လွတ်
မြောက်ရာလမ်းကို လျှောက်လှမ်းရာတွင် ပေးဆပ်ရသည့် တန်ဖိုးကား ကြီးမားလှသည်။ ဘ၀၊ အသက်၊ သွေး၊ ချွေး အကုန်လုံး ပေးဆပ်ကြရသည်။ အချိန်တို့ကလည်း ကုန်ခဲလှသည်ဟု ထင်ရလောက်အောင်လည်း ကြာမြင့်တတ်သည်။ မတော်တဆ ဖြစ်ခဲ့ရသည့် အဖြစ်မျိုးတို့နှင့်လည်း ကြုံရသည်။ တချိန်က မှားသည်ဟု ထင်ထားသောအရာများက အမှန် ဖြစ်လာ၍ မှန်သည်ဟု ယူဆမိခဲ့သည်များက မှားနေသည်ကိုလည်း တွေ့ကြရသည်။
တောင်အာဖရိကနိုင်ငံ၊ အသားရောင်ခွဲခြားသည့် ပေါ်လစီဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သော လူဖြူအစိုးရကို အာဖရိကန် လူမဲတို့ နှစ်ပေါင်းများစွာ ကြာအောင် ခုခံတိုက်ခိုက်ခဲ့ရသည်။ ထိုနှစ်ပေါင်းများစွာ အတွင်း ပေးဆပ်ခဲ့ရသည့် လူမဲများ အရေအတွက် ကား ကြောက်ခမန်းလိလိ များပြားလှသည်။
၁၉၆၀ ခုနှစ်က လူမဲဆန္ဒပြသူ (၅, ၀၀၀) ခန့်သည် အဖမ်းခံရန် သက်သက်အတွက် ရဲစခန်းတခုဆီသို့ သူတို့သဘောနှင့် သူတို့ ချီတက်၍ သွားရောက် အဖမ်းခံခဲ့ကြသည်။ ထိုချီတက်ပွဲအတွင်း ဆန္ဒပြသူ အရေအတွက် တိုး၍ တိုး၍လာခဲ့သည်။ ရဲတို့နှင့် ထိပ်တိုက် ရင်ဆိုင်ကြရင်း လူပေါင်း (၁၀, ၀၀၀) အဖမ်းခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင်
နာမည်ကြီး လူမဲခေါင်းဆောင်တဦး ဖြစ်သော စတိဘီကို အဖမ်းခံရ၍ ရဲတို့လက်တွင်း ရိုက်နှက်နှိပ်စက်မှု ဒဏ်ကြောင့် သေဆုံးခဲ့ရသည်။
လူမှုလူတန်းစား မျိုးစုံကို ကိုယ်စားပြုသော အဖွဲ့ပေါင်း (၅၀၀) ကျော်ဖြင့်UDF ဟုခေါ်သည့် ညီညွတ်သော ဒီမိုကရေစီ တပ်ဦးကို ၁၉၈၃ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအချိန်က အေအန်စီ (ANC) ခေါ် အာဖရိကန် နေရှင်နယ် ကွန်ဂရက်သည် လူဖြူအစိုးရ၏ ဖိနှိပ်မှု မျိုးစုံကြောင့် နေရာတိုင်း၊ အချိန်တိုင်း၊ လှုပ်ရှားမှုတိုင်းအတွက် ဦးဆောင်မှု မပေးနိုင်သောကာလ အခြေအနေအောက်တွင် ရောက်နေခဲ့ရသည်။ အေအဲန်စီခေါင်းဆောင် မင်ဒဲလား ကိုယ်တိုင်သည်ပင် ရော်ဘင်ကျွန်း ဆိုသည့် အကျဉ်းထောင်ထဲတွင် ရောက်ရှိနေသည်မှာ ၁၉၆၃ ကတည်းက ဖြစ်သည်။
၁၉၈၅ ခုနှစ်တွင် လူဖြူအစိုးရက အကျဉ်းထောင် အသစ်အများအပြား ထပ်မံတည်ဆောက်လာခဲ့သည်။ ပို၍ပို၍ တိုးပွား လာနေသော အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးနှင့် လွတ်မြောက်ရေး လှုပ်သူများကို နှိမ်နင်းရန်အတွက် အစိုးရမှ ဒုတိယ အမြင့်ဆုံး နိုင်ငံတော်အရေးပေါ် အခြေအနေဥပဒေကို ထုတ်ပြန်လိုက်သည်။ ၁၉၈၆ တနှစ်တည်းတွင် ခုံရုံးအတင်မခံရဘဲ ဖမ်းဆီးထောင်ချ ခံရသော လှုပ်ရှားသူ လူမဲဦးရေ (၂၅, ၀၀၀) အထိ ရှိလာခဲ့သည်။ ထိုအချိန်က တောင်အာဖရိကနိုင်ငံ၏ လူဦးရေသည် (၁၂) သန်း (၁၃) သန်းခန့်မျှသာ ရှိသည်။ လူဦးရေတသန်းတိုင်းတွင် ပျမ်းမျှလူ (၂, ၀၀၀) ကျော်သည် နိုင်ငံရေး အကျဉ်းသားများ ဖြစ်နေရသည်ဟုပင် ဆိုနိုင်သည်။
တချိန်တည်းမှာလည်း အာဏာပိုင်များနှင့် ရဲများ၏ လက်ကိုင်ဒုတ် ဖြစ်နေသော အခြားလူမဲအုပ်စုများသည် ကျောင်းများ လူထုလှုပ်ရှားရေး ခေါင်းဆောင်များနှင့် သမဂ္ဂခေါင်းဆောင်များ၏ နေအိမ်များကို ဓာတ်ဆီမီးလောင်ဗုံးများဖြင့် တိုက်ခိုက် ခဲ့ကြ၍ အိမ်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ရသည်။ လွတ်မြောက်ရေး လှုပ်ရှားသူ လူမဲအုပ်စုများဖက်မှလည်း လူဖြူအစိုးရ အတွက် အလုပ်လုပ်ပေးနေသော လူမဲကောင်စီဝင်များ၊ ရဲများနှင့် ရဲသတင်းပေးများအား လက်စားချေပွဲများဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ လူဖြူအစိုးရ ဘက်တော်သားနှင့် သတင်းပေး လူမဲရာပေါင်းများစွာ အသတ်ခံခဲ့ရသည်။ ၁၉၈၅ တ၀ိုက်တွင် ရဲသတင်းပေး လူမဲအမြောက်အများ လည်ပင်း၌ ကားတာစွပ်၍ မီးရှို့အသတ်ခံခဲ့ရသည်။
လူဖြူအစိုးရမှ ပိတ်ပင်ထားသော အေအဲန်စီအဖွဲ့တွင် တချိန်က အရေးပါခဲ့သော ခေါင်းဆောင်တဦးဖြစ်သူ မက်သယူး ဂိုဝီနီ သည် ထောင်လေးနှစ်ကျခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဂိုဝီနီသည် တိုက်ရိုက်နိုင်ငံရေးလုပ်ငန်းများ မလုပ်ကိုင်တော့ဘဲ လူထု စောင့်ရှောက်ရေး လုပ်ငန်းများကိုသာ စောက်ချလုပ်ကိုင်လာခဲ့သည်။ မူယစ်ဆေးဝါး မသုံးစွဲရန်၊ ကျောင်းသားများ စာကြိုးစားရန်၊ အချင်းချင်း စောင့်ရှောက်ကူညီရန် စသည့်လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်သူ ဖြစ်သလို တဖက်တွင်လည်း ကျောင်းအုပ်ဆရာကြီးတဦး အဖြစ် လုပ်ကိုင်နေသည်။ ဂိုဝီနီ၏ အဓိကရည်မှန်းချက်မှာ လူထုအား ဒီမိုကရေစီ လက်နက် တပ်ဆင်ပေးရေး ဖြစ်သည်။ ဂိုဝီနီ၏ ဆောင်ရွက်ချက်များသည် တောင်အာဖရိကတနိုင်ငံလုံး ပျံ့နှံ့သွားခဲ့ပြီး သူ့အား ထက်မြက်သော လူထုခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုလာခဲ့ကြသည်။
၁၉၈၅ နှစ်လယ်တွင် ဂိုဝီနီနှင့် သူ၏ရဲဘော်သုံးဦး၏ အလောင်းများကို လမ်းပေါ်တွင် တွေ့လိုက်ရတော့သည်။ သေနတ်နှင့် အချက်ပေါင်းများစွာအပစ်ခံထားရပြီး၊ အလောင်းများကို ကြည့်ရှု့မကောင်းလောက်အောင် ခုတ်ထစ်ဖြတ်တောက် ထားသည်။
UDF တပ်ဦး အနေဖြင့် ထိုသို့လူမဲအချင်းချင်းကြား၊ လူမဲများနှင့် လူဖြူအစိုးရကြားဖြစ်နေသည့် အကြမ်းဖက်မှုများကို နောက်ဆုံးတွင် ၀င်ရောက်ထိန်းသိမ်း၍ အကြမ်းမဖက် အနုနည်းဖြင့် ဆောင်ရွက်လာကြရန် သတိပေးဆော်သြဆောင် ရွက်လာ ခဲ့ရသည်။ ၁၉၈၈ တွင်တပ်ဦး အပါအ၀င်အားလုံးသော ဒေသဆိုင်ရာအဖွဲ့အစည်းများအား မည်သည့်လှုပ်ရှားမှု မှ မလုပ်ရဟု အစိုးရက တားမြစ်လိုက်သည်။ ထို့နောက် အစိုးရ၏ လက်ချက်ဖြင့် လူထုခေါင်းဆောင်များ လုပ်ကြံခံရခြင်း၊ ဗုံးပေါက်ကွဲ၍ သေဆုံးခြင်း စသည်တို့ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။ နာမည်ကြီး လူထုခေါင်းဆောင် အများအပြား ထိန်းသိမ်း ဖမ်းဆီးခြင်း ခံရသည်။ အကျဉ်းထောင်အသစ်များထဲတွင် ဖမ်းဆီးခံထားရသော လှုပ်ရှားသူများဖြင့် ပြည့်ကြပ်လာခဲ့သည်။
သို့သော် လူဖြူအစိုးရသည် လှုပ်ရှားမှုများအား ချုပ်ငြိမ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့။ တပြိုင်တည်းမှာလည်း ပြည်ပ တွင် ရောက်နေသော တောင်အာဖရိက လူမဲများ၏ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ဆောင်ရွက်ခဲ့သော လှုပ်ရှားမှုများက လည်း သူတို့ပြည်တွင်းလှုပ်ရှားမှုများကို အားဖြစ်စေခဲ့သည်။ နိုင်ငံတကာတွင် ဖြန့်ကျက် လုပ်ကိုင်လှုပ်ရှားနေသော တောင်အာဖရိကသား လူမဲများအရေအတွက်သည် သောင်းဂဏန်းနှင့်ချီ၍ ရှိခဲ့သည်။ လူတစု၊ လူတအုပ်တည်းက မောင်ပိုင်စီး၍ လုပ်ကိုင်ခဲ့သည့် နိုင်ငံတကာ လှုပ်ရှားမှုမျိုး မဟုတ်။ ယုံကြည်ချက် ရည်မှန်းချက်အတွက် ပြည်တွင်း၊ ပြည်ပ နေရာအသီးသီးရှိ လှုပ်ရှားသူများ ညီညွတ်စွာ လုပ်ကိုင်ခဲ့ခြင်း၏ အကျိုးရလာဒ်အဖြစ် ထောင်ထဲတွင် (၂၇) နှစ် အကျဉ်းကျ ခံနေရသည့် ခေါင်းဆောင် မင်ဒဲလားသည် ၁၉၉၀ တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။ လူဖြူအစိုးရသည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို လက်ခံလိုက်ရသည်။
ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများကား ရပ်တန့်မသွားသေး။ ဒီမိုကရေစီစနစ်သို့ သွားနေစဉ် ကြားကာလအတွင်း အစွန်းရောက် လူဖြူအုပ်စုများ၏ လက်ချက်ဖြင့် လုပ်ကြံခံရသော အတိုက်ခံခေါင်းဆောင် အရေအတွက်ကား များလှသည်။ ထို့အပြင် အင်ကာသာပါတီမှ သူတို့နယ်မြေအား တောင်အာဖရိကနိုင်ငံအတွင်း မပါဝင်နိုင်ဟု ငြင်းဆန်လိုက်သည်။ နောက်ဆက်တွဲ ရလဒ်ကတော့ အေအဲန်စီသစ္စာခံများနှင့် အင်ကာသာပါတီတို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ နှစ်ဖက် လူမဲများ ထောင်နှင့်ချီ၍ ထပ်မံသေဆုံးရပြန်သည်။ ၁၉၉၄ ရွေးကောက်ပွဲဝင်ရန် နီးကပ်လာချိန်ကျမှ အမျိုးသားပါတီနှင့် အင်ကာသာပါတီတို့ တောင်အာဖရိကနိုင်ငံတွင် အတူတကွ ပါဝင်နေထိုင်ရန် သဘောတူခဲ့သည်။ အေအဲန်စီသည် (၆၀) ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲကို အောင်နိုင်ခဲ့သည်။
အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် နောက်ဆုံးတွင် အောင်ပွဲဆင်ခဲ့သည်။ သို့သော် ပေးခဲ့ရသော တန်ဖိုးကား ကြီးမားလှသည်။ မြောက်များလှစွာသော လူ့အသက်များ ဖြစ်သည်။ တန်ဖိုးကြီးကြီး မပေးဘဲနှင့် လွတ်မြောက်ရေးကို မရနိုင် ဆိုသည့် သင်ခန်းစာကို တောင်အာဖရိကနိုင်ငံတွင် ရှာဖွေတွေ့ရှိလိုက်ရသည်။
တောင်အာဖရိက လူမဲလှုပ်ရှားသူများသည် သူတို့အနေဖြင့် အကြမ်းမဖက် လှုပ်ရှားမှုများအတွက် တိုက်ပွဲကာလအတွင်း အရေးကြီးသော သင်ခန်းစာများ ရရှိခဲ့သည်ဟု နောက်ပိုင်းတွင် ပြန်လည် သုံးသပ်ပြခဲ့ကြသည်။ ထိုအရေးကြီးသော နောက်ထပ် သင်ခန်းစာတခုကတော့ အကြမ်းမဖက်ရေးသည် နောက်ထပ်ပုံစံတမျိုးနှင့် ရှိနေသော စွမ်းအားပင်ဖြစ်သည်။ အကြမ်းဖက်သည့် နည်းလမ်းကို ရှောင်ရှားလို၍ အကြမ်းမဖက်သည့် နည်းလမ်းကိုရွေးသည် ဆိုရုံမျှနှင့် အောင်မြင်မှုကို မရနိုင်။ နည်းလမ်းကို ရွေးရုံမျှနှင့်မပြီး အင်အားဖြစ်ဖို့၊ စွမ်းအားဖြစ်ဖို့လည်း လိုအပ်သည်ဆိုသော သင်ခန်းစာပင် ဖြစ်တော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၃၀ရက် သြဂုတ်လ ၂၀၀၇ခုနှစ်။
Peter Akmen နှင့် Jack Duvall တို့ရေးသော A Force More Powerful မှ တောင်အာဖရိကနိုင်ငံအကြောင်းကို ကိုးကားပါသည်။
Friday, August 31, 2007
တန်ဖိုးကြီးသည့်လွတ်မြောက်ရေး
Posted by ရွက်မွန် at 9:26 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment