ရွက်မွန်စာမျက်နှာ

Monday, October 6, 2014

ဆင်းရဲတွင်းနဲ့ စိတ်ခွန်အားလျှော့ပါးမှု

ဆင်း ရဲနွမ်းပါးမှုဆိုတဲ့ တွင်းကြီး နက်သထက်နက်လာတဲ့ နိုင်ငံတွေမှာ ဘာတွေပါ တွဲကပ် ပါလာသလဲဆိုတော့ လူတွေရဲ့ စဉ်းစား တွေးခေါ်နိုင်မှုအား နည်းပါးလာတယ် ဆိုတာ မြင်ရပါတယ်။ အရှင်းဆုံးပြောရရင် လူအဖွဲ့အစည်းအတွင်းမှာ အဆင့်လိုက် အဆင့်လိုက် တည်ရှိရမယ့် ဆင်ခြင်တုံတရား လျှော့နည်းလာတာကို ဆိုလိုတာပါ။ မှန်ပါတယ်။ ဆင်းရဲတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ကျောင်းထွက်၊ အလုပ်တခုခုရှာလုပ်၊ အလုပ်ထဲမှာပဲနစ်မွန်းရ စတာတွေကြောင့် လူသားတဦးမှာ ရှိရမယ့် ဗဟုသုတ၊ အသိ၊ စဉ်စားဆင်ခြင်နိုင်မှုတွေပါ ကျဆင်းလာရတော့တာပါပဲ။ အကျိုးဆက်ကတော့ အဆိုးအကောင်းကို ခွဲခြားသိမြင်ဖို့ ခက်ခဲ လာခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဆင်းရဲတွင်းနက်ရလို့ ဖြစ်ရတဲ့ ပြဿနာပါ။

ဒီလိုအခြေအနေမျိုးနဲ့ ပတ်သက်ပြီး တောင်အမေရိကတိုက်က နိုင်ငံတခုဖြစ်တဲ ဟွန်ဒူရပ်စ်နိုင်ငံက အဖြစ်အပျက်တချို့ကို ထောက်ပြရင်း တင်ပြလိုပါတယ်။ ဒီနိုင်ငံဟာ တောင်အမေရိကတိုက်ရဲ့ အလယ်ပိုင်းလောက်မှာ တည်ရှိပါတယ်။ ပြောရရင် တောင်အမေရိကတိုက်ကြီး တခုလုံးဟာ အရင်းအမြစ်ခွဲဝေတဲ့ ကိစ္စမှာ နာမည်ကြီးလောက်အောင် မညီမျှတဲ့ ဒေသလို့ ပညာရှင် များကထောက်ပြပါတယ်။ ဆင်းရဲချမ်းသာ ကွာဟလွန်းတဲ့ ဒေသကြီးဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။
ဟွန်ဒူရပ်စ်နိုင်ငံရဲ့ မြို့တော်ကတော့ “တဲဂူးဆီဂဲပါ” ဖြစ်ပါတယ်။ မြို့လယ်မှာ ကျန်းမာရေးဌာနကြီးတခု ရှိပါတယ်။ တရက်မှာတော့ အဲဒီ ကျန်းမာရေးဌာနက ဆရာဝန်တယောက် တီဘီရောဂါ လက္ခဏာပြနေတဲ့ လူနာဆယ်ဦးကို စမ်းသပ် စစ်ဆေးနေပါတယ်။ ဆရာဝန်က အဲဒီလူနာဆယ်ဦးကို ရောဂါလက္ခဏာ တိတိကျကျ သိရအောင် ဓာတ်ခွဲခန်းကို သွားဖို့ ညွှန်ကြားပါတယ်။ ဓာတ်ခွဲခန်းက ဘယ်မှာလဲဆိုတော့ ဝေးဝေးမဟုတ်ပါ။ အခုဆရာဝန်ဆေးစစ်နေတဲ့ အခန်းရဲ့ အပေါ်ထပ်မှာတင်ပါ။ ဓာတ်ခွဲခန်းက စမ်းသပ်ပြီး တရားဝင် ထုတ်ပေးလိုက်တဲ့ ရလဒ်အဖြေမရရင် ဆရာဝန်အနေနဲ့ လူနာတွေကို ဆေးဆက်ပြီးကုသဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့်ပါ။

ဒါပေမဲ့ လွှတ်လိုက်တဲ့ လူနာဆယ်ဦးမှာ ဓာတ်ခွဲခန်းကို တကယ်သွားတာက ငါးဦးပဲ ရှိပါတယ်။ ကျန်တဲ့ငါးဦးကတော့ ဆရာဝန် ညွှန်ကြားသလို ဓာတ်ခွဲခန်းကို မသွားဘဲ အိမ်ပြန်ပြေးကြပါတယ်။ ဓာတ်ခွဲခန်းက သလိပ်စစ်ဖို့ နောက်ရက်ပြန်လာဖို့ ချိန်းလိုက် ပါတယ်။ နောက်ရက်ကျတော့ တကယ်တန်း ဓာတ်ခွဲခန်းကို သလိပ်သွားပေးတာက သုံးဦးပဲရှိပါတယ်။ အဲဒီ လူနာသုံးဦးမှာ နှစ်ဦးက ဆေးရုံကို ပြန်မလာတော့ပါဘူး။ အမှန်ဆိုရင် ဓာတ်ခွဲခန်းက စမ်းသပ် စစ်ဆေးထားတဲ့ ထွက်လာမယ့် အဖြေကို သွားယူရမှာဖြစ်ပါတယ်။ နောက်ဆုံးလူနာတဦးသာ ဓာတ်ခွဲခန်းက ထုတ်ပေးလိုက်တဲ့ ရောဂါအခြေအနေရလဒ် စာရွက်ကို လာယူပါတယ်။ ထွက်လာတဲ့အဖြေအရ အဲဒီလူနာမှာတော့ တီဘီဖြစ်နေခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းက စာရွက်ကို လာမယူတဲ့နှစ်ဦးမှာတော့ စမ်းသပ်ချက်အရ တီဘီရှိနေပါတယ်။

ဒါကြောင့် အဲဒီလူနာနှစ်ဦးမှာ တီဘီရောဂါ ရှိနေကြောင်း ကျန်းမာရေးဌာနက သူတို့ပေးထားတဲ့ လိပ်စာအတိုင်း အကြောင်းကြားစာ ပို့လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ လိပ်စာတွေက အဲဒီလူနာတွေရဲ့ လိပ်စာအစစ်အမှန် မဟုတ်ပြန်ပါဘူး။ ဆိုလိုတာက လူနာအများစုဟာ အစကတည်းက လိပ်စာအစစ်အမှန်ကို ပေးမထားလို့ပါ။ ဓာတ်ခွဲခန်းက ထွက်ရှိလာတဲ့ အဖြေအရ စာရွက်လာမယူတဲ့ လူနာနှစ်ဦးဟာ တီဘီရောဂါဖြစ်နေတာ အတော်လေးကြာနေပြီလို့ အဖြေထွက်ထား ပါတယ်။ ဒီလိုမျိုးတွေ မကြာခဏဖြစ်လာတော့ အစိုးရကနေ သုတေသနလုပ်ဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို ဖွဲ့လိုက်ပါတယ်။

ဘာကြောင့်လူနာတွေ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မလိုက်နာတာလဲ၊ ဘာကြောင့် ဆေးရုံတွေကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတာလဲ ဆိုတာကို သိချင်တာကြောင့်ပါ။ ဒါနဲ့ အဲဒီ သုတေသနအဖွဲ့ဟာ ဟွန်ဒူရပ်စ်နိုင်ငံသား အယောက် ၅၀၀ ကျော်ကို ဘာကြောင့် အဲသလို ဖြစ်ရတာလဲဆိုတာ အင်တာဗျူးများလုပ်ပါတယ်။ အချက်အလက်များ ကောက်ယူပါတယ်။ တီဘီရောဂါနဲ့ ပတ်သက်ပြီး ဆေးကုသတာ အောင်မြင်မှုနည်းတာကြောင့် လူတွေဖက်က ယုံကြည်မှု နည်းပါးတာလား ဒါမှမဟုတ် အစိုးရရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို လူတွေအယုံအကြည်ကင်းမဲ့လို့လား စသဖြင့် စစ်တန်းကောက် ပါတယ်။ ရလာတဲ့အဖြေက အပေါ်မှာထင်ထားသလို မဟုတ်ဘူးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒါဖြင့်ရင် ဘာကြောင့်လဲ။ တဖက်မှာလည်း အင်တာဗျူးခံရသူတွေဟာ လူမှုရေးခံစားခွင့် မညီမမျှဖြစ်နေတာတွေ၊ ဆင်းရဲနွမ်းပါး တာတွေကြောင့် ဖြစ်ရတယ်လို့လည်း ထည့်သွင်းဖြေကြားခြင်း မပြုပါဘူး။ အမှန်ကတော့ ဟွန်ဒူရပ်စ် နိုင်ငံသားအများစုဟာ အလွန်ဆင်းရဲပါတယ်။ နေအိမ်တွေနဲ့ ဘဝနေထိုင်မှု ပုံစံကလည်း သန့်ရှင်းမှုနည်းပါးပါတယ်။ နောက် အဟာရချို့တဲ့မှုကလည်း မြင့်မားနေပါတယ်။

သုတေသနလုပ်သူတွေ အနေနဲ့ သွားတွေ့ရတာကတော့ လူနာတွေသာမက သာမန် ဟွန်ဒူရပ်စ်နိုင်ငံသား ဆင်းရဲသား တွေဟာ ထူးဆန်းတဲ့အယူအဆတွေ၊ ဆန်းပြားရှေးကျတဲ့ ယုံကြည်မှုတွေနဲ့ အဲတာတွေကို လက်ခံကျင့်သုံးတဲ့ ဓလေ့ ရှိတာကို တွေ့လိုက် ရပါတယ်။ သုတေသန လုပ်တဲ့သူများအဆိုအရ အဲဒီလူငါးရာနဲ့ အင်တာဗျူးလုပ်တဲ့အခါမှာ မေးခွန်းအမေးခံရတဲ့ သူများဟာ သုတေသန လုပ်သူများနဲ့ ခပ်လှမ်းလှမ်းမှာ ရွေးထိုင်ပါတယ်။ နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး ဆက်ဆံဖို့ ဆန္ဒမရှိတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ တစုံတခုကို စိုးရိမ်နေတဲ့ ဟန်မျိုးကိုလည်း သူတို့ဆီမှာ တွေ့ရပြန်ပါတယ်။ ဘယ်သူ့ကိုမှ မယုံရဘူးဆိုတဲ့ အမူအရာမျိုးလည်း သူတို့ဆီက တွေ့ရပါသေးတယ်။ နောက် သူတို့ကိုယ်သူတို့ အပြစ်ရှိနေသလို ခံစားရတဲ့ ကိုယ်ဟန် အမူအရာ များကိုလည်း သုတေသနလုပ်သူများအနေနဲ့ သတိထားမိပါတယ်။
အတိုချုပ်ပြောရရင် အဲဒီလူတွေဟာ ဆရာဝန်ညွှန်ကြားသလို လိုက်နာမယ့် သူတွေမဟုတ်ဘူး ဆိုတာကို သုတေသန လုပ်သူတွေ သတိထားမိလာပါတယ်။ ဘာကြောင့်ပါလဲ။ အင်တာဗျူးခံရတဲ့ လူအများစုဟာ တီဘီရောဂါဆိုတာ လောကကြီးမှာ မရှိတဲ့ မဖြစ်နိုင်တဲ့ ရောဂါလို့ ယုံကြည်နေတာကြောင့်ပါ။ ဒါကြောင့် ဆေးစစ်ချက်တွေအရ၊ ဓာတ်ခွဲခန်းက ထွက်လာတဲ့ အဖြေအရ သူတို့မှာ တီဘီရောဂါရှိတယ်လို့ တီဘီဖြစ်နေတယ်လို့ အသိပေးပြောကြားတာမျိုးကို လက်မခံကြ ပါဘူး။ ဆရာဝန်တွေဖက်က တမင်ထွင်ပြီး လုပ်ဇတ်ခင်းနေတယ်လို့ သူတို့ဖက်က မြင်ကြပါတယ်။ ဒါကြောင့် အမှန်တကယ် တီဘီရောဂါဖြစ်လာလို့ နေမကောင်းထိုင်မသာ ဖြစ်လာတဲ့ အခါမျိုးမှာ သူတို့ဘာသာ ကောင်းနိုးရာရာ ဆေးဝါးတွေကို ရှာဖွေပြီး ကိုယ့်ဟာကိုယ် ကုသကြကြောင်း သုတေသနလုပ်သူတွေ တွေ့လာရပါတယ်။ တချို့လူနာတွေ ဘယ်လောက်အထိ ပေကပ်ကပ် နိုင်သလဲဆိုရင် ကျန်းမာရေးမှူးတွေ ဆရာဝန်တွေ အိမ်တိုင်ရာရောက် လာပြီးကုသ ပေးတာကိုတောင် လက်ခံဘဲ ငြင်းပယ်တာမျိုးတွေ ရှိလာပါတယ်။ နောက်ဆုံးတော့ တီဘီရောဂါဟာ သည်းသထက် သည်းလာလို့ မခံနိုင်တော့တဲ့ အဆုံးမှာ လူနာဟာ ဆေးကုသခံဖို့ထက် အသက်သာအသေခံမယ်ဆိုတဲ့ အထိ ခေါင်းမာနေတာမျိုးတွေကလည်း အများအပြားပါ။

နောက်တချက်ကတော့ တီဘီရောဂါဆိုတာမျိုးဟာ အခုကုလို့ အခုပျောက်ကင်းတဲ့ ရောဂါမျိုးမဟုတ်ပါ။ အချိန်အတော်လေး ယူရပါတယ်။ လူနာတွေဖက်က ကြည့်တော့လည်း အချိန်တိုတို အတွင်းမှာ ပျောက်ကင်းအောင် မကုသနိုင်တဲ့အပေါ် အယုံ အကြည်ကင်းမဲ့ လာတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အမှန်ကတော့ တီဘီရောဂါနဲ့ ပတ်သက်လို့ အသိဗဟုသုတ နည်းပါး ရာကနေ မြစ်ဖျားခံလာတာလို့ ဆိုနိုင်ပါတယ်။ ဒီလိုအသိဗဟုသု နည်းရတာကလဲ ဆင်းရဲ လွန်းတာကနေ အခြေခံတယ်လို့ ဆိုနိုင်ပြန်ပါတယ်။ ဆင်းရဲတော့ ခေတ်နဲ့ညီတဲ့ ပညာကို အခြေခံလောက်တောင် မသင်နိုင်ကြ၊ မသင်ခဲ့ရ။ ဒါကြောင့် အသိခေါင်းပါး၊ ဗဟုသုတနည်းပါး လာရပါတယ်။ အဲတာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ရှေးပဝေသဏီတုန်းက လက်ခံယုံကြည် လာတဲ့ အစွဲအလမ်းတွေကို ဆက်ပြီး လက်ခံယုံကြည် လာတော့တာပါပဲ။

ပိုဆိုးတဲ့အချက် သက်ဆိုင်ရာအစိုးရက ဆင်းရဲသားတွေအကြားမှာ လူတွေယုံကြည်လာတဲ့အထိ ဆေးပညာ ဗဟုသုတတွေကို ထိထိရောက်ရောက် မဖြန့်ဖြူးပေးနိုင်တာကလည်း အရေးကြီးတဲ့ အချက်ဖြစ်နေပြန်ပါတယ်။ ဟွန်ဒူရပ်စ် နိုင်ငံမှာ အုပ်ချုပ်သူ လူတန်းစားနဲ့ လက်တဆုပ်စာ လူတန်းစားက ချမ်းသာနေပေမယ့် နိုင်ငံတော်တခုလုံးအနေနဲ့က ဆင်းရဲနေလေတော့ ဆေးရုံတွေ ကျန်းမာရေးဌာနတွေမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကိရိယာတန်ဆာပလာတွေ ပြည့်စုံအောင် မရှိပြန်ပါဘူး။ ဒါကြောင့် သူတို့နိုင်ငံသား ဆင်းရဲသားတွေ ရှေးရိုးစွဲကလွဲလို့ ဘာကိုမှာ အယုံအကြည်မရှိတာကလည်း အဆန်းတော့ မဟုတ်ပါဘူး။

ဒီအဖြစ်အပျက်ဟာ ၁၉၉ဝ ဝန်းကျင်လောက်က ဟွန်ဒူရပ်စ်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ဘာမှမကြာသေးပါဘူး။ နှစ် ၂၀ ကျော်သာ ရှိပါသေးတယ်။ ဆင်းရဲတွင်းထဲမှာ ပစ်ထားခံရတဲ့ နိုင်ငံသားတွေဟာ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ဒီလို အလားတူ အဖြစ်မျိုးတွေကို ရင်ဆိုင်နေရပါတယ်။ ဘာကြောင့် ဆင်းရဲတွင်းက နက်ရတာလဲ။ အထက်မှာ ပြောခဲ့သလို နိုင်ငံတခုမှာ တည်ရှိနေတဲ့ အရင်းအမြစ်မျိုးစုံကို လူနည်းစု တစုကသာ ချုပ်ကိုင် အမြတ်ထုတ်နေလို့ ဖြစ်ရတာပါ။

အသိခေါင်းပါးတယ် ဆိုတဲ့အထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးပညာဗဟုသုတ ကိစ္စရပ်တွေကို မသိနားမလည်တာ တခုထဲတင် မဟုတ်ပါ။ ကျန်တဲ့ ကဏ္ဍတွေလည်း အများကြီးပါပါသေးတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလန်း အစရှိသဖြင့် ကိုယ်ရရှိရမယ့် ကိုယ့်အခွင့်အရေး ဘာလဲဆိုတာနဲ့ ဘယ်လိုတောင်းဆို ရမယ်ဆိုတာကို နားမလည် တာမျိုးတွေလည်း ပါနေပါတယ်။ ဒါ့အပြင် မလိုအပ်တော့တဲ့ ရှေးရိုးစွဲ အယူအဆနဲ့ အမြင်တွေကို ဆက်လက်ကိုင်စွဲ လက်ခံကျင့်သုံး နေတာတွေလည်း တွဲပြီးပါနေပါသေးတယ်။

ဥပမာပြောရရင် အခု မြန်မာနိုင်ငံမှာ ရောဂါဘယကိစ္စများနဲ့ ပတ်သက်လို့ နိုင်ငံသား အများစုကတော့ ဒီလောက် ရှေးရိုးမဆန်တော့ ပါဘူး။ ရောဂါဒဏ်ကို ခံစားနေရတာက ရောဂါကို ကုသဖို့ ငွေကြေးမလုံလောက်တဲ့ ပြဿနာကိုသာ ရင်ဆိုင်ရတာပါ။ နောက် အစိုးရ ဆေးရုံဆိုတာမျိုးကလည်း ဆေးဝါးအလုံအလောက်မရှိလို့ စရိတ်မျှပေး ကျန်းမာရေး လို့တောင် ဆိုင်းပုဒ် ကပ်ထား သေးတယ် မဟုတ်လား။ ဒါပေမဲ့ ရှေးဆိုးဆန်ပြီး မဆီမဆိုင်တဲ့ အရာမျိုးတွေကို ယုံကြည်နေတဲ့ လူများလည်း ရှိနေပြန်ပါသေးတယ်။ ဟိုဘုန်းကြီး၊ ဒီဘိုးတော်မျိုးဆီက ချဲနံပါတ်တောင်းတာမျိုးတွေလဲ ပါပါတယ်။ အခုလတ်တလောဆိုရင် ဘယ်မှာမှန်း မသိတဲ့ ခေါင်းလောင်းကြီးနဲ့ နဂါးကြီးတွေကို ယုံကြည်နေတာမျိုးလဲ ရှိနေပြန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငွေတွေသိန်းချီလှူတဲ့ သူတွေတောင် ပေါ်လာသေးတယ် မဟုတ်လား။ အံ့အော ကုန်နိုင်ဖွယ်လို့ ဆိုရတော့မှာပါပဲ။

ဒီလိုပြောလိုက်လို့ လူတွေကို အပြစ်တင်နေတာမဟုတ်ပါ။ အခြေခံအကြောင်းတရားကတော့ လူ့အဖွဲ့အစည်းတခုလုံး ဆင်းရဲတွင်း နက်နက်ထဲမှာ နှစ်ပေါင်းများစွာ နေလာရတဲ့ အကျိုးဆက်ကြောင့် ဒါတွေဖြစ်လာရတယ်ဆိုတာကို မီးမောင်း ထိုးပြလိုရင်း ဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်လာရင် စိတ်ခွန်အားပါ လျှော့ရည်းလာပါတယ်။ ဒါဖြင့်ရင် တချိန်က အရှေ့တောင် အာရှမှာ ချမ်းသာပြီး အတိုးတက်ဆုံးဖြစ်ခဲ့တဲ့ နိုင်ငံမှာ ဆင်းရဲတွင်းက ဘယ်သူ့ကြောင့် နက်ခဲ့ရတာလဲ။ ဆင်းရဲတွင်းနက်ရတဲ့ အကြောင်း တရားကို ဖန်တီးတဲ့ တရားခံများကတော့ အားလုံး သိတဲ့အတိုင်း အမျက်မာန်စောင် ကြီးလှတဲ့၊ အာဃာတ တရားကြီးမားလှတဲ့ ခေတ်အဆက်ဆက်က စစ်ဗိုလ်ချုပ်များသာ ဖြစ်ပါကြောင်း။

ဇော်မင်း
၁၆ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.