နို့
ဖိုးဟာ ပုစ္ဆာတပုဒ်လား။
တကယ်ပဲ ပုစ္ဆာတပုဒ်ဆိုရင် တွက်ကြရတော့မှာပေါ့။ ဆိုတော့ကာ အခိုင်အမာ အခြေအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အလားအလာ တွေက ဘာတွေများဖြစ်ကြလေမလဲ။ အဲဒါတွေအပေါ် အခြေခံပြီးတော့ပဲ တွက်ချက်ရတော့မှာပါ။
အခိုင်အမာအခြေအနေအရ ကျနော်တို့တတွေ နို့ဖိုးကို သွားကြရမယ်။ အဲဒီကမှတဆင့် တတိယနိုင်ငံကို ထွက်ကြရမယ်။ တကယ်လို့ နို့ဖိုးကိုမသွားဘူးဆိုရင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားတဲ့ အဆင့်သတ်မှတ်ချက်ကို ပယ်ဖျက်မယ်။ ယူအင်အိပ်ခ်ျစီအာရ် (UNHCR) က ထုတ်ပေးထားတဲ့ (ဒုက္ခသည်နံပါတ်နဲ့ ဓာတ်ပုံပါတဲ့) လက်မှတ်ကို ပယ်ဖျက်ပစ်မယ်။ ဒါဆိုရင် (၁) ရဲဖမ်းတာကို ခံရမယ်။ (၂) တတိယနိုင်ငံကိုထွက်ခွင့်လည်း ပျက်ပြယ်သွားမယ်။ (၃) ထိုင်းနိုင်ငံထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဆက်ရပ်တည်ရမယ်။
အဲဒါ တကယ်ပဲလား။ စာရွက်ပေါ်မှာပဲ ပြီးသွားမယ့် ဥပဒေသစ်တမျိုးလားပေါ့။ သွေးတိုးစမ်းကြည့်လို့မရဘူးလားပေါ့။ မရပါဘူး။ ယူအင်အိပ်ခ်ျစီအာရ်ရုံးမှာ နို့ဖိုးသွားဖို့ကိစ္စနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲတွေ ရက်ဆက်လုပ်ပေးပါတယ်။ အဲဒီမှာ ခုနကလို မေးခွန်းမျိုးတွေအပါအ၀င် အသီးသီးအသကသော စိုးရိမ်စိတ်တွေကို သူသူကိုယ်ကိုယ် မေးကြမြန်းကြ တော့တာပေါ့။ အဖြေက တခွန်းထဲပါပဲ။ “လုံးဝ မရပါ”တဲ့။ ဒါကြောင့် နောက်ကိုတော့ ပြန်မဆုတ်တော့ဘူး။ ရှေ့ကိုပဲ ဆက်တိုးတော့မယ်။ ဒီလို ဆုံးဖြတ်ချက် ချပြီးတဲ့အခါကျတော့ အဖြေတခုရသလို စိတ်ထဲနည်းနည်းရှင်းသွားတယ်။
နို့ဖိုးကိုသွားတာကတော့ ဟုတ်ပါပြီ။ ဟိုမှာ ဘယ်လောက်ကြာမှာလဲ၊ ဘာတွေဖြစ်လာမှာလဲ စသဖြင့် တွေးရတောရ၊ ပူရပန်ရ ပြန်တော့တာပေါ့။ ဘယ်လောက်ကြာမှာလဲ ဆိုတဲ့အချက်ကို ‘ဘုရားသခင်မှပဲ ပြောနိုင်တော့မှာပဲ’လို့ ဆိုရင် ပိုမှန်နိုင်မှာပါ။ နို့ဖိုးမှာ နေရင်းနဲ့ တတိယနိုင်ငံကိုထွက်ခွာဖို့အတွက် လိုအပ်တဲ့ အဆင့်တွေကို ဆက်လုပ်သွားကြရမယ်လို့ သိရတယ်။ နို့ဖိုးမှာလုပ်နိုင်တဲ့ အဆင့်တွေကို နို့ဖိုးမှာလုပ်ပြီး၊ မဲဆောက်မှာမှ လုပ်လို့ရမယ့်အဆင့်တွေကိုတော့ မဲဆောက်မှာ လုပ်ကြရမယ်လို့ အကြမ်းဖျဉ်းသဘော သိရတယ်။
ဥပမာ - အင်တာမဗျူးရသေးတဲ့သူတွေက အင်တာဗျူးကြရမယ်။ ဆေးမစစ်ရသေးတဲ့သူတွေက ဆေးစစ်ကြရမယ်။ သင်တန်းမတက်ရသေးသူတွေက သင်တန်းတက်ကြရမယ်။ (ထိတွေ့ရမယ့် ယဉ်ကျေးမှုသစ်၊ ပတ်ဝန်းကျင်သစ်၊ ရာသီဥတုသစ်နဲ့ မတူတဲ့ဘာသာစကားတွေကို လက်ခံနိုင်စွမ်းရှိအောင် သိသင့်သိထိုက်တဲ့အချက်အလက်တွေပေးပြီး ကြိုတင်ပြင်ဆင်ထားနိုင်အောင် ပံ့ပိုးပေးတဲ့ အထောက်အကူပြုဆွေးနွေးပွဲ Cultural Orientation လို့ခေါ်ပါတယ်။ ပီအိုစီတွေက သင်တန်းလို့ခေါ်ကြတယ်)
ကျနော်တို့ အချင်းချင်းကြား မသိရတဲ့ကိစ္စတွေ၊ နားမလည်နိုင်တဲ့ကိစ္စတွေများလာလို့ရှိရင် ပြောလေ့ပြောထရှိတဲ့ စကားတခွန်း ရှိတယ်။ “ဒါ .... အစိုးရကိစ္စလေ”တဲ့။ အဲဒါဆို သဘောပေါက်သွားပြီ။ ကောင်းကောင်းကြီးကို သဘောပေါက်သွားပြီ။ ခု နို့ဖိုးနဲ့ ပတ်သက်တဲ့ မရှင်းမရှင်း၊ သို့လောသို့လောဖြစ်နေတဲ့ မေးခွန်းတွေကိုလည်း
“ဒါ .... အစိုးရကိစ္စလေ”လို့ သဘောထားလိုက်တော့ အားလုံးရှင်းသွားတော့တာပေါ့။
ဘယ်လောက်ကြာမယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်ပေမယ့် ပိုကြာနိုင်တဲ့ အခြေအနေမျိုးကိုတော့ ပြောကြပါ တယ်။ (ဥပမာ - ဆေးစစ်လို့ တီဘီရောဂါပိုးရှိရင် ဆေးကုသမှုခံရယူရမယ်တဲ့။ အဲဒီလိုလူမျိုးတွေက သူများထက် ပိုကြာနိုင်တယ်ပေါ့။ တားထားတဲ့ကြားထဲက နောက်ရောက်လာတဲ့ အမျိုးတွေကို ထပ်ပေါင်းဖြည့်ထားတဲ့သူမျိုးတွေဆို ပိုကြာနိုင်တယ်ပေါ့။) သူတို့အခေါ် “နောက်တွဲ ချိတ်ရင် နှေးတတ်တယ်”တဲ့။
အခြားရော ဘာတွေဖြစ်နိုင်သေးသလဲဆိုတာ စဉ်းစားရပြန်ပါတယ်။ ဘ၀မှာ မျှော်လင့်ထားသလို မဖြစ်ဘဲ မမျှော်လင့်ထားတာ တွေလည်း ဖြစ်တတ်တယ်မို့လား။ နို့ဖိုးသာ ဘ၀ရဲ့အစိတ်အပိုင်းတခုဆိုရင် ဒီလိုလည်း ဖြစ်ရပေအုံးမပေါ့။ ဆိုတော့ကာ နို့ဖိုးမှာ အုပ်ချုပ်တဲ့ ထိုင်းအာဏာပိုင်တွေနဲ့ (သို့) အခြား အုပ်ချုပ်ရေး ကော်မတီတွေနဲ့လည်း ပြဿနာဖြစ်နိုင်တာပေါ့။ ဒါမှမဟုတ် နအဖလို၊ ဒီကေဘီအေလို အဖွဲ့မျိုးတွေက လှမ်းပစ်တဲ့ ဗုံးဆံမျိုးတွေလည်း ကျနိုင်သေးသပေါ့။
သူ့ချည်းသာလောလို့ ပြောရရင် နို့ဖိုးက ဒေသခံတွေ နဲ့လည်း ပြဿနာဖြစ်နိုင်သလို အတူတူသွားကြတဲ့ ပီအိုစီတွေနဲ့လည်း ပြဿနာဖြစ်နိုင်ပြန်တာပေါ့ဗျာ။ ကံကြမ္မာဆိုတာ မမြင်သာဘူးလေ။ အဲဒီလို အဆိုးကို ကြိုတွက်ထားတော့ မဖြစ်အောင်ရှောင်နိုင်သလို ဖြစ်လာတဲ့အခါကျတော့လည်း ပြေပြေလည်လည် ဖြေရှင်းနိုင်တာပေါ့ဗျာ။
ဒီလို အဆိုးပြီးတဲ့အခါ အကောင်းလည်း တလှည့်တော့ လာရပေအုံးမပေါ့။ ဒီတော့မှလည်း ဘ၀က ဟန်ချက်မျှ တော့ပေမပေါ့။ ကျနော်တို့နောက်မှာ ကျနော်တို့မိတ်ဆွေတွေရှိတယ်။ ကျနော်တို့အဖွဲ့အစည်းတွေရှိတယ်။ နို့ဖိုးရွှေ့ရေး အစီအစဉ်ကို တိုက်ရိုက် တာဝန်ယူထားတဲ့ ယူအင်အိပ်ခ်ျစီအာရ်နဲ့ သက်ဆိုင်ရာ သံရုံးတွေရှိတယ်။ ကဲ .... ဘာပူစရာ လိုသေးလဲ။
နို့ဖိုးမှာ ကျနော်တို့အတွက် နေစရာရမယ်။ စားစရာရမယ်။ လိုအပ်တဲ့အထောက်အပံ့တချို့လည်း ဆက်ရနေဦးမယ်ပေါ့ဗျာ။ ဒါ့အပြင် နို့ဖိုးမှာ စာကြည့်တိုက်တွေ ရှိတယ်ဆိုတာ သိရတယ်။ ကဲ .... ဘယ်လောက်များ မင်္ဂလာရှိလိုက်တဲ့ သတင်းလဲဗျာ။ ဒီတော့ကာ ဒီလိုပဲ ဟစ်ကြွေး လိုက်တော့တာပေါ့။ နို့ဖိုးရေ .... မင်းရှိရာ ကိုယ်လာခဲ့မယ်။
မင်းရှိရာ ကိုယ်လာခဲ့မယ်
ဟုတ်ပါတယ်။ အနီးစပ်ဆုံးလို့ ယူဆနိုင်တဲ့ အဖြေတချို့လည်းရရော နို့ဖိုးကို ရဲရဲသွားမယ်ဆိုပြီး အဲဒီလို ကိုယ့်စိတ်ကိုယ် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ခဲ့ရပါတယ်။ အဲဒီမှာ အနည်းဆုံး (၆) လကနေ (၁) နှစ်လောက်အထိ ကြာရင်ကြာနိုင်တယ်။ ဒီထက်မကလည်း ကြာကောင်း ကြာနိုင်တယ်ပေါ့။ အဲဒီလိုနေရာမျိုးအပါအ၀င် အဲဒီထက်ဆိုးတဲ့ ဒေသမျိုးတွေမှာ ဆယ်နှစ်ဆယ်မိုးမက ကျင်လည်ခဲ့ ဖူးတဲ့ ကျနော်တို့တတွေအတွက် ပြဿနာမဟုတ်ပေမယ့် သမီးတို့အတွက်ကျတော့ စိုးရိမ်စရာချည်းပဲပေါ့။ အဓိကကတော့ ငှက်ဖျားနဲ့ ၀မ်းရောဂါလို အထူးစိုးရိမ်ရတဲ့ ကူးစက်ရောဂါကြီးတွေရဲ့ အန္တရာယ်ပေါ့ဗျာ။ သူတို့ကို ကာကွယ်စောင့်ရှောက်ရမယ်လေ။
မပြောကောင်းမဆိုကောင်း ဆေးစစ်လို့ တီဘီရှိတယ်ဆိုရင်လည်း ပျောက်အောင်ကုပေ့စေပေါ့။ ကိုယ့်ဟာကိုယ် ပစ်ထားတဲ့ အတ္တဘောကြီးကို ဆေးလည်း စစ်ပေးသေးတယ်၊ ရောဂါလည်းကုပေးသေးတယ်၊ ကဲ .... ဒီတော့ကာ သူ့ ကျေးဇူး မတင်ရရင် ဘယ်သူ့ ကျေးဇူးသွားတင်ရမလဲ။ ဒီလို အကောင်းဘက်က တွေးနိုင်သမျတွေးထားရင် သက်သာတန်သရွေ့ သက်သာရှာလေမလားပဲ။
တဘက်မှာကျတော့လည်း ကိုယ့်ချည်းသက်သက်နေလို့မရ၊ သတ်မှတ်ပေးတဲ့နေရာမှာ ကြုံရာကျရာလူနဲ့ စုဖွဲ့တွဲဖက်ပြီး နေကြရမှာဆိုတော့ တတ်နိုင်သမျ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ဘဲ နေနိုင်အောင်ကြိုးစားရမှာပေါ့။ ဖြစ်လာတော့လည်း ခေါင်းအေးအေးနဲ့ စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းရမှာပေါ့။ ကိုယ့်မလဲ ထိုက်သင့်တဲ့အတွေ့အကြုံ၊ ရှည်လျားတဲ့ဖြတ်သန်းမှု စသဖြင့် ရှိနှင့်နေပြီးသားဆိုတော့ ကျော်နိုင်လွှားနိုင်ကောင်းပါရဲ့။
ဖြစ်ချင်တော့ ကိုယ်နဲ့တိုက်ရိုက်တော့ ဘာမှမဖြစ်ခဲ့ပါဘူး။ သူများတွေ ဖြစ်ကြတာတွေကို ကြားဝင်ဖြေရှင်းပေးဖို့ အကြောင်းဖန် လာခဲ့တာချည်းပါပဲ။ ဖြေလည်းဖြေရှင်းပေးခဲ့ရပါတယ်။ အဆင်လည်း ပြေတန်သလောက် ပြေခဲ့ပါတယ်။ ကျနော့်စိတ်ထင် ‘စကား’ ကားတဲ့ လူမှုရေးဒေသမှာ ဆက်ဆံရေးထူထောင်မှုကို မြစ်ဖျားမခံဘူးဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ‘အေးငြိမ်း’နိုင်တာပေါ့ဗျာ။ အလွန်ဆုံး ဟပ်တယ်ဆိုရုံလောက်တော့ ပူနိုင်တာပေါ့လေ။ အရပ် မီး မဟုတ်လား။ ဒီလိုပဲ ကြုံရပေမပေါ့။
ကျနော်တို့ ယုံကြည်ထားခဲ့သလိုပါပဲ။ ကျနော်တို့ရဲ့အဖွဲ့အစည်း၊ ကျနော်တို့ရဲ့မိတ်ဆွေသင်္ဂဟတွေနဲ့ တာဝန်ရှိတဲ့ ယူအင်အိပ်ခ်ျစီအာရ်အပါအ၀င် သက်ဆိုင်ရာသံရုံးတွေက သူတို့လုပ်သင့်တဲ့အလုပ်တွေကို တဆင့်ပြီးတဆင့်နဲ့ အကောင်းဆုံး လုပ်ဆောင်သွားခဲ့ကြပါတယ်။ ယူအင်အိပ်ခ်ျစီအာရ်နဲ့ သံရုံးဝန်ထမ်းတွေ အလုပ်လုပ်တာနဲ့ ပတ်သက်လို့ကတော့ အထူးတလည် စိတ်ပူစိုးရိမ်နေဖို့ မလိုတော့ပါဘူး။ သူတို့မှာလည်း များသည်ထက်များတဲ့ အတွေ့အကြုံတွေ ရှိနှင့်နေပါပြီ။
နို့ဖိုးရေ .... တို့လာပြီ
ကျနော်တို့တတွေ နို့ဖိုးကိုဝင်ကြတော့ မတ်လ (၂၅) ရက်နေ့ကစလို့ မတ်လ (၃၁) ရက်နေ့အထိ အသုတ်လိုက်ခွဲပြီး နေ့စဉ်ဝင်ခဲ့ရကြတယ်။ စုစုပေါင်း (၇) ရက်မှာ လူ (၉၀၀) ကျော် ၀င်နိုင်ခဲ့ကြတယ်ဆိုတော့ တရက်ကို ပျမ်းမျှ တရာကျော်နှုန်းနဲ့ ၀င်ရောက်ခဲ့ကြတယ်လို့ဆိုနိုင်တာပေါ့။ ကျနော့်စိတ်ထင် မယ်တော်ဆေးခန်းအဖွဲ့တွေက ပထမဆုံး စ၀င်ခဲ့ကြတယ်လို့ထင်တယ်။ သူတို့နောက်ကမှ တသုတ်ပြီးတသုတ် လိုက်ဝင်ခဲ့ကြတာ။ ကျနော်တို့အသုတ်က (၃၀) ရက်နေ့အသုတ်။ ကား (၈-၉) စီးအပြည့်ပဲ။
