင့်မားတဲ့ ပြတိုက်တွေ မဟုတ်တာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပြန်ပါတယ်။

ပြတိုက်တွေ ဘာကြောင့်တည်ဆောက်ဖို့ လိုသလဲ။ ပြတိုက်တွေဟာ ပညာရေးစနစ်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။ ပညာရေး စနစ်ကို ဘယ်လိုဘယ်ပုံ အကြိုးပြုသလဲ စတာတွေကို တိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့ လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ တချိန်ထဲမှာလည်း သူများ နိုင်ငံတွေက ပြတိုက်တွေဟာ ပညာရေးစနစ် တခုလုံး ကိုသာမက သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း တခုလုံးကိုပါ ဘယ်လောက် အကျိုးရှိစေသလဲ ဆိုတာကိုလည်း လေ့လာဖို့ လိုအပ်တယ်လို့ ထောက်ပြလိုပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ တချိန်တုန်းက လူငယ်ကျောင်းသားတိုင်းလိုလို သွားရောက်လည်ပတ်ဖူး လေ့လာဖူးတဲ့ ပြတိုက်တခု ရှားရှားပါးပါး ရှိခဲ့ပါတယ်။ အဲဒီ ပြတိုက်ဟာ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာ တည်ရှိပြီး သဘာဝ သမိုင်း ပြတိုက်လို့ ခေါ်ပါတယ်။ အဲဒီခေတ်အခါတုံးက ဒီပြတိုက်ဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ အဆင့်အတန်း မြင့်မားတဲ့ ပြတိုက်တခုလို့ ဆိုနိုင်ပါတယ်။ နှမြောဖို့ ကောင်းတာက အဆိုပါ သဘာဝသမိုင်းပြတိုက်ကြီးဟာ ဆိုရှယ်လစ်ခေတ်ကထဲက ဟိုတယ်အဖြစ် အသွင်ပြောင်းခြင်း ခံလိုက်ရပါတယ်။ နောက်တော့ ကန်တော်ကြီးဟိုတယ်လို့ ခေါ်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့ပေမဲ့ သဘာဝသမိုင်းပြတိုက်ကို အသစ်ပြန်လည်တည်ဆောက်တာမျိုး မလုပ်ခဲ့ပါဘူး။ အခုလက်ရှိ အစိုးရလက်ထက်မှာလည်း ပြတိုက်တွေ တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာမျိုးနဲ့ ပတ်သက်ပြီး ပြောကြားတာ၊ ဆွေးနွေးတာမျိုးတွေ ပြုလုပ်တာ မတွေ့ရသေးပါဘူး။

ပြတိုက်တွေဟာ ဘာကြောင့် အရေးကြီးပါသလဲ။ ပြတိုက်တွေဟာ လူကြီးလူငယ်မရွေး လူသားအားလုံးအတွက် ဗဟုသုတ တွေ၊ ပညာတွေ၊ သိသင့်သိထိုက်တာတွေကို အချိန်တိုတိုအတွင်းမှာ ရှင်းရှင်းလင်းလင်းနဲ့ ထိထိရောက်ရောက် ဖြန့်ဖြူးပေး နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ နောက်တချက်ကတော့ ပြတိုက်တွေကို ကြည့်ရှုလေ့လာခြင်းအားဖြင့် သက်ဆိုင်ရာ နယ်ပယ် အလိုက် ဝါသနာပါတဲ့ စိတ်ဝင်စားတဲ့ လူငယ်ကျောင်းသားတွေကို ဆက်လက် လေ့လာဆည်းပူးလိုစိတ်ရှိအောင် တွန်းအား ပေးနိုင်တဲ့ အတွက်လည်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပြတိုက်တွေကို လေ့လာကြည့်ရှုခြင်းအားဖြင့် ကျောင်းသား လူငယ်တွေရဲ့ ပညာရပ်ဆိုင်ရာ ကိစ္စတွေ ဆက်လက် ဖွံ့ဖြိုးတိုးတက်လာအောင် အထောက်အကူ ပေးနိုင်တာကို တွေ့ရပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က သဘာဝသမိုင်းပြတိုက်ကြီးဟာ နာမည်ကျော် ပြတိုက်ကြီးဖြစ်ပါတယ်။ ချမ်းသာ တိုးတက်နေတဲ့ တခြားသော အိမ်နီးချင်း ဥရောပနိုင်ငံများက ကျောင်းသားများ၊ စိတ်ဝင်စားသူများပါ လာရောက် လေ့လာကြည့်ရှုရတဲ့အထိ အဆင့်အတန်း မြင့်မားတဲ့ ပြတိုက်ကြီးဖြစ်ပါတယ်။ ကလေးသူငယ်တွေ သဘောကျနှစ်ခြိုက်တဲ့ ဒိုင်နိုဆော သတ္တဝါမျိုးကြီး တွေရဲ့ ရုပ်ကြွင်းတွေအပါအဝင် သမိုင်းမတင်မီ ခေတ်အချိန်က တိရိစ္ဆာန်မျိုးစုံကိုပါ ပြသထားပါတယ်။ ကနေ့ခေတ် သတ္တဝါများလည်း ပါပါတယ်။ တခါ လူကြီးတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာတွေကိုလည်း ပြသထားပါတယ်။ ကမ္ဘာကြီးဟာ သဘာဝနဲ့ ဘယ်လို ဆက်စပ်ပြီး ယှဉ်တွဲနေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် စီစဉ်ပြသ ထားပါတယ်။ ဒီပြတိုက်ကြီးကို လာရောက် လည်ပတ် ကြည်ရှုတဲ့ လူဦးရေဟာ တနှစ်တနှစ်မှာ တစ်သန်းဝန်းကျင်အကြား ရှိတယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံ အနယ်နယ် အရပ်ရပ်က ကလေးသူငယ် ကျောင်းသားလေးတွေကို ဆရာဆရာမ တွေက ဦးဆောင်ပြီး ဒီသဘာဝ သမိုင်းပြတိုက်ကို တခုတ်တရ လာရောက်ကြည့်ရှု လေ့လာကြပါတယ်။

