ရွက်မွန်စာမျက်နှာ

Wednesday, November 19, 2014

ဘယ်သူ့ကိုမှ မကြောက်ဖို့ဆိုရင်

ပြည်ထောင်စုဝန်ကြီး အဆင့် ရှိသူတဦးက ဟိုတနှစ်တုန်းက ပြောခဲ့တာ တခုရှိပါတယ်။ လက်ပံတောင်း ကိစ္စနဲ့ ပတ်သက်လို့ သံဃာတော်များကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဘာပြောခဲ့တာတုန်းဆိုတော့ “တပည့်တော် တို့လည်း တရုတ်ကို ကြောက်ရတယ်ဘုရား” ဆိုတဲ့ စကားပါ။ ဒီစကားကြောင့် အဆိုပါဝန်ကြီးဟာ တရုတ်ကြောက် ဝန်ကြီးအဖြစ် နာမည်တွင် ကျန်ရစ်ပါတယ်။ အမှန်ကတော့ ပြည်ထောင်စုအဆင့်ရှိတဲ့ ဝန်ကြီး တပါးအနေနဲ့ အဲသလို မပြောသင့်ပါ။

လက်ရှိ အာဏာရထားတဲ့ အစိုးရဝန်ကြီး တပါးက ဘာဖြစ်လို့ အဲသလို ပြောခဲ့တာလဲဆိုတာကို ဆန်းစစ်ကြည့်မိပါတယ်။ ဘာကြောင့် မြန်မာအစိုးရဟာ တရုတ်ကို ကြောက်ရတာလဲ။ အကြောင်းရှိပါလိမ့်မယ်။ ဘာအကြောင်းတုန်းဆိုတာကတော့ ဒီလိုပါ။ အတိတ် ခြေရာကို နဲနဲလောက်တော့ ပြန်ကောက်ရပါလိမ့်မယ်။ မြန်မာပြည်ကို ၂၆ နှစ်တာ တပါတီအာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ တရုတ်ကို ကြောက်ရပါတယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောတာမျိုး မရှိခဲ့ပါဘူး။ တရုတ်အစိုးရနဲ့ ဆက်ဆံရေးက အကောင်းကြီးလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာနဲ့တရုတ် နိုင်ငံနှစ်ခုအကြား ပုံမှန်ဆက်ဆံရေး မျိုးတော့ ရှိခဲ့ပါတယ်။ ဟိုဖက်ဒီဖက် သွားသွားလာလာ မှန်တန်းအဆင့်လောက်တော့ တည်ရှိခဲ့ပါတယ်။
အိမ်နီးချင်း ဖြစ်ရဲ့သားနဲ့ မြန်မာတရုတ်နဲ့ဆက်ဆံရေး အကောင်းကြီး မဟုတ်ခဲ့ရတာ အကြောင်းရှိပါတယ်။ နောက်တက် လူငယ်မျိုးဆက်သစ်များ သိသင့်တယ် ယူဆလို့ အကျဉ်းရုံးပြောပါရစေ။ တချိန်တုန်းက တရုတ်နိုင်ငံနဲ့ နယ်ခြားခြင်း ဆက်စပ်နေတဲ့ မြန်မာပြည်ရဲ့ ဝဒေသမှာ အခြေစိုက်ထားတဲ့ မြန်မာပြည် ကွန်မြူပါတီ ရှိခဲ့ပါတယ်။ မြန်မာပြည် ကွန်မြူနစ် ပါတီဟာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့တာ လွတ်လပ်ရေးရပြီး ရက်ပေါင်း ၉ဝ အကြာမှာ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာပြည် အလယ်ခေါင်လို့ ဆိုရမယ့် ပဲခူးရိုးမကို ဌာနချုပ်လုပ်ခဲ့ပါတယ်။ ပဲခူးရိုးမ ဌာနာချုပ်ကျဆုံးအပြီးမှာ မြန်မာပြည်ကွန်မြူနစ်ပါတီရဲ့ ဌာနချုပ်ဟာ တရုတ်မြန်မာ နယ်စပ်က ဝဒေသအတွင်းမှာ ဆက်လက် တည်ဆောက်ခဲ့ ပါတယ်။

မြန်မာပြည်ကွန်မြူနစ်ပါတီ အဖို့ ဗိုလ်ချုပ်နေဝင်းအစိုးရကို တိုက်ခိုက်တော်လှန်ဖို့အတွက် လက်နက်ခဲယမ်းတွေ လိုလာ ပါတယ်။ အဲသလို လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို တရုတ်အစိုးရက ထောက်ပံ့ခဲ့ပါတယ်။ အဝတ်ချုပ်တဲ့ အပ်ကစလို့ ယူနီဖောင်းအလယ် သေနတ်နဲ့ အမြောက်တွေအဆုံး တရုတ်ကွန်မြူနစ်အစိုးရက မြန်မာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်တွေ အတွက် ထောက်ပံ့ပေးခဲ့တယ်လို့ အဆို ရှိခဲ့ပါတယ်။ တရုတ်ဖက်က စစ်ရေးနိုင်ငံရေး ကျွမ်းကျင်သူတွေကိုလည်း မြန်မာပြည် ကွန်မြူနစ်ပါတီအတွက် ပို့ပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်က မြန်မာပြည်ကွန်မြူနစ်ပါတီဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ဒေသကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ မြန်မာပြည်အလယ်ပိုင်းကို ချိမ်းချောက်နိုင်ခဲ့ပါတယ်။ လိုအပ်လာခဲ့ရင် တရုတ်ဖက်က တရုတ်စစ်သားတွေကို မြန်မာပြည် ကွန်မြူနစ်ပါတီ ယူနီဖောင်းဝတ်စေပြီး စစ်ကူတိုက်ခိုင်း ခဲ့တယ်ဆိုတာ လည်း လူပြောများ ခဲ့ပါတယ်။ ဆိုရရင်တော့ မြန်မာပြည် ကွန်မြူနစ်ပါတီကို တရုတ်က စစ်လက်နက်တွေ အကြီးအကျယ် ထောက်ပံ့ ခဲ့တာတော့ လူတိုင်းလိုလို အဲဒီအချိန်က သဘောပေါက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဟာ အဲဒီအချိန်မှာ လက်နက်အင်အား တောင့်တင်းတဲ့ မြန်မာကွန်မြူနစ်ပါတီ တပ်တွေကို အကျအဆုံးများစွာနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့ရ ပါတယ်။ ကွမ်လုံ ရက် ၄ဝ တိုက်ပွဲဆိုတာ အင်မတန် လူပြောများခဲ့တဲ့ တိုက်ပွဲကြီးတခု ဖြစ်ပါတယ်။ ဒီလို အချက် များကြောင့် ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေးဟာ သဘောလောက်သာ ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ်က မြန်မာပြည် ကွန်မြူနစ်ပါတီကို လက်နက်တွေ အလုံးအရင်းနဲ့ ကူညီလို့ အဲဒီအချိန်က မြန်မာ ဆိုရှယ်လစ် အစိုးရ အနေနဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ တရုတ်ကို ကြောက်ရတယ်လို့ ဖွင့်ပြောရတဲ့အထိ မရှိခဲ့ပါဘူး။

၁၉၈၈ ဒီမိုကရေစီ တောင်းဆိုမှုကြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပြီးတော့ ဗိုလ်ချုပ်နေဝင်းရဲ့ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ တပြည်လုံးသောင်းသောင်းဖျဖျ ဆန္ဒပြနေတဲ့ ကာလအတွင်းမှာ မြန်မာရေပိုင်နက်နားအထိ လေယာဉ်တင် သင်္ဘောပါတဲ့ အမေရိကန် အမှတ် ၇ ရေတပ်မတော် ရောက်လာခဲ့တယ်လို့လည်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာစစ်ခေါင်းဆောင်များ သောကပွားခဲ့ ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ မြန်မာပြည် ကွန်မြူပါတီလည်း ဝတပ်တွေရဲ့ ပုန်ကန်မှုနဲ့အတူ ကိုယ်ပိုင်တပ်မရှိတော့ဘဲ အင်အားမဲ့ သွားခဲ့ပါတယ်။ ခေါင်းဆောင် တွေလည်း တရုတ်ပြည်ဖက်ကို သွားပြီး ခိုလှုံနေကြရတာ အခုအချိန်တိုင်ပါပဲ။

မြန်မာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်တွေ မရှိတော့ပေမယ့် တခြားသော တိုင်းရင်းသားနယ်မြေတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ အကြီးအကျယ် ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ၁၉၈၈ သပိတ်မှောက်ကျောင်းသားတွေ ထောင်နဲ့ချီပြီး တောခိုကြပါတယ်။ အထူးသဖြင့် ကေအန်ယူလက်နက်ကိုင်များ စိုးမိုးထားတဲ့ ကရင်ပြည်နယ်ထဲကို ရောက်သွားကြတာက အများစုလို့ ဆိုနိုင်ပါတယ်။ တချိန်ထဲမှာလည်း ကေအိုင်အေ စိုးမိုးထားတဲ့ ကချင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်ပါတယ်။ မွန်ဒေသ၊ ပအို့ဒေသ၊ ကရင်နီဒေသ တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။ ဒါက စစ်ရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေပါ။

တချိန်ထဲမှာလည်း လက်နက်မကိုင်တဲ့ ပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှုကလည်း အရှိအဟုန်မြင့်မားသထက် မြင့်မား လာပါတယ်။ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ အားကောင်းလာပါတယ်။ နောက်တက်လာတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေက ဇယ်ဆက်သလို ဖြစ်ပွားခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ အားထားတဲ့ တစည ပါတီ ဝက်ဝက်ကွဲ ရှုံးပြီး အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီတွေ အောင်ပွဲဆင်ခဲ့ပါတယ်။ ၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတော့ နိုင်ငံရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ဟာ ပြည်တွင်းမှာသာ မဟုတ်တော့ဘဲ နိုင်ငံတကာ ရပ်ဝန်းအထိ ကျယ်ပြန့် လာခဲ့ပါတယ်။ နိုင်ငံတကာ အစိုးရများရဲ့ ဖိအားပေးမှု ဝေဖန်မှုတွေကို မြန်မာ စစ် အစိုးရ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ များသထက်များလာခဲ့ပါတယ်။ တချိန်ထဲမှာလည်း နိုင်ငံကြီးတချို့ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းကို စတင်ရင်ဆိုင်ရပါတယ်။ ပြောရမယ်ဆိုရင် အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်ဟာ စီးပွားရေး၊ ပြည်တွင်းပြည်ပ နိုင်ငံရေး ဖိအားပေးမှု၊ ပြည်တွင်းစစ်ရေးဖိအား ပေးမှုတွေကို ရင်ဆိုင် နေရပါတယ်။ အားကိုးမဲ့သလို ဖြစ်လာရတယ်ဆိုရင်လည်း မမှားပါဘူး။ အဲဒီအချိန်မှာ အားကိုးစရာ ဖြစ်လာတာက တချိန်တုန်းက မြန်မာပြည်ကွန်မြူနစ်ပါတီကို လက်နက်ထောက်ပံ့ခဲ့ဘူးတဲ့ တရုတ်အစိုးရပဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ အဲဒီအချိန်ကစလို့ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းမှန်သမျှ တရုတ်အစိုးရဆီက မှီခိုရတဲ့ အခြေအနေကို ဆိုက်သွားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဆီက လူသိရှင်ကြားရော လူမသိရှင်မကြားရော ထောက်ပံ့ငွေ၊ ချေးငွေ စတာတွေ ကိုလည်း လက်ခံယူခဲ့ပါတယ်။ နောက် ကုလသမဂ္ဂလို နေရာမျိုးမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အစိုးရတွေက အရေးယူမယ် မဲခွဲဆုံးဖြတ်မယ်ဆိုရင် ပထမဆုံး မြန်မာအတွက် ကန့်ကွက်ပေးသူက တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာစစ်အစိုးရအတွက် နေရာတိုင်းမှာ အားကိုးရာ ဖြစ်ခဲ့ရတာပါ။ တကမ္ဘာလုံးက ဒီမိုကရေစီ နိုင်ငံတွေနဲ့ တဇောင်းစေးနဲ့ မျက်ချေး ဖြစ်နေရတဲ့ အချိန်မှာ မြန်မာစစ်အုပ်စုအတွက် အားကိုး အားထား ပြုစရာဟာ တရုတ်အစိုးရသာ ဖြစ်လာရတော့ တာပါပဲ။ ဒါကြောင့် တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်ရတယ်ဘုရား ဆိုတဲ့ စကားထွက်လာရတာ ဖြစ်ပါတယ်။ မဆန်းလှပါဘူး။ တဖက်မှာလည်း စီးပွားရေးအရ ပြန်ကြည့်လိုက်ရင် တရုတ်ဆီက စစ်လက်နက် ငွေကြေး အထောက်အပံ့ ယူထားတော့ အဲဒီ အကျိုးဆက်အဖြစ် တရုတ် ကုမ္ပဏီတွေ မြန်မာပြည်အတွင်း စီးပွားရေးလုပ်ဖို့ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ပြုလိုက်ရပါတယ်။ မြစ်ဆုံ၊ လက်ပံတောင်း အစရှိတဲ့ ဒီစီမံကိန်း တွေက မြင်သာတဲ့ စီမံကိန်းတွေပါ။ အခုအထိလည်း စာရင်းဇယားများအရ မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြှုပ်နှံထားသူ တွေဟာ တရုတ်ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်တခုလုံးကို ပြန်ကြည့်လိုက်ရင် မိမိပြည်တွင်းရေးကို မိမိပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုတာ မြင်ရပါတယ်။ အဲတာကြောင့် သူတပါးကို အားကိုးလိုက်ရတယ်။ အဲသလို အားကိုးလိုက်ရတာကြောင့် သူတပါး သြဇာခံ ဖြစ်သွား ရတယ်လို့ ဆိုပါရစေ။ အမှန်ဆိုရင် မိမိပြည်တွင်းမှာ ဖြစ်နေတဲ့ မကျေနပ်မှုတွေကို အမြင်ကျယ်ကျယ်ထားပြီး မိမိ မိသားစုအတွင်းမှာ ကြေလည်အောင် ဖြေရှင်းနိုင်ခဲ့ရင် အခုလို တရုတ်ကိုလည်း ကြောက်ရတယ်ဆိုတဲ့ အခြေအနေမျိုးအထိ ဆိုက်သွားခဲ့မှာ မဟုတ်ပါဘူး။ ကိုယ့်အိမ်သားအချင်းချင်း ဖြစ်ရတဲ့ ပြဿနာမှာ ကိုယ်တဦးတယောက်ပဲ လုံးလုံး အနိုင်ယူလိုတာကြောင့် ရပ်ကွက်ထဲက လူမိုက်တအုပ်ကို ခေါ်သွင်းလာပြီး ဖြေရှင်းတဲ့ သဘောမျိုး ဆောင်နေပါတယ်။

ကနေ့ခေတ်သစ် ကမ္ဘာကြီးမှာ ဘယ်သူကမှ ဘယ်သူ့ကို ကြောက်စရာ မလိုပါဘူး။ မြန်မာပြည်သားတွေက တရုတ် အစိုးရကို ကြောက်ဖို့ မလိုပါဘူး။ တချိန်ထဲမှာလည်း မကြောက်ဘူး ဆိုတာကြောင့် ဘယ်သူ့ကိုမှလည်း ရန်စစရာ ရန်စောင်စရာ မလိုသလို၊ ရိသဲ့သဲ့လုပ်တာမျိုး မချေမငံ ပြုမူတာမျိုးလည်း ရှောင်ရှားရမှာပါ။ တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန် လေးစားမှုနဲ့ တန်းတူရည်တူ ဆက်ဆံရေးကို ထူထောင်ဖို့သာ လိုပါတယ်။

မိမိရဲ့ အတိုက်ခံတွေအပေါ်အမှာ အနိုင်ယူလိုမှုနဲ့ နိုင်ငံကြီးတခုခုကို သွားပြီး အားကိုးလိုက်ခြင်း၊ ဟိုကပေးသမျှကို လက်ဖြန့် ယူလိုက်ခြင်းဟာ သူများနောက်လိုက်ဖြစ်ဖို့ အစပျိုးတာလို့ ဝေဖန်လိုပါတယ်။ ကနေ့ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းလိုသူတွေဟာ မိမိနဲ့ဆန့်ကျင်ဖက်က အုပ်စုတွေ အဖွဲ့အစည်းတွေကို အနိုင်ယူဖို့ အတွက် တခြားနိုင်ငံတခုခုကို အားကိုးလိုက်တာနဲ့ မိမိကိုယ်ပိုင်တိုင်းပြည်ရဲ့ အာဏာစက် လျှော့ကျသွားလေ့ ရှိတာမြင်ရပါတယ်။ သူများနောက်လိုက်သဖွယ် ဖြစ်ရပါတယ်။
တရုတ်ကို ကြောက်ရတယ်ဆိုတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ အချိန်မနှောင်းသေးပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ကိုလည်း ပုံအပ်စရာ မလိုသလို အမေရိကန်ကိုလည်း ဆရာတင်စရာ မလိုပါ။ ကိုယ့်တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အရှိအတိုင်း အမှန်အတိုင်း ပထမမြင်ဖို့ လိုပါတယ်။ ပြီးရင် မိမိအချင်းချင်း ကြားမှာ မှန်မှန်ကန်ကန် ဖြေရှင်းကြဖို့ လိုအပ်ပါတယ်။ အဲသလိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ မြန်မာပြည်ဟာ ဂုဏ်သိက္ခာရှိရှိနဲ့ အချုပ်အချာ အာဏာတည်မြဲတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နိုင်ပါလိမ့်မယ်။ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ နိုင်ငံတခုဟာ ဘယ်နိုင်ငံကိုမှ ကြောက်စရာမလိုသလို သြဇာခံလည်း ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ ပြောလိုပါကြောင်း။

ဇော်မင်း
၁၆ ရက် နိုဝင်ဘာလ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.