ဆယ်
လာဖီးဆိုသည့်မြို့သည် လန်ဒန်မြို့အနောက်မြောက်ဖက် ကီလိုမီတာ ၄၈၀ အကွာတွင်တည်ရှိသော ညူကလီးယား စွန့်ပစ်ပစ္စည်း စက်ရုံတည်ရှိရာအရပ်ဖြစ်သည်။ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန်အတွက် ညူကလီးယားစက်ရုံအဖြစ် ၁၉၅၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သည်။၊ ကမ္ဘာတွင် ပထမဆုံး စီပွားဖြစ်တည်ဆောက်ခဲ့သော ညူကလီးယားစက်ရုံ ဖြစ်သည်။
ညူကလီးယားမှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ရေနံ၊ ကျောက်မီးသွေးတို့မှစွမ်းအင်ထုတ်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းဟု ဆိုသည်။ ရေနံ၊ ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ကမ္ဘာ့လေထုအတွင်းသို့ ကာဗွန်ဓာတ်များ ပျံ့နှံ့စေသည့်အတွက် ကမ္ဘာကြီးပူနွေးလာကာ လူသားတို့အတွက် အန္တရာယ်ရှိသည်ဟုလည်း ဆိုသည်။
တဖက်တွင်လည်း ညူကလီးယားစက်ရုံ ပေါက်ကွဲမှုဖြစ်၍ လူများသေကြေကာ မသေသူများလည်း အဏုမြူဓာတ် သင့်သည်ကို သားစဉ်မြေးဆက် ခံစားရသည်များလည်း ရှိနေသည်။ ၁၉၈၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရုရှားနိုင်ငံမှ ရှာနိုဘိုင်း ညူကလီးယားစက်ရုံ ဖြစ်ရပ်ကိုဥပမာ အဖြစ်မြင်နိုင်သည်။ ရုရှားတို့ ညူကလီးယား နည်းပညာသည် အင်္ဂလန်ကဲ့သို့ အဆင့်မမြင့်သောကြောင့် ဖြစ်ရသည်ဟု ဆင်ခြေပေးလာသည်ကိုလည်း တွေ့ရသည်။ ၂၀၀၄ သြဂုတ်လထဲတွင် ဂျပန်နိုင်ငံက အဏုမြူဓာတ်ပေါင်းဖို ယိုစိမ့်မှုဖြစ်၍ လူလေးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ ကြပါသည်။ ထိုကဲ့သို့ အရင်ကလည်း ဖြစ်ဖူးခဲ့ပါသည်။ ဂျပန်တွင် လျှပ်စစ်ဓာတ်အားထုတ်ယူရန်အတွက် အဏုမြူဓာတ်ပေါင်းဖို (၅၂) လုံးရှိသည်။ ၁၉၉၇ တွင် အလားတူ အဖြစ်အပျက်မျိုး တွေ့ကြုံခဲ့၍၊ ၁၉၉၉ တွင်လူ ၆၀၀ ကျော်ခန့် အဏုမြူရောင်ခြည် ဓာတ်သင့်ခဲ့ရဖူးသည်။ ထို့အတွက် ကနေ့ ဂျပန်ပြည်တွင် ပြည်သူတော်တော်များများသည် ဓာတ်ပေါင်းဖိုတွေကို အယုံအကြည် ကင်းမဲ့လာကြသည်။ နည်းပညာအရ ဆိုပါက ဗြိတိန်သည် ညူကလီးယား စွန့်ပစ်ပစ္စည်းများကို အန္တရာယ်မရှိစေဘဲ ကိုင်တွယ်နိုင်သော နည်းပညာရှိသည်ဟုလည်း ဆိုလာပြန်သည်။ သူတို့နည်းပညာက အခြားသူများထက် သာသည်ဟု ဆိုလိုခြင်ပုံရသည်။
နောက်ဆုံး တွက်ချက်ထားမှုများအရ ဗြိတိန်နိုင်ငံတွင် ညူကလီးယား စွန့်ပစ်ပစ္စည်းများကို သန့်ရှင်းသွားစေရန် အတွက် ဆောင်ရွက်ရသည့် တန်ဖိုးမှာ နှစ်ငါးဆယ်အတွင်း ၅၆ ဘီလီယံ စတာလင်ပေါင် (အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံ) အထိ ရှိလာသည်။ ထို့အပြင် ညူကလီးယား စွန့်ပစ်ပစ္စည်းများမှ အဏုမြူရောင်ခြည် အဆိပ်သင့်စေနိုင်သော ဓာတ် အပြီးအစီး ကုန်စင်သွားစေရန် အနည်းဆုံးနှစ်ပေါင်း ၂၅၀, ၀၀၀ ကြာသည် အထိစောင့်ရသည်။ ဆယ်လာဖီးတွင် သိုလှောင်ထားသော ညူကလီးယား စွန့်ပစ်ပစ္စည်းများကို ကွန်တိန်နာပေါင်း ၄, ၀၀၀ နီးပါးဖြင့် သိုလှောင်ထားရသည်။
အဏုမြူဓာတ် အများအပြား ကျန်နေသေးသော စွန့်ပစ်ပစ္စည်းများကတော့ ဆက်လက်သုံးစွဲရန် အတွက် ညူကလီးယား စက်ရုံများတွင် ဆက်လက်သိုလှောင် ထားရှိသေးသည်။ အလယ်အလတ်တန်း အဏုမြူဓာတ် ကျန်နေသေးသည့် ညူကလီးယား စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရာတွင် ပထမဦးစွာ၎င်းတို့ကို အပိုင်းပိုင်း ခွဲစိတ်ဖြတ်တောက်လိုက်သည်။ ထို့နောက် ကွန်ကရစ်ဖြည့်ထားသော သံမဏိစည်များ အတွင်းတွင် ထည့်၍ တနေရာတွင် သိုလှောင် ထားရှိသည်။ အဏုမြူဓာတ် အနည်းဆုံး ကျန်နေသေးသော စွန့်ပစ်ပစ္စည်းများကိုလည်း သံမဏိစည်များတွင် ထည့်၍ ဖိကြိတ်လိုက်သည်။ ထို့နောက် ကွန်တိန်နာများ အတွင်းတွင် ကွန်ကရစ်များနှင့်အတူ ဖြည့်လိုက်ပြီး မြေကြီးထဲတွင် မြှုပ်လိုက်တော့သည်။ ထိုသို့ အဆင့်ဆင့်လုပ်ဆောင်သော်လည်း ထိုစွန့်ပစ်ပစ္စည်းများမှ ထွက်ရှိနေသေးသော အပူချိန်ကို သိသာစွာ သတိထား တွေ့မြင်နိုင်သေးသည်ဟုလည်း ဆိုထားသည်။
ဗြိတိန်နိုင်ငံတွင် ညူကလီးယား ဓာတ်ပေါင်းဖို ၁၁ လုံးရှိသည်။ အမေရိကန်နှင့် ပြင်သစ်တို့ပြီးလျှင် ဂျပန်သည် ကမ္ဘာပေါ်တွင် ညူကလီးယား ဓာတ်ပေါင်းဖိုများမှ ထုတ်လုပ်သော စွမ်းအင်ကို တတိယမြောက် အသုံးဆုံး နိုင်ငံဖြစ်သည်။ တရုတ်ပြည် တွင် ၂၀၂၀ခုနှစ် အရောက်တွင် ညူကလီးယား ဓာတ်ဖိုပေါင်းအလုံး ၃၀ ဆောက်လုပ် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံသည်လည်း ဓာတ်ပေါင်းဖိုများ ပိုမို ဆောက်လုပ်ရန် အမေရိကန်အစိုးရနှင့် အပေးအယူ လုပ်ထားပြီး ဖြစ်သည်။ အမေရိကန် ကိုယ်တိုင်လည်း ဓာတ်ပေါင်းဖိုများ ပို၍ တည်ဆောက်ရန် စိုင်းပြင်းနေသည်။ ဗြိတိန်နိုင်ငံကလည်း လက်ရှိဓာတ်ပေါင်းဖိုများ ဟောင်းလာပြီ ဖြစ်၍ ထပ်မံလိုအပ်နေသော စွမ်းအင်ပြဿနာအတွက် ဓာတ်ပေါင်းဖို အသစ်များ ဆောက်လုပ်ရန် စဉ်းစားနေသည်။ အီရန်နိုင်ငံကလည်း ညူကလီးယား ဓာတ်ပေါင်းဖို တည်နေသည်၊ သူတို့ကလည်း စွမ်းအင်အတွက် တည်ဆောက်ခြင်း ဖြစ်သည်၊ လက်နက်ထုတ်ဖို့ မဟုတ်ဟု ဆိုပြန်သည်။
သုတေသန ပြုလုပ်ချက်များအရ ဗြိတိန်နိုင်ငံတွင် လူတော်တော်များများသည် ညူကလီးယား ဓာတ်ပေါင်းဖိုများအား မကြိုက်ကြဟု တွေ့ရှိရသည်။ သို့သော်လည်း ရေနံနှင့် ကျောက်မီးသွေးကို အမှီပြု၍ ထုတ်လုပ်သော စွမ်းအင်သည် ကမ္ဘာကြီးကို ညစ်ညမ်းစေသည့် အတွက် ယခုလက်ရှိ အချိန်တွင် လူဦးရေ၏ ၅၄% သည် ညူကလီးယား စွန့်ပစ်ပစ္စည်းများအတွက် စိုးရိမ်ကြောင့်ကြသော်လည်း ညူကလီးယား ဓာတ်ပေါင်းဖိုများကို တည်ဆောက်၍ စွမ်းအင် ထုတ်လုပ်ခြင်းအား သဘောတူကြသည်ဟု တွေ့မြင်နေရသည်။
ကမ္ဘာကြီး၏ မိတ်ဆွေများဆိုသည့် ညူကလီးယား ဓာတ်ပေါင်းဖိုများကို ဆန့်ကျင်သည့် အဖွဲ့မှ ညူကလီယားသည် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်၊ အန္တရာယ်များသည်၊ ဈေးကြီးလွန်းလှသည်ဟု ဆိုထားသည်။ တနေ့တွင် လူသားတို့အား ပြန်လည် အန္တရာယ်ပေးလာနိုင်သည်ဟု ပြောဆိုနေသည်။
မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ကြီးများလည်း ညူကလီးယား ဓာတ်ပေါင်းဖိုတခု ဆောက်လုပ်ရန် ကြိုးပန်းနေသည်ဟု သတင်းများ ထွက်လာနေသည်။ ညူကလီးယားနှင့် ပတ်သက်၍ နာမည်ပျက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ပြန်လည်ဆက်သွယ်ခဲ့သည်မှာလည်း မကြာသေး။
နည်းပညာအရ ဘယ်လောက်လေ့လာတတ်မြောက်ပြီးသလဲ ဆိုတာတော့ မည်သူမှမသိ။ ညူကလီးယား ရှိလာလျှင် လူလေးစားမည်၊ လူရိုသေခံ့ညားမည် ဆိုသည့်တွေးလုံးက ရှေ့ရောက်နေဟန် ရှိသည်။ တိုင်းပြည်အတွက်၊ လူထုအတွက် စီးပွားရေး အင်အား တောင့်တင်းအောင် ဘယ်လို ဆောင်ရွက်ကြိုးစားမည်ဆိုတာမျိုး သူတို့ထံမှ မကြားရ။ စစ်လက်နက် အင်အား တောင့်တင်းရေးကိုသာ တကယ့်အင်အားဟု ထင်မှတ်နေကြသည်။
အိန္ဒိယနိုင်ငံတွင် ညူကလီးယား နည်းပညာ အဆင့်မြင်လာစေရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ၁၉၄၇ တုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ လွတ်လပ်ရေးအတွက် အင်္ဂလန်သွား၍ အရေးဆိုစဉ်က အိန္ဒိယသို့ဝင်၍ နေရူးကြီးနှင့် နိုင်ငံရေး တိုင်ပင်ဆွေးနွေးခဲ့သည်။ ထိုအတောအတွင်း နေရူးက ဗိုလ်ချုပ်အောင်ဆန်းအား အိန္ဒိယ လူမျိုး ညူကလီးယားပညာရှင် နှစ်ဦးနှင့် တွေ့ဆုံမိတ်ဆက်ပေးခဲ့သည်ဟု ကြားဖူးသည်။ ၂၀၀၂-၂၀၀၃ခုနှစ်များ အတွင်းကြမှသာ အိန္ဒိယနိုင်ငံ အနေဖြင့် ဗစ်ခရန် (၁)နှင့် ဗစ်ခရန် (၂) ဆိုသော ညူကလီးယား ဒုံးပျံများ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ နှစ်ပေါင်း (၅၅) နှစ်ကြာအောင် ကြိုးစားခဲ့ရသည်။ ငွေအမြောက်အများ သုံးစွဲခဲ့ရသည်။ ပညာရှင် အများအပြား မွေးထုတ် ခဲ့ရသည်။ မြန်မာနိုင်ငံသည် ဤမျှလောက် ငွေအကုန်ခံ၊ အချိန်အကုန်ခံနိုင်သည့် တိုင်းပြည်မဟုတ်။ ညူကလီးယားအတွက် ကုန်ကျမည့်စရိတ်များကို တိုင်းပြည် တိုးတက်ရေးအတွက် အခြား လက်တွေ့ကျသည့် နေရာများတွင် သုံးပါက ပို၍ မကောင်းသလော။ ဥပမာအားဖြင့် ဆိုရပါက လူထု၏ ပညာရေး၊ ကျန်းမာရေးတို့အတွက် ပို၍သုံးသင့်သည်။ သို့သော် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများကား နေ့ခင်း အိပ်မက်ကောင်းနေဆဲ။ သူတို့အတွက် ၀ရဇိန်လက်နက် လက်ဝယ် ရရှိရေးက တိုင်းပြည် တိုးတက်ရေးထက် ပိုအရေးကြီးနေသောကြောင့်သာ။
ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များ အဆိုအရ ၎င်းတို့အနေဖြင့် ညူကလီးယား စွန့်ပစ်ပစ္စည်းများအား အများပြည်သူတို့ကို မထိခိုက်စေဘဲ စွန့်ပစ်နိုင်သည့် အဆင့်မြင့်နည်းပညာများ ရှိနေသည်ဟုလည်း တဖက်တွင် ပြောဆိုမှုများ ရှိလာသည်ကို တွေ့ရသည်။ သို့သော်လည်း လွန်ခဲ့သည် ၁၉၅၇ ခုနှစ်က မီးလောင်မှု ဖြစ်ပွားသောကြောင့် ဗြိတိန်နိုင်ငံတွင် အမှတ်(၁) ၀င်းစကေး တပ်မတော် ညူကလီးယား ဓာတ်ပေါင်းဖိုကို ပိတ်ပစ်ခဲ့ရသည်။
ထိုဓာတ်ပေါင်းဖို၏ ခေါင်းတိုင်တွင် တပ်ဆင်ထားသော အဏုမြူ ဓာတ်ရောင်ခြည်အား သန့်စင်စစ်ထုတ်ယူသည့် ပစ္စည်း ကိရိယာတခုကို လူအများ အန္တရာယ်မရှိစေရန်အတွက် ပြန်လည်သန့်စင်ရန် လိုနေသည်။ ထို့အတွက်သိပ္ပံပညာရှင်များ ခေါင်းခြင်းရိုက်၍ ကြိုးစားနေသည်မှာ နှစ် (၅၀) ရှိသွားလေပြီ။
စာကိုး။ ။ ဂျယ်ရမီ လပ်ဗဲ ရေးသားသော “ညူကလီးယားစွန့်ပစ် ပစ္စည်းများအကြား ကျွန်ုပ်ပ်တို့လုံခြုံနိုင်ပါမည်လော” ဆောင်းပါးကို မှီငြမ်းပါသည်။ (ဘန်ကောက်ပို့စ်၊ ၁၃၊ မတ်လ၊ ၂၀၀၆)
ဇော်မင်း (လူ့ဘောင်သစ်)
Thursday, August 30, 2007
ညူကလီးယားစွန့်ပစ်ပစ္စည်းများနှင့် လူသားတို့လုံခြုံမှု။
Posted by ရွက်မွန် at 11:46 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment