ရွက်မွန်စာမျက်နှာ

Monday, September 8, 2014

ပညာရေးမှာလဲ လွတ်လပ်မှုလိုသည်


င်္ဂလိပ်တွေ မြန်မာပြည်ကို မသိမ်းခင်တုန်းက မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ ဘုန်းကြီးကျောင်း ပညာရေးစနစ် ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေက အဲဒီခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ လူတွေကို ပညာသင်ကြားပေးခဲ့ပါတယ်။ အခြေခံ ဖြစ်တဲ့ အရေး၊ အဖတ်၊ အတွက်၊ ဗေဒင်၊ ဆေးကျမ်း စတာတွေကို ဘာသာရေးစာများနဲ့အတူ ကလေးများ သင်ကြားရပါတယ်။ မန္တလေးလို မြို့တွေကို အသာထား၊ ချောင်ကျတဲ့ကျေးလက် တောရွာတွေမှာတောင် ဘုန်းတော်ကြီးကျောင်းတွေကနေ ပညာရေးကို တာဝန်ယူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာဘုရင်တွေ ပဒေသရာဇ်တွေ အုပ်ချုပ်နေတဲ့ ကာလဖြစ်ပေမယ့် ဘုန်းတော်ကြီးကျောင်း ပညာရေးကို ဘယ်လို သင်ရမယ်၊ ဘာတွေထည့်မသင်ရဘူး၊ ဘာတွေဖြည့်စွက် သင်ရမယ်လို့ မြန်မာဘုရင်များက ဝင်စွက်ဖက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ကို ဘုရင်တွေက ယုံကြည်မှုရှိလို့ ဝင်မစွက်ဖက်တာလို့ ဆိုနိုင်ပါတယ်။ ရှေးခေတ် ဘုန်းတော်ကြီးကျောင်း ပညာရေးဟာ အနောက်တိုင်းပညာရေးနဲ့ ကွာဟချက်တွေ ရှိပေမယ့် အဓိကအားဖြင့် စာရေးစာဖတ် တတ်ဖို့နဲ့ လိမ္မာရေးခြားရှိအောင် သင်ကြားပို့ချ ပေးတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက လယ်လုပ်ဖို့၊ စပါးစိုက်ဖို့ စတာတွေအပြင် အခြားသော အကြောင်းကြောင်းကြောင့် ကျောင်းသားတွေ ဘုန်းကြီးကျောင်းက စောစော ထွက်တယ် ဆိုရင်တောင် လူ့အသိုင်းအဝိုင်းထဲမှာ အဆင်ပြေပြေ နေနိုင်ရေးအတွက် လမ်းညွှန်ဆုံးမ သင်ကြားခဲ့ရတာမို့ လူ့အသိုင်း အဝိုင်းအတွက် မနစ်စေရပါဘူး။
အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပြီးတဲ့နောက်ပိုင်း အနောက်တိုင်းပညာရေး စနစ်ကို မိတ်ဆက်လာပါတယ်။ အထူးသဖြင့် ၁၈၂၄ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီးမှာ ရခိုင်ဒေသနဲ့ တနင်္သာရီဒေသမှာ အနောက်တိုင်းပညာရေးအတိုင်း သင်ကြားတဲ့ ကျောင်းတွေ ပေါ်လာပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ မြန်မာကလေးများ အနောက်တိုင်းပညာရေးကို သင်ကြား လာကြပါတယ်။ ဒါတောင် အတော်စောစောကာလမှာ မိဘတွေက အနောက်တိုင်း ပညာရေးကို အယုံအကြည် မရှိသေး လှပါဘူး။

သူတို့ကလေးတွေကို အနောက်တိုင်း ပုံစံအတိုင်း၊ စနစ်အတိုင်း သင်ကြားတဲ့ ကျောင်းတွေကို ပို့မယ်ဆိုရင် သင်ကြား ပေးတဲ့ ဆရာတွေရဲ့ သြဇာကြောင့် နောင်မှာ သူတို့ရဲ့ ဗုဒ္ဓဘာသာဝင် ကလေးတွေ ခရစ်ယာန်ဖြစ်သွားမှာကို စိုးရိမ်တာလည်း ပါတယ်လို့ ရှေးလူကြီးများပြောတာ မှတ်မိပါတယ်။ အင်္ဂလိပ်စာသင်တဲ့ကျောင်းကို စာဖြူသင်တဲ့ ကျောင်းလို့ ခေါ်ခဲ့ပါတယ်။ ရခိုင်နဲ့ တနင်္သာရီဒေသမှာ ပေါ်လာခဲ့တဲ့ အနောက်တိုင်းစနစ် ကျောင်းတွေရဲ့ သင်ကြားမှု အောက်မှာ အဲဒီဒေသများက လူငယ်များ ခေတ်ပညာကို စတင်မြည်းစမ်းခွင့်ရလာပါတယ်။ အဲဒီကာလများမှာ အထက် မြန်မာပြည်က မြန်မာဘုရင် လက်အောက်မှာပဲ ရှိနေသေးတယ်ဆိုတော့ ပညာရေးစနစ်ဟာ ဘုန်းကြီးကျောင်း ပညာရေး စနစ်ပဲ ရှိနေပါသေးတယ်။ တခါ ၁၈၅၂ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီးမှာတော့ မြေထဲအောင်လံအထိ အင်္ဂလိပ်က သိမ်းလိုက်ပါတယ်။ ပြောရရင် မြန်မာပြည် တဝက်လောက် အင်္ဂလိပ်လက်အောက် ရောက်သလို ဖြစ်သွားပါပြီ။

အဲဒီလို အသိမ်းခံရတဲ့ နယ်မြေများမှာလည်း အင်္ဂလိပ်အစိုးရက ခေတ်သစ်ကျောင်းများ ထူထောင်သင်ကြားလာပါတယ်။ အထက်မြန်မာပြည်ကတော့ ဘုန်းတော်ကြီးကျောင်း စနစ်အောက်မှာပဲ စာသင်နေကြဆဲပါ။ မင်းတုန်းမင်း လက်ထက် ရောက်တော့မှ အနောက်တိုင်းစနစ်အတိုင်း ပညာသင်ကြားပို့ချတဲ့ ကျောင်းတကျောင်းကို မန္တလေးမှာ ဖွင့်ခွင့်ပြုပါတယ်။ သံတဲကျောင်းလို့ လူသိများခဲ့ပါတယ်။ ဒေါက်တာမာ့ခ် ဆိုသူက ဦးစီးပြီး ဖွင့်လှစ်တဲ့ကျောင်းဖြစ်ပါတယ်။ အရပ်ထဲက လူတွေကတော့ ဆရာမှတ်ကြီးကျောင်းလို့ ခေါ်ပါတယ်။ ကုလားပြည်ကို ပါသွားတဲ့ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ဖြစ်သူ သီပေါမင်းဟာ မင်းသားငယ်ဘဝက သံတဲကျောင်းမှာ တခြားမင်းသားများ နည်းတူ စာသင်ခဲ့ရပါတယ်။ အဲဒီကျောင်း ဖွင့်တုန်းက သင်ရိုးညွှန်းတန်းဟာ ဘယ်လိုဖြစ်ရမယ်၊ ဘာတွေထည့်သင်ရမယ်၊ ဘာတွေထည့်မသင်ရဘူးလို့ မင်းတုန်းမင်းက ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိခဲ့ပါ။ အမှန်တကယ်ဆို ဘုရင်လုပ်သူက စွက်ဖက်ရင် ရတာပေါ့။ သူ့မင်းနေပြည်တော်မှာ နိုင်ငံခြားသား တယောက် ကျောင်းလာဖွင့်တဲ့ ကိစ္စမှာ စွက်ဖက်မယ်ဆိုရင် စွက်ဖက်လို့ ရတာပေါ့ မဟုတ်ဘူးလား။

မင်းတုန်းမင်း ကိုယ်၌ကလည်း အနောက်တိုင်းစနစ်ပညာရေး အရေးပါလာတယ်ဆိုတာကို ရိပ်စားမိပုံပေါ်ပါတယ်။ သိပံ္ပပညာကို လိုချင်ရင် အနောက်တိုင်းကျောင်းများမှာသာ ပညာသင်ကြားမှ ရနိုင်မယ်ဆိုတာကို နားလည်လာတာပါ။ ဒါကြောင့် ဆရာမှတ်ကြီး ကျောင်းကို ဖွင့်ခွင့်ပြုတာတင်မကပဲ အနောက်နိုင်ငံတွေကိုပါ ပညာသင်တွေ စတင်စေလွှတ် ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူများတိုင်းပြည်တွေနဲ့ ယှဉ်လိုက်ရင် အချိန်အားဖြင့် အတော်တော့ နောက်ကျသွားပြီလို့ ဆိုနိုင်ပါတယ်။ မင်းတုန်းမင်း လက်ထက်မှာ အင်္ဂလန်ကို ပညာသင် ဆယ်ဦးခန့် သို့မဟုတ် ဆယ်ဦးကျော်ခန့် လွှတ်ပြီး ပညာသင်ခိုင်းတဲ့ အချိန်မှာ ဂျပန်ဘုရင် စေလွှတ်လိုက်လို့ ပညာသင်နေတဲ့ ဂျပန်လူငယ်ကျောင်းသားပေါင်းဟာ အင်္ဂလန် တနိုင်ငံထဲမှာပဲ ငါးရာကျော် ရှိနေပြီလို့ သုတေသီတွေက ဆိုပါတယ်။ ဒါတောင် ပြင်သစ်တို့၊ ဂျာမဏီတို့၊ အမေရိကန်တို့မှာ ပညာင်သင်နေတဲ့ ဂျပန် ကျောင်းသားတွေကို ထည့်မတွက်ရ သေးပါဘူး။ နောက်တော့ သီပေါမင်း ပါတော်မမူခင် ကတည်းကပဲ နန်းတွင်းနိုင်ငံရေး အရှုတ်အရှင်းတွေကြောင့် နိုင်ငံခြားပညာတော်သင် လွှတ်တဲ့ ကိစ္စဟာ နိတ္ထိတံ
သွားခဲ့ပါတယ်။

အင်္ဂလိပ်ခေတ် တလျှောက်လုံးမှာတော့ အနောက်တိုင်းစနစ်အတိုင်း သင်ကြားတဲ့ကျောင်းတွေ အမြောက်အများ ပေါ်ထွက် လာခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့ သမိုင်းဝင်ခေါင်းဆောင်များဟာလည်း တကယ်တန်းတော့ အနောက်တိုင်းပညာရေးစနစ်ကို ဖြတ်သန်းသင်ကြား လေ့လာခဲ့ရသူတွေပါ။ အင်္ဂလိပ်ကို ဆန့်ကျင်နေတဲ့ ကြားထဲကနေ မြန်မာအမျိုးသားကျောင်းတွေ ပေါ်လာပါတယ်။ အမျိုးသားကျောင်း ဆိုပေမယ့် သက်ဆိုင်ရာ ဘာသာရပ်များရဲ့ သင်ရိုး ညွှန်းတန်း အများစုဟာ အနောက်တိုင်းစနစ်အတိုင်းပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ကို မုန်းလို့ သူတို့ ဘာသာစကားနဲ့ သူတို့ ပညာတွေကို မသင်တော့ဘူးရယ်လို့ မလုပ်ခဲ့ပါဘူး။ ခေတ်နဲ့အညီ သင်ကြားပို့ချခဲ့ကြပါတယ်။ အုပ်စိုးသူ အင်္ဂလိပ် အစိုးရကိုယ်တိုင်က အမျိုးသားကျောင်းတွေမှာ ဘာတွေကို ထည့်မသင်ရဘူး၊ ဘာတွေကိုတော့ မဖြစ်မနေ ထည့်သွင်း သင်ကြား ရမယ်လို့ ဖိအားပေးတာ အကြပ်ကိုင်တာမျိုး မရှိခဲ့ပါ။ အမျိုးသားကျောင်းက ဆရာကြီးတွေဟာ သင်ရိုးညွှန်းတန်း ကို ခေတ်နဲ့အညီ စနစ်တကျ စီစဉ်ပြီးမှ ကျောင်းသားများကို သင်ကြားပေးခဲ့တာပါ။ မျိုးချစ်စိတ် တခုထဲကို အရင်းခံပြီး အင်္ဂလိပ်ကို မုန်းရင်ပြီးရော သင်ချင်သလို သင်မယ် ဆိုတဲ့လုပ်ရပ်မျိုးကို မလုပ်ခဲ့ကြပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ပညာရေးနဲ့ ပတ်သက်လို့ အဲဒီခေတ်က အမျိုးသားကျောင်းတွေက ဆရာကြီးတွေ ဆရာမကြီးတွေရဲ့ အမြင်ကျယ်မှုကို မြင်နိုင်ပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ကုန်ကုန်ပြောရရင် အမြင်ကျယ်တဲ့ သံဃာတော်များလည်း အင်္ဂလိပ်စာပေကို လေ့လာလိုက်စား လာကြပါတယ်။ နယ်ချဲ့စာပေ ဖြစ်တာကြောင့် မသင်ဘူးဆိုတဲ့ အမြင်မျိုးကို မထားဘဲ၊ အင်္ဂလိပ်စာဟာ ကမ္ဘာမှာ အရေးပါ လာတဲ့ ဘာသာစာပေ ဖြစ်တယ်ဆိုတာကို လက်ခံလာတဲ့ အမြင်ကြောင့်လို့ ဆိုရမှာပါပဲ။ တကမ္ဘာလုံးနဲ့ ဆက်ဆံဖို့ ဝိဇ္ဇာ၊ သိပံ္ပပညာရပ်တွေကို လေ့လာသင်ယူဖို့ အင်္ဂလိပ်စာ တတ်မှဖြစ်မယ်ဆိုတဲ့ အမြင်ကလည်း ကျယ်ပြန့်လာတဲ့ ကာလလို့ ဆိုနိုင်ပါတယ်။

အင်္ဂလိပ်ခေတ်မှာ တက္ကသိုလ်ပညာရေး အဆင့်အတန်းဟာ တစတစမြင့်မားလာပါတယ်။ ပထမကျောင်းသားသပိတ် ဖြစ်တော့ ၁၉၂ဝ ခုနှစ်ပါ။ ဒုတိယကျောင်းသားသပိတ်ကတော့ ၁၉၃၈ ခုနှစ်လို့ ထင်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ် ပညာရေးဟာ ကိုလိုနီစနစ် သက်ဇိုးရှည်ဖို့ဖြစ်တယ်၊ ဒါကြောင့် ကိုလိုနီပညာရေး အလိုမရှိ စသဖြင့် ကြွေးကျော်ခဲ့တာဟာ နိုင်ငံရေးအရ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်က တက္ကသိုလ်တွေလည်း နောက်ပိုင်းမှာ တဖြည်းဖြည်းခြင်း အဆင့်မြင့်လာတယ်လို့ ဆိုပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကို ဆန့်ကျင်ခဲ့တဲ့ ထိပ်ထိပ်ကြဲ နိုင်ငံရေး သမားတွေ၊ နာမည်ကျော် စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အနုပညာသည်တွေ အများစုဟာ အဲဒီခေတ်က တက္ကသိုလ် ကျောင်းသား တွေနဲ့ တက္ကသိုလ်ကျောင်းထွက်တွေ များပါတယ်။ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ ပညာသင် ဆုရလို့ အင်္ဂလန်နိုင်ငံက အောက်စဖို့တို့ ကိန်းဘရစ်ခ်ျတို့မှာ ပညာသင်ကြားခွင့် ရတဲ့အခါမှာလည်း စာမလိုက်နိုင်လို့ ပြန်လာခဲ့ရတယ်ဆိုတာ တခါမှ မကြားမိခဲ့ပါဘူး။ သူများနိုင်ငံက တက္ကသိုလ်တွေမှာ တန်းတန်းတူတူ ယှဉ်ဘောင်တန်းပြီး စာသင်နိုင်ခဲ့ကြပါတယ်။

ဆိုလိုတာက ဒီလိုပါ။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးစနစ်ဟာ ကိုလိုနီပညာရေးစနစ်လို့ ဆိုပေမယ့် ကမ္ဘာ့ တန်းဝင်တယ်လို့ ပြောချင်တာပါ။ အင်္ဂလိပ်လက်အောက်မှာ ဖြစ်တာကြောင့် အုပ်စိုးသူတွေက တက္ကသိုလ်က ဆရာတွေကို ဆရာစားချန်ထားပြီး သင်ကြားရမယ်လို့ ညွှန်ကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ အင်္ဂလိပ်အစိုးရ လိုချင်တာက ပညာတော်တဲ့ ကျောင်းသား ဘွဲ့ရရင် သူခိုင်းချင်သလို ခိုင်းနိုင်ရေးဆိုတဲ့ အပေါ်မှာသာ အကွက်ချန်တာ ဖြစ်ပါတယ်။ ကျောင်းတက်နေတုန်း တန်းလန်း ပညာကိုလျှော့သင်ပေးတယ် ဆိုတာမျိုးက စနစ်တခုအတွင်းမှာ ဘယ်လိုမှ လုပ်လို့ မရနိုင်ပါ။ ပညာရေးနားလည်သူများ တတ်ကျွမ်းသူများ ပိုသိပါတယ်။ အစကတည်းက စနစ်မကောင်းရင်တော့၊ သင်တဲ့ဆရာကလည်း မကောင်းရင်တော့ ခပ်ချာချာ ကျောင်းသားတွေပဲ ထွက်လာမှာပါ။ ကိုလိုနီခေတ်က နယ်ချဲ့အုပ်ချုပ် နေတယ်ဆိုပေမယ့် အခြေခံကျောင်းများကနေ တက္ကသိုလ်အဆင့်အထိ ပညာရေးစနစ်ဟာ အဲဒီခေတ်နဲ့အညီ တန်းဝင် တယ်လို့ ဆိုနိုင်ပါတယ်။ ပညာရေးစနစ်ဟာ အဆင့်မြင့်ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကတော့ စနစ်အရ အဆင့်အတန်းအရလည်း မကောင်းပါ။ အားမနာတန်း ပြောရရင် ဘယ်မှာမှ တန်းမဝင်ပါ။ ပေမီဒေါက်မီ မဟုတ်ပါ။ မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ ဘယ်နိုင်ငံ စနစ်မျိုးနဲ့ အလားတူသလဲလို့ မေးလာရင် ပြောရခက်ပါတယ်။ ဗြိတိသျှစနစ်လား၊ အမေရိကန်စနစ်လား၊ သြစတေးလျစနစ်မျိုးလား၊ ဂျာမန်စနစ်လား၊ ဒါမှမဟုတ်လဲ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်တို့၊ ဒိန်းမတ်တို့ စနစ်မျိုးလား။ တိုင်းကြည့် လိုက်ရင် မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ ဘယ်နိုင်ငံက စနစ်နဲ့မှ ကိုက်ညီတာမျိုး ရှိမနေပါဘူး။ အတော်ဂွကျပါတယ်။

အရင်တုန်းကလည်း မြန်မာနည်းမြန်မာ့ဟန် ဆိုရှယ်လစ်ကြောင့် ငါးပါးမှောက်ခဲ့ ဘူးပါပြီ။ အခုခေတ်ကျတော့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီတဲ့၊ စည်းကမ်းပြည့်ဝသော ဆိုတာကိုတောင် ရှေ့ကနေ ပေါင်းထည့်လိုက်သေးတယ်။ အခုလက်ရှိ မြန်မာ့ ပညာရေးစနစ်ဟာ နိုင်ငံတကာက ဘယ်စနစ်နဲ့မှ ကိုက်ညီတာ အကျုံးဝင်တာမျိုး မရှိတာကြောင့် မြန်မာ့နည်း မြန်မာ့ဟန် ပညာရေး စနစ်လို့သာ ပြောရတော့မှာပါ။ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် ရင်လေးလှပါတယ်။ ပညာရေး တိုးတက်လိုသလား။ ရိုးရိုးလေးပါ။ ပညာရေးကို လွတ်လပ်ခွင့်ပြုဖို့ လိုပါတယ်။ ဘယ်လိုလွတ်လပ်ခွင့်လဲ။ ပညာရေးကို နားလည်သူတွေ ဦးဆောင်ပြီး လုပ်ပါစေ။ အခုတော့ ပညာရေးကို နားမလည်သူတွေက ဆုံးဖြတ်ချက်တွေ ချနေတာဟာ အတော်လေး ရုပ်ဆိုးလှပါတယ်။ ချုပ်ပြောရမယ်ဆိုရင်တော့ ပညာရေး လွတ်လပ်ခွင့် မရှိတဲ့တိုင်းပြည်ရဲ့ အနာဂတ်ဟာ လှပလိမ့်မယ် မဟုတ်ပါကြောင်း။

ဇော်မင်း
၂၅ ရက်၊ သြဂုတ်လ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.