ရွက်မွန်စာမျက်နှာ

Monday, April 2, 2007

ရွက်မွန်

န္တလေးတက္ကသိုလ် ပင်မ ၀င်ပေါက်ကြီးမတိုင်ခင်၊ ကိုက် (၂၀၀) လောက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ လက်ဖက် ရည်ဆိုင်ကလေးရဲ့ နာမည်ဖြစ်ပါတယ်။ အဲသည် လက်ဖက်ရည်ဆိုင်ကလေး စဖွင့်တော့၊ ဆိုင်ရှင်ဖြစ်သူက သူ့ ဆိုင်ကလေးကို နာမည်ပေးဖို့၊ မေတ္တာရပ်ခံတဲ့အတွက် သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း ပေးခဲ့တဲ့ နာမည် ဖြစ်တယ်လို့ ကြားဖူး၊ မှတ်သားဖူးပါတယ်။ နှစ်အတိအကျကိုတော့ ကျနော်မသိပါ။ ဖြစ်နိုင်တာက ဒေါက်တာ သန်းထွန်း မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့၊ အတော်စောစော နှစ်များက ဖြစ်နိုင်ပါတယ်။ ကျနော် တို့ တက္ကသိုလ်မရောက်သေးပါ။ ကလေးဘ၀လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။

တချို့ကပြောတော့လည်း၊ ဆိုင်ရှင်က ရွက်မွန်ဆိုတဲ့ နာမည်ပေးပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် အင်္ဂလိပ်လိုလည်း ဆိုင်းဘုတ်အသေးလေးတပ်ချင်လို့၊ ဆရာကြီးကို “ရွက်မွန်”ဆိုတဲ့ နာမည်ကို အင်္ဂလိပ်လို ဘာသာပြန်ပေးဖို့ ပြောတဲ့အတွက်၊ ဆရာကြီးက Fine Leaves ဆိုပြီး၊ ဘာသာပြန်ပေးလိုက်တယ်လို့လဲ ဆိုပါ တယ်။ ဘယ်ဟာက မှန်တယ်ဆိုတာတော့ ကျနော်လည်း အတိအကျ မပြောတတ်ပါ။ ဆရာကြီးကိုယ်တိုင်လည်း သည် ဆိုင်ကလေးမှာ၊ တပည့်တပန်းများနဲ့ အတူ ထိုင်လေ့ရှိတယ်လို့ သိရပါတယ်။

အဲသည်ဆိုင်ကလေးရဲ့ ရှေ့ ကပြင်မှာ စင်တင်ပြီးစိုက်ထားတဲ့၊ ပန်းနွယ်ပင်တမျိုး (အမျိုးအစားတော့ မမှတ်မိ တော့ပါ) ရှိပါတယ်။ အဲသည်နွယ်ပင်ကလေးက ဆိုင်ရှေ့တ၀ိုက်မှာ နေရောင်ကို ကာပေးထားသလိုမျိုးလည်း ဖြစ်နေပါတယ်။ မနက်ပိုင်းထိုင်လို့ ကောင်းတဲ့ ဆိုင်ကလေးဖြစ်တာကို ကျနော် မှတ်မိနေပါတယ်။

အဲသည်ဆိုင်မှာ ကျောင်းသားကော၊ ဆရာအတော်များများပါ ထိုင်လေ့ရှိပါတယ်။ အဲသည်ဆရာတွေက ဆရာကြီး ဒေါက်တာသန်းထွန်းကို ကြည်ညိုချစ်ခင်လေးစားတဲ့ သူများ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒါ ကြောင့် ဆရာကြီးနဲ့ လိုင်းမတူတဲ့၊ သို့မဟုတ် ဆရာကြီးကို မကြိုက်တဲ့၊ မနာလိုတဲ့ တခြားဆရာများက အဲသည် ဆိုင်မှာ မထိုင်ကြဖူးဆိုတာကိုလည်း၊ သိရပါတယ်။

ကျနော်တို့ တက္ကသိုလ်ရောက်တဲ့ အချိန်မှာလည်း၊ သည်ဆိုင်ကလေးက ရွက်မွန်ဆိုတဲ့ နာမည်နဲ့ ဆက်လက် တည်ရှိနေပါတယ်။ သို့သော် ဆရာကြီးကတော့ အဲသည်အချိန်မှာ၊ မန်းတက္ကသိုလ်မှာ မဟုတ်တော့ဘဲ၊ ရန်ကုန် တက္ကသိုလ်မှာလား၊ သို့မဟုတ် ဂျပန်မှာ စာသင်နေသလားဆိုတာ မမှတ်မိတော့ပါ။ ကျနော်က (၁၉၈၄) နှောင်း ပိုင်းကနေ၊ (၁၉၈၆) အကုန်လောက်ထိ၊ မန္တလေးတက္ကသိုလ် ပင်မမှာ ရှိနေခဲ့တဲ့ ကာလများ ဖြစ်ပါတယ်။ ကျနော်တို့ လက်ထက်မှာလည်း သည်အတိုင်းပါပဲ။ ရွက်မွန်မှာ ကျောင်းသားရော၊ ဆရာများပါ ဆက်လက်ထိုင် နေကြဆဲပါ။ အဲသည်မှာ ထိုင်တဲ့ ဆရာတော်တော်များများကတော့၊ ဆရာကြီးနဲ့ အယူအဆတူသူများလို့ ပြော နိုင်ပါတယ်။ အစိုးရကို ဖားနေတဲ့ဆရာများ၊ အဲသည်ဆိုင်မှာ မထိုင်ကြပါ။ ပြောချင်တာက သည်လိုပါ။ အဲသည် မှာ ထိုင်တဲ့ဆရာအတော်များမျာက အဲသည်ကာလတုန်းက ရှိနေတဲ့၊ မဆလ အစိုးရကို မကြိုက်သူတွေပါ။

ရွက်မွန်မှာ လာထိုင်တဲ့ ဆရာအားလုံးကိုတော့၊ လူနဲ့ နာမည်တွဲပြီး မမှတ်မိတော့ပါ။ သို့သော် ဆရာတယောက် ကိုတော့၊ ကနေ့အထိ ကျနော်မှတ်မိနေပါတယ်။ သူကတော့ ဆရာကျော်စိုးပါ။ ရူပဗေဒဌာနက ဆရာဖြစ်ပါ တယ်။ ပိန်ပိန်ရှည်ရှည် အသားလတ်လတ်၊ မေးရိုးလေးထောင့်ကြီးနဲ့ မျက်နှာက ခပ်ပြားပြား၊ ကွမ်းတွေကို အမြဲ ၀ါးနေတတ်ပြီး၊ ကြည့်လိုက်ရင် လူက အမြဲ ခပ်ပြုံးပြုံးပါပဲ။ ကျနော်တို့ထက် ငါးနှစ်-ခြောက်နှစ်လောက်ကြီးမယ် ထင်ပါတယ်။ ရှစ်လေးလုံးလှုပ်ရှားမှု အပြီးမှာ၊ ဆရာကိုကျော်စိုးက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့၊ (SSA) အက်စ်အက်စ်အေ မြောက်ပိုင်း၊ (အခုထောင်ကျနေတဲ့ ဗိုလ်ချုပ်ဆေထင်တို့အဖွဲ့) နယ်မြေကို ကျောင်းသားအချို့ နဲ့ ရောက်သွားပါတယ်။ နောက်ပိုင်း ပန်ဆန်းဖက်လည်း ရောက်သွားတယ်လို့ ကြားရပါတယ်။ ဗကပပြိုကွဲပြီး နောက်၊ အက်စ်အက်စ်အေလည်း စေ့စပ်ရေးလုပ်ရပါတယ်။ ရှစ်လေးလုံးက ထွက်လာတဲ့၊ အဲသည်နယ်မြေများ မှာ ရောက်နေတဲ့၊ လူငယ်ကျောင်းသားများ ဖရိုဖရဲ ဖြစ်ကုန်ပါတယ်။ တချို့လည်း အိမ်ပြန်ကြ။ တချို့လည်း ရောက်တဲ့နေရာက လက်နက်ကိုင်အဖွဲ့များမှာ၊ သူတို့ယူနီဖောင်းဝတ်ပြီး ဆက်နေကြ။ နှစ်အတိအကျတော့ မမှတ်မိပါ။ အဲသည်နောက်ပိုင်းမှာ ကြားရတဲ့သတင်းကတော့ ဆရာကိုကျော်စိုးကို ရှမ်းပြည်ထဲမှာ၊ ခွန်ဆာတပ် က မိသွားပြီး၊ အသတ်ခံလိုက်ရတယ် ဆိုတာပါပဲ။

ဒါက ရွက်မွန် လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်ပြီး ကျနော်မှတ်မိသလောက်ကို ပြန်ပြောပြတာပါ။ သတိရစရာ လေးတွေပေါ့။

ဇော်မင်း (လူ့ဘောင်သစ်)
မတ်လ (၂၉)၊ ၂၀၀၇

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.