အိ
န္ဒိယနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်း လူလူချင်း ဇာတ်အနိမ့်အမြင့် ခွဲခြားတဲ့ ထုံးတမ်းစဉ်လာကို ဥပဒေအရ
တားမြစ်ခဲ့သည်။ သို့သော်နှစ်ပေါင်းလေးထောင်ကျော်ခဲ့ပြီ ဖြစ်သော ဟိန္ဒူယဉ်ကျေးမှုအတွင်းက ဇာတ်စနစ်သည် လွယ်လွယ်နှင့် ပပျောက်မသွားပါ။ လူမှုနယ်ပယ်အတွင်း ထိုအရိုးစွဲအယူအဆသည် သိသိသာသာပင် ကျန်ရှိနေသေးသည်။ ဘရာမင်ခေါ် ဗြဟ္မဏမျိုးနွယ်သည် ဇာတ်အမြင့်ဆုံး အတန်းအစားဖြစ်သည်။ ၎င်းနောက်မှာမှ ရှတ္ထိရ၊ ဗစ်ရှရ၊ ဆုဒရ စသည်ဖြင့် ဇာတ်အဆင့်များ အစဉ်လိုက် တန်းစီနေသည်။ ထိုလေးမျိုးထဲတွင် ဆုဒရသည် ဇာတ်အနိမ့်ဆုံးဖြစ်သည်။ ဆုဒရ ဇာတ်မျိုးနွယ်သည် လူမှုရေးအရ အနှိမ်ခံရဆုံးဟု ဆိုနိုင်သည်။ သို့သော်လည်း ထိုဆုဒရဇာတ်မျိုးနွယ်များ ထက်နိမ့်ကျသည့် အပြင် ဘယ်ဇာတ်အမျိုးထဲမှာမှ အကြုံးမ၀င်သည့် လူအုပ်စုများရှိနေသေးသည်။ ထိုသူများကား ဒါးလစ်ဟု ခေါ်သည့်လူတန်းစားပင် ဖြစ်သည်။ ဒါးလစ်များသည်ဆုဒရဇာတ်နိမ့်များထက် ပို၍ အနှိမ်ခံရသူများ ဖြစ်သည်။
ဒါးလစ်များသည် လူမှုရေးအရ ဘာဇာတ်ဘာတန်းမှ မ၀င်သူများအဖြစ် ဆက်ဆံခံရသည်။ ဆင်းရဲလိုက်သည်မှာလည်း မွဲ ပြာကျနေသည့် လူအုပ်စုများဖြစ်သည်။ သူများမလုပ်လိုသော အလုပ်ဆိုး အလုပ်ကြမ်းများကို လုပ်ကိုင်၍အသက်မွေး ကြရသည်။ ထိုကဲ့သို့ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသူများ ဖြစ်သည့်ကြားမှ သူတို့ထက် ဇာတ်မြင့်သည်ဟုဆိုသူ များ၏ ရန်လိုအကြမ်းဖက်ခြင်းကိုလည်း ခေတ်အဆက်ဆက် ခံနေရဆဲဖြစ်သည်။ ဒါးလစ် အမျိုးသမီးများ အဓမ္မကျင့်ခံနေရ ဆဲဖြစ်သလို ဒါးလစ်အမျိုးသားများသည်လည်း ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခံနေရသည်။
နယူးယောက် အခြေစိုက် လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ကောက်ခံရရှိထားသော စာရင်းဇယားများအရ ၂၀၀၁ မှ၂၀၀၅ခုနှစ် အတွင်း သတ်ဖြတ်ခံရသော၊ မုဒိမ်းကျင့်ခံရသော၊ အနိုင်ကျင့် ချိုးဖေါက်ခံရသော ဒါးလစ်များ၏ အမှုပေါင်းမှာ (၅၈, ၀၀၀) ကျော်ရှိနေသည်။ အိန္ဒိယ အစိုးရမှ ပြုစုထားသော ၂၀၀၅ခုနှစ်အတွင်းမှ သုတေသနအချက်အလက်များ အရ မိနစ် (၂၀) တိုင်းတွင် ဒါးလစ် တယောက်မဟုတ်တယောက်သည် ဇာတ်မြင့်အုပ်စုများ၏ စော်ကားခြင်း (သို့မဟုတ်) သတ် ဖြတ်ခြင်းကို ခံနေရသည်။ အိန္ဒိယသည့်ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဟု အသိအမှတ်ပြုခြင်းခံရသည်။ သို့သော် လူမှု နယ်ပယ်အတွင်း၌ ရှိနေသော လူလူခြင်း ဇာတ်ခွဲခြားသော အရိုးစွဲအယူအဆများသည် ပဋိပက္ခ ပေါင်းစုံကို ဆက်လက်ပေါ် ပေါက်နေစေသည်။ ဒါးလစ်တို့သည် လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပညာရေး အစရှိသည်တို့တွင် ဘာအခွင့်အရေးကိုမှ လောက်လောက်လားလား ခံစားရသူများ မဟုတ်ပေ။
မြန်မာနိုင်ငံမှာလည်း လူလူချင်း အဆင့်အတန်းခွဲခြားသော ဇာတ်စနစ်ရှိ-မရှိ ဆန်းစစ်ဖို့လိုနေသည်။ မြန်မာပြည်တွင် အိန္ဒိယကဲ့သို့ ဇာတ်စနစ်မရှိပါဟု ငြင်းကောင်းငြင်းဆိုနိုင်သည်။ သို့သော် တကယ်တန်း ပြန်ကြည့်လိုက်သောအခါ ဇာတ်စနစ် တည်ရှိကျင့်သုံးနေကြောင်းကို နာကျည်းဖွယ်၊ ခါးသည်းဖွယ်တွေ့မြင်နေရသည်။ မြန်မာပြည်ကဇာတ်စနစ်သည် အိန္ဒိယနိုင်ငံ ဇာတ်စနစ်ကဲ့သို့ နှစ်ပေါင်းလေးထောင်ကျော် သက်တမ်းမရှိသေးပေ။ ခေတ်သစ်ဇာတ်စနစ်ဟု ဆိုနိုင်သည်။ မည်သူတွေက ထိုဇာတ်စနစ်ကို ဖန်တီးနေသနည်း။ မည်သူတွေက ဇာတ်မြင့်၊ ဇာတ်နိမ့်တွေဖြစ်၍ မည်သူတွေက ဒါးလစ်အုပ်စုများ ဖြစ်နေပါသနည်း။
ဗိုလ်ချုပ်မှူးကြီး အပါအ၀င် ဗိုလ်ချုပ်များ၊ ဗိုလ်မှူးချုပ် အဆင့်ရှိသူများနှင့် ၎င်းတို့၏ အမျိုးအဆွေများသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဘရာမင် ဇာတ်မြင့်များ ဖြစ်နေသည်ကို တွေ့ရသည်။ ဗိုလ်မှူးကြီးမှ တဆင့် ဗိုလ်ကလေးများအထိ ကတော့ ဒုတိယဇာတ်မြင့်များ ဖြစ်သည်။ အကြပ်တပ်သားများကတော့ တတိယအဆင့် ဇာတ်မျိုးနွယ်ထဲတွင် အကျုံးဝင်နေသည်ကို လည်း တွေ့ရ၍ စတုတ္ထဇာတ်နိမ့်ကို ပိုင်ဆိုင်သူများကတော့ စစ်ပြန်စစ်မှုထမ်းဟောင်းများနှင့် ကြံ့ဖွတ်များပင် ဖြစ်သည်။ စစ်ဗိုလ်ဖြစ်ဖို့ နေနေသာသာ စစ်ထဲသို့ ရဲဘော်အဖြစ်ပင် မ၀င်ဖူးသော တောင်ပေါ်မြေပြန့်တလွှားမှ ပြည်သူတို့ကား ဒါးလစ်များ ဖြစ်နေသည်ကို ကွင်းကနဲ ကွက်ကနဲ တွေ့လိုက်ရသည်။ မြန်မာပြည်က ခေတ်သစ်ဇာတ်စနစ်သည် နှစ်လေးဆယ်ကျော်သာ သက်တမ်းရှိသေးသည်။ စစ်တပ်ကို မဏ္ဍိုင်ပြုထားသည့် သက်နုဇာတ်စနစ်ဟု သမုတ်နိုင်သည်။
မြန်မာဒါးလစ်တို့ကား အိန္ဒိယဒါးလစ်တို့နှင့် ဘာမှမခြား။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ဘာမျှ ခံစားခွင့်မရှိ။ မြန်မာပြည်သား ဒါးလစ်များသည် နိုင်ငံရေးတွင် ပါဝင်ခွင့်မရသည့်အပြင် နိုင်ငံရေးကြောင့် အဖမ်းခံရ သလို အကျဉ်းကျနေသူလည်း အများအပြား ရှိနေသည်။ စီးပွါရေး လုပ်ငန်းများတွင်လည်း ကောင်းပေ့ဆိုသည့် အခွင့် အရေးများကို စစ်ဗိုလ်ဇာတ်မြင့်တို့နှင့် သူတို့၏ ဆွေမျိုးသားချင်းများက မောင်ပိုင်စီးထားသည်။ ကျန်သည့် အရိုးအရင်းကို သူ့ထက် ဇာတ်နိမ့်သူများအတွက် ချန်ထားပေးသည်။ မြန်မာပြည်သား ဒါးလစ်တို့ကား အနားပင် သီခွင့်မရှိ။ ပညာရေး တွင်လည်း ဇာတ်မြင့်၊ ဇာတ်လတ်တို့၏ သားသမီးများက ထိပ်ဆုံးကနေ၍ အခွင့်ရေးယူထားသည်။ နိုင်ငံခြားတွင် အဆင့် မြင့် ပညာများ သင်ကြားခွင့်ရနေသော သူများမှာ ထိုသူတို့၏ သားသမီးများသာ ဖြစ်သည်။ မြန်ပြည်သား ဒါးလစ်ကလေး များကား ပညာတပိုင်းတစဖြင့် ကျောင်းခန်းများမှ ထွက်ခွါ၍ မိသားစုဘ၀ရပ်တည်ရေးအတွက် ရရာအလုပ်များကို လုပ်ကိုင်နေရသည်။ ထို့အပြင် ဒါးလစ်အများစုမှာ ရောဂါဘယဒဏ်များကိုလည်း တပြိုင်တည်း ရင်ဆိုင်နေကြရသည်။ ဆင်းရဲလွန်းသည့် အတွက် အစာအဟာရ ကောင်းမွန်စွာ မစားနိုင်ကြ၊ ဖျားနာ၍လည်း ဆေးမကုနိုင်။ ထိုကြောင့် မြန်မာပြည်သား ဒါးလစ်များ အရွယ်မတိုင်ခင် သေမင်း၏ဆင့်ခေါ်မှုကို ခံနေကြရသည်။
တောင်ပေါ်နေ မြန်ပြည်သား ဒါးလစ်များ၏ အခြေအနေက ပို၍ ဆိုးသေးသည်။ ဒါးလစ်ကျေးရွာများ အဖျက်ခံရသည်။ အရွှေ့ခံရသည်။ တောင်ပေါ်သား ဒါးလစ်များ ပေါ်တာလည်း လိုက်ရသည်။ ဇာတ်မြင့် စစ်တပ်၏ နှိပ်စက်သတ်ဖြတ်ခြင်းကို လည်း ခံရသည်။ သူတို့ထက် ဇာတ်မြင့်သော အုပ်စုများ၏ အဓမ္မ ပြုကျင့်ခြင်းခံနေရသော တောင်ပေါ်သူ ဒါးလစ်များမှာ မရေမတွက်နိုင်လောက်အောင်ပင် ရှိနေသည်။ ထိုအကျိုးဆက်များကြောင့် တောင်ပေါ်မှ ဒါးလစ်များသည် သူတို့၏ မူလရပ်ရွာ လယ်ယာမြေများကို စွန့်ခွါ၍ အိမ်နီးခြင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေရသည်မှာလည်း မနည်းလှ။
အိန္ဒိယနိုင်ငံမှ ဇာတ်စနစ်သည် နှစ်ပေါင်းထောင်နှင့်ချီ၍ အမြစ်တွယ်လာခဲ့သည့် အတွက် လူမှုနယ်ပယ်တွင် လွယ်လွယ်နှင့် မတိုက်ဖျက်နိုင်သေး။ အိန္ဒိယ ဒါးလစ်တို့ကား လူမှုအ၀န်းအ၀ိုင်းတွင် ဖိနှိပ်ခံနေရဆဲဖြစ်သော်လည်း အနည်းဆုံးအားဖြင့် အစိုးရက ဥပဒေဖြင့် အကာကွယ် ပေးထားသေးသည်။ မြန်မာဒါးလစ်များကား ဥပဒေအရ အကာကွယ်ပေးခံရဖို့ ဆိုတာ ဝေးစွ၊ မြန်မာဇာတ်မြင့် အစိုးရ၏ ကိုယ်ထိလက်ရောက် ဖိနှိပ်သတ်ဖြတ်ခြင်းကိုပင် ခံနေရသည်။
စိတ်မခိုင်သူ မြန်မာဒါးလစ်အချို့သည် ဒါးလစ်ဘ၀မှ အမြန်ဆုံးလွတ်မြောက်ရန် အတွက် ကြံ့ဖွတ်အသင်းသို့ ၀င်ကြသည်။ ထို့အတွက် သူတို့သည် စစ်ပြန်စစ်မှုထမ်းဟောင်းများနှင့်အတူ စတုတ္ထဇာတ်နိမ့် နေရာတွင် နေရာရကြသည်။ ဇာတ်နိမ့် သည် ဆိုပေမဲ့ ဘာဘဲပြောပြော ဒါးလစ်ဘ၀ကတော့ လွတ်သွားသည်။ ဒါးလစ်များထက်လည်း နည်းနည်းအဆင့်မြင့် သွားသည်။ ဒါ့အပြင် ယခင်ကဘ၀တူ ဒါးလစ်များကို အနိုင်ကျင့်ဖို့ လိုင်စင်လည်း ရလာသည်။ အချို့သော တောင်ပေါ်သား ဒါးလစ်များနှင့် မြေပြန့်သား ဒါးလစ်များကတော့ ညောင်နှစ်ပင် အသင်းကြီးသို့ ၀င်ခြင်းဖြင့် ဇာတ်နိမ့်ဘ၀ကို ခံယူလိုက်ကြ သည်။ ဘယ်သူကပဲ ဝေဖန်ဝေဖန် ဒါးလစ်ဘ၀က လွတ်စတမ်းဆိုသည့် အချက်က သူတို့အတွက် ပို၍ အရေးကြီးသည် မဟုတ်တုံလော။
ဇာတ်မြင့် စစ်ဗိုလ်ကြီးများကလည်း သူတို့၏ ဇာတ်မြင့်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းရေးအတွက် အသက်လွန် နေသည့်တိုင် စစ်တပ်ထဲက မထွက်သေး။ ထို့အပြင် သူတို့သားမြေးများအား စစ်ထဲသွင်း၍ ရွှေခရေပွင့်များ တပ်ဆင်ပေး နေကြသည်။ မြန်မာပြည်တွင် ဘယ်တုံးကမျှ မရှိခဲ့သော ဇာတ်နိမ့်ဇာတ်မြင့်စနစ် သက်ဇိုးရှည်ရေးနှင့် ဒါးလစ်များကို ဆက်လက်ဖိနှိပ် ကျွန်ပြုရေးအတွက် သူတို့ ကြိုးစားနေကြသည်။ သည်စနစ်ဆိုးကြီး အမြစ်တွယ်မသွားစေဖို့ သက်တမ်း နုနေစဉ်အတွင်း ဆွဲဖြုတ်ပစ်ရန် အရေးကြီးသည်။ သို့မဟုတ်ပါက နောင်တွင် အိန္ဒိယမှာ ရှိနေသည့် ဇာတ်စနစ်လို ဖြစ်မလာဖူးလို့ မည်သူမှ မပြောနိုင်။ ဒါးလစ်အပေါင်းတို့ ညီညွတ်ကြလော့။
ဇော်မင်း (လူ့ဘောင်သစ်)
၂၁ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၀၇ ခုနှစ်
Tuesday, August 14, 2007
မြန်မာပြည်ကဇာတ်စနစ်
Posted by ရွက်မွန် at 10:25 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
မြန်မာပြည်က ဇာတ်စနစ် ဖတ်ပြီး၊ ကျနော်တို့ဟာ ဒါးလစ်ဖြစ်နေပါလားဆိုတဲ့ အသိက ပိုပြီးတော့ နာကြီးစိတ်ခိုင်မာလာတယ်လို့ပြောရမယ်ထင်ပါတယ်။
Post a Comment