ရွက်မွန်စာမျက်နှာ

Thursday, December 11, 2014

သူတို့ကိုလည်း ကြိုဆိုပါ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလို့ ပြောတိုင်း လူအတော်များများက အထူးသဖြင့် အာဏာပိုင်တွေဖက်က ရည်မျှော်ပြီး ပြောလေ့ ပြောထရှိတဲ့ အယူအဆတခု ရှိပါတယ်။ အဲတာကတော့ အရင်းအနှီးကြီးမားတဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေ၊ နိုင်ငံတကာ အထိ ဖြန့်ကျက်ထားနိုင်တဲ့ ကော်ပိုရေးရှင်းကြီးတွေ ဝင်လာပြီး ရင်းနှီးမြှုပ်နှံတာမျိုးကိုပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလို့ တွက်ဆခြင်း ပါပဲ။ ဒါဟာမှားတယ်လို့ ပြောလို့မရပေမယ့် ဒီလိုကြီးမားတဲ့ ငွေပင်ငွေရင်းများပြားလှတဲ့ အဖွဲ့အစည်းတွေ ချည်းပဲ လာပြီးလုပ်ကိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာတယ်လို့ မဆိုနိုင်ပါဘူး။

အသေးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဝမ်းပန်းတသာ ဖိတ်ခေါ်ဖို့လိုပါသေးတယ်။ အသေးစားလို့ ပြောလိုက်တာ ကို နည်းနည်းထပ်ရှင်းပါ့မယ်။ စက်ရုံအလုပ်ရုံ အသေးလေးတွေ၊ ကုမ္ပဏီအသေးလေးတွေကို ဆိုလိုခြင်းဖြစ်သလို မိမိတိုင်းပြည်မှာ လိုအပ်တဲ့ နည်းပညာပေါင်းစုံအတွက် တသီးပုဂ္ဂလ လူတဦးချင်းစီ ဝင်လာပြီး လုပ်ကြကိုင်ကြတာကို လည်း အားပေးဖို့ လိုပါတယ်။ အဲသလို အသိပညာ အတတ်ပညာ တရပ်ရပ်ကို ပိုင်ဆိုင်ကျွမ်းကျင်တဲ့ လူပုဂ္ဂိုလ် တဦးချင်းစီ လာပြီး အလုပ်လုပ်တဲ့ နေရာမှာလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာအောင် အားပေးဖို့လိုပါတယ်။ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာပဲ လုပ်ရမယ် နယ်ကို သွားခွင့်မပြုဘူး၊ ဟိုပြည်နယ် ဒီပြည်နယ်တွေမှာ သွားရောက်လုပ်ကိုင်ခွင့် မရှိဘူး စတာမျိုးတွေနဲ့ ကန့်သတ်ထား ရင်တော့ အောင်မြင်ဖို့ မလွယ်ကူပါဘူး။
အရင်းအနှီးကြီးမားတဲ့ ကော်ပိုရေးရှင်းတွေ လာရောက် ရင်းနှီးမြှုပ်နှံတာက ဒေသခံ လူအတော်များများအတွက် အလုပ် ရနိုင်တာကြောင့် ကောင်းမွန်တဲ့ အချက်တခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အရင်းအနှီးကြီးမားစွာ မြုတ်နှံရမှာ ဖြစ်တာကြောင့် သူတို့ဖက်က အသေးစိတ် အစစအရာရာ တွက်ချက်ပါတယ်။ နိုင်ငံရေးတည်ငြိမ်ရဲ့လား၊ လမ်ပန်းဆက်သွယ်ရေး ကောင်း ရဲ့လား၊ အတိုင်းအတာတခုအရ အဆင်ပြေစေနိုင်တဲ့ ငွေကြေးဈေးကွက် ဖွံ့ထွားနေပြီလား၊ လျှပ်စစ်စွမ်းအင် ဈေးသက်သာရဲ့လား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ခိုင်ခန့်တဲ့ ဥပဒေတွေ ရှိသလား၊ ရှိထားရင်လည်း နိုင်ငံတကာ ဥပဒေ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ရှိရဲ့လား စသဖြင့် တွက်ချက်ပါတယ်။ နိုင်ငံတကာ ဥပဒေ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ချိတ်ဆက်လုပ်ဆောင်နိုင်မှု မရှိသေးဘူးဆိုရင် သူတို့ဖက်က စိုးရိမ်ပါတယ်။ အကယ်၍ အမှုအခင်း တခုခု အငြင်းပွားဖွယ် တခုခု ဖြစ်လာရင် နိုင်ငံတကာ ခုံရုံးတွေမှာ တရားရင်ဆိုင်ဖို့ မြန်မာအစိုးရက လက်မခံဘူး အသိအမှတ် မပြုဘူးဆိုရင် သူတို့ဖက်က မလုပ်လိုပါဘူး။

ဒါက အခြေခံလိုအပ်တဲ့ အနေအထားကို အကျဉ်းလောက်ပဲ တင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်းအနှီး ကြီးမားတဲ့ စီးပွားရေး အဖွဲ့အစည်းတွေရဲ့ နိုင်ငံတခုခုမှာ ရင်းနှီးမြှုပ်နှံမှုဟာ ဗြုံးကနဲဒိုင်းကနဲ ပေါ်ပေါက်လာလေ့မရှိပါဘူး။ စစ်တန်း ကောက် သုတေသန လုပ်ရတာက အချိန်ယူရတာကိုး။ အချိန်ယူပြီး စစ်တမ်းကောက် သုတေသန လုပ်ရတာကလည်း အကြောင်း ရှိပါတယ်။ နောင်မှာ ကိုယ့်ရဲ့ကုမ္ပဏီကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ အားပေးသလိုမျိုး ဖြစ်သွားခဲ့ရင် တရားစွဲခံရနိုင်လို့ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်သုန်းခဲ့တာ ကိုယ့်ကြောင့် ဆိုသလို ဖြစ်ခဲ့ရင်လည်း တရားစွဲခံရနိုင်ပါတယ်။ ဒီမိုကရေစီထွန်းကားပြီး ဥပဒေအားကောင်းတဲ့ သူဌေးနိုင်ငံ တွေက စီးပွားရေးကုမ္ပဏီ ကြီးတွေဟာ အတွေ့အကြုံများထား ပြီးသားဖြစ်တာကြောင့် အလွန်အင်မတန် သတိထား ပါတယ်။

ဒါပေမဲ့ တရုတ်ပြည်ကလာတဲ့ ကုမ္ပဏီကြီးတခုကို ကိုယ့်ဖက်ကနစ်နာလို့ တရုတ်ပြည်ထဲအထိ လိုက်ပြီး တရားစွဲဖို့ ဒါမှမဟုတ် နိုင်ငံတကာ ခုံရုံးတခုခုမှာ တရားစွဲဖို့ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ အားလုံးသဘောပေါက်ပါတယ်။ ဒါပေမဲ့ အမေရိကားလို ဥရောပကလို ကုမ္ပဏီကြီးတွေကြောင့် အိမ်ခံနိုင်ငံက နစ်နာခဲ့တယ်ဆိုရင် အဲဒီနိုင်ငံများအထိ လိုက်သွားပြီး တရားစွဲလို့ ရသလို နိုင်ငံတကာ ခုံရုံးများမှာလည်း တရားစွဲဆိုလို့ ရပါတယ်။ ပြန်ချုပ်ပြောရရင် ရေရှည်မှာ ကိုယ့်ကုမ္ပဏီ နာမည်မပျက်အောင် လျှော်ကြေးမပေးရအောင် တွက်ချက်တိုင်းတာ ရတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အချိန်ယူရပါတယ်။ သူတို့ ဖက်က အဲသလို ချက်ခြင်း လက်ငင်းလာပြီး စက်ရုံကြီးတွေ မတည်ဆောက်နိုင်သေး တာကြောင့် ဒေသခံတွေဟာ အလုပ် ရဖို့အတွက် နှစ်ပေါင်းများစွာ စောင့်နေရသလိုမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ဖက်က ကြည့်ရင်လည်း ကိုယ့်ဒေသခံတွေ အလုံး အရင်းနဲ့ အလုပ်ရဖို့ဆိုတာ မုန့်ဆီကျော်ဘယ်နေမှန်း မသိဆိုတာမျိုးနဲ့ သဘောချင်း တူပါတယ်။

အသေးစားရင်းနှီးမြှုပ်နှံမှုဖက် ပြန်သွားပါ့မယ်။ အဲဒီမှာ ယေဘုယျအားဖြင့် နှစ်ပိုင်းရှိပါတယ်။ ကုမ္ပဏီအသေးလေးတွေ လာပြီး မြှုပ်နှံတာက တခုပါ။ နောက်တခုကတော့ အစောကပြောထားသလို တသီးပုဂ္ဂလ လူတဦးချင်းစီ လာရောက်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းကိုင်ငန်း တခုခု ထူထောင်တာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ တသီးပုဂ္ဂလ လူတဦးချင်းစီ လာပြီး ရင်းနှီးမြှုပ်နှံတာကို ဦးစားပေး ပြောပါ့မယ်။

များသောအားဖြင့် နိုင်ငံရပ်ခြားက လာတဲ့ တသီးပုဂ္ဂလ လူတဦးချင်းစီမှာ ငွေကြေးအမြောက်အများ ပါလေ့မရှိပါဘူး။ သူတို့မှာ ပါလာတာက သူတို့နဲ့ သက်ဆိုင်တဲ့ ပညာရပ်ကျွမ်းကျင်မှုပါပဲ။ မြင်သာတဲ ဥပမာ တခုလောက်ကို ပြောရရင် ဒေသခံတဦးဦးနဲ့ တွဲဖက်ပြီး အခန်းလေးတခန်းကို အရင်းပြုပြီး အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်တာမျိုး။ ဖွင့်ပါစေ လုပ်ပါစေ။ အစိုးရအာဏာ ပိုင်တွေဖက် လုပ်ရမှာက အဲသလို အင်္ဂလိပ်စာ လာသင်တဲ့ နိုင်ငံခြားသားဟာ သူ့နိုင်ငံ တက္ကသိုလ်က အင်္ဂလိပ်စာပေနဲ့ အမှန် အကန်ဘွဲ့ရလာတဲ့သူ ဟုတ်မဟုတ် လိုအပ်တဲ့ အထောက်အထားများနဲ့တကွ စစ်ဆေးဖို့ပါပဲ။ အားလုံးမှန်ကန်နေတယ် ဆိုရင် အလုပ်လုပ်ဖို့ ဗီဇာထုတ်ပေးရုံပါပဲ။ ပြီးတော့ သူတို့ အင်္ဂလိပ်စာ သင်တန်းက ရရှိလာတဲ့ ဝင်ငွေအပေါ်မှာ အစိုးရက ဥပဒေ အတိုင်း သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း အခွန်ကောက်ပေါ့။ 


အလားတူဆိုသလို ကွန်ပြူတာ အတတ်ပညာ၊ ဂရပ်ဖစ်ဒီဇိုင်း၊ ရုပ်ရှင်စက်ပိုင်းဆိုင်ရာ စတာတွေနဲ့ ပတ်သက်လို့ ဝင်လာတဲ့ နိုင်ငံခြားကျွမ်းကျင်သူ တွေကိုလည်း လူကြီးပဲလာ ပြဿနာမရှိဘူး။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသာ ပါလာပါစေ ဆိုတဲ့ ပေါ်လစီမူမျိုးနဲ့ လက်ခံဖို့ လိုပါတယ်။ ပြင်သစ်စားဖိုမှူး ပြင်သစ်စားသောက်ဆိုင် သေးသေးကလေး ဒေသခံနဲ့ တွဲဖွင့်မယ် ဆိုလည်း လာပေါ့။ ဟုတ်တယ် မဟုတ်လား။ အရေးကြီးတာက ပြင်သစ်အစားအစာကို ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ် တတ်ဖို့သာ လိုရင်းပါ။ နယ်တွေမှာ သောက်ရေသန့်ကို ဈေးချိုချိုနဲ့ ရဖို့ နိုင်ငံခြားက တင်သွင်းလာတဲ့ ပစ္စည်းတွေ သုံးစရာ မလိုဘဲ ရှိထားပြီးသား ဒေသခံပစ္စည်းတွေကို အသုံးပြုပြီး လာသင်တန်းပေးမယ့်သူတွေ ဆိုလည်း ဝမ်းပန်းတသာ လက်ခံလိုက်။ အညာဖက်မှာ ဆိုရင်လည်း သားရေထွက်တာကြောင့် ခေတ်မီသားရေနယ်နဲ့ သားရေးဆေးဆိုး ပညာမျိုးတွေကို ဖြန့်ဖြူးပေးနိုင်တဲ့ ကျွမ်းကျင်သူတွေ လာပြီးသင်ကြား ပေးမယ်ဆိုရင်လည်း ကိုယ့်အတွက် အကျိုးရှိတာပဲ။ ကိုယ်တွေက သူတို့ဆီက ပညာကို ပြန်လိုချင်တာကိုး။ များများလာလေ ကောင်းလေပဲ။ ဒါက ဥပမာ အနည်းအကျဉ်းကို မြင်သာအောင် ပေးတာပါ။ နောက်ထပ် များမြောင်လှတဲ့ အသေးစား အလုပ်တွေ အရင်းအမြစ်တွေ ရှိပါသေးတယ်။
အညာဆိုတော့ ထန်းပင်တွေကို မျက်စေ့ထဲမှာ မြင်လာပြန်ပါတယ်။ ထန်းလုပ်ငန်း ထန်းလျှက်ချက်တဲ့ လုပ်ငန်း ကျဆင်း လာနေတယ်ဆိုတာ လူတိုင်းသတိထားမိပါတယ်။ ကနေ့ ကမ္ဘောဒီးယားမှာ ထန်းပင်တွေကြောင့် ထန်းပိုင်ရှင်တွေ အလုပ်ဖြစ် နေပါတယ်။ ဘယ်လိုဖြစ်တာတုန်းဆိုတော့ သဘာဝရည်ကို ဘီယာလို ဗူးသွတ်ပြီး ပြင်သစ်အပါအဝင် ဥရောပနိုင်ငံတခိျု့ကို တင်သွင်းနေတာ အောင်မြင်နေပါတယ်။ သဘာဝရည် ပျက်မသွားအောင် ထိန်းသိမ်းပြီး ဗူးသွတ်တဲ့ နည်းပညာကတော့ နိုင်ငံခြားကျွမ်းကျင်သူများ ဆီကနေ သင်ယူရတာဖြစ်ပါတယ်။

ငွေမပါရင်နေ ပညာပါရင် လာခဲ့ဆိုတဲ့ မူပေါ်လစီဟာ မြန်မာပြည်လို ဆင်းရဲတဲ့ နိုင်ငံမျိုးနဲ့ ကိုက်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြဿနာတွေက နောက်ဆက်တွဲ ပေါ်လာပါတယ်။ မြန်မာပြည်ကို မြေစမ်းခရမ်းပျိုး သွားကြည့်တဲ့ နိုင်ငံခြားသားများထံက ပြန်ကြားရတဲ့ အသံပါ။ သူတို့မှာ ပညာရှိပေမဲ့ ငွေမရှိပါ။ သူတို့နောက်မှာ ကုမ္ပဏီကြီးတွေလည်း မရှိပါ။ ဒါကြောင့် မြန်မာပြည်ကို ရောက်တော့ ပထမဆုံး ရင်ဆိုင်ရတာ ကတော့ အိမ်ငှားခလို့ ဆိုပါတယ်။

သူတို့အတွက် ဟော်တယ်တွေ တည်းခိုခန်းတွေ ဆိုတာက ယာယီသဘော လောက်ပဲ နေကြတာပါ။ ဈေးကြီးတာကိုး။ ဒါကြောင့် အခန်းငှားမယ် အိမ်ကလေးငှားမယ် စသဖြင့် လုပ်တော့ အိမ်လခတွေက ဈေးမြောက်နေပါတယ်။ လန့်သွား လောက်အောင် ဈေးက ကြီးတယ်လို့ ဆိုပါတယ်။ ကြာကြာနေဖို့ သူတို့ မတတ်နိုင် ပါဘူးတဲ့။

ကျွမ်းကျင်မှု ပညာရှိပြီး ငွေမရှိတဲ့ အဲသလို လူမျိုးတွေဟာ နောက်ဆုံးတော့ ထိုင်းနိုင်ငံတို့ ကမ္ဘောဒီးယားတို့မှာ သောင်တင် ပါတယ်။ ဘာကြောင့် သောင်တင်ရတာ တုန်းဆိုတော့ နေစရာအခန်းခ အိမ်ငှားခက ဈေးချိုတာရယ်၊ နောက် အရေးကြီး ဆုံး တချက်ကတော့ ဗီဇာရဖို့ အဆင်ပြေ လွယ်ကူတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဥပမာ ထိုင်းနိုင်ငံဆိုပါစို့။ ဘန်ကောက်၊ ချင်းမိုင် မြို့ကြီးတွေမှာ အိမ်ခန်းငှားခ၊ အိမ်လခ ဈေးကြီးတာတွေ ရှိပါတယ်။ ဒါက အချက်အခြာကျတဲ့ နေရာတွေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့စွန်မှာ ငှားမယ်ဆိုရင် လူနှစ်ဦးစာ နေဖို့ သပ်သပ်ခပ်ခပ် တိုက်အိမ်ကလေးတလုံးကို တလ ဒေါ်လာနဲ့ ၁၈ဝ လောက်ပဲ ပေးရပါတယ်။ လူတဦးကို တလမှာ အိမ်ငှားခက ဒေါ်လာ ကိုးဆယ်လောက်ပဲ ကျတာပေါ့။ ရေဖိုးမီးဖိုးကတော့ ထပ်ပေးပေါ့။ ကိစ္စရှိလို့ မြို့ထဲပြန်သွားမယ် ဆိုရင်လည်း ဈေးချိုပြီး လွယ်ကူမြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေး ရှိထားပါတယ်။ အိမ်မှာ မြန်နှုန်းမြင့် အင်တာနက်ကိုလည်း ဈေးချိုချိုနဲ့ တပ်ထားနိုင်ပါသေးတယ်။
အဲသလို ပညာရှိပြီး ငွေသိပ်မရှိတဲ့ စွန့်စားသွားလာနေတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားမှာ နေရာအနှံ့ သွားလာပြီး သက်ဆိုင်ရာ ဒေသခံတွေနဲ့ အလုပ်အတူအလုပ်ကြပါတယ်။ အဲတာကြောင့် ဒီနှစ်နိုင်ငံက ဒေသခံတွေဟာ နိုင်ငံခြားသားများဆီက အထွေထွေသော အသိပညာ အတတ်ပညာတွေကို ဈေးကြီးပေးစရာမလိုဘဲ လက်ဆင့်ကမ်း သင်ယူလေ့လာ နိုင်ကြပါတယ်။ ဒါမျိုးကို မြန်မာပြည်က အတုမယူသင့်ဘူးလား။ မြန်မာပြည်ဟာ အရင်လို နိုင်ငံခြားသား တွေကို ပိတ်ဆို့မထားတော့ဘူးလို့ ဆိုပေမယ့် ဖွင့်ပေးထားလား ဆိုတော့လဲ အဲသလို မဟုတ်ပြန်ပါဘူး။ ဂွကျလှပါတယ်။ အရင်းအနှီးကြီးမားတဲ့ စီးပွားရေးကုမ္ပဏီကြီးတွေကိုသာမက နိုင်ငံရပ်ခြားကနေ တဦးချင်းလာပြီး အလုပ်လုပ်ကိုင်လိုတဲ့ အသိပညာသည် အတတ်ပညာသည် များကို မြန်မာနိုင်ငံက ကြိုဆိုလက်ကမ်းဖို့ လိုအပ်နေပါကြောင်း။

ဇော်မင်း
၃ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.