တခါ လူသားတို့ အကြားမှာ ဘယ်လိုဘယ်ပုံ စက်မှုဖွံ့ဖြိုးတိုးတက် လာသလဲ ဆိုတာမျိုးကို အဆင့်ဆင့်ပြသထားတဲ့ ပြတိုက်ကြီးမျိုးတွေကိုလည်း တွေ့နိုင်ပါတယ်။ ရေနွေးငွေ့နဲ့ လည်ပတ်တဲ့ စက်ကိရိယာမျိုးစုံကနေ အာကာသခေတ် ရောက်လာတဲ့ အထိ စက်မှုဘယ်လို တိုးတက်လာတယ် ဆိုတာကို လွယ်လွယ်ကူကူနဲ့ နားလည်အောင် ပြသထားပါတယ်။ လူသားတွေဟာ သံအပါအဝင် တွင်းထွက် သတ္ထုမျိုးစုံကို ဘယ်လိုတွေ့ရှိ အသုံးပြုလာသလဲ၊ သတ္ထုအရည်ကျိုတဲ့ အတတ် ပညာ ဘယ်လိုဘယ်ပုံ အဆင့်မြင့်တက်လာသလဲ စတာမျိုးတွေကိုလည်း ပြသထားပါတယ်။ စက်မှုထွန်းကား ဖွံ့ဖြိုးလိုတယ် ဆိုရင် သတ္ထုတွေကို ဘယ်လိုဘယ်ပုံ နည်းပညာတွေနဲ့ အရည်ကျိုမယ်၊ ပုံသွင်းမယ် စတာတွေကို နားလည်ဖို့ လိုတယ် ဆိုကို အဲသလို ပြတိုက်မျိုးတွေမှာ လက်တွေ့ကြည့်မြင်နိုင်ပါတယ်။ စစ်သမိုင်းပြတိုက်တွေ၊ လေယာဉ်ပေါ်စကနေ ခေတ်မီ လေယာဉ်တွေကို ပြသထားတဲ့ ပြတိုက်မျိုးတွေ၊ ပန်းချီပန်းပု မျိုးစုံကို ပြသထားတဲ့ ပြတိုက်အဖုံဖုံ စုံလင်လှပါတယ်။

လန်ဒန်မြို့ တမြို့ထဲမှာပဲ အမျိုးအစား စုံလင်လှတဲ့ ပြတိုက် အကြီးအသေး စုစုပေါင်း တရာကျော်ကျော် ရှိတယ်လို့ သိရပါ တယ်။ တချို့သော ဗဟုသတဆိုင်ရာ ကိစ္စမျိုးတွေဟာ ပြတိုက်တွေကို လာရောက်ကြည့်ရှု လေ့လာခြင်းအားဖြင့် အချိန် တိုတို အတွင်းမှာ ကွက်ကွက်ကွင်းကွင်း နားလည် သဘောပေါက်စေပါတယ်။ ဒါကြောင့် ပြတိုက်တွေရဲ့ တန်ဖိုးဟာ ကြီးမား လှတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တချိန်တခါက တည်ရှိခဲ့တဲ့ သဘာဝသမိုင်းပြတိုက်လို ပြတိုက်မျိုး ပြန်လည် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး အခြေခံထားရဆဲ နိုင်ငံဖြစ်တာမို့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပြတိုက်တွေလည်း တည်ဆောက် သင့်ပါတယ်။ တချိန်ထဲမှာလည်း သိပ္ပံဆိုင်ရာ၊ စက်မှုနည်းပညာပိုင်း ဆိုင်ရာ ပြတိုက်တွေ တည်ဆောက် နိုင်တယ် ဆိုရင်တော့ ပိုကောင်းတယ်လို့ ထောက်ပြလိုပါတယ်။ ကလေးသူငယ် ကျောင်းသားအရွယ်တွေဟာ ပင်ကိုယ် သဘာဝအားဖြင့် စူးစမ်းလိုတဲ့ စိတ်ရှိပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် အခါကထဲက ပြတိုက်တွေကို သွားရောက် လည်ပတ်ခွင့် လေ့လာခွင့် ရကြတယ်ဆိုရင် သူတို့ရဲ့ ဝါသနာမျိုးစေ့ကို မြေတောင်မြှောက်ပေးရာ ရောက်တဲ့အတွက် ပြတိုက်တွေထားရှိခြင်းဟာ ကျောင်းစာသင်ခန်း ပြင်ပကနေ ပညာတွေကို ထပ်မံပို့ချတဲ့ နေရာဌာနတွေလို့ ဆိုင်နိုင်ပါတယ်။ မြို့ငယ်လေးတခုမှာ ပြတိုက် အသေးစားလေး တခုရှိတယ် ဆိုပါစို့။ ပညာရှင်များရဲ့ အဆိုအရ ပြတိုက်လေးဟာ သေးငယ် ပေမယ့် အဲဒီပြတိုက်ကလေးကနေ ပေးဝေနေတဲ့ ပညာဗဟုသုတနဲ့ စေ့ဆော်မှုဟာ ကလေးသူငယ်များအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတယ်လို့ ထောက်ပြပါတယ်။

