ရွက်မွန်စာမျက်နှာ

Tuesday, August 28, 2007

အရိုးကျောက်တည်မာတောင့်နေသော စနစ်နှင့် အာဏာမဲ့များ၏ သြဇာခွန်အား

ဗာ
ဆလပ်ဟာဗယ်နှင့် မြန်မာနိုင်ငံ

ချက်နိုင်ငံသမတဟောင်း၊ ဗာဆလပ်ဟာဗယ်က မြန်မာနိုင်ငံနှင့်မစိမ်း။ (ကျနော်တို့မြန်မာတွေက စာလုံးပေါင်းကိုကြည့်၍ ဗာကလပ် ဟာဗယ်ဟုအသံထွက်ခေါ်ကြသည်။ အမှန်မှာ ဗာဆလပ် ဟာဗယ်ဖြစ်သည်။) မကြာသေးမီက သူနှင့် တောင် အာဖရိကမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်းဖော်ပြသည့် အစီရင်ခံစာကြောင့်၊ မြန်မာလူထုများအကြားတွင် ပို၍ လူသိများလာခဲ့ရသည်။ သူက ချက်နိုင်ငံ၏လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်သည်။ ထိုအတွက်ကြောင့် သူကမြန်မာနိုင်ငံဒီမိုကရေစီအရေးကို စာနာသည်။ သူသမတ တာဝန်ရှိစဉ်က မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေး ခဲ့သလို၊ သမတတာဝန်ပြီး နောက်ပိုင်းတွင်ပါ နိုင်စွမ်းသမျှကူညီပေးနေသေးသည်။

သူက ပြဇာတ်ရေးဆရာဖြစ်သလို၊ အက်ဆေးစာအုပ်များစွာလည်း ရေးခဲ့ဖူးသည်။ သူရေးသားသော ‘အာဏာမဲ့သူများ၏ သြဇာခွန်အား (Power of the Powerless) အက်ဆေးက လူအများညွှန်းကြသလို၊ ဒေါ်အောင်ဆန်းစုကြည်ကပင် ကြိုက်နှစ်သက်ရကြောင်း တခါကရည်ညွှန်းဖော်ပြခဲ့ဖူးသေးသည်။ သူက အာဏာရှင်စနစ်အောက်က ဘ၀ကို ဖွင့်ဆိုရှင်းပြ ခဲ့သည်။ လူထုများ၏ ပုန်းကွယ်နေတတ်သော ခွန်အားစွမ်းပကားကိုလည်း ဖော်ပြခဲ့သည်။ ကျနော်က ဗာဆလပ်ဟာဗယ် ရေးသော ဤအက်ဆေးများအကြောင်းကို အမြည်းမိတ်ဆက်ပေးချင်လာသည်။

အာဏာမဲ့သူများ၏ သြဇာခွန်အား

သူက အက်ဆေးအစပိုင်းတွင် ချက်နိုင်ငံအာဏာရှင်စနစ်အောက်မှ အခြေအနေကို ဖော်ပြခဲ့သည်။ ဟင်းသီးဟင်းရွက်ဆိုင် မန်နေဂျာက သူ၏ ဆိုင်နံရံမှန်ပြင်တွင် “ကမ္ဘာတ၀ှမ်းရှိ အလုပ်သမားထုများ သွေးစည်းညီညွတ်ကြ” ဟု ကြွေးကြော်သံ တခုကို ကပ်လိုက်သည်။ ထိုကြော်ငြာက ပန်းသီး၊ လိမ္မော်သီးများကြားတွင် အထင်းသား။ ကုန်စည်ကြော်ငြာလည်း မဟုတ်။ သူ့အတွက် အမြတ်အစွန်းပိုရရန်လည်း ရည်ရွယ်ချက်နှင့် လားလားမျမဆိုင်။ ဆိုင်မန်နေဂျာက မည်သည့် အတွက်ကြောင့် ဤစာတန်းကို ကပ်ပါသနည်း။ သေချာသည်က သူကပ်လိုက်သော စာတန်း ကြွေးကြော်သံ၏ အဓိပ္ပါယ် ကို သူကိုယ်တိုင်လည်းမစဉ်းစားခဲ့၊ နေ့တဓူဝလုပ်ငန်းတခုလိုပင် လုပ်ရိုးလုပ်စဉ် လုပ်လိုက်ခြင်းသာဖြစ်သည်။ အလားတူ ဆိုင်သို့ဈေးဝယ်လာသော ရုံးအလုပ်သမားအမျိုးသမီးကလည်း ဤကြွေးကြော်သံ စာတန်းကို မမြင်ခဲ့ပါ။ အခြားဈေးဝယ် များကလည်း ထူးထူးခြားခြားမြင်လိမ့်မည် မထင်ပါ။ သို့သော် ရုံးစာရေးအမျိုးသမီးက သူ၏ရုံးသို့ရောက်သောအခါ အလားတူစာတန်းကိုပင် သူ၏ရုံးကြေငြာဘုတ်တွင် ကပ်ခဲ့ပြန်သည်။ ဟာဗယ်က “သူတို့ ဘာကို ဆက်သွယ်ဖို့ ကြိုးစား နေတာလဲ၊ ဘာပြောချင်တာလဲ၊ ဘာဖြစ်လို့ ဒီလိုစာတန်းတွေကပ်နေကြတာလဲ” ဟု သူ၏ အက်ဆေးတွင် မေးခွန်းထုတ်ခဲ့ သည်။

“သူတို့ ဘာကြောင့် ဒါကိုလုပ်သလဲ။ သူတို့က ကမ္ဘာကြီးကို ဘယ်လို ဆက်သွယ်ဖို့ကြိုးစားတာလဲ။ တကမ္ဘာလုံးက အလုပ်သမားတွေညီညွတ်ကြဆိုတဲ့အယူအဆအပေါ် သူတို့က စစ်စစ်မှန်မှန် ယုံကြည်ပြီး စိတ်အားထက်သန် နေတာလား။ သူတို့က သိပ်ကောင်းသည်ဟု ယုံကြည်နေသော စံထားချက်တွေကို လူအများ သိရှိရင်းနှီးလာရလေအောင်၊ တက်ကြွနေမှုက မြိုသိပ်ထား၍ မရတော့လောက်အောင် တိုက်တွန်းနေလို့လေလား။ အဲဒီညီညွတ်မှုမျိုးရလာလျင် ဘာတွေဆက်ဖြစ်မလဲ။ အဲဒီ စာတန်းရဲ့အဓိပ္ပါယ်က ဘာလဲဆိုတာ သူတို့တကယ်ပဲ အချိန်ပိုပေး တွေးခဲ့လေသလား။” ဟာဗယ်က မေးခွန်းထုတ်ခဲ့ပါသည်။

ကျနော်က မြန်မာနိုင်ငံရှိ ကျနော်တို့လူထုတွေကို ပြန်မြင်ယောင်သည်။ ကွန်ပြူတာစာစီသမားက “တို့တာဝန်အရေးသုံးပါး” စာသားများကို ကပ်ပြီး၊ ပြန်ကူးလိုက်သည်။ စာအုပ်အဖုံးသားရှေ့တွင် နေရာချပေးလိုက်သည်။ စာအုပ်ထုတ်ဝေသူ ကလည်း ဤစာတန်းပါဝင်သောကြောင့် ပို၍ရောင်းကောင်းမည်ဟု မယူဆပါ။ အလားတူ စာဖတ်သူများကလည်း ဤ စာမျက်နှာကို ကျော်လှန်လှော၍ ဖတ်သည်။ ရှိနေသည်ဟုပင် မထင်ပါ။ မည်သူကမျှ တို့တာဝန်အရေးသုံးပါးသည် တကယ်ကောင်း-မကောင်း၊ မည်မျှ အဓိပ္ပါယ်လေးနက်မှု ရှိ-မရှိ မစဉ်းစားနေခဲ့ပါ။ ထို့အတူ ဘတ်စကားစီးသွားသူများ ကလည်း လမ်းဘေးတွင်ထောင်ထားသော “ပြည်သူ့သဘောထား” ဆိုင်းဘုတ်များကို တွေ့ကြသည်။ “ပြည်ထောင်စု စိတ်ဓါတ် အစစ်အမှန်”ဟူသော အဓိပ္ပါယ်ဖွင့်ချက်ကို တွေ့ကြရသည်။ “ပြည်တွင်းပြည်ပ အဖျက်သမားများကို ချေမှုန်း ကြဖို့” နှိုးဆော်နေသည်ကို မြင်ကြရသည်။ တခါတရံ စုဝေးခိုင်းသော ထိုလူစုလူဝေးအစည်းအဝေးများတွင် လူအချို့က စာတန်းတွေဖတ်၊ မိန့်ခွန်းတွေပြောနေသည်ကို နားထောင်ကြရပြန်သည်။ သို့သော် လူအများအဖို့ ဤကိစ္စများသည် အစဉ်တွေ့နေကျတခုသာဖြစ်သည်။ ထိုထက်ပို၍ ဘာမျမထူး။

သို့သော် ချက်နိုင်ငံက ကုန်စိမ်းသည်မှန်ပြင်တွင် ကပ်လိုက်သော ကြွေးကြော်သံနှင့် စာအုပ်များရှေ့မျက်နှာတွင် တို့တာဝန် အရေးသုံးပါးထည့်လိုက်သော မြန်မာနိုင်ငံက မဂ္ဂဇင်းပိုင်ရှင်များသည်၊ လုံးလုံးအရေးမကြီးသည့်ကိစ္စ၊ သို့မဟုတ် ဘာမျှ အဓိပ္ပါယ် မရှိသော လုပ်ရပ်တခုကို လုပ်ခဲ့သည်တော့မဟုတ်ပါ။ ဤကြွေးကြော်သံစာတန်းများသည် သူတို့က လက္ခဏာ တခုကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဟာဗယ်က ဆိုပါသည်။ ထိုစာသားများတွင် ဖုန်းကွယ်နေသော အဓိပ္ပါယ်ရှိနေသည်ဟု သူက ဖော်ပြခဲ့သည်။

“ကျွန်ုပ် ကုန်စိမ်းသည် ကိုကကြီးသည် ကျန်ုပ်ဘာလုပ်ရမည်ကို သိပါသည်။ ကျွန်ုပ်အပေါ်မျော်လင့်ထားသည့်အတိုင်း၊ ကျန်ုပ်ပြုမူပါသည်။ ကျန်ုပ်အား ပြစ်တင်ဝေဖန်ခံရမည့်အရေးမှဝေးပြီး ကျွန်ုပ်ကိုစိတ်ချနိုင်ပါသည်။ ကျွန်ုပ်သည် နာခံတတ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်ကို ငြိမ်းငြိမ်းချမ်းချမ်းထားပေးသော အခွင့်အရေး ကျွန်ုပ်ရရှိပါသည်။” ဟူသော အဓိပ္ပါယ်ဖော်၍ ရနိုင်သည်ဟု ဟာဗယ်က မြုပ်နေသော အဓိပ္ပါယ်ကို ဖော်၍ ပြောပြခဲ့သည်။

ဤကြော်ငြာကပ်လိုက်ခြင်းသည်၊ အထက်သို့ သတင်းပို့လိုက်ခြင်းဖြစ်သည်။ တချိန်တည်းမှာပဲ၊ ဤသတင်းသည် ကုန်စိမ်း သည်ကို ရန်လိုနေသော သတင်းပေးများ၏ ရန်မှလည်း အကာအကွယ်ပေးသော ဒိုင်းကာဖြစ်ပြန်သည်။ ထိုအတွက် ကြောင့် ဤကြွေးကြော်သံဖြစ်စေ၊ တို့တာဝန်အရေးသုံးပါး စာရွက်ပါသော မဂ္ဂဇင်းဖြစ်စေ၊ လူအများ၏ ဘ၀များ အသက်ရှင် ဖြစ်တည်မှုထဲတွင် ခိုင်ခိုင်မြဲမြဲအမြစ်တွယ်နေခဲ့သည်။ သူတို့၏ အသက်တမျ အရေးကြီးသော အကျိုးစီးပွါးကို ဤဖော်ပြချက်များတွင် ထင်ဟပ်နေသည်။ စာရေးသူက အထွန့်တက်သေးသည်။ ဆိုကြပါစို့။ “ကျွန်တော် အစိုးရ လူကြီးများကို ကြောက်ပါတယ်။ ဒါကြောင့် ပြန်လှန်မမေးမြန်းဘဲ နာခံပါတယ်”ဟု ကုန်စိမ်းသည်ကို ကြွေးကြော်သံ ကပ်ဖို့ ညွှန်ကြားခဲ့သည် ဆိုပါစို့။ စာသားက အမှန်တရားကို ထင်ဟပ်နေသော်လည်း၊ ဤသို့ ကိုယ့်သိက္ခာကိုယ်ချ၊ မရေမရာ မဟုတ်သော၊ ရှက်ဖွယ်ကြေငြာချက်ကို ပြူတင်းမှာကပ်ရန် ကုန်စိမ်းသည် ရှက်ပေလိမ့်မည်။ အလားတူ မြန်မာနိုင်ငံက စာအုပ်ထုတ်ဝေသူ များကလည်း ရှက်ကြပေလိမ့်မည်။ ဤသို့ဖြင့် သူတို့၏ ရိုကျိုးနာခံလိုက်မှုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

ဤသို့ဖြင့် အာဏာရှင်စနစ်တည်ရှိနေနိုင်ခဲ့သည်။ ကုန်စိမ်းသည်ကပ်သော ကြွေးကြော်သံကြောင့်၊ ရုံးဝန်ထမ်း အမျိုးသမီး ကပ်သော ကြွေးကြော်သံ တည်ရှိနေခြင်း ဖြစ်သည်။ မဂ္ဂဇင်းများက တို့တာဝန်အရေးသုံးပါးထည့်နေသောကြောင့်၊ ကြံ့ဖွတ်လူထု စုဝေးပွဲများ ရှိနေခြင်းဖြစ်သည်။ လမ်းဘေး ပြည့်သူ့သဘောထား ဆိုင်းဘုတ်များကို လူအများထူနေကြ သောကြောင့် အဓမ္မ လုပ်အားပေးကိစ္စများတည်ရှိနေရခြင်း ဖြစ်သည်။ ဆက်စပ်ကြည့်မည်ဆိုလျင် ဝေးသလိုဖြစ်နေ သော်လည်း၊ တချိန်က ချက် ကွန်မြူနစ်ပါတီ ရပ်တည်နေနိုင်ခဲ့သလို၊ နအဖစစ်အစိုးရသည်လည်း သက်ဆိုးရှည်နေခဲ့ခြင်း သာ ဖြစ်သည်။ ယခုလည်း ပျဉ်းမနားသို့ ပြောင်းဆိုလျင် လိုက်ပြောင်းကြရဦးမည်။ အခုသွားဆိုလျင် အိုးအိမ်စီးပွါးဖျက်၍ ထသွားကြရဦးမည်။ ကြက်ဆူပင်စိုက်ပျိုးခြင်းသည် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည်ဟု ပြောလာလျင်လည်း လိုက်၍ စိုက်ကြရဦးမည်။ ဤသို့ ဖြင့် နအဖစစ်အစိုးရ တည်ရှိနေခြင်းသာ ဖြစ်သည်။
ဗာဆလပ် ဟာဗယ်က သူ၏အက်ဆေးတွင် အာဏာရှင်စနစ်၏ ရည်ရွယ်ချက်သည်၊ လူအများယူဆနေကြသလို အုပ်စိုး နေသော လူတစုလက်ထဲအာဏာထိန်းထားရေး ဆိုရုံမျလောက်သာ မဟုတ်ဟု ဆိုခဲ့သည်။ အာဏာရှင်စနစ်၏ ရည်ရွယ် ချက်မှာ အထက်မှာရှိသည့် မြင့်မားသောတစုံတရာအာဏာအောက်တွင် ကိုယ့်စားကျက်မှာကိုယ်တာရှည်ခံအောင် ထိန်းထားရေး (Social phenomenon of self-preservation)၊ ကျိုးနွံရေးနှင့် စနစ်ကိုမောင်းနှင်ပေးနေသော မျက်ကန်း အလိုအလျောက် လိုက်လုပ်ရေး (blind automatism) အခြေအနေမျိုးကို တောင်းဆိုခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အလိုအလျောက် လိုက်လုပ်ရေးကို လောင်စာဖြည့်ပေးဖို့၊ အလုပ်အကျွေး ပြုဖို့သာ စနစ်ကလိုချင်သည်ဟု ဖော်ပြခဲ့သည်။

မုသားကမ္ဘာ

ဤအခြေအနေတွင် စနစ်က လားရာတခုတည်းကိုသာ လိုလားတော့သည်။ လူအများက စနစ်၏ အလိုအတိုင်းနာခံရင်း၊ မုသားအတွင်း နေထိုင်နေကြရသော အခြေအနေဖြစ်လာခဲ့သည်။ သူတို့ ကပ်လိုက်သော ကြွေးကြော်သံကို ပြန်မစစ်ကြော တော့၊ ပြန်လှန် မေးခွန်း မထုတ်တော့။ တို့တာဝန်အရေးသုံးပါး ထည့်ဆိုလျင် ထည့်ရသည်။ ကြံ့ဖွတ်အစည်းအဝေးများတွင် ရေးထားသည် ပြောဆိုလျင် ပြောကြရသည်။ လုပ်အားပေးလုပ်ဆိုလျင် လုပ်ကြရသည်။ ဤအခြေအနေကို လိုက်နာလုပ် ဆောင်နေရင်း၊ ပုံမှန်လုပ်ငန်းဆောင်တာတခုသဖွယ် ထင်လာခဲ့ကြသည်။ ဟာဗယ်က ဤအခြေအနေကို “မုသားအတွင်း နေထိုင်ခြင်း” ဟု အမည်ပေးသည်။ စာရေးဆရာဒေါက်တာတင်မောင်သန်းက ‘ဟန်ပန်လေလန်လောက’ ဟု ဘာသာပြန် ဖော်ပြထားခဲ့သည်။ ဤသို့အာဏာရှင်စနစ်တည်ရှိနေခြင်းမှာ လူများအချင်းချင်း မုသားအတွင်းနေထိုင်ခြင်းကို မငြင်းပယ် သည့် အပြင် တဦးကိုတဦးပြန်အားဖြည့်၍၊ စနစ်ကို အကျိုးပြုနေကြသောကြောင့်ဟု သူကဆိုသည်။

ဤစနစ်အတွင်းတွင်ပင် ခေါင်းဆောင်နေသူများပင်လျင် ဘာမျမဟုတ်ဟု ဟာဗယ်ကဖော်ပြခဲ့သည်။ သူက အနောက်နိုင်ငံ သတင်းမီဒီယာများက တွက်ဆကြသလို လူတဦးချင်းစီ၏အခန်းကဏ္ဍ၊ ခေါင်းဆောင်တဦးချင်းစီ၏ အခန်းကဏ္ဍသည် ဘာမျှအရေးမကြီး၊ စနစ်၏သားကောင်များသာဖြစ်သည်ဟု ဆိုသည်။ အနောက်နိုင်ငံ သတင်းမီဒီယာများက ဂေါ်ဘာ ချော့ဖ်၊ ချက်နိုင်ငံတွင်လည်း ဟူးစက်နှင့် ဂိုလ်မူးကားတို့ကို ပိုမိုတွက်ချက်ဖော်ပြခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း တချိန် က ဗိုလ်ချုပ်ခင်ညွှန့်ကို ပို၍တွက်ဆနေစဉ်မှာပင်၊ အာဏာလက်မဲ့ ဖြစ်ခဲ့ရပြန်သည်။ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး စသည်ဖြင့် မင်းတရားကြီးဆန်သူ၊ စစ်သားကောင်းပီသလေသူ စသဖြင့် လူတဦးချင်းအခန်းကို ပိုတွက်နေကြသည်။ သို့သော် သူတို့သည်လည်း ဤစနစ်အတွင်း မုသားအတွင်းနေ ထိုင်နေကြရသူများသာ ဖြစ်ကြောင်း ဟာဗယ်၏အဆိုက ညွှန်းပြနေသည်။

တခါက လီယိုတော်လ်စတွိုင်းက စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကြီးတွင်လည်း ဤသဘောကိုပြောခဲ့ဖူးသည်။ နပိုလီယန်ကို ဤစစ်ကြီးကို ဦးဆောင်နေသူ၊ အောင်မြင်နေသူ အင်ပိုင်ယာပြည့်ရှင်ဟု ထင်နေကြသည်။ သို့သော် တော်လ်စတွိုင်းက ဤအခြေအနေကို ၀န်အပြည့်နှင့် လှည်းကြီးကိုဆွဲလာသော မြင်းတကောင်ပမာ ဥပမာပေးသည်။ ကုန်းအဆင်းတွင် မြင်း တကောင်က ၀န်အပြည့်နှင့်လှည်းကြီးကို ဆွဲပြေးလာခဲ့သည်။ မြင်းကတော့ ဤလှည်းကြီးကို သူဆွဲလာသည်ဟု ထင်နေ ခဲ့သည်။ သို့သော်အမှန်မှာ ဤသို့မဟုတ်။ သူရပ်လိုက်လျင်လည်း ဤလှည်းကြီးက မြင်းကို တလိန့်ကောက်ကွေး ဖြစ်အောင် တွန်းချတော့မည်မှာ မုချဖြစ်သည်။

သို့သော်အခြေအနေတရပ်တွင် ဤမုသားလောကကို လွန်မြောက်၍ လူအများက ကြည့်တတ်လာကြသော အခြေအနေ ဖြစ်ပေါ်လာသည်ဟု ဟာဗယ်ကဆိုသည်။ ဤသို့ကြည့်မြင်နိုင်သူမှာ လူနည်းစုက အစဖြစ်ချင်ဖြစ်မည်။ လူအများက သိမြင်သဘော ပေါက်လာသည်နှင့် ဤမုသားအတွင်းနေထိုင်နေကြသောစနစ်သည်လည်း ပြိုလဲရလေတော့သည်။

အရိုးကျောက်တည်သလို မာတောင့်နေသောစနစ်နှင့် ပုဂ္ဂလိက လူတဦးချင်းကဏ္ဍ

ဤသို့ဖြင့်စနစ်များ မာတောင့်လာခဲ့သည်။ မည်သည့်အနေအထားအထိ ဖြစ်လာသနည်းဆိုသော်၊ အရိုးကျောက်တည် သလို မာတောင့် ကျွပ်ဆပ်နေခဲ့ပြီဟု ဟာဗယ်ကဆိုခဲ့သည်။

စနစ်က လားရာတခုတည်းဖြစ်ချင်သည်။ တသွေးတသံတမိန့် ဖြစ်စေချင်သည်။

အာဏာရှင်စနစ်၏ ရည်ရွယ်ချက်များနှင့် လူတဦးချင်းဘ၀၏ရည်ရွယ်ချက်များအကြားတွင် အသူတရာနက်သော ချောက်ကြီးပမာ ကွာဟလာခဲ့သည်။ အနှစ်သာရအားဖြင့်၊ လူတဦးချင်းစီ၏ဘ၀က ပွါးများချင်သည်။ ထွေပြားချင်သည်။ ရွေးချယ်ရန် လမ်းများများရှိလျင် မိမိဖာသာ လွတ်လွတ်လပ်လပ် ပြဌာန်းချင်သည်။ မိမိဘ၀ကို ကိုယ့်ဖာသာစီစဉ်ဖွဲ့စည်း ချင်သည်။ တိုတိုပြောရလျင် ဘ၀က ကိုယ်ပိုင်လွတ်လပ်မှုဆီ သွားနေသည်။ ထိုအချိန်တွင် အာဏာရှင်စနစ်က လိုက်နာဖို့ သက်သက်ကိုသာ တောင်းဆိုနေတော့သည်။ သေ၀ပ်ဖို့တောင်းဆိုနေသည်။ ဘ၀က အသစ်အဆန်းများဝေဆာစေရန်နှင့် မဖြစ်နိုင်သေးသော အထူးအဆန်းတွေကို ဖန်တီးဖို့ ကျားကုတ်ကျားခဲ အားထုတ်နေချိန်တွင်၊ အာဏာရှင်စနစ်ကတော့ ဘ၀ကို အများဆုံးဖြစ်တန်ရာအခြေအနေထဲ အတင်းအဓမ္မ တွန်းပို့ရန် ကြံစည်နေသည်။ အများနည်းတူ တူတူနေဟု စနစ်က ပြောနေသည်။

သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာတင်မောင်သန်းကတော့ တက်ကျမ်းများသည်လည်း၊ အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည်ဟု ဟောပြောပွဲတခုတွင် ပြောခဲ့ဘူးသည်။ လူအချို့က နိုင်ငံရေးဆိုလျင် သတ်သတ်မှတ်မှတ်ဖြစ်စေ ချင်သည်။ နိုင်ငံရေးအလုပ်ကသာ ပိုမြင့်မြတ်အရေးပါသည်ဟု ယူဆနေသောအခြေအနေတွင်၊ မြန်မာနိုင်ငံရှိ တက်ကျမ်း ရေးနေသော စာရေးဆရာများဖြစ်သည့် ဆရာတင်မောင်သန်း၊ သူ၏ မဂ္ဂဇင်း၊ ဆရာဖေမြင့် စသောသူများကို ဘာလို့ တက်ကျမ်းတွေရေးနေရတာလည်းဟု စောကြောဝေဖန်မှုရှိခဲ့ကြဘူးသည်ဟု ပြောပြသည်။ ဒေါက်တာတင်မောင်သန်းက လူတယောက် အနေဖြင့် သူ၏တိုးတက်လမ်း၊ ဘ၀တိုးတက်လမ်းကို ရှာဖွေမှုသည် ကောင်းသောကိစ္စဖြစ်သည်ဟု ဆိုသည်။ လူက သူ၏ တဦးချင်းဘ၀ကို တိုးတက်ချင်သည်။ သူ၏ မိသားစုကို တိုးတက်စေချင်သည်။ သူ့တွင်တိုးတက် ရန်မက်လုံးများ၊ ကြံဆဖန်တီးလိုသော စွမ်းအားများ ရှိနေသည်။ သို့သော် စနစ်က တစုံတရာအတိုင်းအတာကိုသာ တိုးတက်ခွင့်ပေးသည်။ အကယ်၍ လူတယောက်က သူ၏ဘ၀ တိုးတက်အောင်ကြံဆောင်လာလေလေ၊ စနစ်နှင့် ထိပ်တိုက်တွေ့လေလေဖြစ်တော့သည်။ စနစ်က တိုးတက်ခွင့်မပေး။ စနစ်က အတင်းတားဆီးပိတ်ဆို့လာတော့သည်။ စီးပွါးရေးကိစ္စပင်ထားဦး၊ စနစ်က ပိတ်ပင်ထား ပြန်သည်။ စနစ်က သူ့သြဇာစက်ဝန်းကိုသာ အလေးထားပြီး၊ သြဇာစက် ပိုကျယ်ပြန့်ရန်သာ လုပ်နေတော့သည်။ လူအများက စနစ်ကို အလုပ်အကျွေးပြုကြောင်းသေချာမှသာ စနစ်က သစ္စာခံ သောသူများကို ပြန်၍ အလုပ်အကျွေး ပြုသည်။ ဆုလာဒ်ပေးသည်။ စနစ်က ကန့်သတ်ထားသော ဘောင်ကိုကျော်ခွင့်မပြု။ စနစ်က ကြိုတင်သတ်မှတ် ဆုံးဖြတ်ချက် ချပေးသော အကန့်များကိုကျော်ပြီး လူအများက လုပ်လာသည်မှန်သမျှကို ငါ့ကို တိုက်လာသည်ဟု စနစ်ကသဘောထား လာတော့သည်။

ဤသို့ဖြင့် ဒေါ်ဝင်းဝင်းနု၏ မန္တလေးဘီယာပိတ်ပင်ခံရသည်။ ရုပ်ရှင်မင်းသားကျော်သူဆောင်ရွက်နေသော စေတနာ့ ၀န်ထမ်းနာရေးလုပ်ငန်းများကို ဖိအားပေးလာခဲ့သည်။ အခြားသော စေတနာ့ဝန်ထမ်းလုပ်ငန်းများကိုလည်း အနှောက် အယှက် ပေးသည်။ မြန်မာနိုင်ငံမှ ပညာရှင်များပြည်ပထွက်ကြရသည်။ နောက်ဆုံး မြန်မာတိုင်းမ်း မဂ္ဂဇင်းပိုင်ရှင်ပါ ဖိအား ပေး၍ အုပ်ချုပ်သု လူပြောင်းပေးရန် ပြောင်းလဲခံရတော့သည်။ စီးပွါးရေးသမားတိုင်းလည်း နအဖစစ်အစိုးရ လက်အောက် မှာ မပျော်တော့။ မကြာခဏ ငြီးသံတွေကြားလာရသည်။

အလားတူ မိမိတို့အတိုက်အခံဖက်နိုင်ငံရေး လှုပ်ရှားမှုဖက်တွင်လည်း အများအပြား ပြန်စဉ်းစားဖွယ်ရှိလာခဲ့သည်။ လူအများ၏ သဘောက မိမိ ဘ၀တိုးတက်ရာလမ်းကြောင်းကိုသာ ပိုလိုလားကြသည်။ ပို၍ ချမ်းသာသော၊ သက်တောင့် သက်သာရှိသော၊ လုံခြုံသော ဘ၀ကို လိုလားကြသည်။ ဤသည်မှာ သဘာဝဖြစ်သည်။ လူတိုင်းတွင် မက်လုံးတွေ၊ အကျိုးစီးပွါးကိစ္စတွေရှိသည်။ ပုထုဇာဉ်လူသားတွေသာ ဖြစ်ကြသည်။

တော်လှန်ရေးက ဤလူတဦးချင်းကိစ္စကို အလေးအနက်မစဉ်းစားနိုင်။ စွန့်လွှတ်ပေးဆပ်ရန်ကိုသာ အဓိက တောင်းဆိုနေ သည်။ တော်လှန်ရေးအကျိုးစီးပွါးအတွက် အားလုံးကို ပုံချစွန့်လွှတ်လိုက်ရန် ပြောသည်။ အများအကျိုးအတွက် တဦးချင်း၏ကိစ္စများကို စွန့်လွှတ်ရန်ပြောနေသည်။ ဗဟိုဦးစီး ချုပ်ကိုင်မှုကို နာခံရန် ပြောနေသည်။ ဒီမိုကရေစီဆိုသည်မှာ လူအများ၏ဆန္ဒသက်သက်သဖွယ်၊ လူနည်းစုက ခေတ္တ (မည်မျကြာမည်မသိရသော ခေတ္တ) အထိသီးခံ ငြိမ်သက်နေပေး ကြရန် ဆိုနေသည်။ လူအများ အကျိုးအတွက် တထောင်တွင်တယောက်စွန့်လွှတ်နိုင်ကောင်းသောသူများ ရှိကြသော် လည်း၊ လူတိုင်းက ဘုရားလောင်း မဟုတ်ကြပါ။ သူရဲကောင်း ချည်းသက်သက် မဟုတ်ကြပါ။ ဘ၀တိုတိုလေးအတွင်း နေထိုင်ကြရသော ဘ၀နှင့် စနစ်က ပဋိပက္ခ ရှိလာခဲ့ကြပါသည်။

ဤသို့ဖြင့် စနစ်က သိပ်မာတောင့်လာပြီဆိုလျင်၊ လူတဦးချင်းစီ၏ ပုဂ္ဂလိကအကျိုးစီးပွါးများကို သိပ်ပိတ်ဆို့လာပြီဆိုလျင် ပြဿနာရှိလေတော့သည်။ ပဋိပက္ခသဖွယ် ဖြစ်လာလေတော့သည်။

အမှန်တရားဖြင့် နေထိုင်ခြင်း။ (အကြီးမားဆုံးသော တော်လှန်ရေး)

ဤအခြေအနေတွင် လူအချို့က မုသားနှင့်နေထိုင်နေကြရသည်ကို မပျော်ပိုက်ဖြစ်လာကြသည်။ ဤအခြေအနေကို ငြင်းပယ်လာသည်။ အမှန်တရားနှင့် နေထိုင်ရန် ကြိုးပမ်းလာကြသည်။ ဤသို့အမှန်တရားနှင့်နေထိုင်ရန် ကြိုးပမ်းမှုကပင် အတိုက်အခံဖြစ်မှုကို စတင်စေခဲ့သည်ဟု ဟာဗယ်ကဖော်ပြခဲ့သည်။

“ခု ကျနော်တို့စိတ်ကူးကြည့်ကြရအောင်။ တစ်နေ့မှာ ကျန်တော်တို့ရဲ့ကုန်စိမ်းသည်ရဲ့အတွင်းက တစုံတရာဟာ ဆတ်ကနဲ ကျိုးသွားပြီး၊ သူ့ကိုယ်သူ အလိုဖြည့်ဖို့သက်သက်အတွက်၊ ကြွေးကြော်သံတွေကို ကပ်နေတာ ရပ်ပစ်လိုက်တယ်။ အတုအယောင် ရွေးကောက်ပွဲတွေမှာ သူမဲမထည့်တော့ဘူး။ ရွေးကောက်ပွဲတွေက အတုအယောင်လိမ်ညာမှုတွေလို့ သူသိနေတာကိုး။ နိုင်ငံရေးအစည်းအဝေးတွေမှာ သူတကယ်ထင်တာမြင်တာပဲ သူစပြောတော့တယ်။ သူ့သိစိတ်က မှန်တယ်လို့၊ ထောက်ခံသင့်တယ်လို့သိတဲ့ ပုဂ္ဂိုလ်တွေနဲ့တစိတ်တည်း တ၀မ်းတည်းဖြစ်ကြောင်းပြဖို့ အင်အားတွေ သူ့ကိုယ်သူထဲမှာ သူတွေ့လာရတယ်။ ကုန်စိမ်းသည်ဟာ မုသားထဲ နေနေရာက ထွက်လာလိုက်တယ်။ ထုံးစံ ခမ်းနား အဆောင်အယောင်တွေကို သူငြင်း ပယ်လိုက်တယ်။ ကစားပွဲစည်းမျဉ်းတွေကို ချိုးပစ်လိုက်တယ်။ ဖိသိပ်ထားခဲ့တဲ့ သူဘာလဲဆိုတဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ ဂုဏ်သိက္ခာကို သူတကြိမ်ပြန်ဖော်ထုတ်တွေ့ရှိလာခဲ့တယ်။ သူ့လွတ်လပ်မှုကိစ္စကို ခိုင်ခိုင်မာမာ ရှေ့တန်းတင်လိုက်တယ်။ သူ့ စလိုက်တဲ့တော်လှန်ရေးဟာ တကယ်တော့ အမှန်တရားနဲ့နေဖို့ အားထုတ်ချက် တစ်ရပ်ပါပဲ။” ဟာဗယ်က ပြောခဲ့သည်။

ဤသို့ ဆောင်ရွက်မှုကြောင့် ပေးရသော အဖိုးအခက ရှိနိုင်သည်။ ကြီးကြီးမားမားလည်း ဖြစ်နိုင်သည်။ ဆိုင် မန်နေဂျာရာထူးက ပြုတ်သွားနိုင်သည်။ အရေးမပါသောနေရာကို ပြောင်းရွှေ့ခံရနိုင်သည်။ လခလျော့သွားနိုင်သည်။ အခွင့်အရေးများ အကုန်လက်လွတ်ကုန်နိုင်သည်။ သူ့သားသမီးများ၏ ပညာရေးအထိပါ ထိခိုက်နိုင်သေးသည်။ အထက် အရာရှိများက နှိပ်ကွပ်ကြနိုင်သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များကလည်း “ဒီလူကြောင်နေပြီ”ဟု နားမလည်နိုင် ဖြစ်လာ ဦးမည်။ ထိုသူများကပင် ကုန်စိမ်းသည်ကို စိတ်ထဲကမပါပဲ၊ စနစ်အလိုအရ ပြန်၍ အရေးယူမှုများ လုပ်လာနိုင်သေးသည်။ သို့သော် ကုန်စိမ်းသည်စတင်လိုက်သော တော်လှန်ရေးက ကိုယ်တွင်းစတင်လိုက်မှု သာဖြစ်သည်။ သို့သော် စွမ်းအား ကြီးမားသော တော်လှန်ရေးဖြစ်သည်။ အကြောင်းမှာ ကုန်စိမ်းသည်အဖို့ အာဏာရှင်စနစ်၏ အလိုအပ်ဆုံးဖြစ်သော နာခံမှု၊ အလိုအလျောက် လိုက်လုပ်မှုကို စတင် ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။

ဤသို့ အမှန်တရားနှင့်နေထိုင်သောအလင်းသည် လူတဦးတယောက်၏ လှုပ်ရှားမှုမှဆိုသလို စနိုင်သည်။ လူတစု၏ ပူးပေါင်းဆောင်ရွက်မှု၊ ရော့ခ်ဂီတဖျော်ဖြေပွဲ၊ ဖြစ်ရပ်တခု၊ ကြေငြာချက်တခု စသည်တို့မှလည်း စတင်၍ပြောင်းနိုင်ပါသည်။ ထိုသူများက မုသားကန့်လန့်ကာကို လှန်ကာ အမှန်ကိုမြင်အောင်ကြည့်ကြတော့သည်။ စိတ်ထဲရှိသည့်အတိုင်း ပြုမူကြ တော့သည်။ ကစားပွဲ စည်းမျဉ်းများကို ချိုးဖောက်လိုက်တော့သည်။ ဤသို့ဖြင့် သူတို့က စနစ်ကြီးနှင့် အတိုက်အခံဖြစ် လာသည်။ နောက်ဆုံး ဟန်ပန်လေလန်လောက (မုသားကမ္ဘာ) ကိုပါ ပြောင်းလဲစေနိုင်ခဲ့ကြသည်။ သူတို့က အာဏာ၏ ဖွဲ့စည်းပုံ၏ စည်းနှောင်ထားသောအင်အား၊ ချိတ်ဆက်စေးကပ်ထားမှုကို ခွါဆုတ်ပစ်လိုက်ကြသည်။ ဒေါက်တိုင်များကို ဖြိုချလိုက်သည်။ မုသားအတွင်း နေထိုင်နေခြင်းသည်၊ မုသားအတွင်း နေထိုင်နေခြင်းမျသာပါပဲဟု ပြသခဲ့ကြသည်။ စနစ်က ဂုဏ်တင်ချီးမြှောက်ထားသော အပြင်ပန်းသဏာန်တွေကို ရိုက်ခွဲပစ်လိုက်ပြီး စနစ်၏ အတွင်းသားကို လှစ်ပြလိုက်ကြ သည်။ ဤသို့ဖြင့် အာဏာမဲ့များ၏ သြဇာခွန်အားဖြစ်လာပုံ၊ စနစ်တခုòပိကွဲသွားနိုင်ပုံကို ဟာဗယ်က အသေးစိတ်ရှင်းပြ ခဲ့သည်။

ထိုသို့ဆောင်ရွက်သူများ၏ လုပ်ရပ်များက အစွမ်းပိုကဲလှပါသည်။ ထိုသူများ၏လုပ်ရပ်က ၀န်းကျင်ကို လင်းတောက်စေ သည်။ ဤသို့ လင်းတောက်စေမှုကြောင့် နောက်ဆက်တွဲအဖြစ်များလည်း ပေါ်ပေါက်လာစေတော့သည်။ ချက်နိုင်ငံကို ပြောင်းလဲ လွတ်မြောက်စေခဲ့သည်။ ဘာလင်တံတိုင်း òပိကျသွားစေခဲ့သည်။ အရှေ့ဥရောပတခွင်လွတ်မြောက်လာစေခဲ့ သည်။ လွတ်မြောက်ရေးတံခါးကို ဖွင့်နိုင်ခဲ့ကြသည်။ လူအများက အမှန်တရားနှင့်နေထိုင်လာကြဖို့သာ လိုသည်။

စာကိုး
၁။ ဒေါက်တာတင်မောင်သန်း (ဘာသာပြန်)၊ အာဏာမဲ့သူများ၏ သြဇာခွန်အား။ (၂၀၀၅၊ ဘန်ကောက်)


အောင်သူငြိမ်း

1 comment:

secondhome said...

A Force more powerful is one of the five text books in NY, but students have to study as case study with some analysis.
(We will update Burma facts and struggle, and it also needs to compare with other revolutions. I think Burma and China are controversal nonviolent struggle in here.
Anyway, thanks for your effort for our movement.

Aung Moe Win

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.