ရွက်မွန်စာမျက်နှာ

Wednesday, June 27, 2007

အပြောင်းအလဲကို ကြောက်သူများ


ကြာသေးမီ ပြည်ထောင်စုနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာချက်တခု ပြုခဲ့သည်။ ဤကြေငြာချက်က ကြီးစွာသောအပြောင်းအလဲကို ခေါ်ထားသည်။ တိုင်းပြည်၏ ဆုတ်ယုတ်ကျဆင်းနေသော အခြေအနေကို ထောက်ထား၍၊ လက်ရှိတပ်မတော် အစိုးရက လွှတ်တော်ခေါ်ပေးပါ။ ဤလွှတ်တော်က လက်ရှိစစ်အစိုးရကို တရားမ၀င် ( De facto ) အစိုးရ အနေမှ တရားဝင်ကြားဖြတ်အစိုးရ( De jure ) အဖြစ် အသိအမှတ်ပြုပေးမည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ဆက်လက်ညှိနှိုင်းသွားကြရအောင်ဟု ဆိုသည်။ ရဲရင့်သောအပေးအယူပြုထားသည်။ ကြီးကြီးမားမားပေး၍ ကမ်းလှမ်း ထားသည်။ ဤကြေငြာချက်ပြီးသည့်နောက် သဘောတူသူများလည်း ရှိသည်။ စိုးရိမ်ကြသူများလည်းရှိသည်။ အကယ်၍ ဤကမ်းလှမ်းချက်ကို စစ်အစိုးရလက်ခံလိုက်ပါက ကြီးစွာသောအပြောင်းအလဲ ဖြစ်တော့မည်။ အချို့က ဤမျှထက် ဒီ/ချုပ်က ထပ်၍ စွန့်စရာမရှိပြီဟု စိုးရိမ်ကြသည်။ အချို့က ဤမျှဆိုးနေသော စစ်အစိုးရ၊ တရားဝင်သာဖြစ်ခဲ့လျှင် ခက်ရချည့်ရဲ့ဟု စိုးရိမ် သည်။ တိုင်းရင်းသားများကလည်း သူတို့၏အခန်းကဏ္ဍမည်သို့ရှိမည် မသေချာသော အခြေအနေကို စိုးရိမ်သည်။ ဟုတ်သည်။ ဤခြေလှမ်းက နောက်ပြန်ဆုတ်၍မရသော ခြေလှမ်းလည်းဖြစ်သည်။






ပေါ်လို ဖရယ်ရီ ( ၁၉၂၁-ယခု) ကသူရေးသားထားသော အဖိအနှိပ်ခံတို့ကို သင်ကြားနည်း (Pedagogy of the Oppressed) စာအုပ်အဖွင့်တွင် အပြောင်းအလဲနှင့် ပတ်သတ်၍ ဤသို့ဆိုခဲ့သည်။ လူတို့သည် အပြောင်းအလဲကိုလိုလားကြသည်။ သို့သော် အပြောင်းအလဲ ဖြစ်မှာကို တဖန်ကြောက်နေပြန်သည်ဟု ဆိုသည်။ လူတို့သည်လွတ်လပ်မှာကိုကြောက်သည်ဟု ဖော်ပြထား သည်။ ယခု ဒီ/ချုပ် ကြေငြာချက်ကိစ္စတွင်လည်း စစ်အစိုးရဖက်မှ မကြိုက်သူ၊ မပြောင်းလဲချင်သူ အများအပြားရှိနိုင်ပါသည်။ လိုလားသူများလည်း ရှိနိုင်ပါသည်။ ဤသည်မှာ သဘာဝဖြစ်ပါသည်။ အလားတူ မိမိတို့အတိုက်အခံအင်အားစုဖက်တွင် လည်း၊ ထောက်ခံသူရော၊ မထောက်ခံနိုင်သူများပါ ရှိနေနိုင်ပါသည်။ ဤတွင်များစွာဆက်၍စဉ်းစားစရာများပေါ်လာခဲ့ရပါသည်။ ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေကြသော ဒီမိုကရေစီတော်လှန်ရေးသမားများ ကရော အပြောင်းအလဲကို ကြောက်ကြပါသလား ဟူ၍ဖြစ်သည်။ ကျနော်တို့မြန်မာလူမျိုးမျုားတွင် “ထိုင်နေလျှင်အကောင်းသား
ဟူသော စိတ်ဓါတ်သည်များစွာ ဒုက္ခပေးကြောင်း၊ မောင်သစ်ဆင်းက သူ၏“ကြောက်စိတ်နှင့် သင့်ဘ၀ ဆောင်းပါးများ” စာအုပ် တွင်ဖော်ပြခဲ့ဘူးပါသည်။

အလားတူ ကျနော်တို့တော်လှန်ရေးထဲတွင်လည်း အောက်ပါပြောစကားများကို မကြာခဏ ကြားရလေ့ရှိပါသည်။ “ကျနော်က တော့ ရပ်တည်ချက်ခိုင်မာတယ်။ မပြောင်းဘူး။ လက်ရှိအတိုင်းပဲရပ်ခံတယ်။ ရန်သူကဘယ်လောက်တောင့်ခံနိုင်မလဲ။ ကျနော်တို့က ဘယ်လောက်တောင့်ခံနိုင်မလဲ” ဟူ၍ ဖြစ်သည်။ စာဖတ်သူအများလည်း ကြားဖူးကြပေလိမ့်မည်ထင်သည်။ အလားတူ တခုခုလှုပ်ရှားမည်ကြံလျှင် “သွားမလုပ်နဲ့၊ ပိုဖိအားပေးလာလိမ့်မယ်။” ဆိုသော အပြောမျိုးလည်း ကြားဖူးပေ လိမ့်မည်။ အထူးသဖြင့် စွမ်းအားမြှင့်အဖွဲ့ သံရုံးစီးစဉ်ကာလက “ဒုက္ခပါပဲ။ သူတို့လုပ်တာနဲ့တော့ ငါတို့တော့ ထိုင်းနိုင်ငံ ထဲမှာနေရတာ ကျပ်တော့မှာပဲ။” စသဖြင့်ပြောသံများကြားခဲ့ကြသည်။ သူတို့၏အကြမ်းဖက် လုပ်ရပ်ကိုထောက်ခံလို၍ ပြောနေခြင်းမဟုတ်ပါ။ တခုခုဖြစ်လာတိုင်း မိမိတို့နေရေး၊ စားရေးကိုရှေ့တန်းတင် စဉ်းစားလာကာ ဘာမှ မလုပ်ပဲ၊ ပိုနေမြဲ-ကျားနေမြဲနေလိုသော အတွေးအခေါ်များမိမိတို့ တော်လှန်ရေးလှုပ်ရှားမှုအတွင်း ကြီးထွားလာနေကြောင်း ဖော်ပြလိုခြင်းသာ ဖြစ်သည်။ ပုံစံအမျိုးမျိုးဖြင့် ဖော်ပြခြင်းသာကွာမည် ဖြစ်ပါသည်။ မိမိတို့က ပိုနေမြဲ-ကျားနေမြဲအခြေ အနေကို ထိန်းလိုပါက ရန်သူနအဖအစိုးရက ပို၍ ပိုနေမြဲ-ကျားနေမြဲအခြေအနေကို ထိန်းလိုသူဖြစ်သည်။ သူ့တွင် သေနတ်ရှိသည်။ တပ်ရှိသည်။ ထို့အပြင် လက်ရှိနိုင်ငံတော်အာဏာကိုပါ ချုပ်ကိုင်ထားသူဖြစ်ပါသည်။

လူတို့သည် မည့်သည့်အတွက်ကြောင့် အပြောင်းအလဲကို ကြောက်ရပါသနည်း။ အဖြေမျိုးစုံ ဖြစ်နိုင်ပါသည်။ တခါက ပုံပြင် တပုဒ်တွင်ဖတ်ရသည်။ ဗုဒ္ဓ၀င် ဇာတကထဲကဖြစ်မည်ထင်သည်။ အတိအကျတော့ မမှတ်မိတော့။

“တရံရောအခါက ရဟန်းနှစ်ပါးခရီးအတူသွားကြသည်။ သူတို့သည် ကောက်ရိုးနှစ်ထုံးကို အတူတကွ သယ်ဆောင်သွားကြ လေသည်။ နေရာသို့ရောက်သောအခါ မြက်နှစ်ထုံးကို တွေ့ကြရပြန်၏။ ရဟန်းတပါးက ကောက်ရိုးထုံးကိုချ၍ မြက်ထုံးကို သယ်၏။ ကျန်ရဟန်းတပါးကတော့ ယခုကောက်ရိုးထုံးသည် ခရီးဝေးစွာ သယ်ဆောင်လာခဲ့ပြီးဖြစ်သည်။ မစွန့်ပစ်လိုဟုဆိုကာ ကောက်ရိုးထုံးကိုပင်သယ်လေ၏။ ဆက်လက်၍ ခရီးဆက်ကြပြန်သည်။ တနေရာသို့ရောက်လက်သော် ၀ါဂွမ်းထုံးများကိုတွေ့ရ ပြန်လေ၏။ ထိုအခါရဟန်းတပါးက မြက်ထုံးကိုချ၍ ၀ါဂွမ်းထုံးကိုဆက်လက်သယ်ဆောင်၏။ ကောက်ရိုးသယ်လာသော ရဟန်းကမူ ခရီးဝေးမှ သယ်ဆောင်လာခဲ့ပြီ။ သယ်ခဲ့သော ကောက်ရိုးထုံးကိုလည်း သံယောစဉ် ဖြစ်နေပြီဆိုကာ ကောက်ရိုး ထုံးကိုပင်ဆက်လက် သယ်ဆောင်ပြန်၏။“ ဤရဟန်းနှစ်ပါးပုံပြင်သည် ကျနော်တို့အတွက်များစွာသော စဉ်းစားစရာ အချက်အလက်များကို ပေး၏။

ကျနော်တို့ အစဉ်အဆက်လမ်းဟောင်းအတိုင်း တွေးခေါ်ခဲ့ကြသည်။ အစဉ်အလာအတိုင်း လျှောက်ခဲ့ကြသည်။ သယ်ဆောင် လာခဲ့သော အတွေးအခေါ်တောင်းကို သံယောစဉ်တွယ်နေကြသည်။ အတွေးအခေါ်သစ်အတွက် စမ်းသပ်လုပ်ကိုင်ရန် အတွက် မ၀ံ့မရဲရှိ လွန်းကြသည်။ အကြောင်းမှာ လူအများလက်ခံပြီးသော ပုံစံခွက်အတွင်း၌ နေထိုင်ရခြင်းက သက်တောင့် သက်သာရှိပြီး၊ အများက ထူးခြားဝေဖန်ခြင်းလည်း မခံရနိုင်ပါ။ အတွေးအခေါ်အသစ်တရပ်၊ လုပ်ရပ်အသစ်တခု၊ တီထွင် ဆန်းသစ်မှုအသစ်တခုကို လုပ်ပါက အောင်မြင်မည်၊ မအောင်မြင်မည် မသေချာ။ ထိုလုပ်ရပ်အသစ်အနေဖြင့် စမ်းသပ်မှုမပြု လုပ်ရသေး၊ မှားသွားနိုင်သည်ဟု အလွယ်ပင်တွေးကြသည်။ ကောက်ရိုးထုံးကို ဆက်လက် သယ်ဆောင်နေသောရဟန်း ကဲ့သို့ သွားလိုကြသည်။ အပြောင်းအလဲပြုလိုသူကို “သေချင်တဲ့ကျား တောပြောင်း” ဟူ၍ကဲ့ရဲ့ ရှုံ့ချကြသေးသည်။

ဗုဒ္ဓ ကလည်း ဟောဖူးသည်။ ဘ၀ဆိုသည်မှာ သံသရာရဟတ်ခြားသဖွယ် အဖန်ဖန်လည်နေကြရသည်။ လူတို့အနေဖြင့် ကျင်လည်နေသော သံသရာ၌နေထိုင်ရသည့်တိုင်။ လွတ်တမ်းကိုမရှာလို။ သံသရာထဲက ဒုက္ခထဲမှာ ပျော်မွေ့နေသည်ဟု ဟောဖူးပါသည်။ အခြားဘာသာများတွင်လည်း အလားတူဟောပြောချက်မျိုး ရှိပါလိမ့်မည်။

ဘရာဇီးလ်နိုင်ငံသား တွေးခေါ်ပညာရှင် ပေါ်လိုဖရယ်လီကတော့ အောက်ပါအတိုင်း ရှင်းပြပါသည်။ လူအများသည် ယေဘုယျ အားဖြင့် ဘောင်ခတ်ပိုင်းခြားထားသော အသိုင်းအ၀ိုင်းအတွင်း၌ နေထိုင်နေကြရပါသည်။ ဤလူဘောင်ကို လွမ်းမိုးခွင့်ရှိသူများ (တနည်းအားဖြင့်) ဖိနှိပ်နေသူများက လူအများကို ဘောင်ခတ်ပိုင်းခြားမှုအတွင်း ဇွတ်သွတ်သွင်းကြပြီး၊ ဤဘောင်များကို လည်း ကျော်လွှားခွင့် မပြုပါ။ သူတို့၏အာဏာ၊ လုပ်ပိုင်ခွင့်များကို ကာကွယ်နိုင်ရန် အတွက် လူအများ ဤဘောင်များအတွင်း၌ နေထိုင်၍ပျော်နေစေခြင်းမှာ ထင်မှတ်မှားချက် (Myth) များကိုလည်း ဖန်တီးထားတတ်ကြပါသည်။

ထိုအပြင် ဖရယ်ရီက ဆွေးနွေးရာတွင် အဖိနှိပ်ခံအများစုမှာ၊ ဖိနှိပ်သူများကို ကာလကြာရှည်အောင်မှီခိုနေထိုင်လာကြရ သူများ ဖြစ်ပါသည်။ နောက်တနေ့ မိုးလင်းချိန်တွင် ရုတ်တရက် ဖိနှိပ်သူမရှိတော့ဖူး ဆိုပါစို့။ မည်သို့ဆောင်ရွက်ရမှန်း မသိပင် ဖြစ်သွားနိုင်ပါသေးသည်။ ဤအခြေအနေတွင် လူအများက စဉ်းစားလာကြသည်မှာ ဤစနစ်အတွင်း၌ပင် တဆင့်မြင့်ရေး ဖြစ်ပါသည်။ ဤအဆင့်ကိုပြောင်းလဲပစ်ရေး မဟုတ်ပါ။ ပေါ်လိုဖရယ်လီက လူအများ၏ မသိစိတ်အတွင်း အဇ္ဈတ္တစိတ်၌ ဖိနှိပ်သူကိုပင် ပြန်၍မွေးမြူထားပြန်သည်ဟု ဆိုသည်။ သူပြောင်းလဲလိုသော အခြေအနေမှာ သူက ဖိနှိပ်သူပြန်ဖြစ်လိုသော အခြေအနေဖြစ်ပါသည်။ လူအများကို ကျွန်ဘ၀၊ ဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေရေးမဟုတ်ပါ။ သူကိုယ်တိုင်လည်း မလွတ်မြောက်လိုပါ။ အကြောင်းမှာ သူ၏ အတွင်းတွင် မွေးထားသော ဖိနှိပ်သူ၏ပုံရိပ်ကိုပါ ပျောက်ကွယ်သွားမည် စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

ဤဘောင်ခတ်ချည်တုတ်ခံနေရသောအခြေအနေတွင် လူအများကဖနမ်းစားထားသလို ခံစားပျော်မွေ့နေပါသည်။ ကြုံတွေ့ ရသည့်အဖြစ်၊ အခြေအနေကို ကံအကျိုးပေးကြောင့် ဖြစ်ရသည်။ သဘာဝတရားဟု ယူဆနေပါသည်။ အခြားအခြေအနေ ဖြစ်နိုင်ပါသလားဟု မေးခွန်း မထုတ်တော့ပါ။ ဖြစ်နေသည့်အတိုင်းသာ လက်ခံ၍နေလိုက်ပါတော့သည်။ ထိုသူများ၏ အသိစိတ်အတွင်း၌လည်း ထင်မှတ်မှားချက်များနှင့် ပြည့်နှက်နေပါသည်။ ဤသို့ဖြင့် လွတ်လပ်မှာကိုကြောက်ခြင်း၊ ဘာသိဘာသာ အမှုမဲ့ အမှတ်မဲ့နေခြင်း၊ အပြောင်းအလဲကို သံသယဖြစ်ခြင်းတို့ဖြင့် အသားကျ၍ နေပါတော့သည်။

မြန်မာပြည်တွင်းရှိ တနေ့လုပ်မှတနေ့စားရသော ဆင်းရဲသူပြည်သူတဦးကို မေးကြည့်ပါ။ ဤအခြေအနေမှလွတ်မြောက်အောင် တော်လှန်တိုက်ပွဲဝင်ပါတော့လားဟု မေးကြည့်ပါ။

သူကထိုစားနေရသော တနေ့လုပ်စာ လွတ်သွားမည်ကို စိုးရိမ်၍နေပါသည်။ အလားတူ ဒုက္ခသည်စခန်းတွင် ချို့တဲ့စွာနေထိုင်ရ သော ပြည်သူတဦးကလည်း ဤအခြေအနေထက်ပို၍ ပျက်သွားမည်ကို စိုးရိမ်နေပါသည်။ ဤအခြေအနေတွင် ပိုနေမြဲ-ကျား နေမြဲ စိတ်ဓါတ်မှာ ပို၍ပို၍ခိုင်မာ အမြစ်တွယ်လာရပါတော့သည်။

ပေါ်လို ဖရယ်ရီက ဤဘောင်ခတ်ချည်တုတ်ခံနေရသော အခြေအနေမှာလွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် အဆင့်(၃) ဆင့် ကိုဆွေးနွေးပါသည်။ ပထမအဆင့်မှာ ထင်မှတ်မှားချက်များကို လက်ခံနေသောအဆင့်ဖြစ်ပါသည်။ ထိုအဆင့်မှာ စုန်းကဝေမှော်များကိုလက်ခံနေသည်နှင့် ဘာမျှမထူး လူအများက “ဘာကြောင့်လဲ” ဟူ၍ ပြန်လှန် မေးခွန်းမထုတ်၊ နှုတ်ဆိတ်၍ ပြောသမျှနာခံ၊ အခြေအနေကို ပေးသည့်အတိုင်း လက်ခံနေသော အခြေအနေဖြစ်ပါသည်။ ဒုတိယအဆင့်မှာ ထိုးထွင်းသောအသိကိုရလာခြင်း ဖြစ်ပါသည်။ ဤအခြေအနေတွင် ပြဿနာကိုမိမိတဦးတည်းသာ သတိပြုမိလာပါသည်။ တနည်းအားဖြင့် မိမိပုဂ္ဂလိကပြဿနာကိုသာ အလေးမူ မိလာသောအဆင့်ဖြစ်ပါသည်။ ဤအခြေအနေတွင်ပြဿနာ ကြီးသည်ဖြစ်စေ-ငယ်သည်ဖြစ်စေ တိုက်ဆိုင်မှုအဖြစ်သာ သဘောထားနေဦးမည်သာ ဖြစ်ပါသည်။ တတိယအဆင့်မှာတော့ ပြဿနှာများသည် လူတဦးချင်းတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ လူမှု
ပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်လာသော လှုမူရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများနှင့် ဆက်စပ်ရှုမြင်ခြင်း ဖြစ်ပါသည်။ ဤအခြေအနေမှသာ လူအများက အပြောင်းအလဲကို လက်ခံလာပြီး ချုပ်နှောင်ကန့်သတ်ထားသောဘောင်ကို ကျော်၍ စဉ်းစားခြင်းပြုတော့သည်ဟု ဆွေးနွေးခဲ့ပါသည်။

ကျနော်တို့အနေဖြင့် ပေါ်လိုဖရယ်ရီ ဖော်ပြသကဲ့သို့လွတ်လပ်မည်ကို ကြောက်နေပါသလား။ ပြန်၍စဉ်းစားရန်လိုပါသည်။ ကျနော်တို့ အတွင်းစိတ်၌ ဖိနှိပ်သူသေးသေးလေးကို ပြန်၍ မွေးထားပါသလား။ စဉ်းစားစေလိုပါသည်။

တိုးတက်သော အယူအဆများကို လက်ခံရန်အတွက်ကြောက်နေစရာမလိုပါ။ အခြေအနေအပြောင်းအလဲအတွက်လည်း အသင့်ပြင် ထားနိုင်ရန် လိုအပ်ပါလိမ့်မည်။ ခေတ်နှင့်အမျှ အခြေအနေက ပြောင်းနေသည်။ မိမိက ရှေ့ပြေးနိုင်လျှင် မိမိပိုကြီး သော ဝေစုကိုရမည့်ခေတ်ဖြစ်သည်။ ယနေ့ကာလကအလျှင်အမြန် ခေတ်ပြောင်းနေသော ဂလိုဘယ်လိုက်ဇေးရှင်း ကာလ ဖြစ်ပါသည်။ ရောင့်ရဲတင်းတိမ်မှုနှင့် မရတော့ပါ။

လက်ဦးမှုရှိစွာ အတွေးအခေါ်ကိုပါပြောင်းဖို့လိုပါသည်။ ပိုနေမြဲ-ကျာေးနမြဲအတိုင်းစဉ်းစားနေလျှင် ဆက်လက်တိုးတက် ရန်အခွင့်အလမ်းများ ပိတ်နေပါလိမ့်ဥိးမည်။ အပြောင်းအလဲဖြစ်စေလိုလျှင် စွန့်၍လုပ်ရန်လည်း လိုပါလိမ့်ဦးမည်။ ပိုနေမြဲ-ကျားနေမြဲ အခြေအနေပျက်သွားရုံသွားဖြင့် မိမိတို့ ဘာမျှမဆုံးရှုံးနိုင်။ အတွင်းစိတ်မှာ ဖိနှိပ်သူသေးသေးလေးမွေးထားသည်ကို ပြန်၍ဖျက်ဆီးရန်လိုပါလိမ့်ဦးမည်။ မိမိသည်သာ သခင်အဖြစ် မွေးမြူ ပျိုးထောင်ရပါလိမ့်ဦးမည်။ အခွင့်အလမ်းများက ဆီးကြိုနေလိမ့်မည်သာ ဖြစ်သည်။

နောက်ဆုံးကျနော်ထပ်၍ ပြောလိုပါသည်။ ကျနော်တို့က ပိုနေမြဲ-ကျာေးနမြဲအခြေအနေကို ထိန်းသိမ်းမည် ဆိုပါက စစ်အစိုးရ က ပိုနေမြဲ-ကျာေးနမြဲကို ပို၍ထိန်းလိုသူဖြစ်ပါသည်။

အောင်သူငြိမ်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.