ရွက်မွန်စာမျက်နှာ

Tuesday, November 4, 2014

သူတို့မပြင် လူတွေပြင်လိမ့်

ဖိ
နှိပ်မှုတွေ ပုံစံမျိုးစုံနဲ့ သက်ဆိုးရှည်နေသမျှ မြန်မာပြည်ဟာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို ရောက်မှာ မဟုတ်သေး ပါဘူး။ တဖက်မှာ ပြန်ကြည့်ရင်လည်း ဖိနှိပ်မှုတွေကို ဖြစ်ပေါ်စေတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေက အသက်ဝင်နေသေး တာကြောင့်ဆိုတာ မြင်ရပါတယ်။ အဲဒီလို အခြေအနေမျိုးတွေကို မဖြတ်တောက်နိုင်ဘူး၊ မပယ်ဖျက်ဘူး၊ မပြုမပြင်ဘူး ဆိုရင်တော့ မြန်မာပြည်ကြီး အကောင်းဖက်ကို ပြောင်းလဲနေပါတယ်ဆိုတဲ့ အပြောဟာ လိမ်ညာနေတဲ့ အပေါ်ယံ စကားလို့သာ ဆိုရမှာပါပဲ။

ဖိနှိပ်မှုတွေကို ပိုပြီးသက်ဆိုး ရှည်စေတဲ့ အကြောင်းအရာထဲမှာ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး တက်သုတ်ရိုက် အတည်ပြု ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကလို့ ပြောလိုပါတယ်။ နာဂစ်ဖွဲ့စည်းပုံလို့လည်း လူတွေက အမည်တပ်ပါတယ်။ စစ်တပ်ကပဲ နိုင်ငံရေး ဦးဆောင်မှုကို ယူထားဖို့ ချယ်လှယ်ဖို့ ချုပ်ကိုင်ဖို့အတွက် ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံကြီးလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒီနာဂစ်ဖွဲ့စည်းပုံဟာ တကယ်တန်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံသားတွေက တခဲနက် ထောက်ခံလို့ ဖြစ်လာတဲ့ ဖွဲ့စည်းပုံမဟုတ်ပါ။ မဲတွေကို လိုသလို ကုလားဖန်ထိုးပြီး လူထုနာမည်တပ်လိုက်ခြင်းသာ ဖြစ်ပါတယ်။
ဒီဖွဲ့စည်းပုံ ဆက်လက်ပြီး သက်ဆိုးရှည်နေဦးမယ်ဆိုရင် မြန်မာနိုင်ငံမှာ မျိုးဆက်သက် လူငယ်တွေအတွက် အနာဂတ် မရှိပါလို့ ပြောပါရစေ။ အနာဂတ် လှပဖို့အတွက်ဆိုရင် စစ်ထဲဝင်ခြင်းကသာ တခုထဲသော ထွက်ပေါက်လို့ ဆိုရမှာပါပဲ။ ဒီဖွဲ့စည်းပုံ ဆက်လက် တည်ရှိ အသက်ဝင် နေခြင်းအားဖြင့် တိုင်းရင်းသားပေါင်းစုံ လိုလားတောင့်တနေတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာလည်း ပေါ်ပေါက်လာဖို့ အကြောင်းမရှိတော့ပါ။ ဒီဖွဲ့စည်းပုံက စစ်တပ်က ထိပ်ပိုင်းအုပ်ချုပ်သူ လူတန်းစားရယ်၊ သူတို့ရဲ့ စီးပွားဖက်တွေရယ် ကောင်းစားဖို့ကလွဲလို့ နိုင်ငံနဲ့အဝှမ်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးလာဖို့ အလားအလာကောင်း မရှိနိုင်ပါ။

အာဏာရ ခါစ တုန်းက သမ္မတပြောပြောနေတဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတာကလည်း အခုထိ ရေပေါ်အရုပ်ရေးသလို ပါပဲ။ မြန်မာနိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်ခံဖို့ အလုံးအရင်းနဲ့ ထွက်ခွါနေဆဲပါ။ သတင်းတွေထဲမှာ ပါပါနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကို ဆန်တင်ပို့မှု မြင့်တက်လာတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘာကြောင့်ဒီလို ပြောရသလဲဆိုတော့ မြန်မာပြည်မှာ လယ်မြေအသိမ်းခံရလို့ ဘဝပျက်နေရတဲ့ လယ်သမားလူတန်းစားက လျှော့မသွားပဲ များများလာတာကိုး။ လယ်သမားတွေ အဆင်မပြေဘဲ ဆင်းရဲသထက် ဆင်းရဲလာနေတဲ့ အချိန်မှာ နိုင်ငံခြားကို ဆန်တင်ပို့တာ ရာနှုန်းတက် လာတယ်ဆိုတာ ဘယ်လိုယုံလို့ ရမှာလဲ။ မြန်မာပြည်ရဲ့ အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေလဲ တိုးတက် လာတာ မတွေ့ရပါဘူး။ ဒါပေမဲ့ နှစ်စဉ်ထုတ်ပြန်နေတဲ့ စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွေမှာ မြန်မာပြည်ရဲ့ စီးပွားရေး ဦးမော့လာတယ် ဂျီဒီပီ တက်လာတယ်လို့ ပြောနေပါတယ်။ ဒါကို လိမ်တယ်မခေါ်ရင် ဖြောင့်ကွယ်ကွယ်တယ်လို့ ပြောရ မှာလား။
အစိုးရသစ်တက်လာပြီး နောက်ပိုင်း လေးနှစ်နီးပါးကာလအတွင်း အကောင်းဖက်ကို ဦးတည်တဲ့ အပြောင်းအလဲဆိုတာ မည်ကာမတ္တ လောက်ပဲ ရှိပါတယ်။ အဲဒီ မည်ကာမတ်တ အထဲမှာ သတင်းစာတွေ ဂျာနယ်တွေ အတော်လေး ရေးခွင့်ရလာတာ တချက်ပဲ အမှတ်ပေးဖို့ ရှိပါတယ်။ ဒါကလည်း ဒီလောက်လေးမှ ဖွင့်ပေးမထားဘူးဆိုရင် နောင်မှာ အုံကြွမှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ တွက်ဆထားတာကြောင့် ဖွင့်ပေးလိုက်တာပါ။ ဒီမိုကရက်စိတ်ထားမျိုးတွေ ရှင်သန်လာလို့ စေတနာ ကောင်းနဲ့ ဖွင့်ပေးခဲ့တာ မဟုတ်ပါဘူး။ အစိုးရကို ဝေဖန်တဲ့ စာမျိုးတွေ ဖတ်လိုက်ရခြင်းအားဖြင့် တနည်းပြောရရင် လူတွေရဲ့ မကျေနပ်မှုတွေကို အခိုက်အတန့် အားဖြင့် အာသာ ဖြေနိုင်ဖို့အတွက်လို့ ဆိုနိုင်ပါတယ်။
အစိုးရအနေနဲ့ အခု အာဏာယူထားတဲ့ ကာလအတွင်းမှာ တိုင်းသူပြည်သားတွေရဲ့ သက်သာချောင်ချိမှု အတွက် ဘာတခုမှ လုပ်မပေးနိုင်သေးပါ။ လူတစု ချမ်းသာနေတာကလွဲလို့ အများစုအတွက် ဆင်းရဲတွင်းက တိမ်မလာဘဲ ပိုနက်လာပါတယ်။ ပြောရမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောနိုင်တဲ့ လက္ခဏာ တခုမှ မရှိပါ။ ဘာကြောင့် မတိုးတက် မဖွံ့ဖြိုးရတာပါလဲ။ အစောကပြောသလို ဖိနှိပ်မှုမျိုးစုံဟာ ပုံစံမျိုးစုံနဲ့ နေရာတိုင်းမှာ ဆက်လက် တည်ရှိနေတာကြောင့်ပါ။ အဲဒီ ဖိနှိပ်မှုမျိုးစုံရဲ့ ခေါင်းကိုင် ဆရာကြီးကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းကပဲ စစ်တပ်ကိုယ်စားလှယ်တွေက ၄၃၆ ကို မပြင်လိုဘူးဆိုပြီး လွှတ်တော်မှာ တင်ပြလာတယ်။ မူလအစတုန်းက ပြောခဲ့တာတွေနဲ့ ကွာခြင်တိုင်းကွာနေပါတယ်။ မူလတုန်းကတော့ စစ်တပ်ဖက်ကရော၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပြည်တွင်းပြည်ပ ပညာရှင်ဆိုသူများရော၊ အကောင်းမြင်လွန်းတဲ့ နိုင်ငံရေးသမား တချို့ကရော ပြောခဲ့တယ် မဟုတ်လား။ စစ်တပ်က စနစ်တကျနဲ့ နိုင်ငံရေးကနေ ခွာနေပါတယ်ဆိုပြီး အသံတွေ စာနေအောင်ထွက်ခဲ့တာ မှတ်မိကျမယ် ထင်ပါတယ်။ အခု ၄၃၆ ကို မပြင်လိုဘူးဆိုတော့ အရာရာတိုင်းကို စစ်တပ်ကပဲ အသာစီးယူတဲ့ စနစ် သက်ဆိုးရှည်စေ လိုပါတယ်လို့ ပြောတာနဲ့ ဘာထူးပါသလဲ။ ၄၃၆ ကိုမပြင်တော့ဘူးဆိုရင် မတရားတဲ့ အခြေခံဥပဒေကြီး တခုကို ကိုင်စွဲပြီး မတရားတဲ့ ဥပဒေများအတိုင်း ဆက်လက် ကျင့်သုံးဦးမယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ ဒီလို ပြောလိုက် ခြင်းဟာ တပြည်လုံးက နိုင်ငံသားတွေကို တဖက်လှည့်နဲ့ စိန်ခေါ်လိုက်တယ်လို့ မြင်မိပါတယ်။

လူတွေလမ်းမပေါ်တက်ပြီး ဆန္ဒပြတာဟာ အပေါစားနိုင်ငံရေးလို့ စစ်တပ်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံရေးပါတီတခုက ခေါင်းဆောင် တဦး ပြောခဲ့ဖူးပါတယ်။ ပီအာစနစ်ကို အသံကျယ်ကျယ်နဲ့ ဝါဒဖြန့်နေတဲ့ အထဲမှာလည်း ပါပါတယ်။ ကနေ့ခေတ်မှာ နိုင်ငံတကာက ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေ လက်ခံထားတဲ့ အချက်တခု ရှိပါတယ်။ အဲတာက ဘာတုန်းဆိုတော့ လူတွေလမ်းပေါ်တက်ပြီး ဆန္ဒပြတယ်ဆိုတာ မတရားမှုတွေကို ရင်ဆိုင်ရလို့၊ အဲသလို ရင်ဆိုင်ရတာကို မကျေနပ်လို့ ဆိုပြီး မှတ်ချက်ချ ကြပါတယ်။ ကားမစီးရလို့၊ တိုက်မဆောက်ရလို့၊ ရွှေငွေမဝယ်နိုင်လို့ အစိုးရကို လူတွေဆန္ဒပြတယ်ဆိုတာ မရှိပါဘူးတဲ့။ အစိုးရကို ဆန္ဒပြကြတယ်ဆိုတာ သူတို့ရဲ့ ရှိထားတဲ့ မူလလူမှုစီးပွား ဘဝကနေ နိမ့်ပါးသထက် နိမ့်ပါးလာလို့၊ နစ်နာမှုတွေ ရှိလာလို့ ပြကြတယ်လို့ ဆိုပါတယ်။ နောက် အာဏာပိုင်တွေက မတရားသဖြင့် အနိုင်ကျင့်တာကြောင့် ဆန္ဒပြတာမျိုးတွေလည်း ရှိပါတယ်။ လူမှုစီးပွားဘဝ မူလကထက် နိမ့်ပါးလာတယ်ဆိုတဲ့ နေရာမှာ လယ်အသိမ်း ခံရတာ မြေအသိမ်း ခံရတာတွေလည်း ပါပါတယ်။ သစ်ပင်တွေ အခုတ်ခံရတာလည်း ပါပါတယ်။ ဥပဒေမဲ့ နှိပ်စက်ခံရတာ ဖမ်းဆီးခံရတာ သတ်ဖြတ်ခြင်း ခံရတာတွေလည်း ပါပါတယ်။ သတ်ဖြတ်တယ်ဆိုတော့ အလွတ် သတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်တာမျိုးတွေလည်း အကြုံးဝင်ပါတယ်။ တိုင်းပြည်တခုအတွင်းမှာ နိုင်ငံသားတွေနဲ့ ဧည့်နိုင်ငံသားတွေ အပါအဝင် မည်သည့် လူသားတဦးကိုမှ အစိုးရအာဏာပိုင်တွေက တရားလက်လွတ် ဖမ်းဆီးခွင့်၊ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့် မရှိရပါဘူး။

အခုလက်ရှိအစိုးရ ခေါင်းဆောင်တွေကို ကြည့်လိုက်ပါ။ ဆင်းရဲတဲ့သူ တယောက်မှ မပါပါ။ သမ္မတဆိုရင် လယ်ဧက ငါးရာကျော် တောင် ပိုင်ဆိုင်ပါတယ်။ ကိုယ်ပိုင်လယ်ထွန်စက်တွေ သုံးနိုင်ပါတယ်။ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ စတာတွေလည်း လိုအပ်ရင် လိုအပ်သလို သုံးစွဲနိုင်ပါတယ်။ တကယ့်လယ်သမား စစ်စစ်တွေကြတော့ လိုအပ်တဲ့ အကူအညီ အထောက်အပံ့ မရတဲ့အပြင် အသိမ်းခံခဲ့ရတဲ့ လယ်ယာမြေကို ပြန်တောင်းလို့ ထွန်တုံးတိုက်ပွဲဝင်လို့ အဖမ်းအဆီးခံရပြီး ထောင်သွင်း အကျဉ်းချ ခံရပါသေးတယ်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိစစ်ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ စီးပွားဖက် ခရိုနီတွေ အားလုံးဟာ ချမ်းသာပြီးရင်း ချမ်းသာနေသူတွေပါ။ ဒီနေရာမှာ စပ်မိလို့ လေးစားဖို့ကောင်းတဲ့ နိုင်ငံခေါင်းဆောင်ကြီးတဦးရဲ့ ဓနအကြောင်းကို ပြောလိုပါတယ်။ သူကတော့ တခြားသူမဟုတ်ပါ။ မြန်မာပြည် လွတ်လပ်ရေးရကထဲကနေ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သခင်နု ခေါ် ဦးနု ဖြစ်ပါတယ်။

ဦးနု ဝန်ကြီးချုပ် ဘဝမှာတုန်းက သူရဲ့ အစိုးရအတွင်းက ဝန်ကြီးတချို့ဟာ သွယ်ဝှိုက်သောနည်းများနဲ့ လာဘ်စားပြီး ပင်စင်ယူရင် နေထိုင်ဖို့ အိမ်များ ဆောက်ကြပါတယ်။ အခုခေတ်လို ဒေါ်လာသန်းနဲ့ချီပြီး စားကြတာ မဟုတ်သေးပါ။ အဲသလို သူ့ရဲ့ ဝန်ကြီးတချို့ အိမ်ဆောက်တဲ့ သတင်းကြောင့် ဦးနုလည်း မျက်နှာပျက်ရပါတယ်။ တချို့ကလည်း ဝန်ကြီးချုပ်ကို ဖြောင့်ဖြပါတယ်။ ဆီကိုင်တဲ့လက် ဒီလောက်တော့ ဆီစိုမှာပေါ့ဆိုပြီး ပြောကြတာပါ။ ဦးနုက ဆီကိုင်တဲ့လက် ဆီစိုမှာပေါ့ ဆိုတဲ့ အပြောကို လက်မခံပါဘူး။ ဆီကိုင်တဲ့လက် ဆီစိုတယ်ဆိုရင် သူက ဝန်ကြီးချုပ်ဆိုတော့ ပိုဆိုးတော့မှာပေါ့။ နောက်တော့ အိမ်ဆောက်ကြတဲ့ ဝန်ကြီးများနဲ့ စကားအငြင်းအခုန် ဖြစ်လာရတော့ ဦးနုက ဒီလိုပြောလိုက်ပါတယ်။ သူပြောတာကတော့ ဘယ်သူငါနဲ့ အိမ်သေးတာခြင်း ပြိုင်မလဲတဲ့။ ဟုတ်ပါတယ် ဦးနုရဲ့ အိမ်က တကယ်ကို သေးပါတယ်။ ဒါ့အပြင် ဦးနုမှာ လယ်ဧက ငါးရာကျော်လည်း မပိုင်ပါဘူး။

အခု လက်ရှိ မြန်မာပြည်ရဲ့ ခေါင်းဆောင်များကတော့ ထားစရာမရှိအောင်လည်း ချမ်းသာနေကြပြီ။ အာဏာကိုလည်း နှစ်ပေါင်း ၅ဝ ကျော် ဆုပ်ကိုင်ထားပြီးပြီ။ ဒီလောက်နဲ့ မကျေနပ်ကြ သေးဘူးလားလို့ မေးလိုပါတယ်။ ရွှေပုံငွေပုံတွေ ကြားမှာ သက်တောင့်သက်သာ နေကြပါတော့လား။ နိုင်ငံခြားတိုင်းပြည်ကြီး အတော်များများကလည်း စီးပွားရေး ပိတ်ဆို့ထားတဲ့ နာမည်ပျက် စာရင်းကနေ ဖယ်ရှားပေးလိုက်လို့ တချို့ဆိုရင် အရင်က အိပ်မက်တောင် မမက်ဘူးတဲ့ နိုင်ငံတွေကို အိမ်ဦးကြမ်းပြင် သွားလာနေနိုင်ကြပြီ မဟုတ်လား။ ဘာဖြစ်လို့ မတရားတဲ့ ဥပဒေတွေကို ဆက်ပြီး သက်ဆိုးရှည်စေ ချင်သေးကြတာလဲ။ နောက်တချက်က အာဏာနိုင်ငံရေးမှာ ဆက်ပြီး ပါဝင်လိုသေးတယ် ဆိုရင်လည်း ပါနိုင်ပါသေးတယ်။ မပါနဲ့လို့ မတားပါဘူး။ ဒါပေမဲ့ တရား နည်းလမ်းကျကျ ယှဉ်ပြိုင်ဖို့တော့ လိုတာပေါ့။ မတရားတဲ့ ဥပေဒတွေ အားကိုးနဲ့ ပြိုင်မယ် ဆိုကထဲက မတရားတဲ့ ပြိုင်ပွဲလို့ပဲ ပြောရတော့မှာပါ။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် မတရားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေ တည်ရှိနေသမျှ ကာလပတ်လုံး မပြုပြင်သေးတဲ့ ကာလပတ်လုံး နိုင်ငံသားတွေဟာ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်လာဖို့၊ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်လှုပ်ရှား ကြပါလိမ့်မယ်။ နိုင်ငံကြီးသားပီပီ ငြိမ်းငြိမ်းချမ်းချမ်း တင်ပြလို့ တောင်းဆိုလို့ မရရင် လူတွေ လမ်းမပေါ် ထွက်လာလိမ့်မယ်လို့ ပြောလို ပါကြောင်း။

ဇော်မင်း
၂၈ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.