စီး
ပွားရေးပညာတွင် စကားရပ်တခု ရှိပါသည်။ ၎င်းမှာ (Free Rider) ဖြစ်ပြီး မြန်မာလို ဘာသာပြန်မည်ဆိုလျင် ရေသာခို လှေကြုံစီးဟု ဘာသာပြန်၍ ရမည်ထင်ပါသည်။ အဓိပ္ပါယ်မှာ ကိစ္စတခုခုအတွက် ကျိုးပမ်းအားထုတ်မှု မပြုဘဲ၊ အရင်းအနှီး မထည့်ဝင်ဘဲ အကျိုးခံစားခွင့်ရသူဟု ဆိုရမည် ဖြစ်ပါသည်။
ဥပမာပေးရလျင်- လမ်းဖောက်လုပ်ရေးအတွက် တအိမ် တယောက် လုပ်အားပေးခေါ်မည်ဆိုပါစို့။ လုပ်အားပေးသူလည်း ရှိနိုင်သည်။ ရေသာခိုနေသူများလည်း ရှိနိုင်ပါသည်။ သို့သော် လမ်းပြီးစီးသွားသောအခါ လမ်းဖောက်စဉ်က မပါသောကြောင့် မလျှောက်ရဟု တားမြစ်၍မရနိုင်ပါ။ အခြား ဤလမ်းပေါ်လျှောက်သော၊ ခရီးသွားကြသောသူများကလည်း ဤအကျိုးကျေးဇူးကို ခံစားခွင့်ရကြပါသည်။ ထို့အတူ လွတ်လပ်ရေးနေ့မျိုးတွင် မီးရှုးမီးပန်း ဖောက်သည်ဆိုပါစို့။ လူအများက ထိုမီးပန်းအလှကို ပိုက်ဆံမကုန်ဘဲ ခံစားကြည့်ရှု နိုင်ခွင့်ရှိပါသည်။ ထိုသူများကို ပိုက်ဆံမထည့်ဝင်ထားသောကြောင့် မခံစားရဟု တားမြစ်၍ မရနိုင်ပါ။ ဤသူများကို စီးပွားရေး ဘာသာရပ်စကားအားဖြင့် ဖရီးရိုက်ဒါဟု ခေါ်ပါသည်။
ဖရီးရိုက်ဒါလို ပြဿနာမျိုးက အထူးသဖြင့် (Public Goods) ဟုခေါ်သော အများကောင်းကျိုး အတွက်ဆောင်ရွက်ကြသော လုပ်ငန်းမျိုး၌ ပို၍ကြုံတွေ့ရလေ့ရှိသည်ဟု ဆိုပါသည်။ အများကောင်းကျိုးလုပ်ငန်း (Public Goods) ဟုဆိုရာ၌ လက္ခဏာ (၃) ရပ်ဖြင့် ပြည့်စုံရမည် ဖြစ်ပါသည်။ ပထမတချက်မှာ ဤလုပ်ငန်းအတွက် အများက ပူးပေါင်းဆောင်ရွက်ပြီး ဖြည့်ဆီးရမည် ဖြစ်ပါသည်။ ဒုတိယတချက်မှာ ဤလုပ်ငန်းကို အကောင်အထည်ပေါ် အထမြောက်အောင် ဖြည့်ဆီး လုပ်ဆောင်ခဲ့စဉ်ကာလက မပါဝင်ခဲ့သူများကို မခံစားရဟု ချန်လှပ်ထား၍ မရပါ။ တတိယတချက်မှာ ဤအများကောင်းကျိုးကို လူမည်မျှ စားသုံး စားသုံး ကုန်ခမ်းသွားသည်ဟူ၍ မရှိဆိုသော အရည်အချင်းနှင့် ပြည့်စုံရမည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ မီးပန်းအလှကို လူတထောင်သာ ကြည့်နိုင်သည်။ ကုန်သွားသည် ဟူ၍မရှိ။ လူတသန်း ကြည့်ရှုခံစားလျင်လည်း အလားတူဖြစ်နိုင်သော အရည်အချင်းမျိုးကို ဆိုပါသည်။)
ဤအချက်ကို နိုင်ငံရေးနယ်ပါယ်တွင်လည်း ထည့်သွင်းစဉ်းစားစရာဖြစ်လာပါသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသည် များသည် အထက်က ဖော်ပြခဲ့သော အများကောင်းကျိုး (Public Goods) ဆိုသော စံလက္ခဏာ သတ်မှတ်ချက် (၃) ခုဖြင့် ပြည့်စုံနေပါသည်။ ဤနေရာတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲတွင် ရေသာခို လှေကြုံစီးနေသူများ၊ သို့မဟုတ်လျှင်တောင်မှ ဘေးတွင် ဘာမျမလုပ်ဘဲ ထိုင်နေသူများရှိကြောင်း အသိအမှတ်ပြုရမည် ဖြစ်ပါသည်။ တနည်းအားဖြင့် ဖော်ပြရလျင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတိုက်ပွဲတွင် (Free Rider) များစွာ ရှိနေပါသည်။ တော်လှန်ရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ဆောင်ရွက်သူကနည်း၊ ဖရီးရိုက်ဒါက များနေလျှင် ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများသည် အများကစုပေါင်းကျိုးစားမှ အကောင် အထည်ပေါ်မည့်ကိစ္စ ဖြစ်ပါသည်။ ဤကိစ္စအတွက် လှုပ်ရှားမှုတွင် မပါဝင်ခဲ့သူများ (နောက်ဆုံးဒီမိုကရေစီနှင့် လူ့အခွင့် အရေး လှုပ်ရှားမှုကို ဖိနှိပ်ခဲ့သူများကိုတောင်) ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိလာပါက မခံစားရဟု တားမြစ်ရန် မဖြစ်စကောင်းပါ။ ထို့အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လူမည်မျခံစား၊ ခံစား ကုန်ခမ်းသွားသည်ဟူသော သဘောမရှိပါ။ ဤနေရာတွင် ပြဿနာရှိလာသည်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် ရေသာခို လှေကြုံစီးနေသူများ ပျောက်သွားအောင်၊ သို့မဟုတ် လျှော့နည်းသွားအောင်၊ အများက ဤအကျိုးအတွက် ပူးပေါင်း လုပ်ဆောင်လာစေရန် မည်သို့လုပ်ဆောင်ကြမည်နည်း ဟူသော ပြဿနာပင် ဖြစ်ပါသည်။ ဤပြဿနာကို လှုပ်ရှားမှု ဦးဆောင်နေသူများ စဉ်းစားရမည့် ပေါ်လစီပြဿနာ ဖြစ်လာပါသည်။
ဤပြဿနာသည် မြန်မာနိုင်ငံဒီမိုကရေစီ လှုပ်ရှားမှုတခုတည်းတွင်မှ ကြုံရသောပြဿနာမဟုတ်ပါ။ နိုင်ငံတကာ လှုပ်ရှားမှု အသီးသီးတွင်လည်း ကြုံခဲ့ကြရဖူးပါသည်။ ဤကိစ္စနှင့်ပါတ်သက်၍ နော့သ်ဝက်စတင်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံတွဲဖက် ပေါမောက္ခ ဒဲန်းနစ် ချောင်က အမေရိကန် နိုင်ငံတွင် ဖြစ်ပွားခဲ့ဘူးသော လူမှုအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) ကို အခြေခံ၍ စာတမ်းတစောင် ရေးခဲ့ဖူးပါသည်။ သူ၏ စာတမ်းတွင် ဤပြဿနာများကို ဆွေးနွေးထားပါသည်။ အမေရိကန်တွင် လူမှုအခွင့်အရေး လှုပ်ရှားစဉ်ကာလက လူအများ လမ်းမပေါ်ထွက်လာရန် စည်းရုံးရသော ပြဿနာရှိပါသည်။ ထို့အပြင် လူမဲများ လူဖြူများ ရောင်းချသော ဆိုင်များထံမှ ပစ္စည်းများ မ၀ယ်ယူရေး သပိတ်တွင် ရေရှည် ဆက်လက် ထိန်းသိမ်းရေး ပြဿနာ ရှိခဲ့ပါသည်။ သပိတ်တခု ဖြစ်လာပါကလည်း လူအများ ဆက်လက်ပါဝင်နေစေရန် မည်သို့ ဆက်လက်ထိန်းသိမ်းကြမည် နည်းဟူသော ပြဿနာ ရှိပါသည်။ ထို့အတူ လူအများနှင့် ဆက်ဆံပူးပေါင်းလုပ်ကိုင်ရသော လုပ်ငန်းတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာ ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု ပြဿနာလည်း ရှိပါသည်။
အလားတူ တပ်ပေါင်းစုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း ဤပြဿနာရှိပါသည်။ တပ်ပေါင်းစုတွင်ပါဝင်သော အဖွဲ့အစည်း တခုနှင့် တခု အကျိုးစီးပွားချင်း မတူကြပါ။ တပ်ပေါင်းစုမှဆုံးဖြတ်သော လုပ်ငန်းသည် အဖွဲ့ငယ်တခုအတွက် တိုက်ရိုက်အကျိုးရှိချင်မှ ရှိပါလိမ့်မည်။ အလားတူ တိုက်ပွဲတခု၊ လှုပ်ရှားမှုတခု ဆောင်ရွက်ရာတွင်လည်း အဖွဲ့တခုနှင့်တခု ရင်းနှီးပေးဆပ်ရပုံခြင်း မတူကြပါ။ အချို့သောအဖွဲ့များက မိမိရရှိလာမည့် အကျိုးထက်၊ မိမိပေးဆပ်ရမည့် အရင်းအနှီး မည်မျှရှိမည်ကို တွက်ဆတတ်ကြပါသည်။ လုပ်ငန်းတခုတွင် ပါဝင်ဆောင်ရွက်ရေး နှောင့်နှေး နေတတ်ပါသည်။ အခါများစွာတွင် ဖရီးရိုက်ဒါသဖွယ် ဆောင်ရွက်နေလေ့ ရှိတတ်ပါသည်။ ထိုအခါ တပ်ပေါင်းစုလုပ်ငန်းများလည်း မအောင်မြင်၊ ရည်ရွယ်ချက်လည်း အထမမြောက် ဖြစ်တတ်ပါသည်။
လမ်းဖောက်လုပ်ရန် လုပ်အားပေး သူထွက်လာနိုးနိုး၊ ကိုယ်ထွက်လာနိုးနိုး အားလုံးက မျှော်နေကြမည် ဆိုပါက လမ်းမဖြစ်နိုင်ပါ။ ဤကဲ့သို့သော အများကောင်းကျိုး လုပ်ငန်းများတွင် (ရလျင်ရ၊ မရလျင်အကုန်မရ) (ဖြစ်လျင်ဖြစ်-မဖြစ်လျှင် အကုန်မဖြစ်) (All or Nothing) ဟူသော သဘောတရား ရှိတတ်ပါသည်။
ပါမောက္ခ ဒဲန်နစ်ချောင်ကတော့ အနောက်တိုင်း လစ်ဘရယ်ဝါဒ အယူအဆအရ လက်ခံသော လူဆိုသည်မှာ ကျိုးကြောင်းဆီလျော်စွာ ရွေးချယ်တတ်သူ (Human beings are rational actors.) ဟူသော အယူအဆကို အခြေခံ၍ ရှင်းပါသည်။ ဆိုလိုသည်မှာ လူအများသည် မိမိအကျိုးစီးပွားကို အခြေခံ၍ လှုပ်ရှားတတ်သော သဘောဖြစ်ပါသည်။ မိမိအကျိုးစီးပွားရှိလျှင် လှုပ်ရှားမည်၊ မိမိအကျိုးစီးပွား မရှိလျှင် မလှုပ်ရှားဟူသော သဘောအခြေခံ ဖြစ်ပါသည်။
ပါမောက္ခချောင်က သူလေ့လာခဲ့ရာတွင် လူအများအနေဖြင့် သပိတ်များအတွင်းမှ၊ လူထုလှုပ်ရှားမှုများ အတွင်းမှ မထွက်ခွါ၊ မစွန့်ခွါသွားကြခြင်းမှာ သူတို့၏လူမှုရေးအရ ရည်မှန်းချက်များဖြစ်သော ဂုဏ်သိက္ခာ၊ ကျော်ကြားမှု၊ အာဏာ၊ အသိ
အမှတ်ပြုခံရမှု စသည်တို့ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ထိုလူအများအနေဖြင့် ဤပုဂ္ဂလိက ရည်မှန်းချက်များ အတွက် သက်သက် စေ့ဆော်မှုကြောင့် လှုပ်ရှားမှုတွင် ပါဝင်ကြခြင်း မဟုတ်ဘဲ၊ တချိန်တွင် ဤလှုပ်ရှားမှုကို အခြေခံ၍ သူတို့၏ ပုဂ္ဂလိက ရည်မှန်းချက်များ အတွက် ဆောင်ရွက်နိုင်ဖွယ်ရှိသော အခြေအနေကြောင့်လည်း ဖြစ်ပါသည်။
ချောင်က ရှင်းပြရာ၌ လူအများအနေဖြင့် လှုပ်ရှားမှုတွင် ပါဝင်တော့မည်ဆိုလျှင် ပေးဆပ်ရမည့်တန်ဖိုးနှင့် ရရှိလာမည့် အကျိုးအမြတ်ကို ချိန်ဆလေ့ရှိကြပါသည်။ အကျိုးအမြတ်ကနည်း၊ ပါဝင်လှုပ်ရှားမှုအတွက် ပေးဆပ်ရမည့် တန်ဖိုးက များမည်ဆိုလျှင် ချို၍ နေလိုက်ကြပါသည်။ သို့သော် လူအများက မိမိအကျိုးစီးပွားအတွက် သက်သက်စေ့ဆော်မှုဖြင့် လှုပ်ရှားကြသည် ဟူသော အယူအဆတွင်လည်း အားနည်းချက်များရှိကြောင်း ချောင်က ဆွေးနွေးပြပါသည်။
လူဆိုသည်က ထူးဆန်းပါသည်။ တခါတရံ အချို့သောအရေးကြီးသည်ဟုထင်မှတ်ယုံကြည်သော ကိစ္စများတွင် ပေးဆပ်ရမည့်တန်ဖိုး မည်မျှများများ ပါဝင်လှုပ်ရှားတတ်သော သဘောကိုလည်း တွေ့ရပါသည်။ အကြောင်းမှာ သူကိုယ်တိုင်က ပါဝင်ချင်၍ ဖြစ်ပါ သည်။ သမိုင်းဝင်မည့်အဖြစ်အပျက်မျိုး၊ လှုပ်ရှားမှုမျိုးတွင်လူအများက ပါဝင်လာလေ့ ရှိကြပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော (၁၉၈၈) ရှစ်လေးလုံး အရေးတော်ပုံမျိုးနှင့် (၁၉၉၄) မာနာပလောတိုက်ပွဲ ကာလမျိုး ဖြစ်ပါသည်။ လူအများက အန္တရာယ်ရှိမှန်း သိလျှက်နှင့် ပါဝင်ခဲ့ကြပါသည်။ မာနာပလော ခုခံစစ်တိုက်ပွဲ ကာလကလည်း မဟာမိတ်တပ်ဖွဲ့ အများအပြား စစ်ကူစေလွှတ် ပါဝင်ခဲ့ကြဖူးပါသည်။ အကြောင်းမှာ အခြားမဟုတ်။ ဤဖြစ်စဉ်တွင် ပါဝင်လိုသောကြောင့်သာ ဖြစ်ပါသည်။ ထိုအတွက်ကြောင့်ပင် ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကာလ ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှုနှင့် တင်စားနှိုင်းယှဉ် ဖော်ပြခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
ထို့အပြင် ဖရီးရိုက်ဒါလျော့နည်းသွားအောင် ဆောင်ရွက်နိုင်သော အခြားသောနည်းလမ်းများကိုလည်း ချောင်က ဆွေးနွေးခဲ့ပါသည်။ ၎င်းမှာ တပ်ပေါင်းစု ကဲ့သို့သော၊ အဖွဲ့အများအပြားနှင့် လှုပ်ရှားသောကိစ္စများတွင် အဖွဲ့ငယ်အသီးသီး၏ အကျိုးစီးပွားများကို အသိအမှတ်ပြု၍ စဉ်းစားပေးခြင်း ဖြစ်ပါသည်။ ထို့အပြင် မိမိတို့ ဦးတည်ထားသော ရည်မှန်းချက် ကြီးကို၊ အောင်မြင်မှုတိုင်းတာနိုင်ရန် အသေးစိတ်ကျသော၊ လုပ်ငန်းငယ်များ၊ ရည်မှန်းချက်ငယ်များဖြင့် ခွဲခြမ်းစိတ်ဖြာ ပေးခြင်းပင် ဖြစ်ပါသည်။ ဤအချက်သည် လှုပ်ရှားမှုကို ဦးဆောင်နေသော ခေါင်းဆောင်များ အတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။ ဗီယက်နမ်စစ်ပွဲကာလက ဗီယက်နမ်ပြောက်ကျားများက မိမိတို့တော်လှန်ရေး စစ်ပွဲဦးတည်ချက်ကို အဆင့်ငယ်များ ခွဲခြမ်း၍ တာဝန်ခွဲဝေနေရာ ချထားပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဤသို့ဖြင့် လူအများက အောင်မြင်မှုကို အသိအမှတ် ပြုလာပြီး၊ မိမိ ပါဝင်ဆောင်ရွက်ရမှု အတွက်လည်း တန်ဖိုးထားကြောင်း ချောင်က ဖော်ပြခဲ့ပါသည်။ ထို့အပြင် အသိအမှတ်ပြုမှုနှင့် ဆုလာဒ်များသည်လည်း များစွာထိရောက်ပါသည်။ ဤသည်မှာ လူအများအတွက် သီးသန့်မက်လုံးတခု ဖြစ်စေပါသည်။ ဆုပေးရာ၌ ရုပ်ဝတ္ထုပစ္စည်း၊ လူမှုရေးအရ၊ စိတ်ပိုင်းဆိုင်ရာအရ တခုခု ဖြစ်နိုင်ပါသည်။ ထိုအခါ လူအများ၏ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နေရမှုအတွက် စိတ်ဓါတ်ရေးရာအရ တွန်းအား ဖြစ်လာစေပါသည်။ ထိုအပြင် လူအများနှင့် ဆောင်ရွက်ရသော လုပ်ငန်းတွင် အချို့က အကန့်အသတ်ဖြင့်သာ ပါဝင် ဆောင်ရွက်တတ်ရာ လုပ်ငန်းအောင်မြင်မှုအတွက် ကြီးကြပ်စစ်ဆေးမှုလည်း လိုအပ်ပါလိမ့်မည်။ ထိုအပြင် လူအများက မိမိတို့အသံကို ဖော်ထုတ်ခွင့်ရစေရန် အငယ်စားနှင့် အကြီးစား တွေ့ဆုံဆွေးနွေးပွဲများ (ညီလာခံများ) လည်း လိုအပ်ပါလိမ့်မည်။ ထို့အပြင်လှုပ်ရှားမှု၏ စံထားသတ်မှတ်ချက်များ (ethos) ကို မည်သို့ထိန်းသိမ်းကြမည် ဆိုသော ကိစ္စလည်း ရှိပါသေးသည်။
ယနေ့မိမိတို့ လှုပ်ရှားမှုနှင့် တပ်ပေါင်းစုတွင်ရော ဖရီးရိုက်ဒါ များနေပါသလား။ များလွန်းလျင် ဘာအလုပ်မျှ မဖြစ်နိုင်တော့ပါ။ လူအများပါဝင် လှုပ်ရှားလာစေရန် မည်သို့ ဆောင်ရွက်ကြမည်နည်း။ စဉ်းစားရန်သင့်ပြီ ဖြစ်ပါသည်။
အောင်သူငြိမ်း
အကိုးအကား
Dennis Chong, Collective Action the Civil Rights Movement, University of Chicago Press, Chicago, 1991.
Monday, August 13, 2007
ရေသာခိုလှေကြုံစီး၊ ဖရီးရိုက်ဒါ
Posted by ရွက်မွန် at 2:40 PM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment