ရွက်မွန်စာမျက်နှာ

Wednesday, June 27, 2007

အခြားရွေးချယ်စရာ လူ့အဖွဲ့အစည်းတခု

“စစ်
အာဏာရှငဖျက်ဖြိုကာအတည်၊
ပြည်သူ့ခေတ်တွင် ဒို့တတွေကျောင်းတက်မည်။
မီးလောင်မြေတစပြင်မှသည်
ထွန်းသစ်တဲ့တက္ကသိုလ် ဒို့တည်ဆောက်မည်။”

နီလည်းနီသည်၊ ချွန်လည်းချွန်သည် အမည်ရသော ကျောင်းသားလှုပ်ရှားမှု သီ ချင်းတပုဒ်ကို ကြားရာမှ ကျနော်အတွေးနယ်ချဲ့ နေမိသည်။ ယခင်ကတော့ ဤသီချင်းကို ကြိုက်သည်၊ ဤမျှလောက်နှင့် အမှုမဲ့အမှတ်မဲ့သာ ထားခဲ့သည်။

သို့သော်စဉ်းစားမိတော့ အတွေးကရှည်လျားလာသည်။ စစ်အာဏာရှင် ဖျက်ဖြိုမပြီးလျှင်၊ ကျောင်းမတက်ကြတော့ဘူးလား။ သည်အတိုင်း တိုက်ပွဲချည်း ဆက်ဝင်ကြမည်လား။ မီးလောင်ပျက်သုဉ်းကုန်မှ တက္ကသိုလ်အသစ်ကိုပြန်ဆောက်၊ ကျောင်း တက်ကြ၊ အသစ်ကို ပြန်စကြမည်လား။ ဤသို့ဆိုလျှင် အလျှင်အမြန်ပြေးနေသော ခေတ်ကြီးတွင် နောက်ကျကျန်ရစ် မနေခဲ့ဘူးလား။ နည်းနည်း အစွန်းမရောက်ဘူးလား။ အဟောင်းရှိနေစဉ်မှာပင်၊ အသစ်က သန္ဓေတည် ဖြစ်ပေါ်နေမနေနိုင် ဘူးလား။ သီချင်းရေးသူက ဤမျှလေးလေးနက်နက်တွေးခဲ့ဘူးချင်မှ တွေးဘူးပါမည်။ သို့သော် ကျနော်ကတော့ တွေးလေ ရှည်လေဖြစ်ရသည်။

ကျနော်တို့ အတိုက်အခံအင်အားစုများက စစ်အာဏာရှင်စနစ်ကို ဖြိုချပြီးမှသာ၊ ဒီမိုကရေစီခေတ်သစ်ကို ရောက်လိမ့်မည်ဟု ယေဘုယျ ယူဆထားကြသည်။ ဤအတိုင်းရေးကြ၊ ဤအတိုင်းပြောကြသည်။ အချို့က ဒီမိုကရေစီနှင့် ဖက်ဆစ်ယှဉ်တွဲ ရပ်တည်၍ မရှင်သန် နိုင်ဟု ပြောခဲ့ကြသေးသည်။ ရုတ်တရက်တွေးကြည့်လျှင်တော့ ဟုတ်သလိုရှိသည် စစ်အာဏာရှင် ရှိနေလျှင် ဖိနှိပ်သူတို့က ဒီမိုကရေစီ အခွင့်အရေးများကို ကန့်သတ် ပိတ်ပင်ကြလိမ့်မည်။ ဒီမိုကရေစီ ပန်းပေါင်းစုံများ မဖူးပွင့်နိုင်အောင် တားဆီးဖျက်စီးကြလိမ့်မည်။ မည်သို့ ဒီမိုကရေစီ အခွင့်အရေးများ ရှင်သန်နိုင်ပါမည်နည်း။ ဤသို့ တွေးစရာဖြစ်လာသည်။

သို့သော် လက်တွေ့အခြေအနေတွင် ဤသို့မဟုတ်ဟု မိမိကမြင်လာသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်အောက်မှာပင် မြန်မာတို့၏ မျိုးချစ်စိတ်က သန္ဓေတည်လာခဲ့သည်။ တို့ဗမာအစည်းအရုံး၊ အမျိုးသားကျောင်းများဖြင့် ပျိုးထောင်ရှင်သန်စေခဲ့ ကြသည် ပင်နီဝတ် ကြသည်။ ၀ံသာနုစိတ်မွေးကြသည်။ ဤသို့ဖြင့် အမျိုးသားနိုင်ငံတော်ကို အိပ်မက်မက် လှုပ်ရှားရုန်းကန် ခဲ့သည်သာဖြစ်သည်။ ကမ္ဘာသမိုင်းနှင့် ဒေသဆိုင်ရာနိုင်ငံများရှိ လူထုများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပြန်ကြည့်သော အခါ တွင်လည်း ရုတ်ချည်း ဒီနေ့ အာဏာရှင်ပြုတ်ကျ၊ မနက်ဖြန် ဥုံဖွ ဆို၍ ဒီမိုကရေစီဖြစ်ခဲ့ကြသည်မဟုတ်။ အဆင့်ဆင့်ပြောင်း လဲခဲ့ကြ ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဆိုလျှင် နှစ်ပေါင်း ( ၃၀ ) ကျော်တရွေ့ရွေ့ချီတက်ခဲ့ကြရသည်။ အခြားသောကိုးရီးယား၊ တိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံများတွင်လည်း အလားတူ။ ယခုအချိန်တိုင်အောင် ပြည့်ပြည့်စုံစုံဒီမိုကရေစီ မဖြစ်နိုင်
ကြသေး။ ချီတက်နေကြရဆဲပင် ဖြစ်သည်။ ဒီမိုကရေစီကိုသွားသည့် ခရီးက ဖြစ်စဉ် ဖြစ်သည်။

တရွေ့ရွေ့ဖြစ်ပေါ်တိုးတက်မှုဖြစ် သည်။ ပညာရှင်များရေးထားသောဖတ်စာများ တွင်လည်း လူမှုစနစ် ဖြစ်ပေါ်တိုးတက် ပေါင်းလဲမှု (social transformation) ကအချိန်ယူ ကြရသည်။ မျိုးဆက်တိုင်ကြာတတ်သည် အကြောင်းမှာ လူအများ၏ ခံယူမှု၊ ယူံကြည်မှု၊ တန်ဖိုးထားမှု စသည်များအားလုံးပြောင်း လဲစေရန်ဖန်တီးကြရသောကြောင့် ဖြစ်သည်။ သို့သော် သေချာသည့်အချက်ကတော့ ဤ အပြောင်းအလဲများဖြစ်ပေါ် ရန်အတွက် ထိုနိုင်ငံများရှိ လူထုများ သွေးနှင့်ချွေးနှင့်ရင်း၍ လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ သံကွန်ချာအောက်မှ စတင်လာသောလူအဖွဲ့အစည်း ဤနေရာတွင် အရှေ့ဥရောပ နိုင်ငံများတွင် ကျင့်သုံးခဲ့ကြသော “အခြားရွေးချယ်စရာ လူ့အဖွဲ့အစည်း” (alternative society) တခုအကြောင်း ပြောချင်လာသည်။ သူတို့သည်လည်း ဆိုဗီယက် သံကွန်ချာအောက် မှာပင် သူတို့လိုလားသော အခြားလူကအဖွဲ့အစည်းအသစ်တခုကို တည်ဆောက်ခဲ့ကြရသည်။ နောက်ဆုံးတော့ ဘာလင်တံတိုင်းပြိုကျပြီးသည့်နောက်တွင် သူတို့၏ လူ့အဖွဲ့အစည်းများ သည်လည်း ပြောင်းလဲလာခဲ့ရတော့သည်။ ဤနေရာတွင် ပြန်စဉ်း စားစရာရှိ လာသည်မှာ ဤနိုင်ငံများရှိ ကျောင်းသားများ အနေဖြင့် လွတ်မြောက်မှ ကျောင်းတက်မည်ဆို၍ စောင့်မနေခဲ့ကြ။ အာဏာရှင် စနစ်အောက်မှာပင် သူတို့လိုချင်သော လွတ်လပ်မှု၊ လူမှုအဖွဲ့အ စည်းများကို တည်ဆောက်ခဲ့ကြသည်။ သူတို့လိုချင်သောကျောင်း၊ သူတို့လိုချင်သော တက္ကသိုလ်ကို ဖန်တီးသင်ယူခဲ့ကြသည်။ ဆင်ဆာတည်းဖြတ်မှု တင်းတင်းကြပ်ကြပ်ကြားမှာပင် သူတို့ဖတ်ချင်သော သတင်းစာကို သူတို့ ထုတ်ဝေခဲ့ ကြသည်။ သူတို့ဖတ်ချင်သော စာကို သူတို့ထုတ်ဝေဖြန့်ချိခဲ့ကြသည်။ ထိုသူများက တတ်နိုင်သမျှအစိုးရနှင့် ဦးဆောင် နေသော ပါတီကိအားမကိုး။ မိမိကိုယ်ကို အားကိုးနိုင်ရန်ကြိုးပမ်း ကြသည်။ ဤလှုပ်ရှားမှုများက သေးလျှင်သေး ငယ်မည်။ အရာ ရောက်ချင်မှ ရောက်မည်။ သို့သော် ဤလှုပ်ရှားမှုများဖြင့် သူတို့၏ ဘ၀အတွင်း လွတ်လပ်သောတနေရာကို ဖန်တီးထားနိုင်ခဲ့ကြသည်။ ဤသို့ဆိုလျှင် အာဏာရှင်စနစ်အောက်မှာ ဒီမိုကရေစီမရှိနိုင်ဟူသော အယူအဆမှားနေပြီဟူ၍ စဉ်းစားစရာဖြစ်လာသည်။ သူတို့၏ အတွေ့အကြုံအရ အာဏာရှင်စနစ် အောက်မှာပင် လွတ်လပ်မှုကို သန္ဓေတည်ထား နိုင်ခဲ့ကြသည်။ မွေးမြူယူခဲ့ကြသည်။ ပေါင်းသင်ရေလောင်း ပျိုးထောင်ခဲ့ကြသည်။ သူတို့လိုချင်သော ဒီမိုကရေစီ၊ သူတို့ လိုချင်လူအဖွဲ့အစည်းကို ဖန်တီးထားနိုင်ခဲ့ကြသည်။

ပိုလန်နိုင်ငံ၏ သွေးစည်းညီညွှတ်ရေးအလုပ်သမားသမဂ္ဂ ( ဆော်လစ်ဒဲရတီ ) နှင့်အခြား သောသူတို့၏ လှုပ်ရှားမှုများ အကြောင်းကို တချိန်ကမြေအောက်သတင်းစာထုတ်ဝေ၍ လှုပ်ရှားမှုများအကြောင်းကို တချိန်က မြေအောက်သတင်းစာ ထုတ်ဝေ၍ လှုပ်ရှားတက်ကြွစွာ ဆောင်ရွက်ခဲ့သော ကွန်စတန်တီဂီးလ်ဘတ်က ပြန်လည်ရှင်းပြဖူးသည်။ သူတို့က
“အခြားရွေးချယ်စရာ လူ့အဖွဲ့အစည်း” (alternative society) တခုကို စဉ်းစားခဲ့ကြသည်မှာ သူတို့နိုင်ငံ၏ အခြေအနေ အရဖြစ်သည်ဟုဆိုသည်။ သူတို့က အကြမ်းဖက်၍ မဖြစ်နိုင်။ ဆိုဗီယက်ရုရှားက အချိန်မရွေး ၀င်ရောက်ချေမှုန်း နိုင်သည်။ ပြေးစရာနယ်စပ်မရှိ။ သူတို့နယ်စပ်များကို သံကွန်ချာတံတိုင်းဖြင့် ပိုင်းခြားခတ်ထားသည်။ သူတို့အနေဖြင့် ကွန်မြူနစ် အစိုးရဖြုတ်ချရေးတောင်းဆို၍ မဖြစ်နိုင်။ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ဆိုသည်မှာ လေသံဟ၍ပင်မဖြစ်။ အကြောင်းမှာ ဤအယူအဆကိုယ်၌က နိုင်ငံတော်က လက်ခံထားသော ဆိုရှယ်လစ်အတွေးအခေါ်နှင့် ပြဒါးတလမ်းသံတလမ်း ဖြစ်နေသည်။ သူတို့တတွေ ပြည်သူ့ရန်သူတွေ ဖြစ်သွားနိုင်သည်။ လုပ်အားပေးစခန်းများ ရောက်သွားနိုင်သည်။ ထိုနိုင်ငံများရှိ လူထုများအုံ့ကြွဆန့်ကျင်ဘူးကြသည်။ ( ၁၉၅၆ ) တွင်တကြိမ်၊ လက်နက်နှင့် ဖိနှိပ်ခံခဲ့ရသည်။ ထောင်ပေါင်းများစွာအသတ်ခံရ၊ ထောင်ချခံခဲ့ရသည်။ ( ၁၉၇၀ )ခုနှစ်များတွင် အလုပ်သမားဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ခဲ့ဘူးသည်။ ချေမှုန်းခံရပြန်သည်။ ဤသို့ဖြင့် သူတို့အတိုက်အခံအင်အားစုများအကြား ပြန်ဆန်းစစ်ကြသည်ဟု ကွန်စတန်တီဂီးလ်ဘတ်က ပြောသည်။ တဖက်မှာလည်း ပိုလန်ရှိ ကွန်မြူနစ်အစိုးရက အနည်းငယ်ပွင့်လင်းသေးသည်ဟု ယူဆနိုင်သည်။ အစိုးရကပညာတတ်များ၊ အတိုက်အခံများ၊ ကော်ဖီဆိုင်မှာထိုင်ပြီး ပြောနေတာမျှနှင့်တော့ အစိုးရကိုမခြိမ်းခြောက်နိုင်ပါဘူးဟု ယူဆခွင့်ပြုထားသေး သည်။ နိုင်ငံတကာအသံကို အနည်းငယ်နားထောင်သေးသည်။ ဤအခြေအနေက သူတို့အတွက် လူပ်သာလှည့်သာ သည်ဟု ဆိုနိုင်သည်။

ကျုပ်တို့ရဲ့ လွတ်မြောက်မှုကို ကျုပ်တို့ ကိုယ်တိုင်ပဲ စတင်ရမည်။ ထိုသို့မဟာဗျူဟာ ထု ဆစ်သူများကြားတွင် ထင်ရှားသူမှာ လက်စ်ဇက် ကိုလာကော့စကီး ( Lesezek Kolakowski ) ၊ ယဲဆက် ကူရွန် ( Jacek Kuron ) နှင့် အဒမ်မီချနစ် ( Adam Michnik) တို့ဖြစ်သည်။ ကိုလာကော့စကီးက ၀ါဆောတက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး၊ ( ၁၉၆၈ ) ခုနှစ် တွင် တက္ကသိုလ်တွင်း မှရော၊ ပါတီမှပါ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ နောက်ပိုင်း ပြည်ပြေး ဖြစ်ခဲ့ရသူ ဖြစ်သည်။ ယဲဆက်ကူရွန်က ( ၁၉၅၆ ) ခုနှစ်တွင် ၀ါဆောတက္ကသိုလ်တွင် ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်ခဲ့ပြီး၊ ပါတီကိုဝေဖန်မှုကြောင့် ( ၁၉၆၅ ) ခုနှစ်တွင် အဖမ်း ခံရသည်။ မီချနစ်သည် ကူရွန်၏ အပျော်ထမ်း ကင်းထောက်တပ်ဖွဲ့ဝင်တဦး ဖြစ်ခဲ့ပြီး၊ အထက်တန်းကျောင်းသားဘ၀တွင် ကူရွန်နှင့် မိုဖယ်လျူးစကီးတို့၏ “အိတ်ဖွင့်ပေးစာ” များကို ဖြန့်ဝေမှုဖြင့် အဖမ်းခံခဲ့ရသည်။ ( ၁၉၆၈ ) ခုနှစ်တွင် ၀ါဆော တက္ကသိုလ်တွင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့ပြီး၊ ထောင်ချ ခံခဲ့ရသူဖြစ်သည်။

(၁၉၇၀) အလယ်ပိုင်းနှင့် အစောပိုင်းကာလများတွင်ထုတ်ဝေသော ပြည်ပရောက်စာစောင်များနှင့် မြေအောက်ဂျာနယ်များတွင် ပါဝင်သော ဆောင်ပါးများတွင် ထိုပုဂ္ဂိုလ်များသည် ၎င်းတို့လှုပ်ရှားမှု၏ အမှားများကို ဆန်းစစ်ခဲ့ကြသည်။ ဤဖိနှိပ်မှုများကို မည်သို့မည်ပုံ ဆန့်ကျင်ကြမည်နည်းဆိုသောအချက်ကို မေးခွန်းထုတ်ခဲ့ကြသည်။ အာဏာရှင်အစိုးရကို ဖြုတ်ချရန် ကြိုးစားခြင်း ဖြစ်သည်၊ စိတ်ကူးယဉ်ဆန်မှု၊ မဖြစ်နိုင်သောလုပ်ရပ် တခုတော့မဟုတ်မဟုတ်၊ မိချနစ်က မှတ်ချက်ချခဲ့သည်။ သို့သော် ဆိုဗီယက်ပြည်ထောင်စုရန်က ရှိနေသည်။ ဟန်ဂေရီနှင့် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကဲ့သို့ အရေးတွင်ကြားဝင် စွက်ဖက်လာ နိုင် သည်။ တော်လှန်ရေးမြေအောက်လုပ်ငန်းများသည်လည်း ရဲတပ်ဖွဲ့များအတွက်သာအကျိုးပြုစေလိမ့်မည်။ လူထုအား ပို၍ စိတ်ခြောက်ခြားစေပြီး၊ ရဲတပ်ဖွဲ့များအား ရန်စသလို ဖြစ်စေလိမ့်မည်။ ကွန်မြူနစ်များသည် ၎င်းတို့၏ ထောက်ခံသူများအတွင်း တိတ်တဆိတ်သပ်လျှိုလာသော အတိုက်အခံများကို ချေမှုန်းပစ်လိမ့်မည်။ အကယ်၍ အောင်မြင်ပါကလည်း အင်အား အကြမ်းပတမ်းသုံး၍ အောင်မြင်ရခြင်းကြောင့်၊ တရားသေအစိုးရတခုကို နောက်ထပ် တရားသေအစိုးရတခုဖြင့် အစားထိုး သည့်နှယ်သာ ရှိလိမ့်မည်။ “လက်ရှိရှိနေတဲ့ ဘာစတီးလ် အကျဉ်းထောင်တွေကို အင်အားသုံးပြီး ဖြိုခွင်းမည်ဆိုပါက မိမိတို့အနေဖြင့် အမှုမဲ့အမှတ်မဲ့ နောက်ထပ်ဘာစတီးလ် အကျဉ်းထောင်အသစ်များကို တည်ဆောက်မိသားဖြစ်
နေလိမ့်မည်။” ဟုမှတ်ချက်ချခဲ့သည်။

အာဏာရှင်များ၏ စိတ်ကောင်းစေတနာ ရှိမှုကို မျှော်သည့် တဖြည်းဖြည်းပြောင်းလဲမည့် ပြုပြင်ပြောင်းလဲရေးဝါဒသည် အချည်းနှီးဖြစ်ခဲ့သလို၊ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသည်လည်း လမ်းဆုံးပိတ်နေသော လုပ်ရပ်တခုလို ဖြစ်နေခဲ့သည်။ သို့သော် ကိုလာ ကော့စကီး၊ ကူရွန်နှင့် မိချနစ်တို့က အခြားနည်းလမ်းတခုခုတော့ရှိရမည်ဟု ယုံကြည်နေခဲ့သည်။ အစိုးရ ကို ပြောင်းလဲစေမည့်အစား အစိုးရ၏ အတိုက်အခံအင်အားစုများသည် ပိုလန်နိုင်ငံ၏ လူမှုဘ၀ကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု မြင်ကြသည်။ ပါတီချုပ်ကိုင်မှု၏ အပြင်ဘက်မှ နိုင်ငံသားများမှ လွတ်လပ်စွာဦးဆောင်ဦးရွက်ပြုမှုများ၊ ပြည်သူများမှ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းနမူနာများသည် “နိုင်ငံတော်၏ လက်ဝါးကြီးအုပ်မှုများကို စိန်ခေါ်နေခြင်းသာ
ဖြစ်သည်ဟု ကူရွန်ကကြေညာခဲ့သည်။ အတိုက်အခံပညာတတ်များ၏ လက်ငင်း တာဝန် သည် “လွတ်လပ်သူများ၏ စစ်မှန်သောနေ့စဉ်ဘ၀ပတ်ဝန်းကျင်” တည်ဆောက်ရန် ဖြစ် သည်ဟု မိချနစ်က ရေးသားခဲ့သည်။

သူတို့တင်ပြချက်တွင် ထူးခြားသည်က၊ ပိုလန်နိုင်ငံသားများအတွက် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုလမ်းကိုလျှောက်လှမ်းဖို့ ရည်မှန်းကာမှ၊နိုင်ငံရေးနှင့်ကင်းကွာ၍ ဆောင်ရွက်၊ လုပ်ငန်းစရမည်ကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် ဤနည်းလမ်းသည်သာ လူထုအပါခေါ်နိုင်သော၊ အဖြစ်နိုင်ဆုံးသော လမ်းဖြစ်နေခဲ့သည်။ “ကျုပ်တို့ရဲ့ လွတ်မြောက်မှု ကို ကျုပ်တို့ပဲ စတင်ရမယ်” ဟု မိချနစ်က ကြွေးကြော်ခဲ့သည်။ ဤနည်းများမှာ အဆန်းတော့မဟုတ်။ လွန်ခဲ့သောနှစ်ပေါင်း (၆၀) က အိန္ဒိယနိုင်ငံရှိ ဂန္ဒီကြီး၏ အတွေးအခေါ်များကို အတုယူခဲ့ခြင်း ဖြစ်သည်။ ဂန္ဒီ၏ မဟာဗျုဟာမှ ရတ နာ (၂) လုံးငှား ယူခဲ့သည်။ တခုမှာ အကြမ်းဖက်မှုကို ပယ်ချခြင်းနှင့် နောက်တခုမှာကိုယ် ကိုကိုယ်တာဝန်ယူတတ်များအဖြစ် အလေ့အကျင့် များတိုးပွားလာစေရန်၊ ပုဂ္ဂလိကလုပ်ငန်းများ စတင်လုပ်ဆောင်စေခြင်းပင်ဖြစ်သည်။

“လူ့အဖွဲ့အစည်းအား စုစည်းခြင်းသည် အာဏာစွမ်းအားတခု ဖြစ်သည်” ဟု ကူရွန်က ဖော်ပြခဲ့သည်။

(၁၉၇၀) ခုနှစ်တွင် အလုပ်သမားတွေအုံကြွပြီး ပါတီဌာနချုပ်ရုံးတခုကို မီးတင်ရှို့ခဲ့ ကြသည်။ ဤနေရာတွင်ကူရွန်က သူ၏ အတွေးအခေါ်ကို ထင်ဟပ်၍ပြောခဲ့သည်။ “ခင်ဗျားတို့ သူတို့ပါတီရုံးကို မီးတင်ရှို့ဖို့မလိုဘူး။ ခင်ဗျားတို့ဖာသာ ဒီပါတီရုံး အစား၊ ကိုယ့်ဘာသာ အသစ်တခုပြန်တည်ဆောက်ကြပါ” ဟုပြောခဲ့သည်။ သူတို့ဆောင်ရွက်ကြပုံက တတ်နိုင်သမျှ အစိုးရနှင့် ပါတီထိန်းချုပ်မှုကင်းလွတ်သောနေရာတိုင်းတွင် မိမိ၏စုစည်းမှု၊ အင်အားကိုချဲ့ထွင်ခြင်းဖြစ်သည်။ တတ်နိုင်သမျှ မိမိအားကို မိမိကိုးသည်။ အစိုးရကို အားကိုးရန် တတ်နိုင်သမျှရှောင်သည်။ သူတို့က သပိတ်အပြီး အဖမ်းခံရသောအလုပ်သမားများ၊ သူတို့
၏ မိသားစုများကို ကြည့်ရှုစောက်ရှောက်ရန်အတွက် သူတို့ကော်မတီ တခုဖွဲ့၊ ငွေကောက်ခံ ထောက်ပံ့ကြပြီး သူတို့၏ လုပ်ငန်း ကို စတင်ခဲ့သည်။ ဤရံပုံငွေထောက်ပံ့ပေးရေးကော်မတီများကို ပိုလန်ဘာသာအားဖြင့် ကေအိုအာ (KOR) ခေါ်သည်။ သူတို့ က ပိုက်ဆံ ကောက်ရင်း၊ ဆေးဝါး၊ အမှုကိစ္စတွေကို ဥပဒေကြောင်းအရ ကူညီမှုတွေ လုပ်ရင်း၊ ပြည်သူလူထုတွေကို ဥပဒေ ကြောင်းအရ ကူညီမှုတွေ လုပ်ရင်း၊ ပြည်သူလူထုတွေကို မည်သို့စည်းရုံးရမည်ကို နည်းလမ်းအသစ်တွေ တွေ့လာကြသည်။

ပိုလန်တွင် အစိုးရက ထိန်းချုပ်ထားသော မီဒီယာများကို လွန်ဆန်၍ လွတ်လပ်သော သတင်း မီဒီယာတွေကို သူတို့ဘာသာ တည်ထောင်ကြသည်။ မြေအောက် သတင်းစာများကို ထုတ်ဝေဖြန့်ချိသည်။ ပိုးသားဇကာဖြင့် ပုံနှိပ်ပြုလုပ်သောနည်းကို သုံး၍ သတင်းစာထုတ်ခဲ့ကြသည်။ ဤသို့ဖြင့် မြေအောက်သတင်းစာများ မိုလိုပေါက်အောင် ထွက်လာခဲ့သည်။ စာအုပ်များလည်း ထုတ်ကြသည်။ ဤစာစောင်များကို စာမစ်ဒက်များ (samizadat) ဟုခေါ်သည်။ ( ၁၉၈၀ ) ခုနှစ် ပိုလန်အစိုးရ၏ ခန့်မှန်းချက် အရ မြေအောက်သတင်းစာဖတ်သူပေါင်း လူ ( ၄ ) သန်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ (ထိုအချိန်တွင် ပိုလန်နိုင်ငံ လူဦးရေ
က သန်း ၄၀ ရှိသည်။) နောက်ပိုင်းတွင် လွတ်လပ်သော အသံလွှင့်ဌာနများပါ တည်ထောင်ခဲ့ကြသည်။

ပိုလန်နိုင်ငံတွင် အနည်းငယ်ကံကောင်းသည်က အနည်းငယ်လွတ်လပ်စွာ ရပ်တည်နိုင်သော ကက်သလစ်ဘုရားကျောင်း ချပ်ခ်ျ များရှိသည်။ လူများက ဘုရားကျောင်း ချပ်ခ်ျ ကျောင်းတွေမှာ စုဝေးပြီး၊ ပြောဆိုဆွေးနွေးနိုင်ကြသည်။ စုစည်းနိုင်ကြ သည်။ ဘုရားကြောင်းများကလည်း ကူညီကြသည်။ ထို့အပြင် အမြင့်ပျံ တက္ကသိုလ်များ (Flying University) ခေါ်သော မြေအောက်ပညာသင်ကြားရေးစနစ်ကိုလည်း တီထွင်ခဲ့ကြသည်။
ဆရာများ၊ ပါမောက္ခများက လိုအပ်သော သင်ရိုးညွှန်းတမ်း စာအုပ်စာတန်းများကို ပြင်ဆင်ပေးခဲ့ကြသည်။ ထိုတက္ကသိုလ်များ က တရားဝင်တက္ကသိုလ်ကြီးများကဲ့သို့မဟုတ်၊ အပါတ်မင့် အခန်းကျဉ်းများတွင် သင်ကြသည်။ တကယ့်တက္ကသိုလ် ဆရာ များကပင် ကျောင်းတွင် သင်နေရသော သင်ခန်းစာများနှင့် ကွဲလွဲ၍ သင်ပေးကြသည်။ လူငယ်များကို သမိုင်းအမှန်သင် ပေးကြသည်။ သူတို့ယုံကြည်သည်များကို သင်ကြားပေးကြသည်။ ကျောင်းတွင် သင်ကြားရသည်ကတော့ အစိုးရခွင့်ပြု ထားသော၊ ပြဌာန်ထာသော ၀ါဒဖြန့်ချက်များသာ ဖြစ်သည်။ ဤလွတ်လပ်သော အမြင့်ပျံကျောင်းများတွင် အစိုးရဖော်ပြထား သော ကိန်းဂဏန်းများနှင့် ကွဲလွဲသည့်စီးပွာေးရး ဝေဖန်ချက်များကို သင်ကြားကြရသည်။ နိုင်ငံ၏ သဘာဝပါတ်ဝန်းကျင် အခြေ အနေကို သင်ကြားလေ့လာကြရသည်။

သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုများက လူစိတ်ဝင်စားပြီး၊ များစွာအောင်မြင်မှုရသည်ဟုဆို သည်။ ထို့အပြင် နောက်ပိုင်းတွင် ပညာရှင်များ၊ အနုပညာရှင်များကလည်း သူတို့မယုံ ကြည်ရသောကိစ္စကို မလုပ်တော့၊ မပြောတော့။ အနုပညာရှင်များက အစိုးရရုပ်မြင်သံ ကြားတွင် သရုပ်ဆောင်နေမှုကို ရပ်လိုက်ကြသည်။ ဤမျှသာမက၊ အစိုးရကကျင်းပသော ရွေးကောက်ပွဲ များကိုလည်း၊ မဲရုံများရှေ့တွင် တိတ်တဆိတ် စောင့်ကြည့်လေ့လာ၍ အခြေအနေမှန်ကို တင်ပြခဲ့သည်။ အစိုးရထောက်ပြ သော စာရင်းဇယားများက မမှန်ကြောင်း ထောက်ပြခဲ့သည်။

သူတို့စတင်ဖန်တီးသော ပုဂ္ဂလိကလွတ်လပ်မှုမယ်ပယ်က ကျဉ်းကျဉ်း၊ နောက်တော့ကျယ်လာသည်။ အစိုးရက တိုင်းပြည် အုပ်ချုပ်ထားသောအာဏာရှိ၍၊ နိုင်ငံတခုလုံးတွင် သြဇာလွှမ်းမိုးမှုက သွေးစည်းညီညွတ်ရေးသမဂ္ဂ(ဆော်လစ်ဒဲရတီ) ထံတွင် ရောက်လာခဲ့သည်။

“အရေးကြီးတဲ့ အချက်ကတော့ ပိုလန်နိုင်ငံပြည်သူတွေ၊ သွေးစည်းညီညွတ်ရေးသမဂ္ဂရဲ့ အန္တိမရည်မှန်းချက်က အာဏာသိမ်း ရေး မဟုတ်ပါဘူး။ စစ်အာဏာရှင် စံနစ်အောက်က အာဏာတွေကို ဖယ်ရှားပြီး၊ ပိုမိုကောင်းမွန်တဲ့ လူမှုဘ၀တွေကို ထူထောင် ဖို့ကိုသာလိုလားတာ ဖြစ်ပါတယ်။ အဓိကရည်မှန်းချက်ကတော့ ဒီနေ့ကိစ္စတွေကို ဘယ်လိုကောင်းအောင်လုပ်မလဲဆို တာကို စဉ်းစားပြီး၊ မနက်ဖြန်မှာ အတွက်ကောင်းလာမယ်ဆိုတဲ့ ကတိက၀တ်တွေကို မစဉ်းစားပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။” လို့ကွန်စတန်တီ ဂီးလ်ဘတ်ကပြန် ပြောပြပါတယ်။

ပိုလန်ပြည်သူတွေရဲ့အင်အားက အစိုးရနဲ့ ထိပ်တိုက်တွေ့မှုကနေ ရလာတာမဟုတ်ပါဘူး။ အစိုးရထိန်းချုပ်မှု ပြင်ပမှာရှိတဲ့ အခြားနယ်ပယ်အသီးသီးကို အင်အားကောင်း၊ ကြီးထွားလာအောင်လုပ်ပြီး ရလာတာပါ။ လူထုအခြေပြု လူမှုအဖွဲ့အစည်း တွေကို အားကောင်းလာ အောင် ဆောင်ရွက်ခြင်းဖြင့်ရလာတာပါ။ လူထုကိုအောင်ပွဲခံစိတ်ဓါတ်ရလာအောင်လုပ်ဖို့ အရေးကြီး ပါတယ်။ အသေးအဖွဲလေးတွေ ကိစ္စများကတဆင့် လူထုများဟာ သူတို့ဘာသာ သူတို့အားကိုးနိုင်ကြောင်း စိတ်ဓါတ်ရရှိလာဖို့ လိုပါတယ်။ ” လို့ကွန်စတန်တီ ဂီးလ်ဘတ်က ပြန်ပြောပြသည်။ များများမပြောင်းလဲနိုင်လျှင်တောင်မှ၊ နည်းနည်းပြောင်းအောင် လုပ်နိုင် သည်။ ဥပမာ-ကလေးများ၏ ပညာရေးစနစ်ကို တစုံလုံးပြောင်းရန် မဖြစ်နိုင်။ သို့သော် မိဘဆရာ အသင်းအစည်း အဝေးပွဲများမှတဆင့် ကလေးများကို ပိုမိုလွတ်လပ်သော အချိန် များရလာစေရန် ဖန်တီးပေးနိုင်သည်။ ကျောင်းစာအပြီးမှာ၊ မိမိဘာသာ လေ့လာနိုင်မည့် လွတ်လပ်ချိန် (Open hours) များများရအောင်လောက်တော့ လုပ်ပေးနိုင်သေးသည်။ အောင်ပွဲကြီးရလဒ်ထက် ဖြစ်နိုင်ချေရှိသော အဆင့်ငယ်လေးများတွင် အောင်မြင်မှုများရစေရန် ပို၍အဓိကထား လုပ်ဆောင် ပေးခဲ့ကြသည်။

နောက်ပိုင်း ဆိုဗီယက်ယူနီယံတွင် ဂေါ်ဗာချော့ လက်ထက်ရောက်သောအခါ အပြောင်းအလဲများဖြစ်လာခဲ့သည်။ ဤအချိန် တွင် ပိုလန်နိုင်ငံက ပြောင်းလဲရန် အဆင့်သင့်ပိုဖြစ်နေခဲ့ပြီ။ မြေအောက်တွင်လူတသောင်းခန့် ဖက်ပေါင်းစုံအဆင်သင့်၊ ပြင်ဆင်ပြီး ရှိနေပြီ။ ထိုမျှသာမက ဤသူများက လူထုကိုကိုယ်စားပြုပြီးသား လူများလည်းဖြစ်ကြသည်။ အဆင်သင့်ဖြစ်နေ သော လူမှုအဆောက်အဦ အသေးလေးတွေလည်းရှိနေခဲ့ပြီ။ လွတ်လပ် သောသတင်းမီဒီယာများကလည်း တရားဝင်ခွင့် မပြုရခင်ကပင် လေ့ကျင့်ပြီး၊ ဖွံ့ဖြိုးပြီးသား ဖြစ်နေသည်။ ဤသို့ဖြင့် ပိုလန်နိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းကြသည့် အရှေ့ ဥရောပနိုင်ငံများတွင် ဦးဆုံးဖြစ်ခဲ့သည်။ အသွင်ကူးပြောင်းမှုကငြင်သာခဲ့သည်။ သွေးထွက် သံယိုမှု၊ လူအများ ထိခိုက် နစ်နာရမှု မရှိတော့မဟုတ်။ အနည်းဆုံးဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ အတွေ့အကြုံ

အချို့က (နအဖ) စစ်အစိုးရသည် အခြားမည်သည့်ဖိနှိပ်သူ အစိုးရများနှင့်မတူ။ ထူးထူးခြားခြား ရက်စက်ပါပေသည်ဟု နိဂုံးချုပ်ကာ အတွေးကိုရပ်လိုက်လေ့ရှိသည်။ ဤနည်းအားဖြင့် ဘာမှမဖြစ်ပါဘူး ဟူသောအဖြေကိုသာ ရလာစေသည်။ သို့သော် စစ်အုပ်ချုပ်ရေးအောက်မှာပင် လှုပ်ရှားနေနိုင်သေးသော တက်ကြွသူများ၊ လူမှုအသင်းအပင်းများ၊ လူထု
လုပ်ငန်းများကို ကြားနေ ဖတ်နေရသေးသည်။ သေသေချာချာဆက်၍ နည်းနာရှာလျှင် ရှိနိုင်ဦးမည်ဟု မိမိတော့ ယူဆနေ သည်။

ပိုလန်နိုင်ငံသားတို့ ဆောင်ရွက်ခဲ့ကြသော နည်းနာများသည် မိမိတို့လူထုအတွက် အစိမ်းတော့မဟုတ်။ ကိုလိုနီခေတ်က အမျိုးသား ကျောင်းတွေ ထောင်ခဲ့ကြဖူးသည်။ ၀ံသာနုအသင်းတွေထောင်ခဲ့ကြဖူးသည်။ ပင်နီဝတ်ခဲ့ဖူးကြသည်။ ဘူးအသင်း တွေ ဖွဲ့ခဲ့ကြဖူးသည်။ မြေအောက်ကဗျာစာအုပ် တွေလည်း ထုတ်ခဲ့ကြဖုးသည်။ ဖိနှိပ်ပါသည်ဆိုသော စစ်အစိုးရက ဘုရား ကျောင်းကန်တိုင်း၊ ချပ်ခ်ျကျောင်းတိုင်းကို ၀င်စွက်နေသည်မဟုတ်သေး။ စစ်တပ်အတွင်း၌ပင် မကြေနပ်သူစစ်သား၊ စစ်ဗိုလ်များက အများအပြားရှိနေသေးသည်။ ၀န်ထမ်းတိုင်းကလည်း အစိုးရလခနှင့်ထမင်းဝကြသည်မဟုတ်။ စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးကိုလည်း ယုံကြည်သူက ခပ်နည်းနည်း။ ချဲ့လျှင်ချဲ့နိုင်သလိုတော့ ရမည်ထင်သည်။ ဤသို့ဖြင့် အခြားရွေးချယ် စရာ မြန်မာနိုင်ငံတခုကို တည်ဆောက်နိုင်ခြေ အများကြီးရှိနေပါသည်။

အောင်သူငြိမ်း

အကိုးအကား
1. Constanty Gilbert, Lecture on Poland Non-violent Expression,
2005,Maesod.
2. Peter Ackerman and Jack Du Vall, A Force More Powerful:
A Century of Nonviolent Conflict, St.
Martin Press, 2000, New York.


No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.