၁
၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး သုံးနှစ်လောက်က ဂျာမနီမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုကို ပြောပါရစေ။
၁၉၄၈ ခုနှစ်ရောက်တော့ စားရေရိက္ခာ ပြတ်လတ်နေတဲ့ အနောက်ဘာလင်မြို့သူမြို့သား ဂျာမန်လူမျိုး နှစ်သန်းကျော် အတွက် မဟာမိတ်တပ်တွေက လေယာဉ်တွေနဲ့ ရိက္ခာပို့ပေးရပါတယ်။ အနောက်ဘာလင် မြို့သူမြို့သားတွေ ရိက္ခာ ပြတ်လတ် သွားရတဲ့ အကြောင်းကတော့ အဲသည့်တုံးက အရှေ့ဂျာမဏီလို့ ခေါ်တဲ့ တခြမ်းပဲ့ ဂျာမဏီပြည်ကို ထိန်းချုပ် ထားတဲ့ ကွန်မြူနစ်ရုရှား တွေ က ကုန်းကြောင်း၊ ရေကြောင်း ပိတ်ဆို့ထားတဲ့အတွက် ဖြစ်ပါတယ်။ အရှေ့ဘာလင်ကတော့ ရုရှား ထိန်းချုပ်မှုအောက်မှာ ရောက်နေတော့ ရိက္ခာအတွက် ဆိုဗီယက်ရုရှားတွေကပဲ တာဝန်ယူရပါတယ်။
သို့သော် အမေရိကန်နဲ့ဗြိတိသျှတွေ ထိန်းချုပ်ထားတဲ့ အနောက်ဘာလင်ကတော့ အရှေ့ဂျာမဏီထဲမှာ လုံးလုံးတည် ရှိနေတဲ့ အတွက် ရုရှားတွေ ညစ်သမျှ ခံနေရပါတယ်။ ရုရှားတွေက အနောက်ဘာလင်ကို သူတို့အုပ်ချုပ်မှုအထဲမှာ ထည့်သွင်းထားချင် လို့ အဲသလိုညစ်ရခြင်းဖြစ်ပါတယ်။ အဲသည်တော့ အနောက်ဘာလင်က ဂျာမန်ပြည်သူတွေကို ရိက္ခာပြတ်အောင် ဖြတ်တောက် လိုက်ပါတယ်။
ရိက္ခာအကူအညီ လိုချင်ရင် ရုရှားကနောက်ခံပေးထားတဲ့ ဂျာမန်ကွန်မြူနစ်ပါတီမှာ ပါတီဝင်လျှောက်မှ ပေးမယ်ဆိုပြီး ညစ်ထား တာပါ။ အနောက်ဘာလင်မှာ ရှိတဲ့ လူဦးရေနှစ်သန်းအနက် ရိက္ခာလိုချင်လို့ ကွန်မြူနစ်တွေဆီမှာ လျှောက် လွှာတင်တဲ့သူဟာ နှစ်သောင်းပဲ ရှိခဲ့ပါတယ်။ ဆိုတော့ကာ မဟာမိတ်တပ်များ အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ အနောက် ဘာလင်က မြို့သား တွေ ကို ရိက္ခာထောက်ပံ့ဖို့ တာဝန်ရှိလာပါတယ်။ သို့သော်ရေလမ်း၊ ကုန်းလမ်းအားလုံးကို ရုရှားတွေက ထိန်းချုပ်ပြီး ပိတ်ဆို့ထားတဲ့ အတွက် လေကြောင်းတခုတည်းကနေပဲ ရိက္ခာပို့ပေးရပါတယ်။ အနောက် ဘာလင် ဧရိယာ အတွင်းမှာရှိတဲ့ လေယာဉ်ကွင်းဟာ အလွန် ကျဉ်းမြောင်းပြီး မြို့ထဲမှာ တည်ရှိနေတဲ့ အတွက် ရိက္ခာ ပို့ရတဲ့ လေယာဉ်များ အတွက် အန္တရာယ်ကြီးလှပါတယ်။
