ရွက်မွန်စာမျက်နှာ

Wednesday, June 27, 2007

ဓါတ်ဆီဆိုင် ( ၅ ) ဆိုင်

က
မ္ဘာပေါ်တွင် ဓါတ်ဆီဆိုင် (၅) ဆိုင်ရှိသည်ဟူသော သီအိုရီအဆို တခုရှိပါသည်။ ကမ္ဘာကြီးပေါ်တွင် ကျင့်သုံးနေကြသော စီးပွာရေးပုံစံ အမျိုးမျိုးကို ညွှန်းဆို၍ပြောခြင်းဖြစ်ပါသည်။

ပထမဆိုင်က ဂျပန်ဓါတ်ဆီဆိုင်ဖြစ်ပါသည်။ ဓါတ်ဆီတဂါလံကို ( ၅ ) ဒေါ်လာပေးရပါသည်။ ထိုဆိုင်တွင် ယူနီဖောင်းအကျအန ၀တ်ထား သော၊ လက်အိတ်ဖြူများဝတ်ဆင်ထားသော လူလေးဦးက သင့်ကိုဆီးကြိုလိမ့်မည်။ ထိုဝန်ထမ်းလေးဦးသည် တသက်လုံးအလုပ်အာမခံသည်ဟူသော စာချုပ်ဖြင့်အလုပ်လုပ်နေကြသူများလည်း ဖြစ်သည်။ သူတို့က သင့်ကားကို ဓါတ်ဆီ ဖြည့်ပေးလိမ့်မည်။ အင်ဂျင်ဝိုင်လဲပေးလိမ့်မည်။ ကားမှန်များကိုဆေးကြော သုတ်သင်ပေးလိမ့်ဦးမည်။ သင်ဆိုင်ထဲက ထွက်ခွာ သွားသောအခါ သင့်ကိုပြုံး၍လက်ပြနှုတ်ဆက် အရိုအသေပေးကြပါလိမ့်ဦးမည်။

ဒုတိယဆိုင်က အမေရိကန်ဓါတ်ဆီဆိုင်ဖြစ်သည်။ ဓါတ်ဆီကတော့ တဂါလံကို ( ၁ ) ဒေါ်လာသာပေးရပါသည်။ ၀န်ထမ်းများ က ထိုဓါတ်ဆီဆိုင် သင့်ကိုဆီးကြိုမနေပါ။ သင်ကိုယ်တိုင် ကားမှန်သုတ်ရမည်။ ကိုယ်တိုင် ကားဘီးတွေ လေဖြည့်ရမည်။ သင့်ကားထွက်ခွာသွားသော ဆိုင်အနီးအနားတွင်သင့်ကားကို အလစ်သုတ်ရန်စောင့်နေသော အိုးအိမ်မဲ့သူလူ ( ၄ ) ဦးကို တွေ့ရလိမ့်ဦးမည်။ ဤသည်က အမေရိကန်ဓါတ်ဆီ ဆိုင်အကြောင်းဖြစ်ပါသည်။

တတိယဆိုင်က အနောက်ဥရောပဓါတ်ဆီဆိုင်ဖြစ်သည်။ ဓါတ်ဆီကတော့ဈေးမချို။ တဂါလံ ( ၅ ) ဒေါ်လာ ပေးရသည်။ ဆိုင်တွင် တာဝန်ကျဝန်ထမ်း တဦးသာတွေ့ရသည်။ သူကမပြုံးမချိုပဲ သင့်ဓါတ်ဆီဖြည့်ပေးလိမ့်မည်။ အင်ဂျင်ဝိုင်လဲပေး လိမ့်မည်။ သင့်ကိုလည်းထိုဓါတ်ဆီဆိုင်ဝန်ထမ်းက အချိန်တိုင်းသတိပေးပြောကြား နေလိမ့်ဦးမည်။ သူတာဝန်မှာ ဓါတ်ဆီ ဖြည့်ပေးရုံ၊ အင်ဂျင်ဝိုင်လဲပေးရုံမျှသာဖြစ်ကြောင်း၊ ကားမှန် သုတ်ပေးရန် အလုပ်မပါကြောင်း၊ သူ့၏အလုပ်သမားသမဂ္ဂနှင့် စာချုပ်တွင် ဤသည်ကိုအတိအကျဖော်ပြထားကြောင်း၊ ထို့အပြင် တပါတ်ကို ( ၃၅ ) နာရီသာအလုပ်လုပ်ရန်၊ နေ့လည်စာ စားချိန် မိနစ် ( ၉၀ ) အ နားယူရန်ခွင့်ပြုထားကြောင်း၊ ထိုအချိန်တွင် ဓါတ်ဆီဆိုင် ခေတ္တပိတ်မည် ဖြစ်ကြောင်း၊ ထို့အပြင်နွေရာသီ အားလပ်ရက်အဖြစ် ရက်သတ္တ ( ၆ ) ပါတ်သူအနားယူသေးကြောင်း ပြောပြမည်ဖြစ်သည်။ ထိုဓါတ်ဆီဆိုင်
နှင့် မျက်နှာခြင်းဆိုင်ရှိ လမ်းတွင် သူ၏ဦးလေးနှင့် အစ်ကိုတို့ အလုပ်မလုပ်ပဲနားနေကြသည်မှာ (၁၀) နှစ် ကျော်ရှိပြီ ဖြစ်သည်။ အကြောင်းမှာ အလုပ်မလုပ်ပဲနေ၍ ထောက်ပံ့ထားသောအစိုးရ၏ ထောက်ပံ့ကြေးမှာ သူတို့အလုပ်လုပ်လျှင်ရမည့် ၀င်ငွေထက် ပို၍တွက်ချေကိုက်သောကြောင့်ဖြစ်သည်။

နောက်တဆိုင်က ဖွံ့ဖြိုးနိုင်ငံများတွင် ရှိသော ဓါတ်ဆီဆိုင်ဖြစ်သည်။ ဆိုင်တွင်ဝန်ထမ်း ( ၁၅ ) ဦးရှိသည်။ သူတို့အားလုံးက လည်း၊ မောင်နှစ်မများ၊ ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ သင်၏ကားမောင်းဝင်သွားသောအခါ သင့်ကိုမည်သူမျှ ဂရုမစိုက်နိုင်။ အကြောင်းမှာ အချင်းချင်းစကားပြောရင်း အနားမရအောင် အလုပ်များနေသော ကြောင့်ဖြစ်သည်။ ဓါတ်ဆီကတော့ ဈေးချိုသည်။ တဂါလံ (၃၅ ) ဆင့်သာပေးရသည်။ အကြောင်းမှာ အစိုးရကဓါတ်ဆီဈေးချိုသာအောင် ဖြည့်စွက် ထောက်ပံ့ထာေးသာ ကြောင့်ဖြစ်သည်။ သို့သော်လည်း သင်ဝင်သွားသောအခါ ဓါတ်ဆီဆိုင် ( ၆ ) ဆိုင်အနက်၊ တဆိုင်သာ တကယ်ဆီရှိသည်။ တကယ် အလုပ်လုပ်သည်။ ကျန်သောဆိုင်အများစုမှာ ပျက်နေသည်လည်းရှိသည်။ ပြန်လည်ပြင်ဆင်ရန် စက်အစိတ်အပိုင်းကို ဥရောပမှအလာကိုစောင့်နေရ၍ ဓါတ်ဆီတကယ်ပြန်ရောင်းနိုင်ရန် ကြာလိမ့် ဦးမည်။ ဓါတ်ဆီဆိုင်ပိုင်ရှင်ကတော့ ဒီအဖြစ်အပျက်တွေသိမည်မဟုတ်၊ ဥရောပဇူးရစ်တွင်နေရင်း တိုင်းပြည်မှ အ
မြတ်များကို ထုတ်ယူသွားဖို့နည်းလမ်းကို စဉ်းစားနေသည်။ သူ၏ဆိုင်ဝန်ထမ်းများက ကားဝပ်ရှော့ရုံတွင်ညအိပ် ညနေ နေကြသည်ကို သူမသိ။ ဤဓါတ်ဆီဆိုင်တွင် လာသောကားများက ( ၂ ) မျိုးသာရှိသည်။ အကောင်းစားနောက်ဆုံးမိုဒယ် မာစီးဒီးစ်ကားနှင့် အပေါစားစကူတာ ဆိုင်ကယ်များ သာဖြစ်သည်။ သည်ကြားထဲတွင် အခြားအမျိုးအစားကားမရှိ။ သို့သော်ဓါတ်ဆီဆိုင်ကတော့ အမြဲတစေ စည်ကားနေသည်။ အကြောင်းမှာ စက်ဘီးတာယာလေဖြည့်သူများနှင့် စည်ကားအလုပ်ရှုပ်နေသောကြောင့်ဖြစ်သည်။

နောက်ဆုံးဆိုင်ကတော့ ကွန်မြူနစ်ဓါတ်ဆီဆိုင်ဖြစ်သည်။ ဓါတ်ဆီတဂါလံကို( ၅၀ ) ဆင့်ဟုကြော်ငြာဆိုင်းဘုတ်တွင် ရေးထားသော်လည်း တကယ်ဆိုင်မှာ ဓါတ်ဆီမရှိ။ အကြောင်းမှာဆိုင်တွင်အလုပ်လုပ်သော ၀န်ထမ်း ( ၄ ) ဦးက ခိုးကာပြင်ပတွင်ရောင်းစားလိုက်ပြီဖြစ်သော ကြောင့်ဖြစ်သည်။

ပြင်ပမှောင်ခိုဈေးကွက်တွင်တော့ ဓါတ်ဆီတဂါလံကို ( ၅ ) ဒေါ်လာရှိသည်။ ဤဆိုင်တွင် အမှန်တကယ်ခန့်ထားသော ၀န်ထမ်း အစစ်မှာ ( ၁ ) ဦးသာရှိသည်။ သို့သော်ကျန်သော( ၃ ) ဦးမှာဆိုင်နောက်ဖေးဈေးကွက်ကို လာရောက်လုပ်ကိုင်ရင်း ရှယ်ရာ ခွဲဝေယူရန်ရောက်လာကြသူများသာ ဖြစ်သည်။

ဤ ဓါတ်ဆိုင် ( ၅ )ဆိုင်အနက်မည်သည့်ဆိုင်ကို သင်ကြိုက်ပါသနည်း။ ဤသည်မှာ ကမ္ဘာကြီးပေါ်တွင် အမှန်အတိုင်း ဖြစ်ပျက် နေသော အဖြစ်အပျက်ဖြစ်သည်။ ဤဓါတ်ဆီဆိုင်များသည် စီးပွားရေးစနစ်များကို ဥပမာပေးထားခြင်းသာဖြစ်သည်။ မည့်သည့်ဆိုင်ကို ကြိုက်သနည်းဟုမေးလျှင် အမေရိကန်ပုံစံဓါတ်ဆီဆိုင် ကို လူကြိုက်နည်းလိမ့်မည် ဖြစ်သည်။ ဤသည်မှာအကြောင်းရှိပါသည်။ ဂျပန်၊ ဥရောပ၊ ကွန်မြူနစ်နိုင်ငံ များရှိ ဓါတ်ဆီဆိုင်များသည် အလုပ်သမားများအတွက် လူမှုဖူလုံမှုအာမခံချက်၊ အလုပ်အာမခံချက်စာချုပ် ရှိကြသည်။ အမေရိကန်နှင့် များစွာကွာခြားသည်။ ထို့အပြင် ဈေးကွက်အပေါ်အမြင်နှင့်ထိန်းချုပ်ကျင့်သုံးပုံတွင်လည်း များစွာကွာခြားကြသည်။ ထိုနိုင်ငံများက နိုင်ငံတော်၏အခန်းကဏ္ဍက ဈေးကွက်အပေါ်၊ လူထုအပေါ်လွှမ်းမိုးချုပ်ကိုင်ထားသည်ကို သဘောကျသည်။ အမေရိကန်ကတော့ ဈေးကွက်ကို လွတ်လွတ်လပ်လပ် ဖြစ်နိုင်သမျှလွှတ်ထားပေးရေးနှင့် လူတဦးချင်း၏စွမ်းရည်မြှင့်တင်ပေးရေးကို အလေးထားသည်။
ဈေးကွက်က လွတ်လွတ်လပ်လပ် ဖန်တီးလာနိုင်သည်နှင့်အမျှ ထိုပြိုင်ပွဲတွင် ရှုံးသူလည်းရှိလိမ့်မည်၊ နိုင်သူလည်းရှိလိမ့်မည်။ ဤသို့ခံယူသည် ဈေးကွက်အတွင်းထိထိ ရောက်ရောက် ထက်မြက်စွာဆောင်ရွက်နိုင်ရေးကို ဦးစားပေးသည်။ ဤအခြေအနေတွင် နေ့တွင်းချင်း ကျောက်တွင်းရွှေတွင်းအောင်သလိုသန်းကြွယ်သူဌေးများလည်း ရှိလာသကဲ့သို့၊ အိမ်ခြေယာမဲ့လည်း အများအပြားရှိနေသည်။

ကျနော်တို့မြန်မာနိုင်ငံကို မည်ကဲ့သို့ ဓါတ်ဆီဆိုင်မျိုးဖြစ်စေချင်သနည်း။ ဤသည်လည်းစဉ်းစားဖို့ရှိလာသည်။ ယနေ့စစ်အုပ်စု က ဆိုင်အမိုးခွါရောင်းနေသော ဓါတ်ဆီဆိုင်မျိုး မလိုလားဘူးဆိုလျှင် ကျနော်တို့ ဖြစ်စေချင်သော ဓါတ်ဆီဆိုင်ပုံစံတော့ ရှိရလိမ့်မည်။ ကျနော်တို့ ဒီမိုကရက်များကရော မည်ကဲ့သို့ဓါတ်ဆီဆိုင်မျိုးဖြစ်စေချင်ပါသနည်း။ ပုံစံအသစ်တမျိုးဖြစ်သော ဓါတ်ဆီဆိုင်လည်းဖြစ်နိုင်ပါသည်။ ဖြစ်စေချင်သည်နှင့်အညီ အသွင်ပြောင်းကြဖို့လိုသည်။

သို့သော် သတိချပ်ရန်မှာ ယနေ့အခြေအနေတွင်မူ ဓါတ်ဆီဆိုင်အားလုံးကို အမေရိကန်ပုံစံဖြစ်လာစေရန် အတင်းတွန်းပို့ခံ လာရသော အခြေအနေဖြစ်လာပြီဖြစ်သည်။

ထိုသို့တွန်းပို့ နေသူမှာ “ဂလိုဘယ်လိုက်ဇေးရှင်း” ဖြစ်သည်။ မည်သည့် ရည်ရွယ်ချက်ဖြင့်တွန်းပို့နေသည်ဖြစ်စေ၊ မည်သူက ဦးဆောင်ကမကထဲပြု၍ တွန်းပို့နေသည်ဖြစ်စေ၊ နိုင်ငံအတော်များများက အမေရိကန်ဓါတ်ဆီဆိုင်ပုံစံဖြစ်ရန် အပြင်းအထန် ကျိုးစားနေကြရသည်။ ဂလိုဘယ်လိုက်ဇေးရှင်းမှ ဘေးထွက်ကာ မဖွံ့ဖြိုးသောနိုင်ငံမှဓါတ်ဆီဆိုင်တွေလို နေမည်လား။ ဤသည်လည်း ဖြစ်နိုင်သည်။ ဒါက ကျနော်တို့ ရွေးချယ်မှုဖြစ်သည်။

ဂလိုဘယ်လိုက်ဇေးရှင်းထဲဝင်မည်ဆိုလျှင်တော့ အမေရိကန်ပုံစံဓါတ်ဆီဆိုင်မျိုးဖြစ်အောင် အတင်းပြင်ရတော့မည်။ ပြင်ခိုင်းတော့မည်။ လူမှုပြဿနာအများအပြားကြုံရမည်။ ကြွယ်ဝသူတွေလည်း ရှိလာမည်။ မမျှတမှုတွေလည်း ရှိလိမ့်မည်။ အနာခံ၍ ဖြတ်ကြရမည်။ ဒီနာကျင်မှုကို ဘယ်လောက်ကြာကြာဖြတ်ပြီး၊ ချမ်းသာသုခရမှာလဲ။ အဖြေလည်းမရှိ။ မစဉ်းစားပဲ နေ၍မရ။ ဆက်၍စဉ်းစားရတော့မည်။

အောင်သူငြိမ်း

အကိုးအကား
“ The Lexus and Olive tree”, Thomas L. Friedman, April 2000, Anchor books.


No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.