ရွက်မွန်စာမျက်နှာ

Thursday, May 24, 2007

သရဖီ အင်ကြင်းမှာပျော်သူ

ကျနော်တို့ငယ်ငယ်တုန်းက အဖွားပြောပြောနေလို့ အမြဲမှတ်မိနေတဲ့ဇာတ်လမ်းတပုဒ်ရှိတယ်။ အဲဒါက ဘာလဲဆို တော့ ငါ့မြေးတို့၊ မင်းတို့ မောင်ဘိုလို မဖြစ်စေနဲ့ ဆိုတာပါပဲ။ အမှန်ကတော့ ကျနော်တို့မြေးများကို ဆုံးမတာပါ။ အဲသည်မောင်ဘိုဆိုတဲ့ လူရဲ့အကြောင်းကို အဖွားက ကျနော်တို့မြေးများကို ဆုံးမဖို့လိုလာတိုင်း ပုံခိုင်းပြောလေ့ရှိ တယ်။

အဖွားရဲ့ မွေးရာဇာတိက ရွာသိမ်ရွာမွှားလေးတခုပါ။ မြို့နဲ့အလှမ်းဝေးပြီး ချောင်လည်းကျတယ်။ အဖွားတို့ငယ် ငယ်တုန်းကဆို အိမ်ခြေတရာတောင် မရှိသေးဘူးတဲ့။ ရွာသူရွာသားအားလုံးကတော့ ယာသမားတွေပါပဲ။ ပြောင်း၊ နှမ်း၊ ပဲ၊ ကြက်သွန်၊ ၀ါဂွမ်းအစရှိတာတွေ စိုက်ပါတယ်။ မိုးခေါင်ရေရှားအရပ်ဆိုတော့ စပါးတော့ မစိုက် ကြဘူး။

အဖွားတို့ရွာမှာ နှစ်တိုင်း သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင် ဘုရားပွဲခင်းတယ်။ ဘုရားပွဲအတွက် မြို့က ဇာတ်ငှားပြီးထည့်လေ့ရှိတယ်။ ဘုရားပွဲက သုံးရက်လောက်ကြာတယ်လို့ ပြောတယ်။ ဆယ့်နှစ်ပွဲဈေးသည်တွေ လည်း အရှိုရှို ဆိုသလို ရောက်လာပြီး ရောင်းကြ၀ယ်ကြတယ်။ ရွာနီးချုပ်စပ်က လူတွေလည်း ဘုရားပွဲလာကြ၊ ပွဲကြည့်ကြ၊ ဈေးဝယ်ကြနဲ့ ရွာဟာ စည်ကားနေတာပေါ့လေ။ သည်ဘုရားပွဲ သုံးရက်က ရွာခံတွေအတွက် တနှစ် တခါ ဇိမ်ခံစရာလို့တောင် ပြောလို့ရတယ်။

မောင်ဘို့အမေက မုဆိုးမ။ သူတို့မှာ ကိုယ်ပိုင်ယာ မရှိဘူး။ ဒါကြောင့် မောင်ဘိုက သူများယာတွေမှာ အငှား လက်စားလိုက်၊ နွားအငှားကျောင်း စတာတွေ လုပ်ရတယ်။ ပညာအရည်အချင်းကတော့ တခြားရွာသားတွေလို ပဲ၊ ရွာဦးကျောင်းထွက်။ တနှစ်တော့ ရွာမှာလာကတဲ့ ဇာတ်အဖွဲ့ထဲက လူတွေနဲ့ မောင်ဘိုတယောက်အလွမ်း သင့်ပြီး သဘင်ပညာသင်ခြင်တယ်ဆိုပြီး သူ့အမေကိုပြောတယ်။ သူ့အမေကတော့ ယာသမားဟာ ယာလုပ်တာ ပဲ ကောင်းပါတယ်ဆိုပြီး နားချတယ်။ ဒါပေမယ့် မရပါဘူး။ ဇာတ်သဘင်နတ်က မောင်ဘို့ကို အကြီးအကျယ်ဖမ်း စားနေပြီ။

နောက်ဆုံးတော့ အဲသည်ဇာတ်အဖွဲ့နဲ့ မောင်ဘိုလိုက်သွားတယ်။ သဘင်ပညာစုံရင် ရွာပြန်လာပြီး ရွာက သူ့ သူငယ်ချင်းတွေနဲ့ ကိုယ်ပိုင်ဇာတ်တခုထောင်မယ်ဆိုပြီး၊ ပြောသွားခဲ့တယ်။ နောင်ကျရင် သည်နယ်တရိုးမှာ မောင်ဘိုတို့ဇာတ် ဟိုးဟိုးကျော်စေရမယ်လို့လဲ မှန်းထားပုံရတယ်။ သူတို့ရွာ အနေအထားနဲ့တွက်ရင် မောင်ဘို့ စိတ်ကူးက နဲတဲ့စိတ်ကူးမှ မဟုတ်တာ။ သည်လိုနဲ့ မောင်ဘိုတယောက်ရွာက ပျောက်သွားတယ်။

မောင်ဘိုမရှိတဲ့ နှစ်တွေအတွင်း သူ့အမေဆုံးသွားတယ်။ သူ့အမေဈာပနကိုတောင် ပြန်မလာလို့ ရွာကလူတွေ က တဖြစ်တောက်တောက်နဲ့ ပြောလို့မပြီးဘူး။ မသိတာလည်း ဖြစ်နိုင်တာပေါ့။ အဲသည်ခေတ်တွေတုန်းက တနေရာနဲ့တနေရာ ဆက်သွယ်ရတာက လွယ်တဲ့ကိစ္စမှ မဟုတ်တာ။

လေးငါးနှစ်လောက်ကြာတော့ ရွာကို မောင်ဘိုပြန်ရောက်လာတယ်လို့ အဖွားကပြောတယ်။ မောင်ဘို့ပုံစံက ရွာက လူငယ်တွေအမြင်မှာတော့၊ တကယ့်ဇာတ်ဆရာဂိုက် အပြည့်တဲ့။ စကားပြောရင် နှုတ်ခမ်းကိုမဲ့လိုက်၊ မျက်ခုံးကိုချီလိုက်နဲ့ လုပ်သတဲ့။ လက်ဟန်ခြေဟန်တွေကလည်း နန်းဆန်သလိုလို၊ ဘာလိုလို။ ဖက်ကြမ်းလိပ် ကြီးကိုလည်း ပါးစောင်မှာ အိုက်တင်အပြည့်နဲ့ အမြဲခဲထားသေးတယ်။ လက်ကတုန်းရှပ်အင်္ကျီအဖြူရောင်ကို မချွတ်တမ်း ၀တ်ထားလေ့ရှိတယ်။ အိပ်ထောင်ထဲမှာလည်း ဖောင်တိန်တချောင်းချိတ်ထားပြီး၊ လူထူပြီလား ဆိုရင် စာရွက်တရွက်ပေါ်မှာ ဟိုဟာ သည်ဟာတွေ ချရေးလေ့ရှိသတဲ့။ ဇာတ်လမ်းတွေ၊ သီချင်းတွေရေးနေ သလိုမျိုး လုပ်တာပေါ့။ ဒါ့အပြင် သူနဲ့အတူ ၀ါးပတ္တလားအဟောင်းကြီးတလုံးလည်း ပါလာတယ်လို့ဆိုတယ်။ လူငယ်တွေတချို့် အမြင်မှာတော့ မောင်ဘိုက မြို့တကာ နယ်တကာအတွေ့အကြုံစုံခဲ့တဲ့သူလို ဖြစ်နေတော့ အထင်ကြီးတာပေါ့။ သို့ပေမယ့် အဖွားအမြင်မှာတော့ မောင်ဘို့ကိုကြည့်ရတာ စုတ်ချွန်းချွန်းနဲ့၊ ချိုးနာ မိုးမိထား သလိုပဲလို့ ပြောတယ်။ နေ့စဉ်နေ့တိုင်း ရွာထဲက ကာလသားတသိုက်နဲ့ အရက်ဝိုင်းကလည်း တချိမ်းချိမ်းတဲ့။

ရွာပြန်ရောက်ကတည်းက ဘာအလုပ်မှလည်း ကောင်းကောင်းမလုပ်ဘူး။ ယာလုပ်ဖို့၊ နွားကျောင်းဖို့ဆိုတာ ဝေးသေးတယ်။ သူကိုကြည်ညိုပြီး သီချင်းတက်ချင်တဲ့လူငယ်တွေ၊ ဇာတ်သဘင်အကြောင်း၊ မြို့ပြအတွေ့အကြုံ တွေအကြောင်း သိချင်သင်ချင်တဲ့ လူငယ်တွေက ပံ့ပိုးပေးတာလေးတွေနဲ့ စားသောက်နေတယ်။ အတော်လေး ကြာတော့ ရွာထဲကလူကြီးတွေ အနေနဲ့ မောင်ဘို့ကို စိတ်ပျက်စပြုလာကြတယ်။

ညနေရေချိန်လေးကိုက်လာရင် မောင်ဘိုကပတ္တလားတီးပြီး သတင်းဆိုလေ့ရှိတယ်။ သူ့အနားမှာ အထင်ကြီးပြီး ၀ိုင်းနေတဲ့လူငယ်တွေကိုလည်း သည်လိုပြောသတဲ့။ ဇာတ်ဆရာအလုပ်ဆိုတာက ပတ္တလားနဲ့ကြောင်းယူသွားပြီး စီစဉ်ရတာ၊ ဒါကဇာတ်သဘင်ပညာမှာ အရေးအကြီးဆုံးနဲ့ အခရာအကျဆုံး။ ကျန်တဲ့တူရိယာတွေတီးတာမှုတ် တာ၊ ကတာတွေက ဇာတ်ဝိုင်းတော်သားတွေကို ခိုင်းလိုက်ရုံပဲ။ ဒါရိုက်တာလုပ်သူက အရေးအကြီးဆုံးဆိုတဲ့ သဘောမျိုးပြောချင်တာ။

သရဖီ အင်ကြင်း.... သရဖီ အင်ကြင်း.... တိန်တိန်တောင်တောင်...တိန်တိန်တောင်တောင်။ အဲဒါက သူအမြဲ တမ်းဆိုတီးလေ့ရှိတဲ့ သီချင်း။ ဒီသီချင်းကို မဆိုတဲ့နေ မရှိသလောက်ပဲ။ တခြားသီချင်းတွေလည်း ဆိုချင်ဆိုမှာ ပေါ့လေ။ သို့သော်လည်း လူကြီးပိုင်းအနေနဲ့က ဒါကိုပဲသတိထားမိနေတော့ မောင်ဘိုနဲ့သဖရီ အင်ကြင်းကို အတူတွဲမြင်နေတာပေါ့။ တချို့လူကြီးပိုင်းက သူ့ကိုဝိုင်းပြီးအကြံပေးကြတယ်။ ဇာတ်မထောင်နိုင်ခင်စပ်ကြား ရွာအနေနဲ့ တီးဝိုင်းလေးတ၀ိုင်းလောက်ထောင်ပြီး၊ ဦးဆောင်ပေါ့လေ။ မောင်ဘိုက အဲဒါကိုလက်မခံနိုင်ဘူး။ တော်နေကြာသူ့တီးဝိုင်းက ရွာနီးချုပ်စပ်မှာ အသုဘသုံးတီးဝိုင်းလောက်ဖြစ်သွားမှာကို စိုးရိမ်လို့။ သူကိုယ်တိုင် လည်း တကယ်တန်းကျတော့ ဘယ်တူရိယာမှ ဖြစ်ဖြစ်မြောက်မြောက်တီးနိုင်မှုတ်နိုင်တာ မဟုတ်ဘူး။ အလှူပွဲ တွေမှာ လိုက်တီးနိုင်ရင်လည်း မဆိုဘူး။ သို့သော် တကယ်တန်းကျရင် ပိုက်ဆံရှိလို့အလှူလုပ်မှတော့ မြို့ပေါ် က နာမည်ရှိတဲ့ စိန်စတင်းတို့၊ စိန်ဘဒင်းတို့ကိုပဲ ငှားတော့မပေါ့။ ဒါကိုလည်း မောင်ဘိုက သိပုံရတယ်။ သည် တော့ဇာတ်ပဲထောင်မယ်ဆိုပြီး သူက တင်းခံနေတယ်။

သည်လိုနဲ့ ပတ္တလားခေါက်လိုက်၊ သရဖီ အင်ကြင်း.... သရဖီ အင်ကြင်း....ဆိုပြီး လုပ်လာလိုက်တာ သူဆုံးတဲ့ အထိပဲ။ ဇာတ်လည်း မထောင်နိုင်၊ တီးဝိုင်းလည်း မဖြစ်နဲ့ ယာသမားဟောင်း၊ နွားကျောင်းသားဟောင်း မောင်ဘိုတယောက် အရွယ်ကောင်းတုန်းဆုံးရှာတယ်လို့ အဖွားကပြောတယ်။ ဆုံးတဲ့အကြောင်းရင်းကတော့ အရက်သောက်တာ များလွန်းလို့တဲ့။ သူသေတော့ ဆွေမျိုးရင်းချာဆိုတာလည်း မရှိတာနဲ့ သူ့ပတ္တလား အဟောင်းကြီးကို ရွာဦးကျောင်းမှာသွားလှူလိုက်ရတယ်။ ရွာထဲက ဘယ်ကာလသားကမှလည်း အဲတာကြီးကို ဖြစ်ဖြစ်မြောက်မြောက် မတီးတတ်ကြဖူးလေ။

အဲသည်ဇာတ်လမ်းကို အခြေပြုပြီး၊ အဖွားက ကျနော်တို့မြေးတသိုက်ကို တို့ရွာကမောင်ဘိုလိုမဖြစ်စေနဲ့ဆိုပြီး ဆုံးမခဲ့တာဟာ ကြုံတိုင်းဆိုသလိုပါပဲ။ မောင်ဘိုနဲ့ သူရဲ့သရဖီ အင်ကြင်းဇာတ်လမ်းဟာ လူတဦးချင်းစီအတွက် သူ့လိုဖြစ်မသွားစေဖို့ သင်ခန်းစာကောင်းတခုပါ။ လူ့အဖွဲ့အစည်းတခုအတွက် နှိုင်းယှဉ်ကြည့်ပြန်တော့လည်း ကျနော်တို့ လူ့အဖွဲ့အစည်းဟာ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်၊ မောင်ဘိုနဲ့ သူရဲ့ သရဖီအင်ကြင်းတွေလိုများ တစ်ဆို့နေရဲ့သလားလို့ တခါတခါလည်း အတွေးဝင်မိပါရဲ့။

ဇော်မင်း (လူ့ဘောင်သစ်)
မေလ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.