ရွက်မွန်စာမျက်နှာ

Wednesday, March 18, 2015

ဘယ်ဆီသို့လည်း အသင်ပညာရေး

အာ ဏာရလာကထဲက ဒီအစိုးရရဲ့ လုပ်တာကိုင်တာတွေက ပုံမတော်တာတွေ များလွန်းတော့ ဝေဖန်စာရေးရတာလည်း လက်ကောက်ဝတ်ကနေ ပြတ်ကျတော့မလား အောက်မေ့ရပါတယ်။ ဒါကြောင့် ဝေဖန်စာရေးတာကို ခဏမေ့ထားလိုက်ပြီး ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို စာအုပ်ဟောင်းပုံထဲက ဆွဲပြီးဖတ်နေလိုက်ပါတယ်။ နှစ်ပတ်သုံးပတ်လောက် စာမရေးဘဲ နေလိုက်ပါတယ်။ အဲသလို ဆိုတော့လည်း အတော်လေးတော့ ငြိမ်းချမ်းသား။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ရေးဖို့အကြောင်းအရာတွေ ပေါ်လာပြန်ပြီဆိုတော့ စာပြန်ရေးရတာပါပဲ။ ရေးတော့လည်း တခြား ရှိရိုလား ဝေဖန်စာပဲပေါ့ဗျာ။ အစိုးရလုပ်ရပ်တွေကို ဝေဖန်တဲ့ စာများပါပဲ။ ကျောင်းသားတွေ တောင်းဆိုတဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ဖို့ ဆိုတဲ့ ကိစ္စရပ်ဟာ အစောကထဲက တွေ့ဆုံဆွေးနွေးပြီး အဖြေရှာလိုက်ရင် ရတဲ့ အမျိုးပါ။ ကျောင်းသားတွေက ရက်ပေါင်း ၆ဝ ကျော်လို့မှ အကြောင်းမပြန်ရင် ဆန္ဒပြမယ် သပိတ်မှောက်မယ်ဆိုတာ အစိုးရ ကိုယ်တိုင်လည်း သိနေပြီးသားပါ။ ဘာကြောင့် အစိုးရဖက်က အချိန်တွေကို ဆွဲခဲ့တာလဲ။ နိုင်ငံအနှံ့အပြားက ကျောင်းသား တွေ မပါလောက်ဘူး နိုင်ငံရေးဆံတဲ ကျောင်းသားတစုလောက်ပဲ ရှိမှာပါလို့ အစိုးရအနေနဲ့ တွက်ဆမိခဲ့လို့များလား။ ဒါပေမဲ့ လက်တွေ့မှာ အစိုးရထင်သလို မဟုတ်ဘဲ ကျောင်းသားအင်အားကလည်းကောင်း အလုပ်သမား၊ သံဃာတော်တွေနဲ့ လူထု တွေကပါ ကျောင်းသားတွေ နောက်ကွယ်မှာ ထင်ထင်ရှားရှား ရှိနေတာကို မြင်ရမှ ဆွေးနွေးမယ်ဆိုပြီး ဖြစ်လာတာ မဟုတ်လား။ ဒါတောင် အမျိုးမျိုး ညစ်ကပ်နေတာ မြင်နေရပါတယ်။ ပြောရရင် ကျောင်းသားဆန္ဒပြ လမ်းပေါ်တက်လာ တာဟာ အစိုးရဖက်က မရိုးမသားနဲ့ အချိန်ဆွဲဗျူဟာကို ကျင့်သုံးလို့ ဖြစ်ရတာ။

ပညာရေးဥပဒေပြင်ဆင်ဖို့ ကျောင်းသားတွေ တောင်းဆိုတဲ့ အချက်တွေထဲမှာ ကွန်မြူနစ်အုပ်စုတွေ ခြေကုတ်ယူဖို့ လမ်းစဖွင့် ပေးသလို ဖြစ်နေတဲ့ အချက်တွေပါတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ တွေ့လိုက်မိပါတယ်။ ဒီနေရာမှာ မေးစရာ ဖြစ်လာတာက အုပ်စိုးသူ လူတန်းစားဟာ ကွန်မြူနစ်ကို အခုခေတ်အထိ ကြောက်နေလို့လား။ ဒါမှမဟုတ် လွှဲချစရာ တခြား အုပ်စု မရှိတော့လို့ ဓာတ်ပြားဟောင်း ကွန်မြူနစ်ဆိုတာကို အသုံးပြုတာလား။ ဒါမှမဟုတ် ကွန်မြူနစ်တွေ ခြေကုတ် ရကုန်တော့မယ်လို့ ဆိုလိုက်ရင် ပြည်သူအများနဲ့ ရဟန်းသံဃာထုက စိုးရိမ်သွားပြီး လမ်းမပေါ် ရောက်သွားပြီဖြစ်တဲ့ ကျောင်းသားသပိတ်ကို မထောက်ခံတော့ဘူးဆိုတဲ့ အခြေအနေမျိုး ရောက်စေချင်လို့လား။

ကွန်မြူနစ်သံကြားရင် လူထုက နောက်တွန့်သွားမယ်လို့ အခုအထိ အစိုးရဖက်က အမြင်ရှိနေတာဟာ ဒိတ်အောက်နေပါပြီ။ ဒီကြားထဲ ပညာရေး ဝန်ကြီးဌာနက ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ အစည်းအဝေးတွေမှာ လူကြီးလူကောင်းမဆန်ဘဲ မဲ့ကာရွဲ့ကာ ပြောဆိုနေတာကို မြင်ရတော့ သူတို့ကို ကွန်မြူနစ်ထက်တောင် စိတ်ကုန်မိပါသေးတယ်။ အဆုံးစွန်ပြောရရင် မေတ္တာ တောင် ခမ်းပါတယ်။

ပညာရေးဝန်ကြီးဌာနတင် မဟုတ်ပါဘူး အစိုးရတရပ်လုံးအနေနဲ့ ပညာရေးအောက်ကျရင် တိုင်းပြည်ဘယ်လို ဖြစ်သွားနိုင် တယ် ဆိုတာကို အခုအထိ သဘောမပေါက်နိုင်ကြသေးဘူးလား။ ပြီးခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကာလရဲ့ အတွေ့အကြုံက သက်သေ ပြပြီးသားပါ။ ဘာသယံဇာတမှ မထွက်တဲ့ စင်္ကာပူလိုနိုင်ငံ ပေါက်စနလေး တိုးတက်ချမ်းသာသွားတာ ပညာရေး ကြောင့်ပါ။ ပညာရေးမှာ တချိန်က မြန်မာကို မယှဉ်နိုင်ခဲ့တဲ့ အိမ်နီးချင်းတွေ နိုင်ငံတွေဟာ အခုတော့ မြန်မာထက်သာ ကုန်ပြီ ဖြစ်တာကြောင့် မြန်မာကျောင်းသားတွေတောင် ပိုက်ဆံအကုန်ခံပြီး သွားစာသင်နေရတယ် မဟုတ်လား။

အခုအချိန်အထိ မြန်မာ အုပ်စိုးသူ လူတန်းစားဟာ ထစ်ခနဲရှိ ကွန်မြူနစ်တွေကြောင့်လို့ လက်ညိုးထိုးနေတုန်းဆိုတော့ ဘယ်လောက် ခေတ်နောက် ကျနေပြီဆိုတာ ရှင်းရှင်းကြီးမြင်နေရပါတယ်။

ဟုတ်ပါပြီ လက်ဝဲဖြစ်တဲ့ ကွန်မြူနစ်တွေနဲ့ မြန်မာစစ်တပ်ဟာ တချိန်က အပြင်းအထန် တိုက်ခိုက်ခဲ့ရလို့ အဲဒီ ရန်ကြွင်း ရန်စဟာ စစ်ခေါင်းဆောင်တွေ စိတ်ထဲမှာ ရန်သူအဖြစ်အနေနဲ့ ထင်ကျန်နေရစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အခုကာလမှာ ကွန်မြူနစ် လက်နက်ကိုင်တပ်ဆိုတာလည်း မြန်မာပြည်မှာ မရှိတော့ပါဘူး။ တရုပ်ပြည်ထဲမှာ ခိုလှုံနေရတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် တွေဆိုရင်လည်း တစတစနဲ့ အသက်တွေကြီးကုန်ပါပြီ။ လက်ရှိမြန်မာအစိုးရကို ပြုတ်ကျ အောင် လုပ်နိုင်စွမ်းလည်း မရှိတော့သလောက်ပါ။ သို့သော်လည်း အစိုးရဖက်ကပဲ ပြောနေတာ နောက်တချက် ရှိပါ သေးတယ်။ အခု သပိတ်မှောက်နေတဲ့ ကျောင်းသားတွေထဲက ခေါင်းဆောင်တွေဟာ မြန်မာကွန်မြူနစ်တွေရဲ့ အဆက် အနွယ်တွေ လို့လည်း စွပ်စွဲပါသေးတယ်။ တော်တော်နားလည်ရခက်တဲ့ အတွေးအခေါ်မျိုးကို အစိုးရလူကြီးတွေ ပိုင်ဆိုင် နေပါတယ်။ ဘယ်လို ပြန်ပြောရမလဲဆိုတော့ ဖအေ ဗိုလ်ချုပ်ဖြစ်တိုင်း သားသမီး ဗိုလ်ချုပ်မဖြစ်ပါ။ ဖအေ ဆရာဝန် ဖြစ်တိုင်း သားသမီးတွေ ဆရာဝန် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဖအေ ကျောင်းဆရာဖြစ်တာနဲ့ သားသမီး ကျောင်းဆရာ ဆရာမ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဖအေက သင်္ဘောသား သားကျတော့ ပန်းချီဆရာ။ ဖအေက လယ်သမား သားကျတော့ ပါမောက္ခ။ ဒါမျိုးတွေလည်း ရှိနေတယ်ဆိုတာကို သဘောပေါက်သင့်တာပေါ့။ အခုဟာ တချိန်တုန်းက သူတို့စွပ်စွဲနေကျ ကွန်မြူနစ်တွေမှာ ကွယ်လွန်သူက ကွယ်လွန်၊ အသက်အရွယ် ကြီးသူတွေလည်း ကြီးကုန်ဆိုတော့ အခုသပိတ်မှောက် နေတဲ့ ကျောင်းသားများထဲက ခေါင်းဆောင်တွေကို ကွန်မြူနစ် အဆက်အနွယ်ဆိုပြီး ဦးထုပ်လှမ်းစွပ်ပေးပါတယ်။

မရေရာ မသေချာပဲ ခြောက်လှန့်တာမျိုး စွပ်စွဲတာမျိုးတွေကို အရင်စစ်အစိုးရ အဆက်ဆက် လုပ်နေကြပါ။ အခုဦးသိန်းစိန် အစိုးရက အရပ်သားအစိုးရလို့ ပြောပေမယ့် အရင်စစ်အစိုးရ လုပ်ခဲ့တဲ့ လုပ်ရပ်မျိုးကို ကော်ပီကူးပြီး လုပ်နေဆဲ ဖြစ်တာကို မြင်ရပါတယ်။ ဥပမာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတို့၊ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူများက ဝင်ရောက် ထိန်းသိမ်းခြင်းတို့ ဆိုတာ တကယ်တန်းတော့ အစိုးရကပဲ ဖန်တီးထားတဲ့ အရာတွေပါ။ အခုဆိုရင် တာဝန်လက်ပတ်နီ လူတန်းစားလည်း ထပ်ပေါ်လာပြန်ပါပြီ။ ဥပဒေအရ လုပ်တာပါတဲ့။ ၁၉ ရာစုတုန်းက အင်္ဂလိပ်တည်ထွင် ထားခဲ့တဲ့ ဥပဒေပါ။ ကိုလိုနီနယ်တွေမှာ လိုအပ်လို့ နှိမ်နင်းမယ့်အရေးကိစ္စတွေအတွက် အစိုးရပုလိပ်တွေ၊ စစ်တပ်တွေ အင်အား နည်းနေတဲ့ အခါမျိုးမှာ ဒေသခံတချို့ကို အသုံးပြုလို့ ရအောင်တည်ထွင်ထားတဲ့ ဥပဒေပါ။ အင်္ဂလန်နိုင်ငံမှာ အဲသလို ဥပဒေမျိုး အခုအထိ မရှိပါ။ ရပ်ကွက်ထဲက အရက်သမား၊ ဖဲသမား၊ ဆေးသမား၊ ကြက်သမား၊ ကလေကချေတွေကို တိုင်းပြည်တည်ငြိမ်ရေးအတွက် တာဝန်ဆိုတဲ့ လက်ပတ်ပတ်ပေးပြီး လူစုဖြိုခွင်း ခိုင်းတာကို အတည်ပြုပေးတဲ့ ဥပဒေမျိုး အင်္ဂလန်မှာလည်း မရှိပါ၊ အမေရိကန်မှာလည်း မရှိပါ။ တခြားသော ဒီမိုကရေစီ စစ်မှန်တဲ့ တိုင်းပြည်တွေမှာလည်း မရှိပါ။ ကွန်မြူနစ်ရန် ကြောက်ရတယ်ဆိုတာကလည်း အုပ်ချုပ်သူများ တီထွင်ထားခဲ့တာပါ။ တာဝန်လက်ပတ်ပတ်ထားတဲ့ လူအုပ်ကြီး သို့မဟုတ် ပြည်သူ ဆိုတာကလည်း အုပ်ချုပ်သူများ တီထွင်ထားတဲ့ အရာသာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ကွန်မြူနစ်ဆိုတာ မကြိုက်ဘူး၊ လက်ဝဲဆိုတာကို လက်မခံဘူး။ ဒါကလည်း သိပ်တော့ ပြဿနာရှိတယ်လို့ မမြင်ပါဘူး။ ဘာကြောင့်တုန်း ဆိုတော့ အစိုးရတိုင်းမှာ သူတို့ မကြိုက်နှစ်သက်တဲ့ အယူဝါဒမျိုးတွေကို တချိန်က ရန်သူလို့ သတ်မှတ်လေ့ ရှိခဲ့တာကိုး။ သဘာဝလို့ ဆိုနိုင်ပါတယ်။ ကောင်းပါပြီ။ အခုလက်ရှိ အစိုးရဟာ ကွန်မြူနစ်ကို မကြိုက်ဘူး လက်မခံဘူးဆိုတော့ လက်ယျာ အရင်းရှင်နဲ့ကော အဆင်ပြေပါသလား။ မေးစရာရှိလာပါတယ်။

ဒိပြင်ကိစ္စတွေတော့ မသိသေးပါ။ ဒါပေမဲ့ တလောလေးတုန်းက အဖြစ်အပျက်တခုအရ မြန်မာအစိုးရဟာ လက်ျာအရင်းရှင် နဲ့ လည်း အဆင်မပြေတာ မြင်လိုက်ရပါတယ်။ အဲတာက ဘာတုန်းဆိုတော့ ရန်ကုန်တက္ကသိုလ်မှာ သင်တန်းတွေဖွင့်လှစ် သင်ကြားပေးနေတဲ့ Johns Hopkins university ဂျွန်စ်ဟော့ပ်စကင်းစ် ယူနီဗာစီတီနဲ့ ပြဿနာတက်ခြင်းပဲ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက အချုပ်အချယ်တွေ များလွန်းတာကြောင့် နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်က သူတို့ရဲ့ သင်တန်းတွေကို ရန်ကုန်တက္ကသိုလ်ကနေ ပြန်လည် ရုပ်သိမ်းသွားတာပဲ ဖြစ်ပါတယ်။

ဂျွန်စ်ဟော့ပ်စကင်းစ် တက္ကသိုလ်ဟာ အမေရိကန်ပြည်ထောင်စုမှာ နာမည်ကြီးကျောင်းတွေထဲက တခုဖြစ်ပါတယ်။ အဲဒီ တက္ကသိုလ်မှာ ဘာသာရပ်မျိုးစုံ သင်ကြားတဲ့ အထဲမှာ ဆေးပညာအရ ကမ္ဘာမှာ ထိပ်တန်းကျောင်း ဆယ်ကျောင်းထဲမှာ ပါဝင် ပါတယ်။ ဘာကြောင့်ပါလဲ။ အဲဒီ တက္ကသိုလ်ဟာ ဆေးသုတေသနပြုလုပ်ရာမှာ ထူးချွန်လို့ ဖြစ်ပါတယ်။ ဆေး သုတေသန အသစ်အသစ်တွေ နှစ်တိုင်းဆိုသလို ရှာဖွေတွေ့ရှိပါတယ်။ ဆေးဝါးအသစ်၊ ကုထုံးအသစ် စသဖြင့် ရှာဖွေဖော်ထုတ် နိုင်တာကြောင့် ဆေးပညာလောကမှာ အရှိန်အဝါကြီးမားတဲ့ ကျောင်းကြီးတခုပါ။

နောက်တကျောင်းလောက် ဥပမာ ထပ်ပေးရရင် ဟားဗတ်တက္ကသိုလ်ဟာ ဥပဒေပညာရပ်မှာ ထူးချွန်တဲ့ ကျောင်းကြီး တခုပါ။ နာမည်ကြီး ရှေ့နေတွေ ဥပဒေသမားတွေ အမြောက်အများ မွေးထုတ်ပေးခဲ့တဲ့ ပေးနေဆဲဖြစ်တဲ့ ကျောင်းတခု ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတ တချို့လည်း ဒီကျောင်းထွက်တွေ ဖြစ်ပါတယ်။ အင်္ဂလန်မှာဆိုရင် အီဒင်ဘာရာ တက္ကသိုလ်ဟာ ဆေးပညာနဲ့ပတ်သက်လို့ သမားတော်အဆင့် ဆရာဝန်ကြီးများကို မွေးထုတ်ပေးရာမှာ နာမည်ကျော် ပါတယ်။ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေး တက္ကသိုလ် ဆိုရင် လူမှုသိပံ္ပဘာသာရပ်မှာ သုတေသန လုပ်ငန်းများကြောင့် ကမ္ဘာကျော်ပါတယ်။ နောက်ထပ်လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကမ္ဘာကျော် တက္ကသိုလ်တွေ နိုင်ငံအသီးသီးမှာ ရှိနေပါသေးတယ်။ ဒီနေရာမှာ ဘာကို မြင်ရသလဲ ဆိုတော့ ပညာရေးအဆင့်အတန်း မြင့်ဖို့ဆိုတာ မြင့်အောင်မြှင့်တတ် မှသာ မြင့်မားလာမှာဖြစ်ပါတယ်။ 


အခု ဦးသိန်းစိန် အစိုးရကတော့ လက်ဝဲကွန်မြူနစ်နဲ့လည်း ကမ္ဘာရန်ဖြစ်ခဲ့။ ကွန်မြူနစ်ဆိုရင် အသံတောင် မကြားချင် ပါဘူး။ ဒါကလည်း သူ့အကြောင့်နဲ့သူမို့ ရှိပါစေတော့။ သို့သော်လည်း ပညာရေးကို မြှင့်တင်ဖို့ ပြောကြတဲ့နေရာမှာ လက်ဝဲဝင်လာမှာ ခြေကုတ်ယူမှာကို စိုးရိမ်သလို လက်ယာ အရင်းရှင်နဲ့လည်း အဆင်မပြေ ဆိုတော့ ဘာဆက်လုပ် ကြမှာလဲလို့ မေးစရာရှိလာ ပါတယ်။ တိုင်းပြည်တခုမှာ ပညာရေး တိုးတက်မြင့်မားလာဖို့ မဖြစ်မနေ ဖွင့်လှစ်ပေးရတဲ့ ဖွင့်လှစ်ပေးရမယ့် တံခါးတွေရှိပါတယ်။ အဲတာတွေကို ပိတ်ထားနေဆဲ ဆိုရင်တော့ အဲသလိုတိုင်းပြည်မျိုးကနေ မျိုးကောင်း မျိုးသန့် ပညာတတ်တွေ ထွက်ပေါ်မလာပဲ အဖျင်းအမှော်လေးတွေသာ ထွက်လာမှာပါ။ ဒါပေမဲ့ အုပ်ချုပ်သူတွေဟာ လူ့သဘောအရ လူလည်တွေပါ။ ဘာကြောင့်တုန်း ဆိုတော့ လူကြီး သားသမီးများနဲ့ ခရိုနီသားသမီးတွေကတော့ နိုင်ငံရပ်ခြားက တက္ကသိုလ်များမှာ စာသင်နေကြပါတယ်။

၂ဝ ရာစုရဲ့ အရှေ့တိုင်းသား ဒဿနဆရာကြီး တဦးဖြစ်တဲ့၊ စာပေဆိုင်ရာနိုဘယ်ဆုရှင်လည်းဖြစ်တဲ့ ရာဘင်ဒြာနတ်တဂိုးက ပညာဆိုတာ လွတ်လပ်တဲ့နေရာမှာသာ တည်ရှိနိုင်တယ် တည်မီနိုင်တယ်လို့ ဆိုခဲ့ပါကြောင်း။

ဇော်မင်း
၁၃ ရက်၊ မတ်လ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.