ရွက်မွန်စာမျက်နှာ

Saturday, September 15, 2007

နိုင်ငံတော်အကြီးအကဲများ၏ စေတနာ


ခုတလော နားကြားပျင်းကပ်နေရသော စာလုံးတစ်လုံးရှိသည်။ မြန်မာ့အသံ၊ စစ်အစိုးရ ရုပ်သံ၊ မဂ္ဂဇင်းများတွင် အမြဲတစေ ဖော်ပြနေကြသော “နိုင်ငံတော်အကြီးအကဲများ၏ စေတနာ” ဟူသော စကားလုံး ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများ၊ လမ်းသစ်၊ တံတားသစ်များ အကြောင်း ဖော်ပြရာတွင် ဖြစ်သည်။ စကားလုံးကိုယ်၌က တင်စီးလှသည်။ ရေမြေ့သခင် မင်းတရားကြီး ဆန်လှသည်။ ရှေးပဒေဿရာဇ် ခေတ်ကလို ကျန်သူများက ဤစေတနာကို မျှော်ကိုး၍ ရှင်သန်နေရမည့်ပုံ ပေါ်နေသည်။ စေတနာကို ပြည်သူအများက သိ၍၊ ကျေးဇူးတင်ကြရသည်။ ကျေးဇူးတင်လျှင် ဘုရင်မင်းတရားထံက ပို၍ အကျိုးကျေးဇူး ခံစားရခြိမ့်မည်။ စေတနာကို မသိပါက၊ ကျေးဇူးမတင်ပါက၊ မင်းပြစ်ဒဏ်ပင် အတိတ်ကာလက သင့်ခဲ့ကြဖူးပါသည်။ ကျေးတော်မျိုး ကျွန်တော်မျိုး များက၊ မိမိ၏ဘ၀ ဖွံ့ဖြိုးတိုးတက်မှု အတွက် စောင့်ဆိုင်းနေကြရမည့်၊ မျှော်လင့်နေကြရမည့်ဟန် ပေါ်နေသည်။ အထက်ကလာသည့် သဘောပေါ်နေသည်။

နိုင်ငံကို အုပ်ချုပ်နေသူများအဖို့ တိုင်းပြည်ကို စေတနာထားကြောင်း ပြသလိုခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် အခြေခံ သဘောအရကိုက၊ မှားနေကြောင်း မိမိထောက်ပြလိုသည်။ ဖွံ့ဖြိုးတိုးတက်မှု၏ တရားကိုယ်သဘောအရ မှားနေပါ သည်။ (၁၉၉၈) ခုနှစ်တွင် တိုင်းပြည်ကိုထိန်းချုပ်ထားသော စစ်အစိုးရက (န၀တ) မှ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် အမည် ပြောင်းလဲခဲ့သည်။ အမည်ထဲတွင် ‘ဖွံ့ဖြိုးရေး’ကို ထည့်သွင်းထားသည်။ တိုင်းပြည် ကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်၍နေသည်ဟု သူတို့က ဆိုလိုခြင်း ဖြစ်ပါလိမ့်မည်။ သို့သော် ‘ဖွံ့ဖြိုးရေး’ ဟူသော စကား လုံးတိုင်းလည်း၊ မကောင်းလှပါ။ ဖွံ့ဖြိုးရေးသဘောတရား၏ကိုယ်၌က၊ အခြေခံလိုအပ်ချက်များ ရှိနေပါသည်။

ဖွံ့ဖြိုးရေးဆိုင်ရာ ငြင်းခုံမှုများ

‘ဖွံ့ဖြိုးမှု’ဟူသော စကားလုံးသည်၊ အရေးကြီးသောအယူအဆ တစ်ရပ်ဖြစ်လာခဲ့သည်မှာ နှစ် (၂၀၀) ကျော်ရှိပြီ။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလမှ စရေတွက်လျှင်ပင်၊ နှစ်ပေါင်း (၅၀) ကျော်ရှိပြီ ဖြစ်သည်။ မြန်မာစာလုံးသည်ပင်၊ မူရင်းအင်္ဂလိပ်ဘာသာ Development မှ တိုက်ရိုက်ပြန်ဆိုထားသည့်နှယ် ဖြစ်ပုံရပါသည်။

ဖွံ့ဖြိုးရေးဆိုသည်မှာ တမ္ဘာလုံးဆိုင်ရာလက်ခံထားသော အယူအဆတစ်ခုသဖွယ် ဖြစ်လာခဲ့သည်မှာ ကြာပါပြီ။ ဤဝေါဟာရက ကြား၍လည်း ကောင်းပါသည်။ သို့သော်လည်း အချို့သောပညာရှင်များက ပြန်၍ ဝေဖန်ဆန်းစစ်လာကြပါသည်။ ဖွံ့ဖြိုးရေးဆိုသည် မှာ အသစ်ဖြစ်ပေါ်လာသော အယူအဆသာဖြစ်သည်။ အနောက်တိုင်းမှ လာသော အယူအဆသာ ဖြစ်သည်ဟု သူတို့က ဆိုကြပါသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း၊ စစ်ဒဏ်ခံရသည့် ဥရောပကို ကူရန်ဆောင်ရွက်ခဲ့သည့် မာရှယ် စီမံကိန်းနောက်ပိုင်းမှ ထွန်းကားလာသော စကားရပ်သာ ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသောနိုင်ငံများဟူ၍ ခွဲခြားသတ်မှတ်ကြရာမှ ပေါ်ပေါက်လာခြင်းသာ ဖြစ်ပါသည်။

ဤအယူအဆကိုယ်၌က အားနည်းချက်များရှိနေသည်ဟု ဝေဖန်လာကြပါသည်။ ဖွံ့ဖြိုးမှုဟူသော သဘောတရားတွင်၊ ဖွံ့ဖြိုးမှုကို ပုံမှန်တိုးတက်နေသည့်သဖွယ် ယူဆထားကြပြီး၊ အစဉ်အလိုက် လှေခါးသဖွယ် တိုးတက်မှုဟု မြင်နေကြပါသည်။ ဖွံ့ဖြိုးမှု ဆိုသည်မှာ ဂရပ်ပုံပြမျဉ်းတက်သကဲ့သို့၊ အပေါ်သို့ တက်သည့်ပုံစံကို မြင်ကြပြီး၊ အခြားသူ၏ ခြေသွားလှမ်းအတိုင်း လိုက်ကြရလိမ့်မည်ဟု မြင်နေကြခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုစီမံကိန်းများဟု ဆိုရာ၌၊ တစ်ဦးက တစ်ဦးကို အစဉ်မှီခိုနေရသောဖြစ်နိုင်ချေကို မတွက်ဆခဲ့ကြဘဲ၊ ဖွံ့ဖြိုးမှုဆိုသည်မှာ အခြားသူတစ်ဦးလုပ်သကဲ့သို့ လိုက်မီနိုင်သောကိစ္စအဖြစ် ယူဆနေခဲ့ကြပါသည်။ ထိုထက်ပိုဆိုးသည်မှာ ဖွံ့ဖြိုးမှုဟုဆိုလျှင်၊ စီးပွားရေးတိုးတက်မှုနှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကိုသာ မြင်နေကြခြင်း ဖြစ်ပါသည်။ ထို့အပြင် ဖွံ့ဖြိုးမှုဟုဆိုလျှင်၊ အာဏာ နှင့် ဥစ္စာဓနစုဆောင်းမိလာမှု၊ ကြွယ်ဝလာမှုကို မြင်ကြပါသည်။ ဖွံ့ဖြိုးမှုဆိုလျှင် နိုင်ငံတော်အစိုးရက လုပ်ပေးရမည့် တာဝန်ဟုမြင် နေခဲ့ကြသည်မှာ ပို၍ဆိုးခဲ့ပါသည်။ (၁၉၆၀-၇၀) ခုနှစ်များ ကာလတလျောက်လုံးတွင် ဤ ဖွံ့ဖြိုးမှု အယူအဆက အစိုးရများကို လွှမ်းမိုးထားခဲ့ပြီး၊ အစိုးရများက အရင်းအမြစ်၊ သွင်းအားစုများကို စီစဉ်ခန့်ခွဲသုံးစွဲရမည်ဟု ယုံကြည်နေခဲ့ကြခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် ၁၉၅၀-၆၀-၇၀ ခုနှစ်များ တလျောက်လုံးတွင် တတိယကမ္ဘာနိုင်ငံများမှ အစိုးရများကို ထောက်ပံ့ပေးခဲ့ကြပြီး အစိုးရခေါင်းဆောင်များကလည်း အကြီးအကျယ် ခြစားခဲ့ကြသည်။ နိုင်ငံများတိုးတက်မလာဘဲ ထိုခေါင်းဆောင်များသာ ချမ်းသာလာခဲ့ကြသည်။ သောမတ်စ်ဖရီးမင်းကပင် သူ၏ “လက်ဇပ်ကားနှင့် သံလွင်ပင်” (Lexus and Olive Tree) စာအုပ် တွင်ပင် ဤဖွံ့ဖြိုးရေးအကူအညီများကို အစိုးရလူကြီးမင်း အသီးသီးက ခြစားခိုးဝှက်ခဲ့ကြပုံကို ဟာသတပုဒ်ဖြင့် သရုပ်ဖော်ခဲ့ ပါသေးသည်။

သူရေးသည့် ပုံပြင်ကလေးက ဤသို့ဆိုသည်။
“တခါက နိုင်ငံတကာအစည်းအဝေးများ တက်ကြရင်း၊ အာဖရိကတိုက်နိုင်ငံတခုမှ အစိုးရ၀န်ကြီးတယောက်နှင့် အာရှတိုက် နိုင်ငံတခုမှ အစိုးရ၀န်ကြီးတယောက်တို့ ခင်မင်ရင်းနှီးသွားကြပါသည်။ ဤသို့ဖြင့် အချင်းချင်း အပြန်အလှန် လည်ပတ်ရန် ဖိတ်ခေါ်မှုများလည်း ရှိလာခဲ့သည်။ တခါတွင် အာဖရိကတိုက်မှ ၀န်ကြီးက အာရှတိုက်ရှိ ၀န်ကြီးထံသို့ လာလည်ပါသည်။ ထိုအာရှဝန်ကြီး၏ စံအိမ်က ခမ်းနားလွန်းသောကြောင့် လခမည်မျှရသနည်းဟု ဖွင့်ဟမေးရသည်အထိ ဖြစ်စေခဲ့ပါသည်။ ထိုအခါ အာရှတိုက်မှ ၀န်ကြီးက ပြူတင်းပေါက်အပြင်သို့ ကြည့်လိုက်ရန် ညွှန်ပြပါသည်။ ကုန်းကျော်တံတားတစင်းမှ လွဲ၍ ထူးထူးခြားခြား ဘာမျှ မရှိပါ။ ထို့နောက် အာရှတိုက်မှ ၀န်ကြီးက ၂၀% (20 percent) ဟု ပြောပါသည်။ ဆိုလိုရင်းမှာ ဤ တံတားဆောက်မည့် ကုန်ကျစရိတ်များထဲမှ ၂၀% ကို သူအိပ်ထဲ ထည့်လိုက်သည်ကို ဆိုခြင်း ဖြစ်သည်။ နောက်တကြိမ် တွင် အာရှတိုက်မှ ၀န်ကြီးက အာဖရိကတိုက်မှ ၀န်ကြီးထံသို့ သွားပြန်လည်ပါသည်။ ထိုအခါ အာဖရိကတိုက်မှ ၀န်ကြီး၏ အိမ်တော်ကလည်း နန်းတော်ကြီးတမျှ ကြီးမားနေသည်ကို တွေ့ရပါသည်။ ထိုအခါ အာရှတိုက်မှ ၀န်ကြီးကလည်း မနေနိုင် မထိုင်နိုင် မေးခွန်းထုတ်ရပါတော့သည်။

... သူငယ်ချင်းရယ်။ အိမ်ကြီးက ဒီလောက်ကောင်းနေတာ ဘယ်လောက်လခ ၀င်ငွေလို့လဲ.. ဟုမေးသည်။
အာဖရိကတိုက်မှ ၀န်ကြီးကလည်း ... သူငယ်ချင်း... ပြူတင်းပေါက် အပြင်ကို ကြည့်လိုက်ပါ.. ဟု ဆိုလာပါသည်။ ပြူတင်း အပြင်တွင် ထူးထူးခြားခြား ဘာမျှ မရှိ။ အာရှတိုက်မှ ၀န်ကြီးက နားမလည်နိုင်တော့၍ ပြန်မေးပါသည်။
ထိုအခါ အာဖရိကတိုက်မှ ၀န်ကြီးက ၁၀၀% (100 percent) ဟု ပြန်ဖြေပါသည်။ တံတားဆောက်မည့်၊ သို့မဟုတ် ဆည်ဆောက်မည့် ငွေအားလုံး သူ့အိပ်ထဲ ထည့်လိုက်ပုံရပါသည်။”

ဤသို့ဖြင့် ဖွံ့ဖြိုးရေးချေးငွေများတွင် နိုင်ငံများက ကြွေးတင်၊ ဖွံ့ဖြိုးရေးလည်း ဖြစ်မလာ။ လူများကလည်း ဆင်းရဲတွင်း နက်သထက် နက်လာခဲ့ကြရပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း အာဏာရှင်ဟောင်း မားကို့စ်လက်ထက်က အကြွေးများ တင်ကျန်ရစ်နေဆဲ၊ လက်ရှိ ဖိလစ်ပိုင်ပြည်သူများက ကျောကုန်းခံ ဆပ်နေကြရဆဲ ဖြစ်ပါသည်။

ပညာရှင်များ၏ စစ်ဆေးချက်များစွာတွင် ဖွံ့ဖြိုးမှုနှင့်ဆင်းရဲမွဲတေမှု ဘယ်လိုဆက်စပ်နေသလဲဟု မေးခွန်းထုတ်ခဲ့ကြပါသည်။ ရုတ်တရက်ကြည့် လျှင် ၎င်းတို့နှစ်ခုမှာ ဆန့်ကျင်ဖက် ဖြစ်နေသည်ဟု ထင်ရပါသည်။ ဆင်းရဲမှုမှာ ဖွံ့ဖြိုးမှု မရှိမှုကြောင့် ဖြစ်ရပြီး၊ ဖွံ့ဖြိုးလာလျှင် ဆင်းရဲမွဲတေမှု ပပျောက်လာမည်ဟု ယေဘုယျယူဆနိုင်ပါသည်။ သို့သော် ဖွံ့ဖြိုးမှုပေါ်ပေါက် လာတိုင်း၊ ဆင်းရဲမွဲတေမှု ပပျောက်သည် မဟုတ်ပါ။ အမေရိကန်နိုင်ငံကြီးတွင် အိုးမဲ့အိမ်မဲ့ များစွာ ရှိနေပါသည်။

ဒုတိယငြင်းချက်မှာ ယနေ့ကာလတွင် ဖွံ့ဖြိုးရေးအယူအဆမှာ၊ အဆင့်အတန်းမြင့်တက်လာရေး သက်သက်မျှသာ မဟုတ် တော့။ စီးပွါးရေးဖွံ့ဖြိုးမှု သက်သက်မျှသာ မဟုတ်တော့။ ပို၍ ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ ဖွင့်ဆိုလာကြခြင်း ဖြစ်ပါသည်။ ဘယ်သူ တွေက ဖွံ့ဖြိုးစေမှာလဲ၊ ဘယ်သူ့အတွက်လဲဟု မေးလာကြပါသည်။

“အခြားနည်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု”အကြောင်း လှုံ့ဆော်နေသော၊ ဒက်ဟမ်းမားရှိုးဖောင်ဒေးရှင်းကတော့ ဖွံ့ဖြိုးမှုဆိုလျှင်၊ အောက်ပါစံများ ရှိရလိမ့်မည်ဟု စောဒကတက်ပါသည်။
 ဖွံ့ဖြိုးရေးဆိုသည်မှာ လူအားလုံး၏ အခြေခံလိုအပ်ချက်များ ပြည့်စုံဖူလုံစေရပါမည်။
 ဖွံ့ဖြိုးရေးဆိုသည်မှာ ဒေသခံ နောက်ခံသမိုင်း၊ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ ဖြစ်ရပါမည်။
 ဖွံ့ဖြိုးရေးဆိုသည်မှာ၊ ကိုယ့်အားကိုယ်ကိုး မိမိဘာသာဖူလုံရေး ရှိရပါမည်။
 ဖွံ့ဖြိုးရေးဆိုသည်မှာ သဘာဝပတ်ဝန်းကျင် ဂေဟဗေဒအရ လျှော်ကန်သင့်မြတ်ရပါမည်။
 ဖွံ့ဖြိုးရေးဆိုသည်မှာ အခြေခံကျကျ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရပါမည်။
 ထိုမျမကလည်း ဖွင့်ဆိုခဲ့ကြပါသေးသည်။ ဖွံ့ဖြိုးရေးဆိုသည်မှာ လူတိုင်းပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည့် ဒီမိုကရေစီစနစ် ရှိမှ ဖြစ်မည်ဟု ဆိုပါသည်။ (သာမန် ရွေးကောက်ပွဲများ ရှိရုံမျနှင့်ပင် မလုံလောက်ပါ။)
 ဖွံ့ဖြိုးရေးဆိုလျှင် မတူကွဲပြားမှုများ ရှင်သန်ကြီးထွားခွင့် ပြုရပါမည်။
 ဖွံ့ဖြိုးရေးဆိုလျှင် ရေရှည်အမြင်ကို ထည့်ပြောရပါမည်။ ကြို၍ဖြစ်လာနိုင်သော ပျက်စီးတတ်မှုသဘောများကို ထည့်သွင်းစဉ်းစားရပါမည်။
 ဖွံ့ဖြိုးရေးဆိုလျှင် တန်းတူညီမျရေးနှင့် တရားမျတမှုကို ရှေ့တန်းတင်ရပါလိမ့်မည်။
 ဖွံ့ဖြိုးရေးဆိုလျှင် ရုပ်ဝတ္ထု ဖွံ့ဖြိုးမှု၊ ပရောဂျက်ကြီးများ အစား၊ ဤပြဿနာအတွက် ဒေသတွင်းဖြစ် အသေးစား အဖြေများကို ရှာကြံဆကြရပါလိမ့်မည်၊ ဟု သူတို့က ဆိုကြပါသည်။

နှောင်းပိုင်း ဖွံ့ဖြိုးရေးအယူအဆကျောင်းများက ဖွံ့ဖြိုးရေးဟူသည်မှာ လိမ်လည်ထားသော စကားလုံးသာဖြစ်သည်၊ ကျဆုံးခဲ့ပြီ ဟုပင် ဖော်ပြနေကြပါတော့သည်။ မကြာသေးမီက ထုတ်သည့် The Wave မဂ္ဂဇင်းတွင်လည်း ဖွံ့ဖြိုးရေး အိုင်ဒီယိုလိုဂျီအကြောင်း ရှင်းပြထားပြီး၊ ဖွံ့ဖြိုးရေး အယူအဆကို တကမ္ဘာလုံးကို ခြောက်လှန့်နေသည့် တစ္ဆေတကောင် ဟု ဖော်ပြထားပါသည်။ ဆက်လက်ဒုက္ခပေးနေမည့် တစ္ဆေဟုပင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးမှု

မြန်မာနိုင်ငံသည် (၁၉၃၀) ခုနှစ်က ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများဖြင့် ကြွယ်ဝနေခဲ့သော်လည်း၊ အာရှတိုက်၏ ဖွံ့ဖြိုးရေး ကျဆုံးခန်း ပြယုဂ်တစ်ခု ဖြစ်ခဲ့ရသည်ဟု အန်နီ ဘွတ်သ်က ဆိုပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့ရပါသည်။ ယခုတိုင်လည်း ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ရောဂါထူပြောမှုများ ကြုံနေကြရသေးသည်။ မြန်မာနိုင်ငံသား သန်းနှင့်ချီ၍၊ ပြည်ပနိုင်ငံများတွင် အနိမ့်ဆုံးအလုပ်များကို လုပ်ကိုင်နေကြရသည်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေရသည်။ နိုင်ငံက သယံဇာတများ ပေါကြွယ်ဝသော်လည်း လူအများက ဆင်းရဲတွင်းနက်နေကြရပါသည်။ လက်ညှိုးညွှန်ရာ ဒုက္ခဖြစ်နေကြရပါသည်။

နိုင်ငံတော်အကြီးအကဲများက သူအကုန်သိ၊ သူအကုန်တတ် ဆန္ဒစွဲဖြင့် မြန်မာပြည်သူအများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ပေးနေကြပါသည်။ ကျေးဇူးတင်သူများက ဆုလဒ်ခံစားရ၍ ကျေးဇူးမတင်သူများကို နိုင်ငံတော်အကြီးအကဲများက ဒေါသ ဖြစ်ကြပါသည်။

မကြာသေးမီက လောင်စာဆီဈေးများကို နိုင်ငံတော်အကြီးအကဲများက စေတနာဖြင့် အနည်းငယ်တိုးခဲ့ပါသည်။ (၅-ဆ) ထို့အပြင် လွန်ခဲ့သောနှစ်ကလည်း လောင်စာဆီဈေးကို နိုင်ငံတော်အကြီးအကဲများက စေတနာဖြင့် (၈ ဆ) တိုးခဲ့ပြီး ဖြစ်ပါသည်။ ဤစေတနာကို နားမလည်၍ ဆန္ဒပြကြသူများကို အတော်ဒေါသဖြစ်ပုံရသည်။ ဤစေတနာ နားမလည်သော ရဟန်းများကို ဓါတ်တိုင်တွင် ကြိုးတုတ်၍ ရိုက်နှက်ခဲ့ကြပါသည်။ လျှပ်စစ်ဓါတ်အားခများကိုလည်း နိုင်ငံတော်အကြီးအကဲ များက စေတနာဖြင့် (၄) ဆခန့် တိုးဦးမည်ဟု ဆိုနေပြန်ပါသည်။ သို့သော် တပ်ရင်း (၅၀၀) ကျော် တပ်မတော်ခြေမြန်၊ ခြေလျှင် တပ်ရင်းများနှင့် အခြား စစ်ဘက်ဆိုင်ရာ ရပ်ကွက်များ၊ ဌာနများ၊ နေပြည်တော်ရှိ ၀န်ထမ်းအိမ်ယာများမှာ မီတာခ ပေးဆောင်ရန် မလိုဘဲ၊ အခမဲ့ သုံးစွဲခွင့်ပြုထားပါသည်။ စေတနာကို နားလည်ကျေးဇူးတင်သည့် လူတချို့ကိုဖြင့် ၁၀၀% အိပ်ထဲထည့်ခွင့် ပြုထားသည်လည်း ရှိနိုင်ပါသည်။ ထူးခြားသည့် စေတနာဟုပင် ဆိုရပါတော့မည်။

အောင်သူငြိမ်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.