သို့သော် အမေရိကန်နဲ့ဗြိတိသျှ လေယာဉ်မှူးတွေဟာ စွန့်စွန့်စားစားနဲ့ သူတို့ထမ်းဆောင်ရမဲ့ တာဝန်တွေကို ထမ်း ဆောင်ခဲ့ ကြပါတယ်။ ရိက္ခာတင်လာတဲ့ ဒါကိုတာ လေယာဉ်တွေ (အရင်ကဂျာမဏီကို ဗုံးကြဲခဲ့တဲ့လေယာဉ်တွေ) ဟာ သုံးမိနစ်တစင်း နှုန်းနဲ့ ဆင်းသက်ပြီး အနောက်ဘာလင်က လူနှစ်သန်းအတွက် ရိက္ခာများပို့ပေးခဲ့ပါတယ်။ အဲတာတွေ အပြင် လေယာဉ်မှူး တွေဟာ လက်ကိုင်ပုဝါလေးတွေကို အသုံးပြုပြီးလုပ်ထားတဲ့ လေထီးသေးသေးလေး တွေနဲ့ ချိုချဉ်တွေ၊ ချောကလက်တွေ ကိုလည်း ကလေးများအတွက် လေယာဉ်ပေါ်ကနေ ကြဲချပေးလေ့ရှိပါသေးတယ်။ အဲသလို လေ ကြောင်းကနေ ရိက္ခာပို့ပေး ခဲ့ရတာ (၁၁) လကြာ သည်အထိ ဆောင်ရွက်ခဲ့ရပါတယ်။ တချို့ အချိန်တွေမှာ အရေးပေါ်ရင် ပေါ်သလို ရိက္ခာကို လေယာဉ် များများနဲ့ မြန်မြန် ပို့ရပါတယ်။ တကြိမ်မှာဆိုရင် ဒါကိုတာ လေယာဉ်အစင်းပေါင်း (၁,၄၀၀) ဟာ (၂၄) နာရီအတွင်း အဲသည့် လေယာဉ်ကွင်း သေးသေးလေးမှာ ဆင်းတက် ပျံသန်းခဲ့ကြရပါတယ်။ ပြောရမယ်ဆိုရင် (၆၂) စက္ကန့်မှာ လေယာဉ်တစင်းနှုန်း ဆင်းတက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ရိက္ခာ ထောက်ပံ့ပို့ ဆောင်ခဲ့ ရတဲ့ (၁၁) လ ကြာ ကာလအတွင်း လေယာဉ်အတက် အဆင်း မတော်တဆ ထိခိုက်မှုတွေကြောင့် လေယာဉ်တွေ ပျက်ကျခဲ့ရတဲ့အတွက် မဟာမိတ် လေယာဉ်မှူးတွေနဲ့ ဂျာမန် ၀န်ထမ်းများ အပါအ၀င် စုစုပေါင်း (၆၅) ယောက်ထက် မနည်းသေဆုံးခဲ့ရပါတယ်။ အရှေ့ အနောက် စစ်အေးတိုက်ပွဲဟာ အဲသည့်အချိန်မှာ စတင်ခဲ့တယ်လို့ အချို့ကတင် စားကြပါတယ်။
(၁၁)လကြာ ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်းမှာတော့ အာဏာရှင်စတာလင်ဟာ ရိက္ခာပို့ဖို့ ရထားလမ်း၊ ကားလမ်းနဲ့ ရေကြောင်း လမ်း တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရပါတယ်။ စေတနာရှိလို့ ပြန်ဖွင့်ပေးခဲ့ ရတာမဟုတ်ပါဖူး။ သည့်ထက်ကြာကြာ ပိုပိတ်ဆို့လာ ခဲ့ရင် ရေရှည်မှာ သူ့ကိုထောက်ခံနေတဲ့ ဂျာမန်ကွန်မြူနစ်တွေ ညိုညင်လာမှာကို စိုးရိမ်လို့ဖြစ်ပါတယ်။ တကယ်တန်းက အနောက်ဘာလင်မှာ ဒုက္ခရောက်နေတဲ့ သူတွေဟာလည်း ဂျာမန်လူမျိုးတွေပဲ ဖြစ်ပါတယ်။ ရုရှား လူမျိုးတွေမဟုတ်တဲ့ အတွက် ပါ။
အာဏာရှင်တွေဟာ အားလုံးအတူတူပါပဲ။ အာဏာအတွက် လူသားဆန်မှုကို ချိုးဖောက်ဖို့ ၀န်မလေးသူတွေပါ။ ငတ် မွတ်နေတဲ့ ဂျာမန်ပြည်သူ (၂)သန်းကျော်ကို (၁၁) လကြာ ဒုက္ခပေးခဲ့ပါတယ်။ စဉ်းစားသာ ကြည့်ပါတော့။ ကွန်မြူပါတီ ၀င်ဖို့ အတွက် လူပေါင်း (၂) သန်းကျော်ကို အငတ်ထား ဖိအားပေးခဲ့တဲ့ သူမျိုးတွေဖြစ်ပါတယ်။ သို့သော်လည်း အနောက် ဘာလင်က ဂျာမန် ပြည်သူ အများစုဟာ ရိက္ခာလေးတဖဲ့တရွဲ့ ရဖို့ ကွန်မြူနစ်ပါတီကို မ၀င်ဘဲ တောင့်ခံခဲ့ကြပါတယ်။
မဟာမိတ်တပ်တွေ ဆိုတာ ကတယ်တန်းတော့ ဂျာမန်ပြည်တွေရဲ့ ရန်သူဟောင်းတွေဖြစ်ပါတယ်။ စစ်ကြီးပြီးတာ သုံးနှစ်ပဲ ရှိသေးတယ်ဆိုတော့ စစ်အတွင်းကရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ မကျက်သေးပါဖူး။ သို့သော်လည်း အဲသည့် ရန်သူ ဟောင်း တွေ ဆိုတဲ့ အသိကိုဘေးမှာ အသာထားပြီး လေယာဉ်ကွင်းကို ပိုမိုကျယ်ပြန့်လာအောင်နဲ့ အခြားတာဝန်များ ထမ်းဆောင်ဖို့ အတွက် အနောက်ဘာလင်မြို့သူမြို့သား (၁၉၀၀၀) ဟာ လပေါင်းများစွာ လုပ်အားပေး ကူညီခဲ့ကြပါတယ်။ (၁၁) လကြာ ရိက္ခာတင်ပို့ခဲ့တဲ့ ကာလအတွင်းမှာ အမေရိကန်၊ ဗြိတိသျှ၊ ကနေဒါ၊ နယူးဇီလန်နဲ့ တောင် အာဖရိကနိုင်ငံ တွေက လေယာဉ်မှူး တွေဟာ လေယာဉ်ခေါက်ရေပေါင်း (၂၇၀, ၀၀၀) ကျော်ပျံသန်းခဲ့ကြပါတယ်။ ဆေးဝါး အပါအ၀င် ရိက္ခာတန်ပေါင်း (၂। ၃)သန်းကို အနောက်ဘာလင်မြို့ထဲ အရောက်ပို့ပေးခဲ့ကြပါတယ်။
ဘယ်သူတွေကပိုကောင်းတယ်၊ ဘယ်သူတွေက ပိုဆိုးတယ်၊ ဘယ်ဝါဒကမှ ပိုသာတယ် ဆိုတဲ့ အယူအဆတွေကို ခဏ အသာ ထား လူသားတွေ ငတ်မွတ်ခေါင်းပါးနေရင်၊ ကပ်ဘေးဆိုက်နေရင် ကူညီဖို့ကယ်တင်ဖို့ လိုပါတယ်။ သို့သော် အာဏာရှင် အုပ်စိုး တဲ့ နိုင်ငံတွေဟာ အဲသည့်အချက်ကို ဂရုမစိုက်ပါဖူး။ သူတို့ ဂရုစိုက်တာက သူတို့အာဏာ ခိုင်မာဖို့နဲ့ အာဏာပိုင်နက်ကျယ် ပြန့် ရေးသာ ဖြစ်ပါတယ်။
အနောက်ဘာလင် ရိက္ခာတင်ပို့တဲ့ အရေးအခင်းဟာ ၁၉၄၈ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အခု နှစ်ပေါင်း (၆၀) အကြာ ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ နိုင်ငံသားပေါင်း တသိန်းခွဲမက သေဆုံး ခဲ့ရပြီး အနည်းဆုံး (၂। ၃) သန်းပမာဏရှိတဲ့ ပြည်သူတွေ အငတ်ဘေး၊ ရောဂါဘယဘေးများကို ရင်ဆိုင်နေရပါတယ်။ သို့သော် လည်း အာဏာရှင်ကြီး သန်းရွှေဟာ သည်အတိုင်း လက်ပိုက်ကြည့်နေပါတယ်။ သူတို့ စစ်အစိုးရ ကိုယ်တိုင်လည်း ၀င်မကူ၊ ကူညီဖို့လည်း အရည် အချင်းမရှိ။ နိုင်ငံတကာက ကူညီမယ်ပြောတော့လည်း လက်မခံဘဲ ဟိုဝေ့သည်ဝိုက် လုပ်နေပါတယ်။ ပြည်တွင်းက ဒေသခံ ကူညီသူများကိုလည်း ဖမ်းဆီးချုပ်နှောင်ပါတယ်။ အကူအညီ မပေးရအောင် လည်း တားဆီးနေ ပါတယ်။ အရင်းခံကတော့ သည်လိုအကူအညီပေးတဲ့ အဖွဲ့အစည်းများကို လွတ်လွတ်လပ်လပ်လုပ် ပိုင်ခွင့်ပေးလိုက်ရင် သူ့ရဲ့အာဏာကို ထိခိုက်လာ လေမလား ဆိုတဲ့ တွက်ချက်မှုနဲ့ ကိုယ့်တိုင်းသူပြည်သားတွေ ငတ် မွတ်နေတာကို ကျောခိုင်း နေတာ ဖြစ်ပါတယ်။
အခုအခြေအနေက လေဘေးဒုက္ခသည်များအားလုံး ကြံ့ဖွံ့ကိုဝင်မှ စစ်ဗိုလ်ချုပ်များရဲ့ ခြေဖ၀ါးအောက် ၀င်ရောက်ဦးခိုက်မှ စားနပ်ရိက္ခာနဲ့ အကူအညီများပေးမဲ့သဘော လုပ်နေသလားဟု မေးစရာပင်ဖြစ်လာပါတယ်။ အာဏာရှင် စတာလင် ၁၉၄၈ တုံးက အနောက်ဘာလင်မြို့သူမြို့သားတွေကို ရိက္ခာပိတ်ဆို့ခဲ့ပြီး ကွန်မြူနစ်ပါတီဝင်ခိုင်းဖို့ ဖိအားပေးတာနဲ့ သဘောခြင်း အတူတူပင်။
ကနေ့ ၂၁ရာစုထဲ ၀င်ရောက်လာပြီ ဆိုပေမဲ့ လူသားဆန်မှုကို ကျောခိုင်းလစ်လျူရှု့နေတဲ့ အစိုးရတွေ အများကြီး ကမ္ဘာ ပေါ်မှာ ကျန်ရှိနေပါသေးတယ်။
အခုလောလောဆယ် တွေ့မြင်နေရတာကတော့ ဇင်ဘာဘွေဆိုတဲ့ အာဖရိကတိုက်က နိုင်ငံတခုဖြစ်ပါတယ်။ လူဦးရေ အားဖြင့် (၁၃)သန်းခန့် ရှိပါတယ်။ နိုင်ငံသားသုံးပုံတပုံ (၄) သန်းခန့်ဟာ စားနပ်ရိက္ခာ မလုံလောက်တာကြောင့် နိုင်ငံ တကာ အကူ အညီပေးရေး အေဂျင်စီများရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရတာဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီ အက်စ် ဝေဒနာကို ခံစားနေရသူကလည်း နှစ်သန်းခန့်ရှိနေပါတယ်။
ဒီမိုကရေစီလိုလားတဲ့ အတိုက်ခံတွေကို အဲသည့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများက နောက်ကွယ်ကနေ ထောက်ခံ နေလို့ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်ရတယ်လို့ လက်ရှိအာဏာရှင် ရောဘတ်မူဂါဘီက စွပ်စွဲထားပါတယ်။ အဲတာရဲ့ အကျိုးဆက်အဖြစ် အားလုံးသော နိုင်ငံတာအကူအညီပေးရေး အေဂျင်စီများ လုပ်လက်စ အကူအညီပေးရေး လုပ်ငန်းများ ကို ရပ်ထားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့ အစည်းများ အားလုံး သူတို့ရဲ့အလုပ်များကို ရပ်ဆိုင်းထားလိုက်ရပါတယ်။
အတိုက်ခံခေါင်းဆောင် မောင်ဂင် ချန်ဂရိုင် ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရပြီး ထိုးကြိတ်နှိပ်စက်မှုတွေကို ခံခဲ့ရပါသေးတယ်။ လောလောဆယ်မှာတော့ အတိုက်ခံခေါင်းဆောင် မော်ဂင်ချန်ဂရိုင်ကိုထောက်ခံတဲ့ နောက်လိုက် (၈၀) ကျော် ဟာ ရက်ရက် စက်စက် အသတ်ခံခဲ့ရပြန်ပါသေးတယ်။ မော်ဂင်ချန်ဂရိုင် ကိုယ်တိုင်လည်း အခုလတ်တလောမှာ လုံခြုံရေး ကြောင့် နယ်သာ လန်သံရုံးဝင်း အတွင်းမှာခိုလှုံနေရပါတယ်။
အာဏာရှင်ကြီး ရောဘတ်မူဂါဘီဟာ တချိန်တုန်းက လူဖြူတွေရဲ့ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရအောင် ကြိုးပမ်း တုံးက ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရလို့ နောက်ပိုင်းသူကိုယ်တိုင် သမ္မတ ဖြစ်လာပါတယ်။ သို့သော် တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းကို ဦးမတည်နိုင်ပဲ အာဏာရှင်စနစ်အောက်မှာ ကျ ရောက်သွားအောင် သူ ကိုယ်တိုင်ပဲ သွတ်သွင်းခဲ့တာပါ။
လူပေါင်း (၄) သန်းကျော်သော မိမိရဲ့တိုင်းသူပြည်သားတွေ ငတ်နေတာကို နိုင်ငံရေးအာဏာလောက် ဂရုမစိုက်ပါဖူး။ ကူညီနေ တဲ့ အဖွဲ့အစည်းများကိုတောင် ကူညီရပါ့မလားဆိုပြီး ရန်လုပ်နေပါတယ်။
လူသားချင်းစာနာတဲ့စိတ်ဆိုတာကို အာဏာရှင်တွေဆီမှာ တွေ့ရလေ့မရှိပါဖူး။ ဟိုတုံးက အာဏာရှင်ကြီး စတာလင် ပဲဖြစ်ဖြစ်၊ မြန်မာပြည်က အာဏာရှင် သန်းရွှေပဲဖြစ်ဖြစ်၊ ဇင်ဘာဘွေက အာဏာရှင် ရောဘတ်မူဂါဘီပဲ ဖြစ်ဖြစ် သူတို့ အားလုံးဟာ အတူတူပါပဲ။ အာဏာကို လက်လွှတ်ရမှာ စိုးရိမ်တဲ့အတွက် မျိုးချစ်စိတ်တို့၊ နယ်ချဲ့တွေပြန်ကျူးကျော် လိမ့်မယ်တို့၊ နိုင်ငံတော် လုံခြုံရေးနဲ့ အချုပ်အခြာကို ထိပါးလိမ့်မယ်တို့ အစရှိတဲ့ အကြောင်းပြချက်တွေကို ဒိုင်းသဖွယ် ကာပြီး အသုံးပြုရင်း မိမိတိုင်းသူ ပြည်သားတွေ ငတ်မွတ်သေကြေ နေတာကို လူလူချင်း မစာနာဘဲ လက်ပိုက်ကြည့်နေ ကြတာပါ။
လူသားဆန်မှုဆိုတာ အာဏာရှင်တို့ မကြားချင်ဆုံး စကားပါ။
ဇော်မင်း (လူ့ဘောင်သစ်)
၂၇၊ ၀၆၊ ၂၀၀၈
Thursday, July 3, 2008
လူသားဆန်မှုကို အာဏာရှင်တို့မကြားချင်ပါ
Posted by ရွက်မွန် at 9:08 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment