ကျ
နော်တို့ဟာ ဒီလိုချီတက်ပွဲမျိုး နောက်တကြိမ် ထပ်ချီလာပါဦးမယ်။
ဌာနေတိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာရှိတဲ့ ချီတက်ခြင်းမျိုးနဲ့ ထပ်ချီလာပါဦးမယ်။
ကမ္ဘာမြေရဲ့ အရောင်အသွေးနဲ့ တဖန်ထပ်လို့ ချီလာပါဦးမယ်။ ပုန်းကွယ်နေရတဲ့ မက္ကဆီကိုပြည်သူတွေ၊ ထိခိုက်နစ်နာနေရတဲ့ မက္ကဆီကိုပြည်သူတွေကို ဖော်ထုတ်ထွက်လာစေပြီး ထပ်ချီလာပါဦးမယ်။
ကျနော်တို့ဟာ သူတို့ရဲ့စကားပြောခွက် မိုက်ကရိုဖုန်းတွေ မဟုတ်ပါဘူး။
ကျနော်တို့ဟာ အသံအများထဲက တသံပါ။
အသံများစွာထဲကပဲ့တင်ပြန်နေတဲ့ လူသားဂုဏ်သိက္ခာရဲ့ ပဲ့တင်သံတခုမျှသာပါ။
ကျနော်တို့အသံဟာ ဒီအသံတွေထဲပေါင်းထားတဲ့အသံတခုသာပါ။ ကျနော်တို့အသံဟာ ဒီအသံများစွာကို ဆတိုးကြားစေတဲ့အသံပါ။
ကျနော်တို့ဟာ ပဲ့တင်သံလိုဆက်လက်ကျင့်ကြံသွားပါ့မယ်။ ကျနော်တို့ဟာ ဆက်လက်အသံတခုအဖြစ် ဆက်ရှိသွားပါ့မယ်။
မကြာသေးမီက ဇာပါတစ္စတာသူပုန်များမက္ကဆီကို၏ မြို့တော်များထဲသို့ဝင်ခဲ့ကြသည်။ ပြည်သူတွေနှင့် တွေ့ကြသည်။ စကားပြောကြသည်။ သေနတ်တွေ ကိုင်ထားကြသည်။ သို့သော် လူထုက မကြောက်။ ပြီးတော့ ဇာပါတစ္စတာ သူပုန်ခေါင်းဆောင် တပ်မှူး မားကိုစ်ကမိန့်ခွန်းတခု ပြောခဲ့သည်။ “ကျနော်တို့ ဒီကိုလာခဲ့ပြီ။ ကျနော်တို့ရောက်လာခဲ့ပြီ” ဟူ၍ဖြစ်သည်။
ဇာပါတစ္စတာ သူပုန်များအကြောင်းက စိတ်ဝင်စားဖို့ ကောင်းသည်။ မက္ကဆီကိုနိုင်ငံ ချီယာပါတောထဲမှာအခြေပြုသည်။ ခေါင်းဆောင်သူတွေက မြို့ပေါ်မှ တချိန်ကပညာတတ်ကျောင်းသား၊ လုပ်သားခေါင်းဆောင်တွေဖြစ်သည်။ သူတို့က ချီယာပါဒေသမှ တောင်ပေါ်တိုင်းရင်းသား၊ ဌာနေ လူထုတွေနှင့်အတူတိုက်ပွဲဝင်နေကြသည်။ သူတို့လမ်းစဉ်ကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ရှေးရိုးမာက်စ်ဝါဒီ ကွန်မြူနစ်များလိုမဟုတ်။ မော်စီတုန်းဝါဒီများလို မဟုတ်။
သူတို့၏ ရေရှည်ရည်မှန်းချက်က မင်းမဲ့စနစ်သို့သွားမည်ဟုဆိုသည်။ လတ်တလောရည်မှန်းချက်က လူထုအခြေပြု လူထုအဖွဲ့အစည်း (civil society) ပေါ်ထွန်းရန်ဟုဆိုသည်။
သူတို့က လက်နက်ကိုင်ထားသည်။ လက်နက်ကိုင်ထားသည်မှာ ခုခံရေး။ အဆုံးသတ်လက်နက်ကိုင်တိုက်ပွဲဖြင့် အာဏာသိမ်းရေးအတွက် မဟုတ် ဟုဆိုသည်။ အစိုးရတပ်များက လာလျင်ပြန်ခုခံသည်။ အင်တာနက်၊ နိုင်ငံတကာ မီဒီယာများ၌ ပြန်စစ်ဆင်သည်။ ထိုအခါ အစိုးရ၏ စတော့ရှယ်ယာ ဈေးကွက်များ ကျဆင်းပုံပျက်ကာ ထိုးစစ်ကို ပြန်ရပ်ကြရသည်။
အင်တာနက်၊ ကွန်ပြူတာအဆင့်မြင့်နည်းပညာဆက်သွယ်ရေးစနစ်ကိုသုံးသည်။ မြောက်အမေရိကတခွင် နီယို လစ်ဘရယ်ဝါဒ ဆန့်ကျင်ရေးအင်အားစု များကိုစည်းရုံးထားနိုင်သည်။
မက္ကဆီကို အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမည်။ ဥပဒေဘောင်အတွင်းဝင်ရောက်၍ ပါတီတည်ထောင်ရန်ဖိတ်ခေါ်သည်။ သူတို့က အစိုးရနှင့်ရော၊ မြို့ပေါ်ရှိ လူထုလူတန်းစားအဖွဲ့အစည်း (civil society) များနှင့်ပါဆွေးနွေးမည်ဟု အကြောင်းပြန်သည်။ ပါတီတည်ထောင်၍ ရွေးကောက်ပွဲမ၀င်လို။ လက်ရှိစနစ်ကိုက မှားနေသည်။ ဤစနစ် ယန္တယားထဲဝင်လျင် မိမိပါအမှားသံသရာလည်သွား လိမ့်မည်ဆိုသည်။ စနစ်ကိုအခြေခံမှစ၍ ပြင်မှရမည် ဟုဆိုသည်။
မက္ကဆီကိုနိုင်ငံမုတ်သုန်တောနက်ထဲမှတဆင့် မားကိုစ့်သည် အင်တာနက်မှတဆင့် အင်တာဗျူးလုပ်သည်။ ဇာပါတစ္စတာ သူပုန်များက အင်တာနက်မှတဆင့် (NAFTA) နက်ဖ်တာ- မြောက်အမေရိကလွတ်လပ်သော ကုန်ကူးသန်းရောင်းဝယ်မှုဇုံ ဆန့်ကျင်ရေးစည်းရုံးလှုပ်ရှားမှု ကွန်ယက်ကိုစတင်ခဲ့ကြသည်။ မြောက်အမေရိက လွတ်လပ်သော ဈေးကွက်စီးပွါးရေး မူဝါဒဒဏ်ကို ကောင်းကောင်း ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ဖူးပြီ ဖြစ်သော ချီယာပါစ်ပြည်သူများသည် ဇာပါတစ္စတာ တော်လှန်ရေးစခဲ့ကြသည်။ မက္ကဆီကို မုတ်သုံတောထဲတွင် နိုင်ငံ (၄၃) နိုင်ငံမှ ကိုယ်စားလှယ် (၃, ၀၀၀) ကျော် တက်ရောက်သော “ပထမအကြိမ် လူသားဆိုင်ရာဝါဒနှင့် လစ်ဘရယ်လက်သစ်ဝါဒ ဆန့်ကျင်ရေးကမ္ဘာခြမ်းဆိုင်ရာ ဆွေးနွေးပွဲ” (First Intercontinental Meeting of Humanity and Against Neoliberalism) ကို ၎င်းတို့ထိန်းချုပ်ရာဒေသတွင် ၁၉၉၆ ခုနှစ်၌ အိမ်ရှင်ပြုကျင်းပခဲ့ကြ သည်။ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ ကွန်ဆက်များဖွဲ့ခဲ့ကြသည်။
ဤအခြေအနေသည် အမေရိကန် အရင်းရှင်များအဖို့ မျက်လုံးပြူးဖွယ် ဖြစ်လာခဲ့သည်။ ဖွံ့ဖြိုးလာခဲ့သော နက်ဖ်တာဆန့်ကျင်ရေးကို ၁၉၉၁ တွင် အမျှိုးသမီး ပညာရှင် ကက်သရင်းသရုပ် (Cathryn Thorup) ကစတင် သတိပြုမိခဲ့သည်။ ကိုလံဘီယာ ကမ္ဘာ့စီးပွါးရေး ဂျာနယ်တွင်သူမ၏ နယ်စပ်ဖြတ်ကျော် မဟာမိတ်ဖွဲ့မှုနှင့် နက်ဖ်တာဆန့်ကျင်ရေး ကွန်ယက်များ၏ စွမ်းဆောင်နိုင်ရည်ကို စတင် ဖော်ထုတ်ခဲ့သည်။ လစ်ဘရယ်ဝါဒ ဆန့်ကျင်ရေးအတွက် လှုပ်ရှားနေကြသော အမေရိကန်နှင့် မက္ကဆီကို အဲန်ဂျီအိုများ ဆက်သွယ်ရေးကို လေ့လာခဲ့သည်။
ထို့အပြင် ရန်းဒ်ကော်ပိုရေးရှင်းစာစောင် (အမေရိကန် အမျှိုးသားလုံခြုံရေးဆိုင်ရာ သုတေသနနှင့် စီစစ်ပိုင်းခြားရေးအဖွဲ့ကြီး RAND Corporation) စာစောင်တွင် အခြေခံ ပြည်သူများ၏ အင်တာနက်ကွန်ယက် အရိုင်းကြားဖဲချပ်သည် အစိုးရ ထိတ်သီးများ ၏ ပေါ်လစီချမှတ်ရေးကို ခြိမ်းခြောက် နေပြီဟုသတိပေးရသည်အထိ ဇာပါတစ္စတာက စွမ်းဆောင်နိုင်ခဲ့သည်။ ထို့အပြင် ရန်းဒ်ကော်ပိုရေးရှင်းမှ ဂျွန်အာကွီလာနှင့် ဒေးဗစ်ရွန်ဖဲဒ့် (John Arquilla and David Ronfeldt) တို့ကလည်း ၁၉၉၃ တွင် သူတို့ကြောင့်ပင် ဆိုင်ဘာစစ်ပွဲလာနေပြီ (Cyber War is Coming!) ဟု ကျယ်ကျယ် လောင်လောင် တပ်လှန့်ခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ တပ်မှူး မားကိုစ်သည် လူငယ်လှုပ်ရှားသူအများအပြား သူ့အပေါ်ကြည်ညိုကြသည်။ အရူးအမူး ဖြစ်ကြသည်။ သူ့မိန့်ခွန်း များကလည်းထူးဆန်းသည်။ ကဗျာဆန်သည်။ နားလည်ရန်ခက်သလို နားလည်ရန်လည်း လွယ်သည်။ မားကိုစ်၏ မိန့်ခွန်း (သို့မဟုတ်) ကဗျာတပုဒ်ကို ဘာသာပြန်ဖော်ပြလိုက်ပါသည်။
ကျနော်တို့ဒီကို လာခဲ့ပြီ။ ကျနော်တို့ရောက်လာခဲ့ပြီ။
ဇာပါတစ္စတာသူပုန် တပ်မှူး ဆပ်ကွန်မင်ဒန်တေး မားကိုစ့်၏ ၂၀၀၁ ခုနှစ်မတ်လ (၁၁) ရက်၊ မက္ကဆီကိုစီတီ ဇိုကာလိုတွင် ပြောကြားသောမိန့်ခွန်း။
ကျနော်တို့ဒီကို လာခဲ့ပြီ။ ကျနော်တို့ရောက်လာခဲ့ပြီ။
ဒီမှာ ကျနော်တို့ရောက်ခဲ့ပြီ။....
ကျနော်တို့ဟာ ဌာနေတိုင်းရင်းသားများ အမျိုးသားကွန်ဂရက်နဲ့ ဇာပါတစ္စတာအဖွဲ့ပူးပေါင်းလာကြတာဖြစ်တယ်။ ကျနော်တို့က ခင်ဗျားတို့ကို အလေးပြုလိုက်ပါတယ်။ ကျနော်တို့အခုရပ်နေတဲ့နေရာ၊ ဒီနေရာကိုရောက်လာခဲ့တာဟာ မတော်တဆကြံကြိုက်လို့ရောက်လာခဲ့တာမဟုတ်ပါဘူး။ အစိုးရတပ်ဖွဲ့တွေက အစောပိုင်းကာလများတုန်းက ကျနော်တို့နောက်ကနေတွန်းပို့ခဲ့လို့ ဒီနေရာကိုရောက်လာကြတာဖြစ်တယ်။ တခါတရံမှာ သူတို့ ကရဟတ်ယာဉ်တွေနဲ့ရောက်လာတယ်။ တခါတရံ အရံစစ်ကပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ရောက်လာကြတယ်။ တခါတရံ ဗုံးကြဲလေယာဉ်တွေနဲ့လာကြ တယ်။ တခါတရံတင့်ကားတွေနဲ့ရောက်လာကြတယ်။ တခါတရံ စစ်သားတွေနဲ့၊ တခါတရံ ပုလိပ်တွေနဲ့ရောက်လာကြတယ်။ တခါတရံကြတော့ ကျနော်တို့ရဲ့ အသိဉာဏ်ကို အရောင်းအ၀ယ် လုပ်ဖို့ ရောက်လာကြတယ်။ တခါတရံ ဖျော်ဖြေပွဲလုပ်ပေးဖို့ ကမ်းလှမ်းချက်တွေနဲ့လာကြတယ်။ တခါ တရံ အလိမ်မုသားတွေနဲ့ ရောက်လာကြတယ်။ တခါတရံ စူးရှကျယ်လောင်တဲ့ ထုတ်ပြန်ကြေငြာချက်တွေနဲ့ လာကြပြန်တယ်။ တခါတရံ မေ့လျော့ခြင်း များစွာနဲ့ လာကြတယ်။ တခါတရံ မျှော်လင့်ချက်တွေပြည့်နေတဲ့ တိတ်ဆိတ်ပုံမျိုးနဲ့ လာကြတယ်။ တခါတရံမှာ ယခုဒီနေ့လိုပဲ မစွမ်းဆောင်နိုင်တဲ့ အမြုံ တိတ်ဆိတ်ခြင်းတွေနဲ့လာကြပြန်ရော။ အကြောင်းကတော့ ဒီအစိုးရဟာ ကျနော်တို့ကို မမြင်နိုင်လို့ပါပဲ။ အကြောင်းကတော့ သူတို့ကျနော်တို့ကို မကြားနိုင်လို့ပါပဲ။
တကယ်လို့သူတို့ ဒီထက်နဲနဲပိုမြန်လိုက်မယ်ဆိုရင် ကျနော်တို့ကို မှီနိုင်ပါပေရဲ့။
အဲဒီအခါ သူတို့ကျနော်တို့ကို မြင်လိမ့်မယ်။ ကျနော်တို့အသံကို ကြားလိမ့်မယ်။
သူတို့ဟာ သုတ်သင်သတ်ဖြတ်ခံရသူတဦးရဲ့ ရှည်လျားသန်စွမ်းတဲ့ ရေပြင်ညီလဲလျောင်းတည်ရှိမှုကိုပါ ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်။ အဲဒီသတ်ဖြတ်ခံရသူဟာ စိတ်ဓါတ်မပျက်ယွင်းခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမျိုးသမီး အသိတရားမှာ ဒါဟာအဆင့်တခု၊ နောက်လူတွေလိုက်လာကြလိမ့်မယ်။ နောက်လူတွေလိုက်လာဖို့ သူတို့ရဲ့အာရုံထားမှုနဲ့ တစိုက်မတ်မတ်ဖြစ်မှုလိုအပ်တယ်ဆိုတာ သူမ သိထားလို့ဖြစ်တယ်။ သူရဲ့ ညီအစ်ကိုတွေ၊ ညီအစ်မ တွေထဲမှာ ဌာနေတိုင်းရင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသားကျောင်းသူတွေ၊ လက်သမားတွေ၊ ကား မောင်းဒရိုင်ဗာတွေ၊ ငါးဖမ်းသမားတွေ၊ တက္ကစီကားမောင်းသူတွေ၊ ရုံးလုပ်သားတွေ၊ ၀န်ထမ်းတွေ၊ လမ်းဘေးဈေးသည်တွေ၊ ဂိုဏ်းတွေကလူတွေ၊ အလုပ်လက်မဲ့တွေ၊ သတင်းစာဆရာတွေ၊ ဘာသာရေးဆရာတွေ၊ လိင်တူဆက်ဆံတဲ့သူတွေ၊ လိင်ပြောင်းထားတဲ့သူတွေ၊ အနုပညာသည်တွေ၊ စစ်သွေးကြွပညာတတ်တွေ၊ တက်္ကြကွလှုပ်ရှားသူတွေ၊ ရေကြောင်းလုပ်သားတွေ၊ စစ်သားတွေ၊ အားကစားသမားတွေ၊ ဥပဒေပညာရှင်တွေ၊ ဗျူရိုကရက်တွေ၊ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ၊ လူငယ်တွေ၊ လူအိုတွေ ပါတယ်ဆိုတာသိထားလို့ ဖြစ်တယ်။
ဌာနေတိုင်းရင်းသား အမျိုးသားကွန်ဂရက်ရဲ့ ညီအစ်ကိုတွေ၊ ညီအစ်မတို့၊ မက္ကဆီကိုနိုင်ငံရဲ့ ဌာနေပြည်သူတို့။
ကျနော်တို့ဟာ ဒီနေရာကို ရောက်မလာသင့်ပါဘူး။
ယခုကျနော်ပြောတာကို ကြားပြီးတဲ့နောက်၊ ကျနော်ထင်ပါတယ်။ ဒါဟာ ပထမဦးဆုံးအကြိမ်ကြားရတာပဲ ဖြစ်ပါလိမ့်မယ်။ ကျနော့်ရဲ့နောက်က လူထုတွေက လက်ခုပ်အကြီးအကျယ်တီးပြီးအားပေးနေတာ ကြားရပါတယ်။ ဒီအတွက်ကြောင့်ပဲ ကျနော် ထပ်ပြောပါမယ်။ ကျနော်တို့ဟာ ဒီနေရာကို ရောက်မလာသင့်ပါဘူး။
ဒီနေရာကို ရောက်လာသင့်တဲ့သူတွေကတော့ ဇာပါတစ္စတာဒေသကဌာနေတိုင်းရင်းသားတွေပါပဲ။ သူတို့ရဲ့ (၇) နှစ် ကျော်တော်လှန်စစ်၊ ခုခံစစ်၊ သူတို့အသံ၊ သူတို့မျက်နှာကိုတွေ့ရဖို့ သူတို့သာရောက်လာသင့်တာပါ။
ဇာပါတစ္စတာတို့၊ အမျိုးသားတို့၊ အမျိုးသမီးတို့၊ သက်ကြီးလူအိုတို့ စသဖြင့် ဇာပါတစ္စတာအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေခံ အင်အားစုပြည်သူတွေဟာ ကျနော်တို့လှမ်းတဲ့ ခြေလှမ်းတိုင်းမှာကပ်ပါလာကြပါတယ်။ ကျနော်တို့ပြောတဲ့အသံမှာ သူတို့အသံပါပါတယ်။ သူတို့ ကြောင့်သာ ကျနော်တို့မျက်နှာကို မြင်သာတာဖြစ်ပါတယ်။ သူတို့ပေးတဲ့အသံကြောင့်သာ ကျနော်တို့ စကားကို ခင်ဗျားတို့ကြားရတာ ဖြစ်ပါတယ်။
ဒီကိုရောက်လာသင့်တဲ့ သူတွေကတော့ တော်လှန်နေသူ သူပုန်တွေပါ။ သူတို့ရဲ့ထာဝရအရိပ်၊ သူတို့ရဲ့ ငြိမ်ဆိတ်တဲ့ အင်အား၊ သူတို့ရဲ့ ထက်သန်တဲ့ မှတ်ဉာဏ် ဒါတွေသာဒီနေရာကိုရောက်သင့်ပါတယ်။ သူပုန်တွေ။ မိန်းမတွေ။ ယောက်ျားတွေ ဇာပါတစ္စတာအမျိုးသားလွတ်မြောက်ရေးတပ်ရဲ့ အမြဲတမ်းတပ်သားတွေ။ သူတို့တွေဟာ ပြည်သူတွေရဲ့ အသဲနှလုံးကို ကာကွယ်ထားသူတွေ။ သူတို့ကိုသာ ခင်ဗျားတို့မြင်ဖို့ထိုက်တန်လှပါတယ်။ သူတို့ကိုသာ ကြားဖို့ ထိုက်တန်ပါတယ်။ သူတို့သာ စကားပြောခွင့်ရသင့်တဲ့သူတွေပါ။
ကျနော်တို့ဟာ ဒီနေရာကို ရောက်မလာသင့်ပါဘူး။
ဒါပေမယ့် ကျနော်တို့ရောက်လာခဲ့ကြရပါပြီ။
ကျနော်တို့ ဒီနေရာကိုလာခဲ့ရာမှာ မက္ကဆီကိုတပြည်တ၀ှမ်းလုံးက ဌာနေတိုင်းရင်းသားပြည်သူတွေ အားလုံးနဲ့အတူ ချီတက်လာခဲ့တာပါ။ ဌာနေတိုင်းရင်းသားတွေ။ ကျနော်တို့ရဲ့ ပထမဦးစားပေးရတဲ့ သူတွေ။ ကျနော်တို့ ပထမဦးဆုံးခွင့်ပြုရမယ့် ပြောရေးဆိုခွင့်ရှိသူတွေ။ ကျနော်တို့ ပထမဦးစားပေး နားထောင်ရမယ့်သူတွေ။
ဒီတိုင်းရင်းသားတွေဟာ ပထမနေရာမှာဦးစားပေးဆက်ဆံရမှာဖြစ်ပြီး၊ နောက်ဆုံးမှ ကွယ်ပျောက်စေရမယ့်သူတွေ။ ဒီသူတွေနဲ့လာခဲ့ပါပြီ။
ဌာနေတိုင်းရင်းသား ညီအစ်ကိုတော်၊ ညီအမတို့။
တီးနက်။ ကျနော်တို့ အဝေးကြီးကလာခဲ့ကြတာပါ။ တလာဟွေးကား။ ကျနော်တို့အချိန်များစွာ လျှောက်ခဲ့ရတာပါ။ တလာပါနေးကို။ ကျနော်တို့ ကမ္ဘာတဆုံးလျှောက်ခဲ့သူတွေပါ။ တိုဂျိုလိုဘာ။ ကျနော်တို့ဟာ လေးနဲ့များပါ။ တိုတိုနားကို။ ကျနော်တို့ဟာ လမ်းလျှောက်နေတဲ့လေပါ။ တရီကြီး။ ကျနော်တို့ဟာ နှလုံးသားနဲ့လှည့်ပတ်နေတဲ့သွေးပါ။ ဇီးလ်တာ။ စစ်ထွက်သူတွေနဲ့ ကာကွယ်ပေးသူတွေပါ။ ဇို့တ်ဇီးလ်။ မိတ်ဆွေဆန်တဲ့ ပွေ့ဖက်မှုပါ။
ဝိဇာရီတာရီ။ သူတို့က ကျနော်တို့ဟာ ချေမှုန်းခံရ ရှုံးနိမ့်သွားပြီလို့ အထင်ခံရတဲ့သူတွေပါ။ ယာကြီး။ ငတုံးတွေပါ။ ဇာပိုတီကို။ တိတ်တိတ်နေတတ်တဲ့ သူတွေပါ။ ဇိုကြီး။ ကျနော်တို့လက်ထဲမှာ အချိန်များစွာသယ်ဆောင်လာတဲ့သူတွေပါ။ မာယာ။ ကျနော်တို့ဟာ ဒီနေရာကို မိမိတို့ကိုယ်ကိုပြန်လည် နာမည်ပေးဖို့လာခဲ့သူတွေပါ။ ကူမီအီ။ ကျနော်တို့ဘာဖြစ်တယ်ဆိုတာ ပြောပြဖို့လာခဲ့သူတွေပါ။ မာယို။ ကျနော်တို့ကို မြင်သာဖို့လာခဲ့တဲ့သူတွေပါ။
မာဇာဟူးဝါး။ ကျနော်တို့မြင်နေတာကို မြင်ရဖို့လာခဲ့သူတွေပါ။ မာဇာတီကို။ ဒီနေရာမှာ ကျနော်တို့နာမည်ကို ကျနော်တို့လျှောက်ခဲ့တဲ့လမ်းတွေနဲ့ ပြောပြဖို့လာခဲ့သူတွေပါ။ မစ်ဇီး။ ကျနော်တို့ဟာ ဒီလိုသူတွေပါ။
ခြံစည်းရိုးကြားထဲမှာ ကြီးပြင်းရသူတွေ။ တေးသီတဲ့သူတွေ။ ဝေါဟာရအဟောင်းတွေကို ဂရုတစိုက်ပြုစုစောင့်ရှောက်သူတွေ။ စကားပြောပြသူတွေ။ ပြောင်းခင်းထဲက ဖြစ်လာသူတွေ။ တောင်ပေါ်မှာနေတဲ့သူတွေ။ မြေကမ္ဘာပေါ် လမ်းလျှောက်သူတွေ။ မိမိအတွေးအခေါ်ကို ဖလှယ်တဲ့သူတွေ။
အမှန်တရားကျနော်တို့။ အမှန်အကန်သူတွေ။ မျိုးရိုးစဉ်ဆက် ဆက်ခံသူတွေ။ ပိုက်ကွန်ရဲ့အတွင်းက သူတွေ။ သမိုင်းကို လေးစားသူတွေ။ ရိုးသား နှိမ့်ချစွာ ၀တ်ဆင်သူတွေ။ စကားပြောရင် ပန်းပွင့်သူတွေ။ မိုးစက်မိုးပေါက်လိုသူတွေ။ ပေးဝေငှစရာ ဗဟုသုတရှိသူတွေ။ များတွေနဲ့ အမဲလိုက်သူတွေ။ မြစ်တစင်းလိုသူတွေ။ သဲကန္တာရလိုသူတွေ။ ပင်လယ်လိုသူတွေ။ ကွဲပြားခြားနားသူတွေ။ လူတယောက်လို ရပ်တည်သူတွေ။ လမ်းလျှောက်မြန်တဲ့သူတွေ။ လူထုလိုသူတွေ။ တောင်တွေလို ကျင့်ကြံသူတွေ။ ဆေးတွေနဲ့အရောင်ချယ်သူတွေ။ အမှန်တရားကိုသာ ပြောသူတွေ။ နှလုံးသား (၃) ခုရှိသူတွေ။ အဖေနဲ့ အကိုကြီးလို ဖြစ်သူတွေ။ ညမှာလမ်းလျှောက်သူတွေ။ အလုပ်လုပ်သူတွေ။ လူကြီးတဦးလို သူတွေ။ တိမ်တွေကြားမှာ လမ်းလျှောက်တဲ့သူတွေ။ ဝေါဟာရကြွယ်ဝတဲ့ သူတွေ။ မိမိသွေးနဲ့ အတွေးအခေါ်ကို ဖလှယ်သူတွေ။ နေလုံးကြီးရဲ့ သားတွေ။ တဦးချင်း တလမ်းစီသွားကြသူတွေ။ မြူတွေကြားမှာ လမ်းလျှောက်သူတွေ။ မှော်ဆန်တဲ့သူတွေ။ ဝေါဟာရတွေ တည်ဆောက် အလုပ်လုပ်သူတွေ။ တောင်တွေကြားမှာ အမိန့်ပေးသူတွေ။ ညီအစ်ကို၊ ညီအစ်မလို သူတွေ။ အမူဇဂို။
ဒီအချက်တွေအားလုံးဟာ ကျနော်တို့အမည်ကို ပြောပြနေပါတယ်။ ကိုရာ။ ထိုထက်ပိုလို့ ပြောပြနေပါတယ်။ ကြီကာတီကို။ ဒါပေမယ့်ကြားရခဲတဲ့ စကားတွေဖြစ်ပါလိမ့်မယ်။ ချီနာတီကို။ အခြားအမည်တခု ကပ်ပေးထားခြင်းခံရတဲ့သူတွေပါ။ ချိုချိုတီကို။ ကျနော်တို့ဟာ ကျနော်တို့နဲ့အတူဖြစ်သူ တွေနဲ့ဆုံတွေ့ဖို့လာခဲ့သူတွေပါ။ ချိုးလ်။ ကျနော်တို့ဟာ ကျနော်တို့ကိုယ်ကို ပြန်မြင်ရသလို ဖောက်မြင်ရတဲ့ မှန်တချပ်လိုသူတွေပါ။ ချွန်တာလ်။ ကျနော်တို့ဟာ ကမ္ဘာမြေရဲ့ အရောင်အဆင်းပါ။ ဂွါရီဂျီရို။ ဒီအချိန်ကစပြီး ကျနော်တို့ရဲ့အသားအရောင်ကြောင့် နောက်တခါထပ်မရှက်တော့မယ့် သူတွေပါ။ ဟွာစ်တီကို။ ဘာသာစကား။ ဟွာဗေး။ ၀တ်စားဆင်ယင်မှု။ ကီကာပူ။ အကအခုန်။ ကူကာပါ။ သီချင်း။ မိမ်း။ အရပ်အမောင်း။ မာတလာ ဇင်ကာ။ သမိုင်း။ မဇ်တီကို။ ယခုအချိန်ကစလို့ မရှက်တတ်တော့တဲ့သူတွေ။ နာဟော့တ်လ်။ ယခုအချိန်ကစပြီး ကျနော်တို့ရဲ့အရောင်အသွေး၊ မြေကမ္ဘာရဲ့ အရောင်အသွေးအတွက်ဂုဏ်ယူကြသူတွေ။ နာဟူး။ ဒီနေရာမှာ ကျနော်တို့အရောင် အသွေးအတိုင်း၊ ကမ္ဘာမြေရဲ့ အရောင်အဖြစ် မြင်ရတာကိုဂုဏ်ယူကြသူတွေ။ အိုအိုဟမ်။ ကျနော်တို့မွေးထားတဲ့ အတိုင်း အသံပြုသူတွေ။ ပါမီး။ ဒီအချိန်ကစလို့ ထပ်တခါတိတ်ဆိတ်နေတော့မှာ မဟုတ်သူတွေ။ ပိုပိုလူကာ။ ဒီအချိန်ကစလို့ အော်ဟစ်တော့မယ့်သူတွေ။ ပူရီပီချာ။ ဒီနေရာ ဖုန်းကွယ်ထားတဲ့နေရာ။ ရာရာမူရီ။ ဒီမှာ မဲမှောင်တဲ့ အလင်းရောင်တွေ။ အချိန်တွေ။ ခံစားမှုတွေ။
ဌာနေတိုင်းရင်းသား ညီအစ်ကိုတော်၊ ညီအစ်မတော်တို့။
ဌာနေတိုင်းရင်းသားမဟုတ်သူ ညီအစ်ကိုတော်၊ ညီအစ်မတော်တို့။
ကျနော်တို့ဒီကိုရောက်လာပြီဆိုတာ ပြောပြဖို့ ကျနော်တို့ဒီနေရာကိုရောက်လာပါပြီ။
ကျနော်တို့ဒီနေရာကိုရောက်လာပါပြီလို့ ပြောပြနေတဲ့အချိန်မှာပဲ ကျနော်တို့ဟာ အခြားသူများကိုလည်း အမည်ပေးဖို့ ရောက်လာတာပါ။
မက္ကဆီကန် ဟုတ်သူရော၊ မဟုတ်သူပါ ညီအစ်ကိုတော်၊ ညီအစ်မတော်တို့။ ခင်ဗျားတို့နဲ့အတူ ကျနော်တို့ ဒီကိုရောက်ရှိလာကြောင်း၊ ခင်ဗျားတို့နဲ့ အတူရှိကြောင်း ပြောကြပါစို့။
ညီအစ်ကိုတော်၊ ညီအစ်မတော်တို့။
ဌာနေဟုတ်သူရော၊ မဟုတ်သူရောတို့။
ကျနော်တို့ဟာ မှန်တချပ်လိုပါ။ ကျနော်တို့ကိုကြည့်ဖို့ရော၊ ခင်ဗျားတို့ကိုယ်ကို ခင်ဗျားတို့ပြန်မြင်ရဖို့ပါ ဒီနေရာကို ရောက်လာခဲ့တာပါ။ အခြားသူများအဖို့ ကျနော်တို့ရဲ့ပုံရိပ်အတိုင်း သူတို့ကိုယ်သူတို့မြင်စေဖို့ ရောက်လာသူတွေပါ။
ကျနော်တို့ဒီကိုရောက်ရှိလာပါပြီ။ ကျနော်တို့ဟာ မှန်တချပ်ပါ။
အမှန်စင်စစ် မဟုတ်ပါဘူး။ ထင်ဟပ်ထားတဲ့ ပုံရိပ်မျှသာပါပဲ။ အလင်းမဟုတ်ပါဘူး။ ရောင်ပြန်ထားတဲ့အလင်းပါပဲ။ လမ်းမဟုတ်ပါဘူး။ ခြေလှမ်းစရာ အနည်းငယ်ပါပဲ။ လမ်းညွှန် မဟုတ်ပါဘူး။ နံနက်ခင်းဆီကို ရောက်နိုင်အောင်သွားမယ့် လမ်းများထဲကတခုပါပဲ။
ညီအစ်ကိုတော်၊ ညီအစ်မတော်တို့။
ပြီးတော့ မက္ကဆီကိုမြို့တော်ကြီး။
ကျနော်တို့ဆိုပြီး ကိုယ်စားပြုပြီးပြောနေတဲ့အချိန်မှာပဲ ကျနော်တို့ဟာ ကျနော်တို့မဟုတ်ဘူး။ ကျနော်တို့ဟာ ကျနော်တို့ဟုတ်လိမ့်မယ် မဟုတ်ဘူး လို့ အမြဲပြောနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပေါ်က ကိုယ်စားပြုပြီး ပြောနေသူတွေဟာ ပိုက်ဆံဖြစ်ပြီး၊ ပိုက်ဆံတွေအတွက် ပြောနေတာ ဖြစ်တယ်။ ဤဝေါဟာရတွေကိုပဲ မှတ်စုတ်ထုတ်နှုတ် နေကြတာဖြစ်တယ်။ သူတို့မကြည့်လို မမြင်လိုတဲ့ကိစ္စကို စနစ်တကျကြည့်ရှု၊ နားထောင်၊ အာရုံထားကြသူတွေဖြစ်တယ်။ ကျနော်တို့ဟာ အာဏာကိုမျှော်ကိုးသူတွေမဟုတ်ဘူး။ အာဏာထဲကလည်း ပေါက်ဖွားလာတာ မဟုတ်ဘူး။ ဝေါဟာရတွေ၊ လမ်းတွေကို တည်ဆောက်နေသူတွေဖြစ်တယ်။ ကျနော်တို့ဟာ ဒီလိုဘယ်တော့မှ ပြုမူလိမ့်မယ်မဟုတ်ဘူး။
ကျနော်ဟာ ကျနော်တို့ရဲ့ဂုဏ်သိက္ခာ၊ သူတပါးရဲ့ဂုဏ်သိက္ခာကို တန်ဖိုးဖြတ်ရောင်းကြမယ့်သူတွေ မဟုတ်ဘူး။ ကျနောတို့တော်လှန်ရေးကို ဈေးကွက်တခုလို၊ နိုင်ငံရေးဆိုတာ ကုန်သည်တွေရဲ့အလုပ်လို ပြောင်းလဲပစ်ကြမယ့်သူတွေ မဟုတ်ဘူး။ အရာကိစ္စတွေအပေါ်မှာအငြင်းမပွါးပဲ၊ ဖောက်သည်အပေါ်အခြေခံအငြင်းပွါးကြမယ့်သူတွေ မဟုတ်ဘူး။ ကျနော်တို့ဟာ ဒီလိုလူတွေဖြစ်လိမ့်မှာ မဟုတ်ဘူး။
ကျနော်တို့ဟာ ကျနော်တို့ကူညီပေးထားသယောင်ဆောင်သူများ အခြားသူတဦးထံက လိုင်မောက်ဆင်း ဇိမ်ခံကား၊ သို့မဟုတ်တောင်းပန်ခယမှုကို တောင်းခံကြမယ့်သူတွေမဟုတ်ဘူး။ တောင်းပန်ခယခြင်းမပြုပဲ သရော်စော်ကားသူများလိုပြုကြမှာ မဟုတ်ဘူး။ ကျနော်တို့တည်ရှိနေမှုကို ပြသ၊ တောင်းဆို၊ ဆန္ဒပြကြမယ့်သူများသာ ဖြစ်တယ်။ ကျနော်တို့ဟာ ဒီလိုလူတွေဖြစ်လိမ့်မှာ မဟုတ်ဘူး။
ကျနော်တို့ဟာ မိုက်မဲစွာ အပေါ်အထက်မှတရားမျှတမှုများ ဆင်းသက်လာလိမ့်မယ်လို့ မျှော်လင့်ကြမယ့်သူတွေ မဟုတ်ဘူး။ အောက်ခြေမှ တရားမျှတမှုကို တည်ဆောက်မည့်သူများသာဖြစ်တယ်။ လွတ်လပ်ခြင်းဆိုတာ အားလုံးအင်အားနဲ့ ဆောင်ရွက်မှသာ ရမယ့်အရာဖြစ်တယ်။ ဒီမိုကရေစီ ဆိုတာအဆင့်အသီးသီးအားလုံးအတွက်၊ အချိန်အသီးသီးမှာ တိုက်ပွဲဝင်ရမယ့်အရာဖြစ်တယ်။ ကျနော်တို့ဟာ ဒီလိုလူတွေဖြစ်လိမ့်မှာ မဟုတ်ဘူး။ ကျနော်တို့ဟာ ထွက်ပြေးကြမယ့်သူတွေလည်း မဟုတ်ပါဘူး။ အချိန်နဲ့အမျှ သက်သေပြမှာပါ။ နိုင်ငံရဲ့ကျဆုံးရမှုမှန်သမျှ အတိတ်ကရွှေထီးဆောင်းရ ပုံတွေ ကြေကွဲရခြင်းနဲ့အတူ ပြက္ခဒိန်တွေက မှတ်တမ်းတင်ထားပါလိမ့်မယ်။ ကျနော်တို့ဟာ ဒီလိုပုံစံလူတွေဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
ကျနော်တို့ဟာ ကောက်ကျစ်တဲ့ “ကဲကုလ” သင်္ချာနည်းဆန်တဲ့ ဟန်ဆောင်တတ်သူတွေ မဟုတ်ပါဘူး။ ပြောတော့ပုံစံတမျိုး၊ နောက်ကွယ်မှာဖုန်း ကွယ်ထားတဲ့သဏ္ဍာန်တမျိုး လူတွေမဟုတ်ပါဘူး။ အတွင်းကတော့ ထာဝရစစ်ကိုလိုလားပြီး အတုအယောင်ငြိမ်းချမ်းရေးကို ဟန်ပြလာပေးတဲ့ သူတွေမဟုတ်ဘူး။ ပြောတုန်းကတော့ (၃)၊ တကယ်ဖြစ်လာတော့ (၂) ဒါမှမဟုတ် (၄)၊ ဒါမှမဟုတ် (အားလုံး)၊ ဒါမှမဟုတ် (သုည) ဒီလိုမဟုတ်ပါ ဘူး။ ကျနော်တို့ဟာ ဒီလိုပုံစံလူတွေဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
ကျနော်တို့ဟာ အာဏာပုံရိပ်ကို မူးမူးရူးရူးစွဲလမ်းမိလို့၊ နံနက်ခင်းမှာနောင်တရကြေကွဲရသူတွေ မဟုတ်ပါဘူး။ ငွေကြေးရလာဖို့ဆိုရင် မိမိကိုယ်မိမိ သဘောကောင်းသူလို့ ဂရုဏာရှိသူ ဟန်ဆောင်ခဲ့လို့ နောင်တရ ကြေကွဲရသူတွေ မဟုတ်ဘူး။ ကျနော်တို့ဟာ ဒီလိုပုံစံလူတွေ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
ကျနော်တို့ဟာ ဒီလိုချီတက်ပွဲမျိုး နောက်တကြိမ် ထပ်ချီလာပါဦးမယ်။
ဌာနေတိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာရှိတဲ့ ချီတက်ခြင်းမျိုးနဲ့ ထပ်ချီလာပါဦးမယ်။
ကမ္ဘာမြေရဲ့ အရောင်အသွေးနဲ့ တဖန်ထပ်လို့ ချီလာပါဦးမယ်။ ပုန်းကွယ်နေရတဲ့ မက္ကဆီကိုပြည်သူတွေ၊ ထိခိုက်နစ်နာနေရတဲ့ မက္ကဆီကိုပြည်သူတွေကို ဖော်ထုတ်ထွက်လာစေပြီး ထပ်ချီလာပါဦးမယ်။
ကျနော်တို့ဟာ သူတို့ရဲ့စကားပြောခွက် မိုက်ကရိုဖုန်းတွေ မဟုတ်ပါဘူး။
ကျနော်တို့ဟာ အသံအများထဲက တသံပါ။
အသံများစွာထဲကပဲ့တင်ပြန်နေတဲ့ လူသားဂုဏ်သိက္ခာရဲ့ ပဲ့တင်သံတခုမျှသာပါ။
ကျနော်တို့အသံဟာ ဒီအသံတွေထဲပေါင်းထားတဲ့အသံတခုသာပါ။ ကျနော်တို့အသံဟာ ဒီအသံများစွာကို ဆတိုးကြားစေတဲ့အသံပါ။
ကျနော်တို့ဟာ ပဲ့တင်သံလိုဆက်လက်ကျင့်ကြံသွားပါ့မယ်။ ကျနော်တို့ဟာ ဆက်လက်အသံတခုအဖြစ် ဆက်ရှိသွားပါ့မယ်။
ကျနော်တို့ဟာ ရောင်ပြန်တခုပါ။ ကျနော်တို့ဟာ အော်သံတခုပါ။ ကျနော်တို့ အမြဲတမ်းဒီအတိုင်းဆက်ဖြစ်သွားပါ့မယ်။ ကျနော်တို့ဟာ ပြစရာ မျက်နှာတခုရှိသည် ဖြစ်စေ- မရှိသည်ဖြစ်စေ၊ လက်နက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျနော်တို့ဟာ ဇာပါတစ္စတာတွေပါ။ ကျနော်တို့ဆက်ရှိ သွားပါ့မယ်။ ကျနော်တို့ထာဝရ ဆက်ရှိသွားပါ့မယ်။ နှစ်ပေါင်း (၉၀) တိုင်တိုင် အာဏာရှိသူတွေက သူတို့ကိုအောက်ကျို့ဖို့ကျနော်တို့ကို ခိုင်းခဲ့ပါ တယ်။ ကျနော်တို့ဇာပါတစ္စတာတွေက “ဆီညော်၊ လူကြီးမင်းခွင့်ပြုချက်အရ ”လို့ပြောရသူတွေ။ ကျနော်တို့က အမြဲတမ်းအောက်မှာနေရသူတွေ။ “ကျွန်တော်မျိုးလို” တုန့်ပြန်သူနဲ့ တုန့်ပြန်ခံရသူတွေ။
ကျနော်တို့ရဲ့ခွင့်ပြုချက်အရ။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း (၉၀) ကတည်းက အော်ဟစ်ခဲ့ရသူတွေ။ “သူပုန်”လို့အခေါ်ခံရသူတွေ။ ဒီနေ့အခါ မှာတော့ ကျနော်တို့တဖန်ထပ်ပြောပါပြီ။ ကျနော်တို့ဟာ သူပုန်တွေပါ။ ကျနော်တို့ သူပုန်တွေဆက်ဖြစ်သွားပါဦးမယ်။ ဒီလိုသူပုန်ဆက်ဖြစ်ဖို့အတွက် ကျနော်တို့က လူအားလုံးနဲ့အတူ သူပုန်ဆက်ဖြစ်သွားချင်တဲ့သူတွေပါ။ စစ်ပွဲတခုမဟုတ်ပဲ။ နေရာတခု၊ နည်းလမ်းတခုလို ဆက်ရှိသွားချင်သူတွေ။ ဒါကြောင့်မို့လို့ မြေကမ္ဘာရဲ့ အရောင်အသွေးအကြောင်း ပြောကြပါစို့။
တော်လှန်ရေးမှာ လမ်းများစွာရှိပါတယ်။ ဒါပေမယ့် ဦးတည်ချက်ကတော့တခုတည်းပါပဲ။ အားလုံးနဲ့ အရောင်အသွေးတူရေးအတွက် မြေကမ္ဘာရဲ့ အရောင်အသွေးကို ၀တ်ဆင်ကြပါစို့။
ညီအစ်ကိုတော်၊ ညီအစ်မတော်တို့။
သူတို့ကပြောကြပါတယ်။ ငလျှင်လိုလှုပ်ခါနေတဲ့ ကျနော်တို့ဘ၀ရဲ့အပေါ်ကိုနဲနဲတက်ရင် တည်ငြိမ်သွားမယ်ပြောကြပါတယ်။ အားလုံးဟာအဆင်ပြေ သွားပါလိမ့်မယ်။ သူတို့ဟာလည်း ကျနော်တို့အပေါ်မှာပဲ နေမြဲအတိုင်းဆက်ရှိနေကြမယ်လို့ ပြောကြပါတယ်။ သူတို့က ပြောကြပါတယ်။ ခင်ဗျားတို့ ဒီကိုလာကြတာဟာ ပြပွဲတပွဲကိုကြည့်ရရုံ၊ နားမထောင်ပဲ ကြားရရုံအတွက် လာတာလို့ ဆိုပါတယ်။ သူတို့ကပြောကြပါတယ်။ ကျနော်တို့ကအနည်းစု၊ ကျနော်တို့က အင်အားမရှိသူတွေ၊ လို့ဆိုကြပါတယ်။
ကျနော်တို့ဟာ ဓါတ်ပုံတပုံသက်သက်မျှသာ မဟုတ်ပါဘူး။ ဖျော်ဖြေရေးဆန်တဲ့ လူတယောက်ရဲ့ အကြောင်းလည်း မဟုတ်ဘူး။ မျက်မှန်တခုလည်း မဟုတ်ဘူး။ မကြာခင်သက်တမ်းကုန်ရက်လွန် ပျက်စီးသွားတော့မယ့်ထုတ်ကုန်တခုလည်း မဟုတ်ပါဘူး။
သူတို့ကပြောကြပါတယ်။ ခင်ဗျားတို့ဟာ ကျနော်တို့ကိုမကြာခင်စွန့်ခွါသွားကြမယ်။ ထွက်ခွါသွားပြီးတဲ့နောက် ဘာမှမကျန်ရစ်ပဲ ကျနော်တို့ကလည်း လာရာလမ်းကို ပြန်ကြမယ်။ မကြာခင်မေ့သွားတာနဲ့အမျှ ကျနော်တို့ရဲ့ ကျဆုံးမှုလို့ ပြောကြမယ်။ ခင်ဗျားတို့က မေ့သွား၊ ကျနော်တို့လည်းရှုံးကြလိမ့် မယ်လို့ သူတို့က ပြောကြမယ်။
သူတို့အတွင်းကသိပါတယ်။ သူတို့မပြောချင်တာက ခင်ဗျားတို့ဟာ မြေကမ္ဘာရဲ့အရောင်အသွေးကို မေ့ကြမှာမဟုတ်သလို၊ ကနော်တို့လည်းချေမှုန်း နိုင်လိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ သူတို့မပြောချင်တာက ပြောရင်သူတို့ပြောတာဟာ အသိအမှတ်ပြုရာ ကြမှာစိုးလို့ပဲ။ အသိအမှတ်ပြုလိုက်တာနဲ့ အမျှ အရာရာဟာ ပြောင်းလဲကုန်ပြီးဖြစ်လိမ့်မယ်။ ပြောင်းလဲတာဟာလည်း အခြားမဟုတ်။ အားလုံးအလုံးစုံပြောင်းလဲသွားမှာဖြစ်လို့ ဖြစ်တယ်။
ကျနော်တို့ရဲ့လှုပ်ရှားမှု၊ မြေကမ္ဘာရဲ့အရောင်အဆင်းဟာ ခင်ဗျားတို့လှုပ်ရှားမှုပဲ။ အကြောင်းကတော့ ခင်ဗျားတို့ပိုင်ဆိုင်သလို ကျနော်တို့လည်း ပိုင်ဆိုင်လို့ဖြစ်တယ်။ အခုအခါမှာ သူတို့အကြောက်ဆုံးအရာက (ခင်ဗျားတို့) ဆိုတာမရှိပဲ (ကျနော်တို့အားလုံး) ဆိုတာရှိလာမှာစိုးရိမ်နေတာပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အားလုံးဟာ ကမ္ဘာမြေရဲ့အရောင်အသွေးတွေဖြစ်လို့ ဖြစ်တယ်။
အခုအချိန်ဟာ မြေခွေးတွေနဲ့ မြေခွေးကနားထောင်နာခံနေရတဲ့ သခင်တွေကျနော်တို့အသံကို နားထောင်ချိန်ကျပါပြီ။
အခုအချိန်ဟာ မြေခွေးတွေနဲ့ မြေခွေးကအမိန့်နာခံနေရတဲ့ သခင်တွေကျနော်တို့ကိုမြင်ချိန်ကျပါပြီ။
ကျနော်တို့ပြေတာဟာ တသံတည်း။ ကျနော်တို့ရှာဖွေမြင်တာဟာ တပုံတည်းဖြစ်နေပါပြီ။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ သူတို့ရဲ့ယဉ်ကျေးမှုကို အသိအမှတ်ပြုဖို့ လိုအပ်တယ်။
ကမ္ဘာမြေရဲ့အရောင်အသွေးအတွက် ဂုဏ်သိက္ခာရှိတဲ့နေရာတခုလိုအပ်တယ်။
အခုအချိန်ဟာ ဒီနိုင်ငံအနေနဲ့ ငွေကြေးရဲ့အရောင်အဆင်းကိုသာကြည့်လို့ ဖြစ်နေရတဲ့ ရှက်ဖွယ်ကိစ္စတွေကို ရပ်တန်းကရပ်ဖို့အချိန်တန်ပါပြီ။
အခုအချိန်ဟာ ဌာနေတိုင်းရင်းသားတွေရဲ့အချိန်။ မြေကမ္ဘာရဲ့ အရောင်အသွေးရဲ့အချိန်။ ငွေကြေးရဲ့ အရောင်အဆင်းမဟုတ်တဲ့ ကျနော်တို့ရဲ့ အရောင်အမျိုးမျိုးအချိန် ဖြစ်နေပါပြီ။
ကျနော်တို့ဟာ သူပုန်တွေပါ။ ဘာဖြစ်လို့သူပုန်ဖြစ်ရသလဲဆိုတော့ ကမ္ဘာကြီးကိုမရှိတော့သယောင်ထင်မှတ်ထားပြီး ရောင်းဝယ်နေကြသူတွေ အတွက် ကမ္ဘာကြီးကိုယ်တိုင်က သူပုန်ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့အရောင်အဆင်း၊ ကျနော်တို့ရဲ့အရောင်အဆင်း မရှိတော့သယောင် ရောင်းဝယ်နေကြသူတွေ ရှိနေလို့ဖြစ်ပါတယ်။
မက္ကဆီကို မြို့တော်ကြီး။
ဒီမှာ ကျနော်တို့ရောက်လာပါပြီ။ ကျနော်တို့ဒီကို ကမ္ဘာမြေရဲ့အရောင်အဆင်းနဲ့ သူပုန်တွေအဖြစ် ရောက်လာကြပါပြီ။
ကျနော် အော်ပါရစေ။
ဒီမိုကရေစီ။
လွတ်လပ်ရေး
တရားမျှတမှု။
မက္ကဆီကို။
ကျနော်တို့ ဒီကိုလာတာဟာ ခင်ဗျားတို့ကို ဘာလုပ်ဆိုတာပြောဖို့ရောက်လာတာ မဟုတ်ပါဘူး။ ဘယ်လမ်း ဘယ်ပုံညွှန်ကြားဖို့ရောက်လာတာ မဟုတ်ပါဘူး။ ကျနော်တို့လာတာဟာ နှိမ့်ချစွာ၊ လေးစားစွာ သင်တို့ရဲ့အကူအညီကို တောင်းဆိုဖို့ ရောက်လာတာပါ။ ကျနော်တို့ရဲ့ မြင့်မြတ်တဲ့ မြေမှာ ဒီအလံကိုမမြင်ရပဲ နေလုံးကို ထွက်လာခွင့်မပေးပါနဲ့။ ဒီအလံဟာ ကမ္ဘာမြေကြီးရဲ့အရောင်အဆင်းဖြစ်ပါတယ်။
အောင်သူငြိမ်း ဘာသာပြန်သည်။
Tuesday, August 28, 2007
ကျနော်တို့ဒီကို လာခဲ့ပြီ။ ကျနော်တို့ရောက်လာခဲ့ပြီ။
Posted by ရွက်မွန် at 2:04 PM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment