ကျ
မရခဲ့တဲ့ သင်ခန်းစာကတော့ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပေမဲ့ ကျမရဲ့ မျက်လုံးများကို စုံမှိတ်ပြီး ကြောက်ခဲ့တာမျိုး မဟုတ်ပါဖူး။ ကျမမျက်လုံးတွေကို ဖွင့်ပြီး ကြောက်ခဲ့တာပါ။ ကျမတို့ရဲ့ ညီအကို မောင်နှမများ လုပ်ဖေါ်ကိုင်ဖက်များကို ကျမတင်ပြချင်တာကတော့ လူတိုင်းဟာ ကြောက်တတ်ပါတယ်၊ ကြောက်တယ် ဆိုတာကလည်း သဘာဝပါ။ ဒါပေမဲ့ မျက်စေ့ စုံမှိတ်ပြီး မကြောက်ကြပါနဲ့၊ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ဒီနေရာကနေ ကျမ ပြောပါရစေ။
မျက်စေ့ဖွင့်ပြီးကြောက်ကြပါ
တီ တီ တီ.....တီ တီ တီ.... ။ မိုဘိုင်းဖုံး မည်လာသံကြောင့် ရေးလက်စစာကို ခဏရပ်လိုက်ပြီး မောင်စိမ်းလန်း သူ၏
မိုဘိုင်းဖုံးကို ကောက်ကိုင်လိုက်ရင်း ခလုတ်ကိုနှိပ်ခါ ‘ဟလို ’ ဟု တဆက်တည်း ဖြေလိုက်သည်။ တဖက်က အင်္ဂလိပ် ဘာသာစကားဖြင့် မေးလာသော အမျိုးသမီးတဦး၏ အသံ၊ ‘မောင်စိမ်းလန်းနဲ့ စကားပြောပါရစေ၊ ကျမနာမည်က မေရီ ၀ီလီလျံ ပါ။ ကျမ အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီကပါ’။
မောင်စိမ်းလန်းနှင့် သူငယ်ချင်းများသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် နေထိုင်ကြသော မြန်မာလူငယ်များဖြစ်သည်။
သူတို့အုပ်စုသည် ဘာသာပြန်လုပ်ငန်းတခု ထူထောင်ထားကြသည်။ သတင်းဌာနများ၊ အင်ဂျီအိုအဖွဲ့အစည်းများနှင့် ကိစ္စ အရပ်ရပ် ဘာသာပြန်လိုသူများအတွက် ဘာသာပြန်လုပ်ငန်းကို လုပ်ကိုင်နေသူများဖြစ်သည်။
‘ကျမတို့ဘာသာပြန်စရာလေး တခု ပေါ်လာတယ်၊ မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတခုပါ၊ ဖြစ်နိုင်မယ် ဆိုရင် မနက်ဖန်ကျမတို့ ရုံးကိုလာပြီး ဘာသာပြန်ပေးနိုင်မလား ဆိုတာသိချင်လို့ပါ....’၊ မေရီက ဆက်တိုက်ပြောလည်း ပြော လာနိုင်မလာနိုင် ဆိုတာကိုပါ တခါတည်းမေးလိုက်သည်။ မောင်စိမ်းလန်းဘက်ကလည်း ‘ဟုတ်ကဲ့ ....လာနိုင်ပါ တယ်၊ ဘယ်အချိန်လောက် လာခဲ့ရမလဲ’၊ ဟု တဆက်တည်း ပြန်ဖြေရင်းလာရမည့်အချိန်ကိုပါ ပြန်မေးလိုက်သည်။
အလုပ်ဆိုတာ လွတ်သွားလို့ဘယ်ဖြစ်မလဲဟု စိတ်ထဲကလည်း ကိုယ့်ကိုကိုယ် ပြန်ပြောမိသေးသည်။
နောက်နေ့တွင် မောင်စိမ်းလန်းတယောက် အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီရုံးသို့ ဘာသာပြန်လုပ်ငန်းလုပ်ဖို့ ထွက်လာ ခဲ့သည်။ မေရီက သူတို့ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းတခုကို ဖွင့်ပြရင်း မောင်စိမ်းလန်းကို လိုအပ်သည်များ
ရှင်းလင်းပြသည်။ ဗွီဒီယိုမှတ်တမ်းက အခြားမဟုတ် ကော့မှူးမြို့တွင် ပြုလုပ်ခဲ့သော မစုစုနွေးအား ဂုဏ်ပြုသော အခမ်းအနား ဖြစ်သည်။
မစုစုနွေး၏ အမည်ကို ကြားဖူးနေတာတော့ ကြာပြီ။ မမြင်ဖူးသေး။ အခုတော့ ဖန်သားပြင်ပေါ်မှာ ကိုယ်တိုင်မြင်ခွင့်ရလေပြီ။ မစုစုနွေးသည် ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးလည်း ဖြစ် သည်။ ၂၀၀၆ ခုနှစ်တွင် ဂျွန်ဟန်ဖရီ လွတ်မြောက်ရေးဆု ချီးမြှင့်ခံရသည်။ ဆုပေးသော လူ့အခွင့်အရေးအဖွဲ့သည် ကနေဒါ နိုင်ငံတွင် အခြေစိုက်သည်။ ပါမောက္ခ ဂျွန်ဟန်ဖရီသည် ကနေဒါနိုင်ငံသားဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး
ကြေငြာစာတန်း၏ ပထမမူကြမ်းကို ရေးသားတင်သွင်းခဲ့သူလည်း ဖြစ်သည်။ ထိုပါမောက္ခကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတ၀ှမ်းတွင် လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေသူများအား ရွေးချယ်၍ နှစ်စဉ် ထိုဆုကို အပ်နှင်းသည်။ ယခု ကော့မှူးတွင် ပြုလုပ်သော အခမ်းအနားသည်လည်း မစုစုနွေး ထိုဆုချီးမြှင့်ခြင်း ခံရသည့်အတွက် ကျင်းပပြုလုပ်သော ဂုဏ်ပြုအခမ်းအနား ဖြစ်သည်။
မောင်စိမ်းလန်းတယောက် စတူဒီယိုထဲတွင် ဘာသာပြန်နေရင်း ဗွီဒီယိုမှတ်တမ်းခွေထဲမှတဆင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ တိုင်းပြည်အပေါ်ထားရှိသည့် ခံစားချက်၊ စေတနာ၊ နိုးကြားမှု၊ အမှန်တရားကို မြတ်နိုးမှု အစရှိသည်တို့ကို သူတို့မျက်နှာများ၊ စကားလုံးများမှ တဆင့် မြင်နေရသည်။ အားရစရာကောင်းလှသည် ဟုလည်း စိတ်ထဲမှ မှတ်ချက်ချမိသည်။
မစုစုနွေးသည် အာဏာပိုင်များမှ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ထိုသို့ အဓမ္မ လုပ်အားပေး စေခိုင်းခြင်းအတွက် ရုံးတော်သို့ ဦးတိုက်လျှောက်ထား၍ မတရားမှုကို ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။ အိုင်အယ်အို (ILO) ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကြီးသို့လည်း ထိုသို့ အဓမ္မ လုပ်အားပေးစေခိုင်းခြင်းအား အကြောင်းကြား၍ နိုင်ငံတကာမှ သိစေရန်လည်း လုပ်ဆောင်ခဲ့သည်။ စစ်အာဏာရှင်တို့ လက်အောက်က တရားရုံးသည် အမည်ခံ သက်သက်သာ ဖြစ်ခြေသည်။ တရားနတ်စောင့်သည့် ခေတ်မှမဟုတ်ပဲ။ မစုစုနွေးက သူမအပေါ်အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသည့် အာဏာပိုင်များကို တရားရုံးတွင် တရားစွဲဆိုခြင်း အပေါ် ရန်ကုန်က ဗိုလ်ချုပ်ကြီးတို့ ယမ်းပုံမီးကျ ဖြစ်ခဲ့သည်။ အာဏာပိုင်များ၏ တုံ့ပြန်မှုကတော့ မစုစုနွေးအား ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သည်။ တာဝန်ထမ်းဆောင် နေသော အာဏာပိုင်များကို ၀တ္တရား နှောက်ယှက်မှုနှင့် အသရေဖျက်မှုဟု ခေါင်းစဉ်တပ်ခြင်းပင် ဖြစ်သည်။ ထိုအမှုများဖြင့် မစုစုနွေးကို ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းများ၊ အစိုးရများ၊ အိုင်အယ်အို အဖွဲ့ကြီး၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများ အစရှိသည်တို့၏ ဖိအားပေးမှု၊ ဝေဖန်မှုများကြောင့် စစ်အစိုးရသည် မလွှဲသာတော့ပဲ မစုစုနွေးကို ထောင်မှ ပြန်လွှတ်ပေးရတော့သည်။
မစုစုနွေးသည် ထောင်ထဲတွင် (၈)လကြာ နေခဲ့ရသည်။ မစုစုနွေးသည် ဒေါင်ဒေါင်မည် ကျန်းမာရေးကောင်းသူ တဦး မဟုတ်။ နှလုံးအားနည်းသည့် ရောဂါ ရှိသူဖြစ်သည်။ သို့သော် သူမသည် သူမ၏ ကျန်းမာရေးကိုမငဲ့ကွက်။ အမှန်တရား အတွက် လုပ်ဆောင်စရာ ရှိသည်များကို လုပ်ခဲ့သည်။
အခန်းအနားတွင် သက်ဆိုင်ရာ ဒီ/ချုပ် မြို့နယ် ခေါင်းဆောင်အသီးသီး မစုစုနွေးအတွက် ဂုဏ်ပြုစကား ပြောကြားကြသည်။ သည့်နောက် ဂျွန်ဟမ်ဖရီဆုရှင် မစုစုနွေးကိုယ်တိုင် စကားပြောဖို့ အလှည့်သို့ ရောက်လာသည်။ ဒီအပိုင်းက ပိုအရေးကြီးတယ်ဟု ကိုယ့်ကိုကိုယ် ပြောရင်း မောင်စိမ်းလန်းသည် နားကျပ်မှ တဆင့် စီးဆင်းလာသော မစုစုနွေး အသံကို ဂရုစိုက် နားထောင်သလို ဖန်သားပြင်ပေါ်က မစုစုနွေးရုပ်ပုံကိုလည်း မျက်တောင်မခတ် စူးစိုက်ကာ ကွန်ပြူတာပေါ်တွင် သူ၏ ဘာသာပြန်ချက်များ ရိုက်ထည့်နေသည်။
“တရားမျှတမှုအတွက်၊ အမှန်တရား အတွက် ဆောင်ရွက်ရင်း တနေ့နေ့တော့ ကျမ ထောင်ကျလိမ့်မယ်ဆိုတာ ကျမ တွေးထားမိပြီးသားပါ။ ကျမထောင်ကျမှာကို ကြောက်ပါတယ်။ ကျမကို အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကျမတို့ရွာက အာဏာပိုင်တွေကို ရုံးတော်မှာ တရားစွဲအခါမှာလည်း ကျမကြောက်ကြောက်နဲ့ စွဲခဲ့တာပါ။ ဒီအမှုမှာ ကျမမနိုင်နိုင်ဖူး ဆိုတာလည်း တွက်ထားပြီးသားပါ။ ကျမသတ္တိကောင်းလို့ အာဏာပိုင်တွေကို တရားပြန်စွဲတာ မဟုတ်ပါဖူး။ လူသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ကျမတိုက်ပွဲဝင်တာ ဖြစ်ပါတယ်။ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များ အကူအညီ၊ ပြီးတော့ နိုင်ငံတကာက ဖိအား၊ အဲတာတွေ ကြောင့်သာ ကျမထောင်က ပြန်လွတ်ခဲ့တာပါ။ ကျမရခဲ့တဲ့ သင်ခန်းစာကတော့ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပေမဲ့ ကျမရဲ့ မျက်လုံးများကို စုံမှိတ်ပြီး ကြောက်ခဲ့တာမျိုး မဟုတ်ပါဖူး။ ကျမမျက်လုံးတွေကို ဖွင့်ပြီး ကြောက်ခဲ့တာပါ။ ကျမတို့ရဲ့ ညီအကို မောင်နှမများ လုပ်ဖေါ်ကိုင်ဖက်များကို ကျမတင်ပြချင်တာကတော့ လူတိုင်းဟာ ကြောက်တတ်ပါတယ်၊ ကြောက်တယ် ဆိုတာကလည်း သဘာဝပါ။ ဒါပေမဲ့ မျက်စေ့ စုံမှိတ်ပြီး မကြောက်ကြပါနဲ့၊ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ဒီနေရာကနေ ကျမ ပြောပါရစေ’။
မျက်စေ့ဖွင့်ပြီး ကြောက်ကြပါ။ ကောင်းလိုက်တဲ့ စကားစုလေး၊ သည်စကားလေးကြောင့် ဘာသာပြန်နေတဲ့ မောင်စိမ်းလန်း အဖို့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားပြီလို့ ထင်ခဲ့တဲ့ မိမိရဲ့ အမြတ်နိုးဆုံး ပစ္စည်းလေးတခု မမျှော်လင့်ဘဲ ပြန်ရသလို ခံစားချက်မျိုး ရင်တွင်းမှာ ဖြစ်ပေါ်လာသည်။ ပိတ်နေသည့် တံခါးတချပ် ပွင့်သွားခဲ့ပြီ။
အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီ ရုံးကနေ ထွက်ကတည်းက ‘မျက်စေ့ဖွင့်ပြီး ကြောက်ကြပါ ’ ဟူသော စကားစုလေးကို အထပ်ထပ် ရွတ်ဆိုရင်း မောင်စိမ်းလန်း တယောက် အိမ်ကို လမ်းလျှောက် ပြန်ခဲ့လေတော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။
မစုစုနွေးအတွက် အင်တာနက်စာမျက်နှာကို Asian Human Rights Commission က လုပ်ထားပေးပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ဓါတ်ပုံတွေကို ဒီအင်တာနက်စာမျက်နျာကရပါတယ်။
Tuesday, September 4, 2007
မျက်စေ့ဖွင့်ပြီးကြောက်ကြပါ
Posted by ရွက်မွန် at 10:19 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment