ရွက်မွန်စာမျက်နှာ

Friday, September 7, 2007

လူဦးရေလျှော့ပါးလာခြင်းနှင့် ချင်းပြည်နယ် အနာဂတ်

ချင်း
ပြည်နယ်ဟု လူသိများထင်ရှားသော ချင်းအမျိုးသားတို့၏ တောင်တန်းဒေသသည် အိန္ဒိယနှင့် နယ်နမိတ်ချင်း ထိစပ် နေသည်။ မတ်လဆန်းကာလတွင် မြန်မာပြည်အလယ်ပိုင်းဒေသသည် ပြင်းထန်သော အပူရှိန်၏ ဖိစီးမှုအောက်တွင် ကျ ရောက်နေသော်လည်း ချင်းတောင်တန်းကား အေးမြလတ်ဆတ်လျှက်။ နှင်းဆောင်းနေဆဲဖြစ်သော ကနေဒီနှင့် ၀ိတိုရိယ တောင်ထိပ်တို့ကိုပင် ရံဖန်ရံခါ တွေ့မြင်ရသေးသည်။ သဘာဝအတိုင်း ဖြစ်တည်လာခဲ့သော အသဲပုံသဏ္ဍန် ရိဒ်ရေအိုင် သည်လည်း ပြာလဲ့လဲ့နှင့် ရင်သပ်ရှုမောဖွယ်။ အရောင်အသွေး စုံလင်လှသော တောပန်းတောင်ပန်းတို့သည်လည်း နေရာအနှံ့။ ချင်းအမျိုးသားတို့၏ သင်္ကေတဖြစ်သော အောက်ချင်းငှက် အပါဝင် ငှက်အမျိုးပေါင်းများစွာတို့ မှီတင်းနေထိုင် ရာ အရပ်လည်း ဖြစ်သည်။ အနောက်နိုင်ငံ ငှက်ကြည့်အသင်းများ၏ စာရင်းထဲတွင် သဘာဝငှက်မျိုးစုံ အတော်များများ ကျန်ရှိနေသေးသော ဒေသတခုအဖြစ် ထင်ရှားသည်။

ချင်းပြည်နယ်တွင် လူဦးရေဘယ်လောက်ရှိသလဲ ဆိုတာ မည်သူမှ အတိအကျ မသိ။ အစိုးရ၏ သန်းခေါင်စာရင်း ဆိုသည်ကလည်း နှစ်ပေါင်းများစွာက စာရင်းသာ ဖြစ်သည်။ သုတေသနလုပ်သူ အချို့အဆိုအရ ချင်းပြည်နယ် တွင်လူဦးရေ ငါးသိန်းခန့် နေထိုင်သည်ဟု ခန့်မှန်းထားသည်။ ချင်းအမျိုးသား အများစုတို့သည် ခရစ်ယန်ဘာသာ ကိုးကွယ်သူများ ဖြစ်သည်။

၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကြီး နောက်ပိုင်း ဘာသာရေး ဖိနှိပ်မှု အပါအ၀င် အခြားသော ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၏ အကျိုးဆက်များကြောင့် ချင်းအမျိုးသားများ ချင်းတောင်တန်းကို တစတစ စွန့်ခွါ ထွက်ပြေးနေကြရသည်။ ထို့အပြင် ချင်းပြည်နယ်အတွင်း စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာခြင်း မရှိဘဲ ပိုမို ဆုတ်ယုတ်လာသည် ကလည်း ချင်းအမျိုးသားတို့ ချင်းတောင်တန်းကို စွန့်ခွာရသည့် နောက်ထပ် အကြောင်းအရင်း ဖြစ်သည်။

ချင်းပြည်နယ်နှင့် ကပ်လျှက် တည်ရှိသော အိန္ဒိယနိုင်ငံ၏ မီဇိုရမ်းပြည်နယ်ထဲတွင် ချင်းအမျိုးသား (၅၀, ၀၀၀) ခန့် ရောက်ရှိနေပြီး ရရာအလုပ်များ လုပ်ကိုင်ကာ အသက်မွေးနေရသည်ဟုလည်း ကြားနေရသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများအဖြစ် ရောက်ရှိနေသော ချင်းအမျိုးသားများ အရေအတွက်သည် (၂၀, ၀၀၀) ကျော် ရှိသည်ဟုလည်း သိရသည်။ ထိုင်းနိုင်ငံတွင်လည်း အတော်များများ ရှိနေသည်။ အမေရိကန်၊ ကနေဒါ၊ သြစတေးလျအပါ အ၀င် ဥရောပနိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ၍ နေထိုင်နေသည့် ချင်းအမျိုးသားတို့ လူဦးရေကလည်း မနည်း။ ထို့အပြင် ချင်းပြည်နယ်မှ ထွက်ခွါ၍ ပြည်တွင်း မြို့ရွာအသီးသီးသို့ သွားရောက် နေထိုင်လုပ်ကိုင် စားသောက် နေရသည့် လူဦးရေကိုလည်း ထည့်တွက်ဖို့လိုသေးသည်။ ခြုံ၍ တွက်ချက်ရပါက ချင်းပြည်နယ်အတွင်း မူလရှိခဲ့သော လူဦးရေ ငါးသိန်းခန့်တွင် အနည်းဆုံး လူတသိန်းခွဲခန့်သည် ချင်းပြည်နယ်၏ ပြင်ပသို့ ရောက်ရှိနေသည်ဟု ဆိုရပါမည်။ လူဦးရေ၏ သုံးပုံတပုံနီးပါး လျှော့ကျသွားခြင်း ဖြစ်သည်။

ချင်းပြည်နယ် ပြင်ပသို့ ရောက်ရှိနေသော လူအများစုသည် အရွယ်ကောင်း လူငယ်၊ လူလတ်များ ဖြစ်သည်။ ထိုအထဲတွင် ပညာတတ်များလည်း ပါဝင်နေသည်။ ထိုကဲ့သို့သော လူငယ်များ ဆက်လက်ထွက်ခွါ သွားနေပါက ချင်းပြည်နယ်၏ အနာဂတ် ကံကြမ္မာကို ချင်းအမျိုးသားတို့ ကိုယ်တိုင်ဖန်တီးဖို့ ဆိုတာ နောင်တွင် ခက်ခဲလာနိုင်သည်။ လူဦးရေနည်းသော လူမျိုးတမျိုးအတွင်း အားကောင်းမောင်းသန် လူငယ်များ မိမိဒေသမှ အစုလိုက် အပြုံလိုက် စွန့်ခွါ နေခြင်းသည် ထိုဒေသ၏ လုပ်သားအင်အားစု ဆုံးရှုံးနေရခြင်းဟုလည်း ဆိုနိုင်သလို တဖက်တွင်လည်း ကြောက်ခမန်းလိလိ လူဦးရေ လျှော့ပါးနေခြင်းဟု ဆိုနိုင်သည်။

တချိန်က ချင်းတောင် ပန်းသီး၊ လိမ္မော်သီးတို့သည် နာမည်ကြီးခဲ့သည်။ သို့သော် လိုအပ်သော နည်းပညာ၊ ငွေကြေး အရင်းအနှီးတို့ မရှိခဲ့။ ဈေးကွက်လည်း မရှာနိုင်ခဲ့။ သစ်သီး စိုက်ပျိုးရေးကို စီးပွားဖြစ် မလုပ်နိုင်ခဲ့။ ဆင်းရဲရသည့်အထဲ လူ့အခွင့်ရေး ချိုးဖောက်မှုများကို ဆက်တိုက်ခံလာရသည့်အတွက် ပိုမို ဆိုးဝါးလာခဲ့သည်။ အခု မြန်မာပြည်တွင် ဈေးကွက်စီးပွားရေး ကျင့်သုံးနေပြီဟု စစ်အစိုးရက ကြွေးကြော်နေသည်။ သို့သော် ချင်းတောင်တန်းအတွက်ကား ဘာဈေးကွက်မှ မရှိ။ ဆင်းရဲနေမြဲသာ။

လွန်ခဲ့သည့် နှစ်အနည်းငယ်က စစ်အစိုးရမှ လက်ဖက်နှင့် ကော်ဖီစိုက်ခင်းများ ချင်းတောင်တွင် စတင် လုပ်ဆောင်ခဲ့သည်။ ဒေသခံများ အဆိုအရ တိုင်းမှူးနှင့် ၀န်ကြီးများ၊ လူကြီးများ လာပါက အပြကောင်းအောင် လမ်းဘေးတွင် စိုက်ခိုင်းသည့် သဘောထက် မပိုကြောင်း သိရသည်။ ချင်းတောင်တန်းတွင် ပန်းသီး၊ လိမ္မော်သီးများ စိုက်ပျိုး ထုတ်လုပ်နိုင်သည့် အလားအလာကောင်းများ ရှိသည်။ သစ်သီးဖျော်ရည်များ အဆင့်မှီ ထုတ်လုပ်နိုင်သည်။ ပြည်တွင်း ဈေးကွက်၊ ဒေသတွင်း ဈေးကွက်များအတွင်း တွင်ကျယ်လာအောင် လုပ်ဖို့က အစိုးရမှာ ပိုလို့ တာဝန်ရှိသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်တို့သည်လည်း သစ်သီးဖျော်ရည် ထုတ်လုပ်ဖို့ အလားအလာ ရှိသော ဒေသများဖြစ်သည်။ သို့သော် ဘာမျှ တိုးတက်မလာ။

ထိုင်းနိုင်ငံ၏ သစ်သီးဖျော်ရည် ဈေးကွက်သည် မသေး။ ဥရောပနှင့် အမေရိကန် ဈေးကွက်များကို မထိုးဖေါက် နိုင်သေးသော်လည်း အာရှနှင့်အရှေ့အလယ်ပိုင်း နိုင်ငံပေါင်း (၂၀) သို့ ရောင်းချနေသည်။ ထိုအထဲတွင် ဂျပန်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ယူအေအီးနှင့် ကူဝိတ်နိုင်ငံတို့သည် ထိုင်းသစ်သီး ဖျော်ရည်များအတွက် အမာခံဈေးကွက်များ ဖြစ်ကြသည်။ ထို့အပြင် တနှစ်လျှင် ဈေးကွက်အသစ် အနည်းဆုံး ငါးနိုင်ငံတိုးလာစေရန်လည်း စတင် ဆောင်ရွက်နေသည်။ ပြည်တွင်း သစ်သီးဖျော်ရည် ဈေးကွက်တခု အတွင်းမှာပင် လည်ပတ်နေသော ငွေပမာဏသည် ၂၀၀၅-၂၀၀၆ စာရင်းများ အရ ၃. ၆ ဘီလီယံဘတ် တန်ဖိုးရှိသည်။

ပန်းသီးနှင့် သစ်တော်သီး စိုက်ပျိုးရန် ထိုင်းနိုင်ငံတွင် အေးမြသော ရာသီဥတုရှိသည့်ဒေသ နည်းပါးသည်။ ထို့အတွက် ထိုသစ်သီး အများစုကို တရုတ်ပြည်မှ တင်သွင်းကာ ဖျော်ရည်ပြုလုပ်ရသည်။

နယ်စပ်ဒေသများနှင့် တိုင်းရင်းသားတို့ ဒေသများ တိုးတက်ဖွံ့ဖြိုးအောင် အစိုးရက လုပ်နေသည်ဟု ဆိုသည်။ ကိုင်း ....ဘာ လုပ်နေကြသနည်း။ ပေါ်တာဆွဲ၊ လုပ်အားပေးခေါ်၊ လူ့အခွင့်အရေး ချိုးဖောက် ဒါတွေပဲ ကြားနေရသည်။ ချင်းတောင်တန်း တွင် စစ်အစိုးရကို သဲသဲမဲမဲ ခံတိုက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းဆိုတာလည်း မရှိ။ တိုင်းပြည်ကို နစ်နာစေရန် လည်း ချင်းအမျိုးသားတို့ ဘာမှ မပြုလုပ်ခဲ့။ ဘာကြောင့်လူတွေကို အကြောင်းမဲ့ နှိပ်စက်နေသနည်း။

အကယ်၍ တနေ့တွင် ဒေသတွင်း ဈေးကွက်၏ တောင်းဆိုမှုအရ ချင်းတောင်တန်း၌ သစ်သီးခြံများ စနစ်တကျ ထူထောင်၍ သစ်သီးဖျော်ရည် လုပ်ငန်းကို ခေတ်မှီနည်းစနစ်များဖြင့် ထုတ်လုပ်လာမည် ဆိုပါစို့။ ချင်းအမျိုးသားတို့ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ထင်ပါသလား။ နောက်ဖြစ်လာမည့် ပြဿနာများကို ကြိုမြင်နေရသည်။ ထိုရင်းနှီးမြှုပ်နှံမှုများ သည် ချမ်းသာသော နိုင်ငံခြားကုမ္ပဏီများ (သို့) ပြည်တွင်း အရင်းအနှီးကြီးသူများနှင့် နိုင်ငံခြားဖက်စပ်များ ဖြစ်မည်။

ချင်းတောင်တွင် မြေယာများကို ဈေးပေါပေါနှင့် ၀ယ်ယူကြမည် (သို့) စစ်အစိုးရက မြေများသိမ်းလာနိုင်သည်။ (မွန်ပြည်နယ်နှင့် တင်္နသာရီတိုင်း အတွင်းတွင် ဆီအုန်းစိုက်ပျိုးရန် မြေဧက (၇၀၀, ၀၀၀) သိန်းကို စစ်အစိုးရ သိမ်းထားပြီး ဖြစ်သည်) တဖက်တွင်လည်း လုပ်သားအင်အားစု ဖြစ်သော ချင်းအမျိုးသား လူငယ်များ ရှားပါးနေသောကြောင့် ထိုလစ်ဟာနေသော ကွက်လပ်ကို ဖြည့်ဆည်းရန် ဆင်းရဲသား မြန်မာများကို တင်သွင်းလာမည်။ သစ်သီးခြံများကို ပိုင်တာက စစ်အစိုးရ၊ သူတို့နှင့် အလွမ်းသင့်သော သူဌေးများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသာ ဖြစ်လိမ့်မည်။ အောက်ခြေ အလုပ်ကြမ်းသမား အများစုက မြန်မာများ အစရှိသဖြင့် ရင်ဆိုင်လာရမည်။ ချင်းအမျိုးသားတို့ အတွက်ကား ဘာမျှ ကျန်ရစ်ခဲ့မည် မဟုတ်။ နှစ်ပေါင်းထောင်နှင့် ချီ၍ နေလာခဲ့သည် ကိုယ့်မြေပေါ်တွင် သူများအတွက် ကျွန်ခံရသည့် အလုပ်ကြမ်း သမားဘ၀နှင့်သာ အဆုံးသတ်ရတော့မည်။ အသစ်ဝင်ရောက်လာမည့် ဗုဒ္ဓဘာသာ မြန်မာအလုပ်သမားများ နှင့် အလုပ်ကို လုရသည့်အတွက် နောင်တွင်လူမျိုးရေး ဘာသာရေး ပြဿနာများ၊ ပဋိပက္ခများနှင့်လည်း ရင်ဆိုင်ရဖွယ် ရှိသည်။

အယ်ဆာဗေဒိုနိုင်ငံ၌ ၁၉ရာစု ကုန်ခါနီးတ၀ိုက်တွင် တောင်ပေါ်ဒေသခံ တိုင်းရင်းသားများ၏ မြေများကို ခရီရိုလို (စပိန် လူဖြူသွေးပါသော) ဆိုသော အုပ်ချုပ်သူ လူတန်းစားက ကော်ဖီပင်များ စိုက်ပျိုးရန် မတရား သိမ်းပိုက်ခဲ့သည်။ အကြောင်း ကတော့ ထိုအချိန်က တရိပ်ရိပ် မြင့်တက်လာနေခဲ့သော ကမ္ဘာ့ကော်ဖီ ဈေးကွက်ကြောင့် ဖြစ်သည်။ မူလဒေသခံ တိုင်းရင်းသားတို့ လက်မဲ့ဖြစ်၍ ကျန်ရစ်ခဲ့ကြသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။

နောင်တနေ့ ချင်းတောင်တန်း ဒေသတွင် ချင်းအမျိုးသားတို့ ထိုကဲ့သို့အဖြစ်မျိုး မရင်ဆိုင်၊ မကြုံတွေ့စေရန် အခုကတည်းက အားလုံးဝိုင်းဝန်း စဉ်းစားဆောင်ရွက်ကြဖို့ လိုနေသည်ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၉ ရက်၊ ဇွန်လ၊ ၂၀၀၇ ခုနှစ်။

1 comment:

Unknown said...

ယခုလို ဆောင်းပါးကောင်းတစ်ပုဒ် ဖတ်ရှုရတာ အင်မတန် တန်ဖိုးရှိပါတယ်။ ချင်းမျိုးချစ်ခေါင်းဆောင်များ ဆင်ခြင်စရာ ဖြစ်သလို ဗမာအစိုးရအတွက်လည်း ပိုသတိထားစရာ ဖြစ်မှာပေါ့။
ဘာကြောင့်ဆိုရင် အစ်စရေးနိုင်ငံတည်ထောင်ခြင်း
သမိုင်းကြောင်းကိုကြည့်ရင် ပြည်ပကို
အုံနှင့်ကျင်းထွက်ခွာကြတဲ့ ချင်းလူငယ်တွေက တစ်နေ့ကျရင် နိုင်ငံအသီးသီးရဲ့ ပညာပေါင်းစုံ နှင့် ငွေအရင်းအနှီး တွေနှင့် ချင်းနိုင်ငံတော်တည်ထောင်ကြ ဖို့ ဖြစ် လာမယ်ဆိုရင် . . . . .

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.