နိုင်
ငံတခုသည် လွတ်လပ်ပွင့်လင်းသော်လည်း အားကောင်းသော လူ့အဖွဲ့အစည်းတခု ဖြစ်တည်လာစေရန် မဆောင် ရွက်နိုင်ပါက အရာရာတွင် သူများထက် နောက်ကျနေလေ့ ရှိသည်။ အပြန်အလှန်အားဖြင့် ဆိုရပါမူ အားကောင်းသော လူ့အဖွဲ့အစည်းတခု ပေါ်ပေါက်လာစေဖို့အတွက် ဆိုပါက ပွင့်လင်းလွတ်လပ်မှု သက်ဝင်နေရန်လည်း မရှိမဖြစ် လိုအပ်သည်။ လွတ်လပ်တိုင်းလည်း အားကောင်းမလာ။ သို့သော် အားကောင်းလာစေဖို့အတွက် လွတ်လပ်မှု လိုအပ်သည်။
ဤပုံကို မိတ်ဆွေတဦးမှ ကျေးဇူးပြုပါသည်။
၁၉ ရာစုကုန်ခါနီး တ၀ိုက်တွင် အယ်ဆာဗေဒိုနိုင်ငံ၌ ဒေသခံတိုင်းရင်းသားတို့၏ မြေများအား ကော်ဖီစိုက်ရန် အတွက် စပိန်သွေးပါသည့်အုပ်စိုးသူ လူဖြူများက သိမ်းပိုက်ခဲ့ကြသည်။ မြေယာခွဲခြမ်းမှု မညီမျှသည်က နိုင်ငံရေးမတည်ငြိမ်မှုဆီ သို့ တဖြည်းဖြည်း ဦးတည်လာခဲ့သည်။ ၁၉၇၇ တ၀ိုက်သည် စီးပွားရေး ကောင်းခဲ့သည့်ကာလ ဖြစ်ခဲ့သည်။ သို့သော် ဖိနှိပ်ခြင်း၊ မညီမျှခြင်းနှင့် ဒီမိုကရေစီနိုင်ငံရေး စနစ်မရှိခြင်း တို့က ပြည်တွင်းစစ်ကို ဦးတည်၍ သွားတော့သည်။ ပြည်တွင်းစစ် (၁၂) နှစ်ကာလ အတွင်း အယ်ဆာဗေဒိုနိုင်ငံသား ခွန်နှစ်သောင်းငါးထောင် (၇၅, ၀၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၈၉ ခုနှစ်တွင် သူပုန်တို့ အာဏာရှင်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေး စတင်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှာ ငြိမ်းချမ်းရေးအတွက် နှစ်ဖက် လက်မှတ် ရေးထိုးခဲ့ကြသည်။ ၁၉၉၄ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ သူပုန်တို့ဖက်မှလည်း ပါလီမန်တွင် နေရာတော်တော်များများ ရခဲ့သည်။
ထိုစဉ်က အယ်ဆာဗေဒိုနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို ပညာရှင်များက အောင်မြင်သော အခြေအနေအဖြစ် မီးမောင်းထိုး၍ ချီးမွမ်းထောပနာ ပြုခဲ့ကြသည်။ သို့သော် ၂၀၀၀ ခုနှစ် လောက်မှစ၍ မူးယစ်ဆေးဝါး ဖေါက်ကားရောင်း ၀ယ်မှုမှ အစ၊ လူသတ်မှုများ အလယ်၊ လူပြန်ပေးဆွဲမှု အဆုံး ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်မှုများ တိုးတက်များပြား လာခဲ့ သည်။ အရွယ်ရောက်သူ ယောက်ကျားလေး အတော်များများသည် လူဆိုးဂိုဏ်းတခုခုတွင် အဖွဲ့ဝင် ဖြစ်နေခဲ့ကြသည်။ တချိန်တည်းတွင်လည်း အစိုးရအတွင်း လာဘ်ပေးလာဘ်ယူ ခြစားမှုများကလည်း ကျော်မကောင်း ကြားမကောင်းအောင် အထိ ဖြစ်လာနေသည်။ တချိန်တည်းတွင် အာဏာရအစိုးရသည် လျှို့ဝှက် လူသတ်အဖွဲ့များ ဖွဲ့၍ အတိုက်ခံခေါင်းဆောင် များကို တိတ်တဆိတ်လုပ်ကြံ သတ်ဖြတ်လာခဲ့သည်။
ပြန်ကောက်ရပါက အယ်ဆာဗေဒိုနိုင်ငံသည် အာဏာရှင်အုပ်စိုးသည့် စနစ်မှ ပါတီစုံဒီမိုကရေစီကို ဦးတည်သွားနေသည့် နိုင်ငံဖြစ်သည်။ သို့သော် တော်လှန်ရေးကာလများမှစ၍ ပါတီစုံခေတ်သို့ ရောက်သည်အထိ ထိုစဉ်ကအာဏာရှင် အုပ်ချုပ်သူများ အပါအ၀င် ဘက်ပေါင်းစုံမှ နိုင်ငံရေးခေါင်းဆောင်များသည် လူထုအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို အကြီးအကျယ် လစ်လျှူရှု့ခဲ့သည်။ ထိုကြောင့် လက်ရှိကာလတွင် ဤကဲ့ သို့သော လူ့အဖွဲ့အစည်း ပြိုပျက်နေသည့် အခြေနေဆိုးများကို ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ပညာရှင်များကဆိုကြသည်။
နိုင်ငံရေးခေါင်းဆောင် အများစုသည် အမြင့်နိုင်ငံရေး (ံငါ့္စသူငအငချ) ကိုသာ အထူးအာရုံစိုက်ခဲ့သည့်အတွက် ရရှိလာခဲ့သည့် အကျိုးဆက်ဟုလည်း ထောက်ပြကြသည်။ အယ်ဆာဗေဒိုသည် လွတ်လပ်သည့် လူ့အဖွဲ့အစည်းဖြစ် အောင် ချီတက်နိုင်ခဲ့သည်။ ထို့အတွက် ပျော်ခဲ့ကြရသည်။ သို့သော် အားကောင်းသည့် လူ့အဖွဲ့အစည်းကို မတည်ဆောက်နိုင်ဘဲ လမ်းခုလပ်၌ သောင်တင်နေသည့် သင်္ဘောကဲ့သို့ ဖြစ်နေရသည်မှာ ၀မ်းနည်းစရာ။
အလားတူ အတွေ့အကြုံ အဖြစ်အပျက်များကို တောင်အာဖရိကနိုင်ငံတွင်လည်း တွေ့မြင်နိုင်သည်။ တောင်အာဖရိက နိုင်ငံသား လူမဲတို့သည် ဖိနှိပ်သော လူဖြူအုပ်ချုပ်သူများကို ဖယ်ရှားနိုင်ခဲ့သည်။ ဒီမိုကရေစီကို အုတ်မြစ်ချနိုင်ခဲ့သည်။ သို့ သော် ယခင်နှစ်ပေါင်းများစွာ အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ကို တန်းတူ ဦးစားပေး မမြှင့်တင် နိုင်ခဲ့သဖြင့် တောင်အာဖရိက လူ့အဖွဲ့အစည်းသည် လျော့ရည်း ပြိုဆင်းလာခဲ့ရသည်။
နိုင်ငံသားလေးဦးတွင် တဦးသည် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာကို ခံစားနေရသည်။ ခိုးဆိုးတိုက်ခိုက်လု ယက်မှုများ ကလည်း မိနစ်နှင့်အမျှ ဖြစ်ပွားနေသည်။ သည့်အပြင် မုဒိမ်းမှုများကလည်း လေးမိနစ်လျှင် တကြိမ် ဖြစ်ပွားနေ သည်။ လူအများစုမှာ ကနေ့အထိ ပညာကောင်းကောင်း မသင်နိုင်ကြ။ တောင်အာဖရိကနိုင်ငံသည် လွတ်လပ်ပွင့်လင်း သော နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် တောင်အဖရိက လူ့အဖွဲ့အစည်းသည် အားကောင်းမလာသေး။
အထက်ပါ အဖြစ်အပျက်များ၏ မူလတရားခံမှာ ဖိနှိပ်သော အာဏာရှင်စနစ် ဖြစ်သည်။ အာဏာရှင်တို့ ဖိနှိပ်မှုအောက်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာ မလွယ်ကူ။ ဒါကိုလည်း မငြင်းပါ။ သို့သော် မိမိလူထုကို သည်လို ပြိုဆင်းနေသောအခြေအနေအောက် မရောက်ဖို့ကလည်း ကြိုးပမ်းရန်လိုသည်။ သည်ထက် ပိုတိုးတက်အောင် မလုပ်နိုင်စေဦးတော့ လက်ရှိကောင်းမွန်နေသေးသော အခြေအနေများကို ပြိုကျသည့် အထဲပါမသွားရန် ကျားကန်ပေးဖို့တော့ အထူးလိုအပ်သည်။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအဖွဲ့အစည်းများမှတဆင့် လှုပ်ရှားဆောင် ရွက်နေသူများ ရှိသလို၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြား နယ်ပယ်များကို အခြေခံ၍ ဆောင်ရွက်ရန်လည်း မမေ့လျှော့သင့်ပေ။ အဘယ်ကြောင့် ဆိုသော် ထိုနယ်ပယ်များသည့် တနေ့တွင် အသွင်ကူးပြောင်းလာမည့် မိမိ၏နိုင်ငံရေး အင်အားများ ဖြစ်သောကြောင့်ပင်။ ထို့အပြင် လူ့အဖွဲ့အစည်းကို စောင့်ရှောက်သော၊ အဓိကကျသော အရင်းအမြစ်များ ဟုလည်း ဆိုနိုင်သည်။
လတ်တလော အရေးကြီးဆုံးဟု သတ်မှတ်ထားသည့် ကိစ္စတခုတည်းကိုသာ ဦးစားပေးလုပ်ကိုင်ပြီး အနာဂတ်တွင် ဖြစ်လာ နိုင်သည့် အကျိုးဆက် အကြောင်းဆက်များကို လစ်လျူရှု့ခြင်းသည် နောင်တိုင်းပြည်ပြန်လည် တည်ဆောက်သည့် အခါတွင် ကြီးမားသော အခက်အခဲများကို ကြုံတွေ့ရစေသည်။ အထူးသဖြင့် ပြိုဆင်းသွားခဲ့သော လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်ရခြင်းသည် အိုးကွဲအစများကို ပြန်လည် ဆက်စပ်ယူသလို ခက်ခဲလှသည်။
မြန်မာနိုင်ငံကဲ့သို့ ရက်စက်မှု ကန်းကုန်အောင် ဖိနှိပ်သော အာဏာရှင်များအောက်တွင် ဘာအလုပ်ကိုပဲ လုပ်လုပ် မလွယ်ကူပါ။ ခက်ခဲလွန်းလှသည်။ လူမှုရေးကိစ္စ၊ ကျန်းမာရေးကိစ္စ သက်သက် ဆောင်ရွက်သူများသည်ပင်လျှင် အမြဲ ရန်ရှာခံနေရသည်။ ယုတ်စွအဆုံး စီးပွားရေးတခုတည်းသာ လုပ်နေသောသူများတောင်မှ မထင်လျှင် မထင်သလို ရန်ရှာခံရသည်။ လုပ်ငန်းများ ဆုံးရှုံးရသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်ဖက်ကို ကြည့်ကြည့် အမှောင်လွှမ်းနေသည့် တိုင်းပြည်ဖြစ်သည်။ သို့သော် သူ့နေရာနှင့်သူ၊ သူ့ထောင့်နှင့်သူ လုပ်နိုင်ကိုင်နိုင် ရှိသည့် မျိုးဆက်များက ဆက်လုပ်ဖို့လိုသည်။ သည်ခရီးကတော့ မနီးပါ။ အနာဂါတ်တွင် မျိုးဆက်သစ်များဖြင့် ဖြစ်တည်လာမည့် မိမိတို့ လူ့အဖွဲ့အစည်း အားကောင်းလာစေရေးနှင့် တနည်းဆိုသော် ပြိုကျမသွားစေရေးအတွက် မဖြစ်မနေ သည်ခရီးကို ဆက်ကြရမည်။
နောင်လွတ်လပ်ပွင့်လင်းလာမည့် ကာလမှာ မိမိလူ့အဖွဲ့အစည်း အားကောင်းစေရေးအတွက် ရည်မျှော်ပြီး အခုကတည်းက ပြင်ပြင်ဆင်ဆင် ရှိရှိ ဆောင်ရွက်ကြဖို့ တိုက်တွန်း အကြံပြု လိုက်ရပေသည်။
ဇော်မင်း (လူ့ဘောင်သစ်)
၎ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။
Wednesday, September 5, 2007
အားကောင်းသော လူ့အဖွဲ့အစည်း
Posted by ရွက်မွန် at 12:20 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment