ရွက်မွန်စာမျက်နှာ

Wednesday, June 27, 2007

လယ်တောထဲကကျားများ

မြန်
မာနိုင်ငံဟာဆိုရင် ယခုအထိ လယ်ယာခြံမြေအပေါ် အမှီပြုပြီး ရပ်တည်နေရသောနိုင်ငံဖြစ်သည်။ နိုင်ငံသား များသည်လည်း လယ်သမားအများစုဖြစ်သလို လယ်ယာမြေထွက်ကုန်များအပေါ် အမှီပြု၍ အသက်မွေးကြသူ များ ဖြစ်သည်။ သို့သော် လယ်ယာမြေကဏ္ဍသည် တိုးတက်မလာသေး။ ထို့ထက်ဆိုရပါမူ ဆုတ်ယုတ်နိမ့်ပါးလာ သည်ဟုပင် ဆိုနိုင်သည်။ လယ်ယာမြေထွက်ကုန်ကို အခြေပြု၍ မှီတင်းနေထိုင်ရသောလူများစု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည်တို့ ကြောက်ခမန်းလိလိ လျှောကျထိုးဆင်းသွားကြသည်။ ဤကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်နေရခြင်းမှာ ခေတ်မမှီတော့သည့် နောက်ပြန်သွား စိုက်ပျိုးရေးစနစ်၏ အကျိုးဆက် ကြောင့်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။

သို့သော် မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးစနစ်သည် နောက်ပြန်သွား စိုက်ပျိုးရေးစနစ်တခုတည်းအောက်မှာ သာရှိနေသည် မဟုတ်။ အခြားမလိုလားအပ်သော မရှိသင့်သော ပြင်ပစွက်ဖက်မှုများ၊ နှောက်ယှက်မှုများ အစရှိ သည့် ၀န်ထုပ်ဝန်ပိုးများအောက်တွင် ကျရောက်နေသောကြောင့်လည်း ဖြစ်သည်။ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း သည် မြန်မာနိုင်ငံတွင် စပါးအများဆုံးထွက်ရှိသည့် ဒေသများ ဖြစ်သည်။ ထိုအထဲမှာမှ ပဲခူးတိုင်း အရှေ့ဖက်ခြမ်းရှိ ကျေးရွာများမှ လယ်သမားများရင်ဆိုင်နေရသည့် အခြေအနေဆိုးများကို လေ့လာကြည့်ခြင်းအားဖြင့် နိုင်ငံနှင့် အ၀ှမ်း လယ်သမားများဘယ်လို အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ကို ကွက်ကွက်ကင်းကင်း မြင်နိုင်သည်။

၁၉၈၈ ခုနှစ်ကာလများမှစ၍ ပဲခူးတိုင်း အရှေ့ဖက်ခြမ်းတွင် စစ်တပ်က တပ်မတော်မိသားစုရန်ပုံငွေအတွက်ဟု ဆိုကာ ချောင်းများတွင် ကျားပိုက်များ (ဒေသအခေါ်) နေရာအနှံ့ထောင်၍ ငါးပုဇွန်များ ဖမ်းဆီးလာခဲ့သည်။ ထို ကျားပိုက်များကို ရေကောင်းသည့် ၀ါဆို၊ ၀ါခေါင်မှစ၍ တန်ဆောင်မုန်းအထိ ထောင်ထားတတ်သည်။

ထို့အတွက် စိုက်ချိန်မှာ စိုက်ပျိုး၍မရ။ ကျားပိုက်များ အထက်ဖက်တွင်ရှိသော လယ်များ ရေမောက်လာသော ကြောင့် (ရေလွှမ်းခံရ) ရေကျသည်အထိ လယ်စိုက်ရန် စောင့်နေကြရသည်။ ကျားပိုက်များထောင်ထားသော အောက်ဖက် လယ်များအတွက်လည်း ရေအလာနည်းသွားတော့သည်။ ထို့အပြင် အထက်ပိုင်းမှရေနှင့်အတူ ပါလာသည့်နုန်းမြေများ သဘာဝအတိုင်း ရရှိနေရာမှ တစတစလျှော့နည်းလာသည်။ တခါ ကျားပိုက်များကြောင့် ပင်လယ်ဖက်မှဝင်လာသည့်ရေနောက်နှင့်အတူ ပါလာသည့်နုန်းမြေများ တက်လာသည်ကို တားထားသလိုဖြစ် နေသည်။ ထိုရေချိုရေငံစပ် နုန်းမြေများသည် လယ်မြေများကို သဘာဝအတိုင်း မြေသြဇာကောင်းစေသည်။ ကျား ပိုက်များခံထားသောကြောင့် ထိုပင်လယ်ရေနောက်နုန်းများ တက်မလာနိုင်တော့။ က၀မြို့နယ်နှင့် သနပ်ပင်မြို့နယ် အတွင်းတွင် ထိုကဲ့သို့ပြဿနာများနှင့် ရင်ဆိုင်နေရသော လယ်သမားများ၏ လယ်မြေဧကစုစုပေါင်း (၂၀၀,၀၀၀) ကျော်ခန့် ရှိနေသည်။ ဤပမာဏသည် ပဲခူးတိုင်းအတွင်းရှိ ကျန်သည့်မြို့နယ်များကို ထည့်မတွက်ရသေး။ ထို့အတူ ဧရာဝတီတိုင်းအတွင်းနှင့် အခြားဒေသများမှာရှိနေသည့် လယ်သမားများရင်ဆိုင်နေရသော လယ်ယာမြေသိမ်းခံရ ခြင်း အစရှိသည့် အမျိုးမျိုးသော ပြဿနာများကို ထည့်မတွက်ထားသေး။

ကျားပိုက်များ မထောင်ခင်နှစ်များက ထိုဒေသအတွင်းရှိ လယ်သမားများအဆိုအရ လယ်ဧကတွင်အနည်းဆုံး စပါးတင်း (၆၀) ခန့် ထွက်ရှိခဲ့ကြသည်။ ယခုအခါ ကျားပိုက်များ နှိပ်စက်သောဒဏ်ကြောင့် လယ်တဧကတွင် စပါးတင်း (၂၀) ခန့်သာ ထွက်တော့သည်။ စပါးစိုက်ချိန်တွင် အောက်ဖက်မှထောင်ထားသော ကျားပိုက်များ ကြောင့် အထက်ဖက်မှလယ်များတွင် ရေကခါးလယ်မျှ တင်ကျန်နေသည်။ ထို့အတွက်ရေကျသည်အထိ စောင့် ဆိုင်းနေကြရပြန်သည်။ လယ်သများအဖို့ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်းအထိ စပါးစိုက်၍ မရဘဲ ဖြစ်နေကြရသည်။

ကျားပိုက်များထောင်ထားသောကြောင့် ထိုဧရိယာအတွင်းရှိ လယ်များမှာ ရေနက်ကွင်း စိုက်ခင်းများကဲ့သို့ ဖြစ်သွားရပြန်သည်။ မူလက ရေနက်ကွင်းစိုက်ခင်း မဟုတ်သောကြောင့် သဘာဝပျက်စီးကာ ရေနက်ကွင်းတွင် သာ စိုက်၍ရသော စပါးမျိုးကိုသာ စိုက်နိုင်တော့သည်။ ဆန်ကောင်းစိုက်ရန်အတွက် အခွင့်အလန်းမရှိတော့ချေ။ ထို့အတွက် နဂိုရ်ဆန်ကောင်းစိုက်သောလယ်များ မူလအခြေအနေမှ ပျက်ယွင်းခြင်းကို ရင်ဆိုင်ကြရသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးလာနေသည့် ဆိုးကျိုးကိုလည်း လယ်သမားများ ရင်ဆိုင်နေရပြန်သည်။

ယခင်က စပါးရာသီကုန်သည့်အချိန်တွင် လယ်သမားများ ပဲစိုက်၍ အပိုဝင်ငွေ ထပ်မံရှာဖွေနိုင်သော်လည်း ယခုအခါ ကျားပိုက်များထောင်ထားသည့် အကျိုးဆက်ကြောင့် စပါးစိုက်ချိန်လည်း နောက်ကျကာ ပဲစိုက်ဖို့လည်း အချိန် မရတော့။ လယ်သမားတို့အဖို့ အပိုဝင်ငွေ မရှာနိုင်တော့။ နယုန်၊ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်းလများမှာ စပါး စိုက်ပျိုးရသည့် ကာလတလျှောက်ဖြစ်သည်။ နတ်တော်၊ ပြာသိုလများတွင် စပါးရိတ်သိမ်းချိန် ဖြစ်သည်။ စပါး ပြီးသည်နှင့် ပဲစိုက်ရန် ချက်ချင်းပြင်ဆင်ရသည်။ သို့မှသာ တန်ခူးလဆန်းလောက်တွင် ပဲရိတ်သိမ်းနိုင်မည် ဖြစ်သည်။ ယခုအခါ ထိုအချိန်ဇယားများ ကျားပိုက်များကြောင့် ပျက်ယွင်းကုန်ပြီ ဖြစ်သည်။ သတ်မှတ်ထားသော အချိန်အတိုင်း စိုက်ပျိုးနိုင်သော လယ်အချို့မှာလည်း ကျားပိုက်များကြောင့် မြေဆီလွှာခမ်းခြောက်ခြင်းကို ရင်ဆိုင်နေရ၍ စပါးသိပ်မထွက်တော့။ သည်အထဲမှာ ပဲပိုးကျသည့်နှစ်ဖြစ်ပါက လယ်သမားတဦးသည် အကြွေးငွေ (၃၀၀,၀၀၀) ခန့်တင်၍ အတိုးကိုလည်း တလ (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ပေးဆောင်နေကြရတော့ သည်။

နွားအပါအ၀င် ထွန်ယက်ကရိယာများ အစုံအလင်ပိုင်သော လယ်သမားဆိုသည်မှာ သည်ခေတ်တွင်ရှားသည်။ စိုက်ပျိုးချိန်တွင် တခုမဟုတ်တခု ငှားရမ်း၍ ထွန်ယက်ရသည်။ လယ်ထွန်စက်ကြီး (သို့မဟုတ်) လက်တွန်းလယ် ထွန်စက် ကိုယ်ပိုင်ရှိဖို့ ဆိုသည်မှာ အိပ်မက်ပမာသာ ဖြစ်သည်။ ထို့အပြင် လယ်သမားများသည် အစိုးရထံမှ မည်သည့်အကူအညီမျှလည်း မရ။ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစပါး စသည်တို့ကိုလည်း ကိုယ့်ဘာသာ လိုက်လံရှာဖွေဝယ်ယူရသည်။ ကုန်သည်ဆီမှ လိုအပ်သည်များကို ၀ယ်ယူရာတွင် ပိုက်ဆံမလောက်ပါက အကြွေးနှင့် ၀ယ်ရသည်။ အတိုးမှာ တစ်ရာလျှင် တစ်ဆယ်တိုးဖြစ်သည်။ အကြွေးကင်းသည့် လယ်သမားဆို သည်မှာ ရှားလှသည်။ ကုန်သည်ထံမှ မျိုးစပါးဝယ်ယူရာတွင်လည်း (၁၀) တင်းယူပါက၊ စပါးပေါ်ချိန်တွင် တင်း (၂၀) ပြန်ဆပ်ရသည်။ မဆပ်နိုင်ပါက ရဲဖြင့်လာဖမ်းခြင်းကိုလည်း ခံရသည်။ ကုန်သည်များထံမှ အကြွေးယူရာ တွင် ရှေးယခင်က နှစ်ဦးနှစ်ဖက်ယုံကြည်မှုဖြင့် လုပ်ခြင်းဖြစ်သော်လည်း၊ ယခုခေတ်တွင် ကုန်သည်မှ အကြွေးယူ သည့် ကိစ္စအ၀၀ကို စာချုပ်တံဆိပ်ခေါင်းများဖြင့်သာ စာချုပ်ချုပ်၍ ဆောင်ရွက်သည်။

ကျားပိုက်တခုစီမှ နှစ်စဉ်ရရှိသောဝင်ငွေမှာ ပိုက်အကြီးအသေးကို လိုက်၍ သိန်း (၅၀) မှ သိန်း (၁၂၀) အထိရှိ သည်။ ပဲခူးတိုင်းအရှေ့ခြမ်းအတွင်းရှိ ချောင်းမြောင်းတွင် ထောင်ထားသောကျားပိုက် အရေအတွက် ဘယ်လောက်ရှိသည် ဆိုသည်ကို မည်သူမျှမသိ။ ကျားပိုက်ပိုင်ရှင် အာဏာပိုင်စစ်ကျားတို့သာ သိပေလိမ့်မည်။

အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ နိုင်ငံရေးခေါင်းဆောင်များနှင့် ဗျူရိုကရက်များအကြား စိတ်အားထက်သန်သော ပေါ်လစီကတော့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ အနောက်နိုင်ငံများ စက်မှုဖွံ့ဖြိုး တိုးတက်မှုကြောင့် ချမ်းသာကြွယ်ဝလာသည်ကို အားကျတာလည်း ပါသည်။ စက်မှုဖွံ့ဖြိုးရေးအတွက်ကိုသာ ဇောင်းပေးသောလုပ်ငန်းများအပေါ် အာရုံစိုက်ခဲ့လွန်းသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအား လျစ်လျှူရှုသလို ဖြစ်ခဲ့ရသည်။ မိမိတိုင်းပြည်သည် သဘာဝအရ လယ်ယာစိုက်ပျိုးရေးကို အခြေခံဆဲ ဖြစ်သည်ကို မေ့လျှော့နေ ခဲ့သည်။ နှစ်ပေါင်းများစွာကြာမှ လယ်ယာစိုက်ပျိုးရေးကိုလည်း မြှင့်တင်ဖို့ အရေးကြီးကြောင်း သတိထားလာမိ ခဲ့သည်။ ထို့အတွက် လယ်ယာကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်လာခဲ့သည်။ အိန္ဒိယလယ်သမားများ အတွက် ခေတ်မီနည်းပညာများ ပံ့ပိုးပေးလာခဲ့သည်။ (Bring science to us.) ကျုပ်တို့အတွက် သိပ္ပံပညာ ယူ ဆောင်လာလော့ ဆိုသည့် လှုပ်ရှားမှုသည် နိုင်ငံသားများနှင့် လယ်သမားများအကြား ပေါ်ပေါက်လာခဲ့သည်။ တချိန်တည်းတွင်လည်း (Green Revolution) မြစိမ်းရောင်တော်လှန်ရေးအမည်ဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာခဲ့သည်။ လယ်ယာထွက်ကုန်နှင့် ဈေးကွက်တို့အကြား လယ်သမားများ မနစ်နာစေရန် အကာအကွယ်ပေးလာခဲ့သည်။ သည်လိုဆိုလိုက်၍ အိန္ဒိယတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ဘက်စုံကောင်းသွားပြီဟု မဆိုလို။ အားသာချက်များ ရှိလာသလို အားနည်းချက်များ ရှိနေပါသေးသည်။ ခြုံ၍ ဆိုလိုက်ပါက သူတို့နိုင်ငံတွင် ဖြစ်ခဲ့သည်မှာ ပေါ်လစီအားနည်းမှုသာ ဖြစ်သည်။ လယ်သမားများအပေါ်တမင် ဗိုလ်ကျ ဖိနှိပ်နေခြင်းမဟုတ်။

မြန်မာပြည်က လယ်သမားများကား အစိုးရ၏တိုက်ရိုက်ဖိနှိပ်ခြင်း၊ နှောက်ယှက်ခြင်းကို ခံနေရသည်။ လယ်ယာ စိုက်ပျိုးရေးအတွက် နည်းပညာ၊ ခေတ်မီကရိယာ ဘာအကူအညီမှလည်း မရ။ ထုတ်ပေးသည့် စိုက်ပျိုးရေးစရိတ် ချေးငွေ ဆိုသည်ကလည်း ဟိုလူခပ်လာသည့်ရေ၊ ဟိုလူဖင်ဆေးတာနဲပဲကုန် ဆိုသလို ဖြစ်နေသည်။ လယ်ယာ ထွက်ကုန်နှင့် ဈေးကွက်အကြား ထိန်းညှိပေးနိုင်ခြင်းဆိုတာကတော့ ဝေလာဝေး။

အာရှတိုက်အတွင်းမှ နိုင်ငံများသည် စက်မှုဖွံ့ဖြိုးတာ နောက်ကျခဲ့သည်။ သို့သော် ယခုကာလတွင် ဖွံ့ဖြိုးတိုးတက် နေသော အာရှနိုင်ငံများသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို မေ့မထားဘဲ ခေတ်မီအောင် ဆောင်ရွက်ခဲ့သည်ကို သင်ခန်းစာ ယူသင့်သည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေဖို့အတွက် ပထမဦးစားပေး လုပ်ရမည့် အလုပ်ကား လယ်သမားများ၏နစ်နာချက်များ၊ လိုအပ်ချက်များကို ပွင့်လင်းစွာ သိရှိဖို့ပဲ ဖြစ်သည်။ ထိုသို့တင်ပြနိုင်စေရန်အတွက် လယ်သမားများအသံကို အမှန်တကယ် ကိုယ်စားပြုသော လွတ်လပ်သည့် လယ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်လာမှသာ သိနိုင်မည်လည်း ဖြစ်သည်။

လူကြီးတွေကို ခံမပြောနဲ့၊ ခိုင်းတဲ့အတိုင်းလုပ် လိမ်မာရင်မင်းဖို့ချည်းပဲ ဆိုသော လမ်းညွှန်ပေါ်လစီသည် မိသားစု တစုအတွင်း၌ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ တိုင်းပြည်တခုလုံး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရာတွင် အလုပ် မဖြစ်နိုင်ပေ။

ဇော်မင်း (လူ့ဘောင်သစ်)
၂ ရက်၊ မတ်လ ၂၀၀၇ ခုနှစ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.