ရွက်မွန်စာမျက်နှာ

Sunday, July 26, 2015

ဆင်ခြင်တုံတရား လက်ကိုင်ထားပါ

လူ့ အဖွဲ့အစည်းအတွင်း လူတိုင်းဟာ နေ့စဉ်ဆိုသလို စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးများအတွက် ရုန်းကန်ကြရ ပါတယ်။ အဲသလို လှုပ်ရှားရုန်းကန်နေရင်းကပဲ နိုင်ငံရေး၊ အခြားအခြားသော တိုင်းရေးပြည်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်ရေး စတာတွေအတွက်လဲ လုပ်ကြကိုင်ကြရပါတယ်။ လူတိုင်းဟာ မတူကွဲပြားတဲ့ နယ်ပယ်အသီးသီး၊ မတူကွဲပြားတဲ့ အခြေအနေများအောက်မှာလည်း ရုန်းကန်လုပ်ကိုင်ကြပါတယ်။ တဆက်ထဲဆိုသလို မတူကွဲပြားတဲ့ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်များလည်း ထွက်ပေါ်လာပါတယ်။ အစိုးရခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊ ပညာရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်၊ လယ်သမားခေါင်းဆောင်၊ အလုပ်သမား ခေါင်းဆောင် အစရှိသဖြင့် များမြောင်လှပါတယ်။

ခေါင်းဆောင်တွေဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ ပါဝင်နေတဲ လူထုတွေကို ခေါင်းဆောင်ရတာ ဖြစ်တာကြောင့် ခေါင်းဆောင် ပီသဖို့လည်း လိုအပ်လာပြန်ပါတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ ခေါင်းဆောင်ပီသဖို့ မဖြစ်မနေရှိရမယ့် အရည်အချင်းတွေ လိုအပ်လာပြန်ပါတယ်။ လုံ့လထကြွရှိဖို့၊ ရိုးသားဖြောင့်မတ်ဖို့၊ ဉာဏ်အမြော်အမြင် ကြီးမားဖို့၊ ကျောသား ရင်သားမခွဲခြားဖို့၊ တရားမျှတမှုရှိဖို့ စသဖြင့်သော အချက်တွေဟာ ခေါင်းဆောင်ကောင်းတွေအတွက် မရှိမဖြစ်တဲ့ အရည် အသွေးတွေပါ။ အဲဒီအထဲမှာမှ အမြဲမပြတ် သတိထားနှလုံးသွင်း ကျင့်ကြံရမယ့်အရာ၊ မမေ့ မလျော့ရမယ့် အရာကတော့ ဆင်ခြင်တုံတရားကို အမြဲလက်ကိုင် ထားဖို့ဖြစ်ပါတယ်။
လေ့လာရသလောက်ကတော့ အခုအစိုးရတက်လာကထဲက အစိုးရခေါင်းဆောင်တချို့၊ နိုင်ငံရေးခေါင်ေးဆာင်တချို့နဲ့ ဘာသာရေးခေါင်းဆောင် တချို့ဟာ ဆင်ခြင်တုံတရားကနေ ကင်းလွတ်တဲ့ အပြောအဆိုတွေ အပြုအမူတွေကို မကြာမကြာ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ တွေ့ခဲ့ရတဲ့ ကိစ္စတခုကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောခဲ့တဲ့ စကားပါ။ အမေရိကန်က စီးပွားရေးပြန်ပိတ်လည်း အနှစ်တရာကြာပစေ ဂရုမစိုက်ဘူးဆိုတဲ့ အပြောမျိုး ဖြစ်ပါတယ်။ ဒါမျိုးဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတဦး ပြောရမယ့် စကားမဟုတ်သလို ရွေးကောက်ပွဲနဲ့လည်း သက်ဆိုင်ခြင်း မရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ တာဝန်ဟာ လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုဘယ်ပုံ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမယ်ဆိုတဲ့ အလုပ်သာဖြစ်ပါတယ်။ နိုင်ငံခြားရေးဆံတဲ့ နိုင်ငံခြားရေးနဲ့ဆက်ဆိုင်တဲ့ ပြောရမယ့်စကားတွေကို နိုင်ငံခြားရေးတာဝန်ယူထားတဲ့ ခေါင်းဆောင်များကသာ ပြောသင့်ပါတယ်။

အရင်ကာလများမှာလည်း ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ဒီလိုအပြောမျိုးတွေ အစိုးရခေါင်းဆောင်တချို့ ပြောခဲ့ပြီးပါပြီ။ မီးမလာရင် ဖယောင်းတိုင်ထွန်း၊ ထမင်းတနပ်လျှော့စား၊ နယ်လှည့်ပါးရိုက်မယ်၊ တရုတ်ကိုကြောက်ရတယ်၊ ဘူးလက် လွှတ်လိုက်မယ်၊ အစရှိသဖြင့် အပြောတွေဖြစ်ပါတယ်။ မဟတ္တမဂန္ဒီက ပြောခဲ့ဖူးပါတယ်။ လူတိုင်းလူတိုင်းဟာ ဆင်ခြင်တုံ တရားကို လက်မလွတ် စေသင့်ဖူးလို့ ဆိုပါတယ်။ အထူးသဖြင့် တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေဟာ ဆင်ခြင်တုံတရားကို လက်ကိုင် ထားရမယ်လို့ ထောက်ပြခဲ့ဖူးပါတယ်။ ဘာကြောင့်ပါလဲ။ ဆင်ခြင်တုံတရား ကင်းမဲ့ လာပြီဆိုရင် နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် ကိစ္စကတော့ ကျရှုံးခြင်းနဲ့ ပြိုကွဲခြင်း ဆိုတာပဲ ဖြစ်ပါတယ်။ ရှေးမြန်မာ စကားပုံ တခုကလည်း လက်ကြောင့်ကျေ၊ နှုတ်ကြောင့်သေလို့ ဆိုထားဖူးတယ် မဟုတ်ပါလား။

လွတ်လပ်ရေးရကထဲက ပြည်တွင်းစစ်နဲ့နပမ်းလုံးလာရတဲ့ နိုင်ငံတခုဟာ ကျရှုံးခြင်းနဲ့ပဲ ရင်ဆိုင်ရတယ်ဆိုတာ အားလုံး မျက်မြင်ပါပဲ။ ဘာဖြစ်လို့ ပြည်တွင်းစစ်ဟာ ဒီလောက် သက်ဆိုးရှည်ရတာလဲ။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး မဖြေရှင်းခဲ့ဘဲ ချေမှုန်းမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားခဲ့လို့ ဖြစ်ရတာလို့ ဆိုနိုင်ပါတယ်။ တဖက်မှာ ပြန်ကြည့် ရင်လည်း မြင်ရတာ တခုကတော့ မတော်လောဘကြီးသူတွေ၊ ဉာဏ်အမျှော်မြင်နည်းသူတွေဟာ ဆင်ခြင်တုံတရားကို လက်ကိုင်မထားနိုင်ဘူး ဆိုတာပါပဲ။ နောက်တချက်လည်း ရှိပါသေးတယ်။ ငါ့ဥမှ ငါ့ဥ ဆိုတဲ့ လူစားမျိုးတွေလည်း ဒီအထဲမှာ အကြုံးဝင်ပါတယ်။ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာ ဆိုတဲ့ ဖက်လိုက်မှုမျိုးကြောင့်လည်း ဆင်ခြင်တုံ တရားဟာ မျက်ကွယ်ပြုခံ ရပါသေးတယ်။

ပြောရဦးမယ်ဆိုရင်တော့ အခုလက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ နာဂစ်အခြေခံဥပဒေသည်ပင်လျှင် ဆင်ခြင်တုံတရား ကင်းလွတ်ပြီး ရေးဆွဲအတည်ပြုခဲ့တာလို့ ဆိုနိုင်ပါတယ်။ ကနေ့ခေတ် ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ မရှိတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ စစ်တပ်က ရွေးကောက်ပွဲဝင်စရာမလိုဘဲ ပါလီမန်မှာ ၂၅% အမတ်ဖြစ်ခွင့်ရှိတယ်၊ တိုင်းပြည်ချောက်ထဲ ကျဖို့ လက်တလုံးအလိုမှာ ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းနိုင်တယ် ဆိုတာမျိုးဟာ ဆင်ခြင်တုံတရား ကင်းလွတ်ပြီး ထည့်သွင်းထားတဲ့ ဥပဒေတွေလို့ မပြောရင် ဘယ်လိုပြောရတော့မှာလဲ။ ပဒေသရာဇ်တပိုင်း စစ်တပိုင်း ဖွဲ့စည်းပုံလို့ အမည် တပ်ရင် လူများစုက ကန့်ကွက်မယ်မထင်ပါဘူး။

နောက်တချက်ကလည်း သမ္မတ ဖြစ်မယ့်သူဟာ စစ်ရေးအတွေ့အကြုံ ရှိရမယ်တဲ့။ သမ္မတ ဖြစ်မယ့်သူဟာ ဗိုလ်ချုပ် ဖြစ်ဖူးရမယ်လို့ တိုက်ရိုက်ရေးမကောင်းလို့ အဲသလို ရေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဆင်ခြင်တုံတရား မရှိဘဲ ပြုစုခဲ့တဲ့ အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်တာကြောင့် တကယ်တန်းမှာတော့ တိုင်းပြည်နဲ့ လူထုသာ နစ်နာ ရပါတယ်။ ဒါပေမဲ့ သူတို့နဲ့ သူတို့ရဲ့စီးပွားဖက်တွေမှာ တနေရာမှာတော့ ဆင်ခြင်တုံတရားလေး ရှိသေးတာ တွေ့ရပါသေးတယ်။ အဲတာကတော့ သူတို့သားသမီးများကို နိုင်ငံရပ်ခြားတွေမှာ သွားပြီး ပညာသင်စေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဘာကြောင့်တုန်း ဆိုတော့ မြန်မာ့ပညာရေးဟာ အောက်တန်းနောက်တန်း ကျနေပြီဆိုတာကိုတော့ သူတို့ကောင်းကောင်း သိတာကြောင့်ပါ။ အဲတာကြောင့် သူတို့သားသမီးများကို အဆင့်အတန်းမြင့်တဲ့ ပညာရေးမျိုး ရစေချင်တဲ့နေရာမှာတော့ ဆင်ဆင်ခြင်ခြင် တိုင်းတိုင်းထွာထွာ လုပ်တယ်ဆိုတာကို မြင်ရတာပါပဲ။

အခု လတ်တလော ဖြစ်နေတဲ့ ကိစ္စကိုပဲကြည့်ပါဦး။ အဲဒီကိစ္စကို ရွှေတိဂုံအရေးတော်ပုံလို့ အမည်ပေးချင်ပါတယ်။ ရှေးတုန်းက စာရေးဆရာတဦးက ရွှေတိဂုံစေတီတော်ကို နိုင်ငံတော့်မျက်နှာ ဆိုတဲ့အမည်နဲ့ ရေးသားခဲ့ဖူးပါတယ်။ အဲဒီအကြောင်းကို ဟိုတုန်းက အထက်တန်းစကားပြေမှာတောင် ကျောင်းသားတွေ သင်ခဲ့ဖူးပါတယ်။ ဒီနေရာမှာ နိုင်ငံတော့်မျက်နှာ ဆိုတာ သိပ်လှပတဲ့ ကျစ်လစ်တဲ့ အသုံးအနှုံးလို့ ဆိုရမှာပါပဲ။ နိုင်ငံတော့်မျက်နှာကို အိုးမဲသုပ်မယ့် အထပ်မြင့် အိမ်ယာစီမံကိန်းကို ဘာကြောင့် အာဏာပိုင်များက ခွင့်ပြုရတာလဲ။ ဆင်ခြင်တုံတရား ခေါင်းပါးလို့ ဖြစ်ရတာလို့ ပြောလိုပါတယ်။ တချိန်က အာဏာစက်ထက်လှတဲ့ စပိုင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတဦးကလည်း အခုအထိ လူသိ ရှင်ကြား ပြောဆိုနေတာ တခုရှိပါတယ်။ ဘုရားဆိုတာ ရွှေရှိမှ တင့်တယ်သတဲ့။ အဲတာကြောင့် သူ့လက်ထက်မှာ ဘုရား တွေကို ရွှေသင်္ကန်းလိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။ ခေတ်သစ်မှာ တည်တဲ့ဘုရားဆိုရင်တော့ မပြောလိုပါ။ ဒါပေမဲ့ ရှေးဟောင်းအမွေ အနှစ်ဘုရားတွေ ဆိုတာ မူလရှေးလက်ရာ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်တာကလွဲလို့ တခြားအပိုဆာဒါးတွေ ထည့်ဖြည့်ဖို့ မလိုဘူးဆိုတာကို မသိရှာပါဘူး။ ဒါကလည်း ဆင်ခြင်တုံတရားမဲ့တယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂံဘုရား အတော်များများ စပိုင်ခေါင်းဆောင်ကြီးရဲ့ လက်ချက်မိခဲ့ရပါတယ်။

ဆင်ခြင်တုံတရားလက်ကိုင် ထားဖို့ဆိုတာ အစိုးရခေါင်းဆောင် နိုင်ငံရေးဆောင်မှ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း ဆင်ခြင်တုံ တရားကို လက်ကိုင်ထားဖို့လိုပါတယ်။ မိဘက သားသမီးကို ငါမွေးထားတာပဲဆိုပြီး နင်ပဲငဆ ပြောဆိုရိုက်နှက် တာမျိုးတွေက အစ ဆင်ခြင်တုံတရား ကင်းမဲ့တယ်ဆိုတာကို ပြသနေပါတယ်။ အလားတူဆိုသလို ကျောင်းဆရာမက သူ့ကျူရှင် လာမတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ နှိမ်ချဆက်ဆံတာမျိုးကလည်း ဆင်ခြင်တုံတရားမဲ့တာကို ပြသရာ ရောက်ပါတယ်။ တခါ မတူကွဲပြားတဲ့ လူမျိုးတမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခု အကြား ကူးလူးဆက်ဆံတဲ့ နေရာများ မှာလည်း ဆင်ခြင်တုံတရားနဲ့ တိုင်းထွာပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

မြန်မာလူမျိုးတွေဟာ စိတ်မြန်လက်မြန် ရှိလှပါတယ်။ အဲတာကြောင့် အကျိုးရှိခဲ့တာတွေ ရှိခဲ့သလို အကျိုးယုတ်ခဲ့တာတွေ လည်း ရှိပါတယ်။ အကျိုးယုတ်ခဲ့တာက ပိုများပါတယ်။ နောက်တချက်ကတော့ ကိုးကွယ်တဲ့ ဘာသာရေးဆိုတာ လူတွေ ဆင်ခြင်တုံတရား ရှိအောင် သွန်သင်တဲ့ အရာပါ။ ဆင်ခြင်တုံတရား ရှိမှသာ မတရားလုပ်ရပ်တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲသလို အခြေအနေမျိုးမှာ ဘာသာရေးခေါင်းဆောင်တွေ ကိုယ်တိုင်က ဆင်ခြင်တုံတရား ကင်းလွတ်တဲ့ အပြောမျိုး အဆိုမျိုး ပြုလုပ်လာပြီဆိုရင်တော့ ဒါဟာ လူ့အဖွဲ့အစည်း ကျရှုံးမယ့် အရိပ်လက္ခဏာဖြစ်တယ်လို့ ညွှန်းဆိုတာနဲ့ အတူတူပါပဲ။ အကယ်၍ ပါလီမန်ထဲက ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ မိမိတို့ရဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီကို ပြန်ကြမယ်ဆိုရင် ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ လုပ်ရပ်လို့ လူတိုင်းက အသိအမှတ် ပြုကြပါလိမ့်မယ်။

အချုပ်ကို ပြောရမယ်ဆိုရင်တော့ မြန်မာပြည်ကြီးမှာ ဒီနှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း လက်ရှိအာဏာရ ပါတီ အပါအဝင် နိုင်ငံရေးပါတီများ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး လူကြီးလူကောင်းဆန်ဆန် ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းလိုပါကြောင်း။

ဇော်မင်း
၁၈ ရက်၊ ဇွန်လ၊ ၂ဝ၁၅ ခုနှစ်

1 comment:

Unknown said...

ကိုကြီးကိုဇော်မင်း ကျနော်မစိုးပါပလိပ်က
ကျနော်တို့ကိုမှတ်မိရင် ဆက်သွယ်ပါဦး
fb acc နာမည်ရှိရင် ပြောပါဦး

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.