ရွက်မွန်စာမျက်နှာ

Wednesday, June 27, 2007

ဒီမိုကရေစီလှိုင်း၊ အရောင်တော်လှန်ရေးနှင့် မြန်မာ့အရေး

လွန်
ခဲ့သောမကြာသေးမီ ကာလများက မြန်မာစစ်အစိုးရက အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များ၊ နိုင်ငံတကာအဖွဲ့ အစည်းများကို ပို၍ တင်းကြပ်ချုပ်ကိုင်လာခဲ့ကည်။ ဤမျှသာမကသေး၊ ပြည်တွင်း၌ စေတနာ့ ၀န်ထမ်းဆောင်ရွက်နေ ကြသော သာရေးနာရေးအသင်းများကိုပါ ပို၍ ကန့်သတ် ထိန်းချုပ်မှုများ လုပ်လာခဲ့သည်။ ဤရလဒ်များကြောင့် မြန်မာနိုင်ငံ အတွင်း ငှက်ဖျား၊ တီဘီနှင့် ခုခံအားကျဆင်းရောဂါ (အေအိုင်ဒီအက်စ်) တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကူညီပေးနေသော ဂလိုဘယ်ဖန်းဒ်အဖွဲ့ ထွက်ခွာသွားခဲ့သည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (ပြင်သစ်) ထွက်ခွာခဲ့ရသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်အာစီ) ၏ ထောင်များအတွင်းအခြေအနေ စစ်ဆေးသော လုပ်ငန်းများသည်လည်း ရပ်တန့်နေရသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ၏ ရန်ကုန်ရုံးသည်လည်း ခြိမ်းခြောက်မှုများခံနေရသည်။ အင်တာနက် ကဖီးများကိုလည်း လိုင်စင်စည်းကြပ်မှု ပို၍ တင်းကျပ်လာခဲ့သည်။ ထိုထက် ပို၍ ဆိုးသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း များကို ကိုယ်ထိ လက်ရောက်နှိပ်ကွပ်လာခြင်းဖြစ်သည်။ မကြာသေးမီက လုံခြုံရေးအရာရှိများက ကိုသက်နိုင်ဦးကို မပြောလောက်သော အကြောင်းပြချက်ဖြင့် လူမဆန်စွာ အသေရိုက်သတ်ခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို လူမိုက်အချို့က ထိုးကြိတ်ရန်စခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ရက်သက်တမ်းထပ်မံတိုးခဲ့ပြန်သည်။ နောက်ဆုံး ရှမ်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ နိုင်ငံရေးအကျဉ်းသား ကိုမြင့်သန်း အကျဉ်းထောင်အတွင်း အသက်ဆုံးရှုံးစေခဲ့ပြန်သည်။ ဤအခြေအနေအားလုံးကို ခြုံ၍ကြည့်ပါက ဒီမိုကရေစီအခွင့်အရေးများနှင့် ဝေးရာကိုဦးတည်နေသည့်နှယ် ဖြစ်နေသည်။ အခွင့်အရေးများ ပို၍ပိတ်ပင်ခံလာရသည်။ သို့သော် ဤသို့သောအခြေအနေမျိုး မြန်မာနိုင်ငံတခုတည်းကွက်၍ ဖြစ်နေသည်ဟု ထင်လျှင် မှားပေလိမ့်မည်။

ရုရှနိုင်ငံတွင်လည်း လွန်ခဲ့သောဇန်ဝါရီလက သမတပူတင်က အငြင်းပွားဖွယ်ဖြစ်သော ဥပဒေတခုကို လက်မှတ်ရေးထိုး ထုတ် ပြန်ခဲ့သည်။ ဤဥပဒေအရ အစိုးရမဟုတ်သောအဲန်ဂျီအိုအဖွဲ့များ၊ ဒေသဆိုင်ရာအဖွဲ့များသည် လှုပ်ရှားမှုများ၊ ရံပုံငွေရရှိမှုများ ကို အစိုးရအားကြိုတင်တင်ပြရန် လိုအပ်သည်။ ထို့အပြင် လွန်ခဲ့သောနှစ်များအတွင်း လွတ်လပ်သောသတင်းမီဒီယာများကို ထိန်းချုပ်မှုများ ချမှတ်ခဲ့သေးသည်။ ရုရှ တနိုင်ငံသာမဟုတ်။ အခြားနိုင်ငံများတွင်လည်း အလားတူအခြေအနေများ ဖြစ်ပေါ် နေခဲ့သည်။ စစ်အေးတိုက်ပွဲ ပြီးစကာလမှနေ၍ တရိပ်ရိပ်တိုးတက်လာခဲ့သော၊ ချဲ့ထွင်စည်ပင်လာခဲ့သော ဒီမိုကရေစီ အခွင့်အရေးများ နောက်ပြန်ဆုပ်ရသည့်နှယ် ဖြစ်လာနေသည်။ အချို့နေရာများတွင် ဤသို့အတိုက်အခံလှုပ်ရှားမှုကို ပြန်၍ နှိမ်နှင်းနေသည်မှာ လူထုများကရွေးကောက်တင်မြောက်ထားသော ဒီမိုကရေစီအစိုးများ ကိုယ်တိုင်ဖြစ်သည်။ ဤသို့ဖြစ် လာရသည်မှာ အမေရိကန်သမတဘုရှ်က ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်မည်ဟု အဓိကထားပြောလာခဲ့သော အချိန် နှင့်တိုက်ဆိုင်နေခဲ့သည်မှာ ပို၍အံ့သြဖွယ်ဖြစ်သည်။

ဒီမိုကရေစီ ဒီရေလှိုင်း ( ၃ ) ခု

ပါမောက္ခဆင်မြူရယ် ဟန်တင်တန်က “တတိယလှိုင်း” ဟူသော စာအုပ်တွင် ဒီမိုကရေစီထွန်းကားမှုကို လှိုင်းများနှယ်တင်စား ၍ လှိုင်း (၃) ခုဟု ခွဲခြားဖော်ပြခဲ့သည်။ ပထမလှိုင်းမှာ ( ၁၈၂၈-၁၉၂၆) ကာလဖြစ်ပြီး၊ ပြင်သစ်တော်လှန်ရေး၊ အမေရိကန် တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သောကာလဖြစ်သည်။ နိုင်ငံပေါင်း (၃၃) ခုကျော်သည် ဒီမိုကရေစီနိုင်ငံများအဖြစ် ကူးပြောင်းဖွံ့ဖြိုး ခဲ့သည်ဟု လေ့လာဖော်ပြခဲ့သည်။ ဒုတိယလှိုင်းမှာ ( ၁၉၄၃-၁၉၆၂) ဟုသတ်မှတ်ပြီး၊ ဒုတိယကမ္ဘာစစ် ပြီးခါစ နိုင်ငံအများ အပြားလွတ်လပ်လာကြသောကာလဖြစ်သည်။ ဤလှိုင်းတွင် နိုင်ငံပေါုင်း (၅၂) ခု ဒီမိုကရေစီဖြစ် လွတ်လပ်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ တတိယလှိုင်းမှာ (၁၉၇၄) တွင် ပေါ်တူကီမှ စတင်လာခဲ့သော ဒီမိုကရေစီလှုပ်ရှားမှုများ ဖြစ်ပြီး၊ အာရှ၊ ဥရောပ၊ အာဖရိကတလွား နိုင်ငံပေါင်း (၆၅) ခု ဒီမိုကရေစီဖြစ်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ စစ်အေးတိုက်ပွဲပြီး ကာလလည်းဖြစ်၍ ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးအယူအဆနှင့်အညီ နိုင်ငံအများအပြားက လွတ်လပ်သောလူမှုအသိုင်းအ၀ိုင်းကို အလွယ်တကူး ကူးပြောင်းလာနိုင်ခဲ့ကြသည်။ ဤလှိုင်း(၃) ခုကြားကာလ တွင်ပင် ဒီမိုကရေစီရေစီးလှိုင်း ပြောင်ပြန်ဖြစ်ရသောကာလများ ရှိခဲ့ပုံကိုလည်း ဟန်တင်တန်ကတော့ ဖော်ပြထားပါသေးသည်။ ရွေးကောက်ပွဲများ၊ လူ့အခွင့်အရေး၊ အမျိုးသမီးများအခွင့်အ
ရေး စသည့်တို့ဆိုသည်မှာ ကမ္ဘာနှင့်အ၀ှမ်း လက်ခံထားသော ယဉ်ကျေးမှု သဖွယ်ဖြစ်လာရသည်။ နောက်ဆုံး ယုံသည်-မယုံသည်ထား၊ (နအဖ) စစ်အစိုးရသည်ပင် ဒီမိုကရေစီစနစ်သို့ ချီတက်နေပါသည်ဟု ပြောလာရသည်။ သို့သော် (၂၀၀၅ ) ခုနှစ် ရောက်လာရသောအခါ တတိယလှိုင်းအားပျော့လာပြီ၊ ဒီရေကျလာပြီလောဟု သုံးသပ်မေးခွန်းထုတ်မှုများ အများအပြားရှိ လာခဲ့သည်။

သမတဘုရှ်က သူ၏နိုင်ငံတော်၏ အခြေအနေမိန့်ခွန်းတွင် ဒီမိုကရေစီထွန်းကားသောရေးကိစ္စနှင့် နိုင်ငံအများ လွတ်လပ်ခွင့် ကိစ္စကို အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးမှုဝါဒအဖြစ် ဖော်ပြပြောခဲ့သည်။ အဖိနှိပ်ခံနေရသော ပြည်သူများနှင့်အတူ အမေရိကန် ပြည်ထောင်စုက ရပ်တည်သွားမည်ဟု သူ၏ လွတ်မြောက်ရေး အစီအစဉ် (Freedom Agenda) ကြေညာခဲ့သည်။ သို့သော် ဤသို့ကြေညာခါမှ နိုင်ငံအများကပို၍ စိတ်မသက်မသာ ဖြစ်လာကြသည်။ အချို့သောအာဏာရှင်နိုင်ငံများက ဒီမိုကရေစီ ဟူသည်မှာ အနောက်တိုင်းအယူအဆသွတ်သွင်းမှုသဖွယ် ပြောဆိုလာကြသည်။ အမေရိကန်နိုင်ငံ၏ ကျုးကျော်စွက်ဖက်ရေး ၀ါဒအတွက် မျက်နှာဖုံးဟု မြင်လာကြသည်။ အမေရိကန်နိုင်ငံကို ကမ္ဘာကြီး၏ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး ကိစ္စများအတွက် ချန်ပီယံ၊ မီးရှုးတန်ဆောင်သဖွယ် မြှင့်တင်ကြွေးကြော်နေခါမှ၊ အိမ်တွင်းနှင့် နိုင်ငံတကာ တွင်ဖြစ်နေသော သူ၏ ကိုယ်တိုင်လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်၊ ဒီမိုကရေစီဲမြှင့်တင်ရေး ကြိုးပမ်းမှုမှာ အယုံအကြည် နည်းနေရသည်။ သမတဘုရှ်၏ “လွတ်မြောက်ရေး အာဂျင်ဒါ”ကို နိုင်ငံအများက “အစိုးရများ ဖြုတ်ချပြောင်းလဲရေး” (Regime change) အတွက် မျက်နှာဖုံးတင်လာသည်ဟု အဓိပ္ပါယ်ဖွင့်ကြသည်။

“အရောင်တော်လှန်ရေးများ”

“အရောင်တော်လှန်လှန်ရေးများ” ဟုခေါ်သော အစိုးရဆန့်ကျင်ရေးလူထုအုံကြွလှုပ်ရှားမှုများကို နိုင်ငံတော်များများတွင် တွေ့ လာရသည်။ အရောင်တော်လှန်ရေးများဆိုသည်က သူတို့နိုင်ငံများ၏ လူထုလှုပ်ရှားမှုများများတွင် အရောင်တူညီ သင်္ကေတပြု ၀တ်ဆင်ကြရမှ ခေါ်ဆိုလာခြင်းဖြစ်သည်။ ( ၂၀၀၃ ) ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံတွင် နှင်းဆီရောင် တော်လှန်ရေး ဖြစ်ကာ၊ လူထုအုံကြွ၍ သမတရှီဗာနာဇေဖြုတ်ချခံခဲ့ရသည်။ အတိုက်အခံခေါင်းဆောင် ရှာခါ့ရှ်ဗီလီက သမတဖြစ်လာခဲ့သည်။ (၂၀၀၄) ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ လိမ္မော်ရောင်တော်လှန်ရေးအုံကြွပေါက်ကွဲပြန်သည်။ ယူကရိန်းအတိုက်အခံခေါင်းဆောင် ယူရှင်ကို က သမတဖြစ်လာခဲ့သည်။ ယခုနှစ်မတ်လတွင်လည်း ခိုက်ဇက်စတန်နိုင်ငံ (Kyrgyzstam) တွင် သမတ အာခါယက်ဖ်ကို ပြည်ပထွက်ပြေးစေရလောက်အောင်ဖြစ်ခဲ့သော သံပုရာတော်လှန်ရေးဖြစ်ခဲ့သေးသည်။ ဥဇဘက်ကစ္စတန်တွင် လူထုအုံကြွမှု များကို အစိုးရကရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သော်လည်း ယခင်ဆိုဗီယက်နိုင်ငံဟောင်းများတွင် အရောင် တော်လှန်ရေးများကို အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီခဲ့သလို၊ ကက်စပီယံပင်လယ်ရှိ ရေနံတင်နေသော သဘောင်္ များကို ကာကွယ်ပေးနိုင်ရန်အတွက် အမေရိကန်ရေတပ်များကိုပင် ပြောင်ပြောင်တင်းတင်းချထားခဲ့သည်။ ဤသို့ အရောင် တော်လှန်ရေးများ ဖြစ်ပေါ်များဖြစ်ပေါ်လာရသည်မှာလည်း အကြောင်းရင်းက သူ့ဖာသာသူခိုင်လုံသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းတွင် ထိုနိုင်ငံအများ၌ ပါတီစုံရွေးကောက်ပွဲများရှိလာသော် လည်း၊ ဒီမိုကရေစီက အမြစ်မတွယ်သေး။ ဒီမိုကရေစီအဖွဲ့အစီးများက မခိုင်မာသေး။ ဈေးကွက်စီးပွားရေးစနစ်ပြောင်းလာပြီဆိုသော်လည်း၊ လူတစုက ချယ်လှယ် လက်ဝါးကြီးအုပ်ထားသော စနစ်ဖြစ်နေသည်။ အစိုးရများကလည်း သံလက်သီးစနစ်ဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေကြ ဆဲဖြစ်သည်။ ဤအခြေအနေတွင် သူတို့၏အစိုးရများကို မကြေနပ်ပုန်ကန်ထကြွကြသည်။ အစိုးရများပြုတ်ကျကုန် ကြရသည်။ ဤလူထုအုံကြွမှုများတွင် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီမှုများ ရှိခဲ့သည်ကလည်း အမှန်။ သို့သော် ဤသို့ဖြစ်လာ နေသောအခင်းအကျင်းတွင် ယခင်စစ်အေးအနာဟောင်းက ပြန်ထလာခဲ့သည်။ ရုရှကို ၀ိုင်းပတ်ပိတ်ဆို့ရေး အတွက်၊ အမေရိကန် လိုလားသောအစိုးရများကို တင်မြှောက်ရေးအတွက် ဒီမိုကရေစီကိုအကြောင်းပြ၍ လှုပ်ရှားမှုများဆင်လာသည်ဟု ယူဆလာကြသည်။

မကြာသေးမီ မေလက တရုပ်နိုင်ငံသမတဟူဂျင်တောင်က တရုပ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသို့ အစီရင်ခံစာ တစောင် တင်သွင်းလာခဲ့သည်။ ထိုအစီရင်ခံစာအမည်ကို“ သေနတ်ယမ်းခိုး မပါပဲ ပြည့်သူ့စစ်ဆင်နွှဲခြင်း။ တရုပ်နိုင်ငံနှင့် ထိစပ် အိမ်နီးချင်းနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့က အရောင်တော်လှန်ရေးများဆင်နွှဲလာမည့်အရေးကို တားဆီးရေးနှင့် တရုပ်နိုင်ငံတွင် အမေရိကန်ပြည်ထောင် စုက အရောင်တော်လှန်ရေးဆင်နွှဲလာမည့်အရေးကို ချေမှုန်းကြ”
( Fighting the People's War Without Gunsmoke- Stop the U.S and Europe From Starting a Color Revolution in Countries Surrounding China and Crush U.S Attempts to Start a Color Revolution in China. ) ဟု အမည်ပေးထား သည်။ ဤအစီရင်ခံစာနောက်ပိုင်းတွင် သတင်းမီဒီယာများကို ထိန်းချုပ်ရန်၊ အတိုက်အခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ များကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်ရန်၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ( အဲန်ဂျီအို ) များကိုတင်းကျပ်ရန် စသည့် အတွင်းစည်း အမိန့်များလည်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဤအစီအရင်ခံစာကို အခြားသောနိုင်ငံများ၏ အစိုးရထံသို့လည်း ဖြန့်ဝေခဲ့သေးသည်ဟု ဆိုသည်။ တရုပ်နိုင်ငံ၏ ထိစပ်အိမ်နီးခြင်းနိုင်ငံဆိုတော့ မြန်မာနိုင်ငံပါဝင်နေသည်။ မြန်မာစစ်အစိုးရ ထံသို့လည်း ဖြန့်ဝေခဲ့သည်ဟု ယုံကြည်နေရသည်။

အာဏာရှင်များ ပြန်ချပြီ။

အာဏာရှင်အစိုးရအများက အရောင်တော်လှန်ရေးများကို ပြောင်ပြောင်တင်းတင်း ဖွင့်ချတိုက်ခိုက်လာသည်။ အမေရိကန် သွေးထိုးချက်ဟု စွပ်စွဲလာကြသည်။ ဥဇဘက်သမတ အစ္စလမ်က ကာရီမော့ဖ်က နိုင်ငံအတွင်းဖောင်ရွက်နေသော အနောက်နိုင်ငံများ၏ ဒီမိုကရေစီ စီမံချက်အားလုံးကို ပိတ်ပစ်လိုက်သည်။ ထို့အပြင် နိုင်ငံအတွင်း ဒီမိုကရေစီအရေး ဆောင်ရွက်နေသော ပြည်တွင်း အဲန်ဂျီအိုများကို တင်းကျပ်ခဲ့သည်။ ဥဇဘက်ကစ္စတန်တွင်ရှိနေသော အဲန်ဂျီအို (၆၀) ရာခိုင်နှုန်းခန့် ပိတ်ပင်ခံရသည့် အထဲပါသွား သည်။ ဘယ်လာရုစ်နိုင်ငံတွင်လည်း သမတ အလက်ဇန်ဒါ လူကာရှင်ကိုက နိုင်ငံရေးဆိုင်ရာ ပြည်ပကူညီမှုများကို ပိတ်ပင်ခဲ့ပြီး၊ နိုင်ငံရေးအတိုက်အခံများနှင့် လွတ်လပ်သောအရပ်ဖက် လူမှုအဖွဲ့အစည်း များကိုလည်း နှိပ်ကွပ်လာသည်။ ( ၂၀၀၃ ) ခုနှစ်မှစ၍ ပြည်တွင်းတွင် နိုင်ငံရပ်ခြားမှလာပေးသော နိုင်ငံအစီအစဉ်များ၊ ပညာပေးလုပ်ငန်းများအားလုံးကို ပိတ်ပင်ခဲ့သည်။ (၂၀၀၅ ) ခုနှစ်တွင်တော့ ပြည်တွင်းရှိအဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံး များဆက်ဆံလိုပါက အစိုးရကို ကြိုတင်အကြောင်းကြား သတိပေးရမည်ဟု အမိန့်ထုတ်ပြန်လာခဲ့သည်။ တာဂျစ်ကစ္စတန်တွင် အစိုးရထိန်းချုပ်ထားသော သတင်းစာဆောင်းပါးများက ယူကရိန်းနှင့် ခရိုင်ဇက်လူထုလှုပ်ရှားမှုများကို အမေရိကန်သွေးထိုးမှု အဖြစ် စွပ်စွဲခဲ့ပြီး၊ ဘယ်လာရုစ်သမတ က ကြံ့ကြံ့ခံနှိပ်ကွပ်မှုကို ချီးကျူးဖော်ပြခဲ့သည်။ အနီးရှိ ကာဇက်စတန်နိုင်ငံတွင်မူ သမတ နာဆူလတန်နာဇာ ဘာယက်ဖ်က အလားတူ နိုင်ငံရပ်ခြားအဖွဲ့များနှင့် ကာဇက်နိုင်ငံရေးအဖွဲ့အစည်းများ ဆက်စပ် ထိတွေ့မှုကို ဥပဒေများ တင်းတင်းကျပ်ကျပ် ထုတ်ပြန်တားဆီးခဲ့သည်။

အလားတူ နောက်ပြန်ဆုတ်ရမှုများက အာဖရိကတိုက်ပွဲတွင်လည်း ဖြစ်လာခဲ့သည်။ ဇင်ဘာဘွေသမတ ရောဘတ်မူဂါဘီက၊ အနောက်နိုင်ငံ အဲန်ဂျီအို အများအပြားကို နှင်ထုတ်ခဲ့ပြီး၊ ပြည်တွင်းရှိ အဖွဲ့အစည်းများကိုလည်း နိုင်ငံခြားမှ အထောက်အပံ့ မရယူနိုင်အောင် တားမြစ်ခဲ့သည်။ ပြည်တွင်းရှိ အဲန်ဂျီအိုများကို အနောက်တိုင်းကိုလိုနီသခင်ကြီးများ၏ လက်ကိုင်ဒုတ်အဖြစ် အစိုးရကို မတည်ငြိမ်အောင် ပြုနေသည်ဟု စွပ်စွဲခဲ့သည်။ ( ၂၀၀၄ )ခုနှစ် ဒီဇင်ဘာလတွင် ဇင်ဘာဘွေပါလီမန်က၊ ပြည်တွင်း အဲန်ဂျီအို များ၊ ပြည်ပနိုင်ငံများထံမှ အကူအညီမရယူစေရန် ဥပဒေပြဌာန်းပိတ်ပင်ခဲ့သည်။ အီတီယိုးပီးယား နိုင်ငံကလည်း အိုင်အာအိုင်၊ အဲန်ဒီအိုင်၊ အိုင်အက်ဖ်အီးအက်စ် စသော အမေရိကန်နိုင်ငံမှ အစိုးရမဟုတ် သောအဖွဲ့များကို ရွေးကောက်ပွဲ မတိုင်မီ မောင်းထုတ်ခဲ့သည်။ ၀န်ကြီးချုပ်ဖြစ်သူ မီးလီးစ် ဇာနာဝီက “နှင်းဆီတော်လှန်ရေးတို့၊ အစိမ်းရောင်တော်လှန်ရေးတို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အီသီရိုးပီးယား ရွေးကောက်ပွဲကာလမှာ ဘာအရောင်တော်လှန်မှ မဖြစ်စေရဘူး” ဟုပင် မိန့်ခွန်းတွင် ထည့်ပြောခဲ့သေးသည်။ အီရီထရီးယားတွင်လည်း၊ လူမအရေးပေါ်ကူညီတောက်ပံ့ရေးကိစ္စများကလွဲ၍၊ ပြည်တွင်း အဲန်ဂျီအိုများက ပြည်ပအကူအညီရယူခွင့်မရှိဟု ပြဌာန်းပိတ်ပင်ခဲ့သေးပြန်သည်။

လက်တင်အမေရိကတွင်လည်း အလားတူ၊ ဗင်နီဇွဲလားသမတ ဟူဂိုချေးဗက်စ်က အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီ မြှင့်တင်ရေးလုပ်ငန်းများကို ရှုံချပြောဆိုခဲ့ပြီး၊ သူ၏ရေနံရောင်းရငွေများကို ဘိုလစ်ဗီးယား၊ အီကွေဒေါ၊ ပီရူးနိုင်ငံများရှိ အမေရိကန် ဆန့်ကျင်ရေးနိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသို့ ထောက်ပံ့ပေးခဲ့သည်။ ဘိုလစ်ဗီးယားတော်လှန်ရေး ကျယ်ပြန့်လာစေရန် ချဲ့ထွင်ရေးဟု ကြွေးကြော်လာခဲ့သည်။

အမေရိကန်နိုင်ငံက ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံပေါင်း ( ၅၀ ) ကျော်သို့၊ ဒီမိုကရေစီ စီမံချက်များ အတွက် အမေရိကန်ဒေါ်လာ သန်း ( ၁၀၀၀ ) ကျော်ကို ထောက်ပံ့နေသော်လည်း၊ ဤအစီအစဉ်များကို အများက သံသယရှိလာနေကြသည်။ ဒီမိုကရေစီမြှင့်တင်ရေးဟု တလွဲမြင်လာကြသည်။ အဆိုးဆုံးမှာ အမေရိကန် ဦးဆောင်ကျူးကျော်ခဲ့သော အီရတ်စစ်ပွဲ နှင့်ယှဉ်၍၊ စစ်ရေးအရ၀င်ရောက်စွက်ဖက်ရေးနှင့် တွဲ၍မြင်လာခြင်းပင်။ အီရတ်စစ်ပွဲ တွင် မပြီးနိုင်၊ မစီးနိုင် ခြေကျွံ နစ်နေရသည်နှင့် အမျှ “လွတ်မြောက် ရေးအာဂျင်ဒါ” ကို လူအများသံသယရှိလာသည်။ စစ်ပွဲ အတွင်းပေါ်ထွက်လာသော လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများ၊ အကျဉ်းသားများကို နှိပ်စက်ညှင်းပမ်းမှုများ၊ ဂွါတာနာမို အကျဉ်းစခန်း၏ တရား
ဝင်မှု-မ၀င်မှု ပြဿနာများကြောင့်၊ အမေရိကန်၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမီးရှုးတန်ဆောင်ဟူသော ဂုဏ်သိက္ခာ ထိခိုက်လာခဲ့ရသည်။ ပြောတမျိုး-လုပ်တမျိုးဟု စွပ်စွဲလာကြသည်။

မြန်မာနိုင်ငံအရေး

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုက ဒီမိုကရေစီ ဒီရေတတိယလှိုင်းအစပိုင်းတွင် အစောဆုံးဖြစ်ပေါ်ခဲ့သည်။ အရှေ့ဥရောပနိုင်ငံ များထက်စောစီးစွာ ဖြစ်ခဲ့သည်။ သို့သော် နိဂုံးမချုပ်နိုင်သေး။ အောင်ပွဲ မခံနိုင်သေး။ အခုတော့ ဒီရေအီနေသော ကာလထဲသို့ တိုင်ရောက်လာခဲ့သည်။ အမေရီကန်နိုင်ငံခြာရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က မြန်မာနိုင်ငံကို အာဏာရှင်စနစ်၏ ရှေ့တန်း ခံကတုတ်စခန်းနိုင်ငံတခု (Outpost of tyranny) ဟုပြောဆိုခဲ့သေးသည်။ သို့သော် ဒီမိုကရေစီထွန်းကားရေးလက်တွေ့ အကူအညီများက ဟုတ်ဟုတ်ငြားငြား ဖြစ်မလာသေး။ လေသာများနေသေးသည်။ ပထ၀ီနိုင်ငံရေးက မြန်မာနိုင်ငံအတွက် အဓိကကျနေ သည်။ အေစီယံနိုင်ငံများက ခေါင်းဆောင်မှုမရှိ၊ မတက်မကြွ။ တရုပ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများတွင်ပါ အရောင်တော်လှန်ရေး အဖြစ်မခံနိုင်ဟု ဆိုလာနေသည်။ အိန္ဒိယကလည်း စစ်အစိုးရနှင့်ပြေလည်ရေးကိုသာ ကြည့်နေသည်။ ဒီမိုကရေစီအရေးထက် ရေနံနှင့်သဘာဝဓါတ်ငွေ့လောင်စာကို ပို၍အလေးထား နေကြသည်။ ထို့အပြင် ဤနိုင်ငံများက ဒေသတွင်း အမေရိကန်ခြေမရှုပ်လာနိုင်စေရေးကို တတ်နိုင်သမျှ ထိန်းလိုနေကြသည်။ မခက်ပါလား။

မြန်မာပြည်သူများ လွတ်လပ်ခွင့်ရသင့်သည်မှာ ကြာပြီ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တာဝန်သိသော အစိုးရတစ်ရပ် စသည် ဖြင့် အခွင့်အရေးများ ရရှိခံစားသင့်သည်မှာ ကြာလှပြီဖြစ်သည်။ လူသားဂုဏ်သိက္ခာနှင့်အညီနေသင့်နေပြီး၊ ဖိနှိပ်မှုများ နာကျင်ရမှုများ၊ မိဘတကွဲသားတကွဲဘ၀များ နိဂုံးချုပ်စေသင့်ပြီ။ ဤဆန္ဒများကို အရောင်တော်လှန်ရေးများ၊ အမေရိကန် သွေးထိုးမှုဟု စွပ်စွဲလာခဲ့လျှင် ခက်ရချေဦးတော့မည်။

အောင်သူငြိမ်း
ဧရာဝတီ အွန်လိုင်း ( ဇွန် ၂၀၀၆ )

အကိုးအကား

1. Reuetrs, Prevented from working, the French section of MSF leaves Myanmar,
March 30, 2006.
2. Thomas Carothers, The Backlash against Democracy Promotion,
3. Samuel P. Huntington, The Third Wave: Democratization in the Late Twentieth
Century, 1993, University of Okalahoma Press.
4. Xinhua, Political advisory system can help China avoid “color revolution”: advisor,
China People's Daily, March 10, 2006.
5. Cheng Yuyang, The Chinese Communist Party pulls Out all the Stops
to Block a “ Color Revolution” in China, Open Magazine, Hong Kong, july 14, 2005.


No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.