ပြတိုက်နဲ့ ပတ်သက်လို့ ပြောရရင် နောက်ထပ် ပြတိုက်တမျိုး ရှိပါသေးတယ်။ အဲဒီ ပြတိုက်တွေဟာ အဆောက်အဦ တွေထဲမှာ ခင်းကျင်းပြသထားတဲ့ ပြတိုက်မျိုး မဟုတ်ပါဘူး။ ကွင်းပြင်တွေထဲက ပြတိုက်တွေလို့ တင်စားနိုင်ပါတယ်။ အဲတာကတော့ တခြား မဟုတ်ပါဘူး။ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ အပါအဝင် ရှေးတုန်းက တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် အဆောက်အဦတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ပုဂံက ရှေးဟောင်းဘုရားတွေ စေတီတွေ၊ ရခိုင်ပြည်နယ်က ဘုရားပုထိုးတွေ၊ ပျူမြို့ဟောင်းတွေ၊ မန္တလေးက နန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးတွေ စသဖြင့် ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တနံတလျားက ရှေးဟောင်း အဆင့်အတန်းဝင် ဘုရားကျောင်းကန် စေတီတွေလည်း ပါဝင်ပါတယ်။

တချို့သော အဆောက်အဦတွေကတော့ ရှေးတုံးက တည်ဆောက်ခဲ့တာ မဟုတ်ပေမယ့် သမိုင်းဝင် ဖြစ်နေတယ် ဆိုရင် လည်း ပြတိုက်သဖွယ် တန်ဖိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ အဲတာကြောင့် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ ဥပမာ ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးလို အဆောက်အဦတွေ ဖြစ်ပါတယ်။ ထိန်းသိမ်း စောင့်ရှောက်တာနဲ့ ပတ်သက်လို့လည်း ကျွမ်းကျင်သူများက အခုလို ထောက်ပြပါတယ်။ အဆောက်အဦနဲ့ နီးစပ်တဲ့ ရပ်သူ ရွာသားများက ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြို့နယ်ခရိုင်အဆင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ နိုင်ငံတော် အဆင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ နိုင်ငံတကာအကူအညီနဲ့ ထိမ်းသိမ်း စောင့်ရှောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ရှေးဟောင်း အဆောက်အဦတွေကို ဘယ်လိုအဆင့်နဲ့ ဘယ်လို ထိမ်းသိမ်းစောင့်ရှောက်သလဲ ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မသိရတဲ့အတွက် အတိအကျ ပြောနိုင်ဖို့ခက်ပါတယ်။ ကွင်းပြင်တွေထဲက ရှေးဟောင်း အဆောက်အဦ ပြတိုက်တွေ ကတော့ လူငယ်ကျောင်းသားတွေ အတွက်ပါမကဘဲ တနိုင်ငံလုံး အတွက် အရေးကြီး ပါတယ်။ ရှေးဟောင်း အဆောက်အဦတွေကို အကြောင်းပြုပြီး လာရောက်လည်ပတ်မယ့် ကမ္ဘာလှည့် ခရီးသည်များထံက လည်း စီးပွားရေးအရ ငွေကြေး ဝင်လာနိုင်တာမို့ စနစ်တကျ ထိမ်းသိမ်းပြုပြင်ဖို့ လိုအပ်ကြောင်း အကြုံပြုလိုက်ရပါတယ်။ မြန်မာပြည်မှာ ပညာရပ်ဝန်း မြင့်မားလာဖို့ ပြတိုက်ယဉ်ကျေးမှု ထွန်းကားပါစေကြောင်း။

ဇော်မင်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.