နို့ဖိုးကိုမသွားခင် မဲဆောက်-မြ၀တီကမ်းနားမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို အရင်သွားကြရတယ်။ အဲဒီမှာ လက်ဗွေ နှိပ်ရတယ်။ အမည်၊ အသက်၊ ကျား/မ စာရင်းကောက်တယ်။ ဓာတ်ပုံလည်းရိုက်ခံရတယ်။
ကျနော့်အထင် ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်ခဲ့ကြတဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်အစား ဒဏ်ငွေပေးဆောင်ကြရတဲ့ ကိစ္စကို လုပ်ကြတယ်လို့ထင်တာပဲ။ (ဘာဖြစ်လို့လည်း ဆိုတော့ ဘန်ကောက်မှာ ဒီအဆင့်ကိုဖြတ်ပြီးမှ တတိယနိုင်ငံကို ထွက်ကြရတယ်လို့ သိရတယ်။ ကျနော်တို့က ခုလုပ်ထားပြီးရင် နောက်လုပ်ဖို့မလိုတော့ဘူးလို့ ကြားရတယ်။)
အဲဒီမှာ တန်းစီရတာအကြာကြီးပဲ။ မနက်အစောကြီးလည်းဖြစ်ပြန်၊ အေးလည်းအေးပြန်၊ အိပ်ရေးပျက်ထား ကြပုံလည်းရတော့ လူတွေကိုကြည့်ရတာ ငြီးစီစီကြီး။ ဒီကြားထဲ တမံသလင်းပေါ် ဆောင့်ကြောင့်ထိုင်ပြီး တန်းစီနေရပြန်တော့ ဒဏ်ခတ်ခံနေရတာနဲ့ တူနေ တယ်။ ပိုပြီး မသက်မသာဖြစ်ကြရတာပေါ့။
အဲဒီကစလို့ ဒုက္ခသည်နဲ့ တကယ့်ကို တူသွားကြတော့တာပါပဲ။ လာနှုတ်ဆက်ကြတဲ့သူတွေ ခမျာလည်း မျက်နှာမသာမယာ နဲ့။ အဲဒီအခိုက်အတန့်၊ အဲဒီအခင်းအကျင်းလေးက တဦးနဲ့တဦး ဘာမှပြောစရာမလိုလောက်အောင်ကိုပဲ အဲဒီနေ့က မနက်ခင်းလို ရှင်းလွန်းနေခဲ့ပါတယ်။
ယူအင်အိပ်ခ်ျစီအာရ်က တာဝန်ရှိသူတွေလာကြတယ်။ အားပေးစကားပြောကြတယ်။ လမ်းမှာစားဖို့နဲ့ စခန်းရောက်ရင် စားကြဖို့ စားစရာထမင်းဗူးတွေနဲ့ သောက်ရေဗူးတွေ (၂) ဆလောက်ပိုဝယ်ထည့်ပေးလိုက်ကြတယ်။ အလျံပယ်ပေါ့။ အရင်လူတွေတုန်းက ကြုံခဲ့တဲ့ အခက်အခဲမျိုးတွေ မကြုံရအောင် တတ်နိုင်သမျစီစဉ်ထားပုံကို တွေ့ရတယ်။
ယူအင်အိပ်ခ်ျစီအာရ်ရုံးက ဆက်သွယ်ဆောင်ရွက် ပေးလို့ အင်ဂျီအိုအဖွဲ့တဖွဲ့ (အမည်မမှတ်မိတော့) က ခြင်ထောင်၊ ဖျာနဲ့ အခြားတခု (မိုးကာလား၊ ဒန်အိုးလားမသေချာ) အရေးပေါ် လာဝေပေးတယ်။ ပြီးတော့ ယူအင်အိပ်ခ်ျစီအာရ်ရုံးက တာဝန်ရှိသူတဦးက နှုတ်ဆက်စကားနည်းနည်းပြောတယ်။
တအောင့်လောက်ကြာတော့ အသင့်စောင့်နေတဲ့ ကားတွေပေါ်တက်ကြရတယ်။ လူတွေက ကားငယ်လေးတွေနဲ့ သပ်သပ် စီးရတယ်။ ပစ္စည်းတွေကိုတော့ ကားကြီးနဲ့ စုပြီးတင်တယ်။ အရင်လူတွေတုန်းက လူရောပစ္စည်းရောဆိုတော့ အတော့်ကို ဒုက္ခရောက်ခဲ့ကြတယ်လို့ သိရတယ်။
ကားတွေက တောင်ပေါ်လမ်းမှာ အရှိန်ပြင်းပြင်းနဲ့မောင်းကြတာ ရင်ဖိုစရာကောင်းလှပါတယ်။ ကိုယ်ကသာ ဘုရားတ နေတာ သူတို့ကတော့ မောင်းနေကျမို့ အေးအေးဆေးဆေးပါပဲ။ နေ့လည်ဘက်ကျတော့ တပေါင်းနေက ကိုယ့်ကိုမှ ကွက်ပြီးပူနေသလား ထင်ရတယ်။ ကားသမားတွေက ထမင်းစားဖို့၊ ခြေခင်းလက်ခင်းဆန့်ဖို့ သုံးလေးခါလောက်နားပေးလို့ တော်သေးတာပေါ့ဗျာ။
တောင်ကြောပေါ်မှာတော့ ကားတွေတထောက်နားဖို့ ကြားစခန်း (၂) ခုရှိတယ်။ အဲဒီမှာ အစားအစာ၊ အအေး၊ ဘီယာ၊ စီးကရက်၊ မုန့်ပဲသွားရည်စာ စသဖြင့် ၀ယ်စားလို့ရတယ်။ အပေါ့၊ အလေးသွားလို့၊ မျက်နှာသစ်လို့လည်းရတယ်။ ခရီးပန်းလည်း သက်သာ၊ လူတွေလည်း နည်းနည်းပါးပါး လန်းဆန်းသွားကြတာပေါ့။
ကားတွေက တစီးနဲ့တစီး အတန်းလိုက်ကြီး။ ဖုန်တွေက ထောင်းထောင်းထလို့။ ကားပေါ်မှာ လူရော၊ ပစ္စည်းတွေရော ဖုန်တွေဖွေးလို့။ ကားမူးတဲ့သူတွေကလည်း ပျို့သူပျို့၊ အန်သူအန်နဲ့ သနားစရာ။ အန်ချင်စိတ်ကိုအောင့်ပြီး စိတ်တင်းထားတဲ့ သူတွေကိုတွေ့ရပြန်တော့ မရယ်ရက်ဘူး။ ကလေး၊ အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေခမျာ အတော့်ကို ဒုက္ခရောက်ကြရှာတယ်။
သူတို့ခမျာ ကားမူးသက်သာအောင်လို့ ဆေးသောက်ပြီး၊ စောင်ခြံပြီး အိပ်လိုက်လာကြရတယ်။ အန်ရင်ခံဖို့ ကျွပ်ကျွပ် အိတ်တွေ အထုပ်လိုက်ဝယ်ပြီး လိုက်ဝေပေးရတယ်။ လိမ္မော်သီး၊ သံပုရာသီး၊ ရှုဆေးစသဖြင့် မျှသုံးကြရတယ်။ ကားတန်းကြီး နားချိန် ကျတော့ ‘သွားပါပြီ။ ငါ့အိတ်က ၅၀၀ ကျော်တောင်ပေးထားရတာ။ ဘယ်လိုများ ပြန်လျော်ရပါ့’ ဆိုတဲ့အသံတွေကြားရတယ်။ (အတော်များများက လေယာဉ်သုံးခရီးဆောင်အိတ်အကြီးကြီးတွေနဲ့ ထည့်ကြတယ်)
ကျနော့်စိတ်ထဲ ကိုယ့်အဖြစ်ကိုယ်ပြန်ကြည့်ပြီး “ကဲ .... သွားချင်အုံးဟဲ့ ကားကား” လို့ စိတ်ထဲပြောရင်း တကိုယ်တည်း ပြံးမိတယ်။ ကျနော်တို့အဖြစ်ကို ထိုင်ဟားနေတဲ့သူတွေရှိရင်လည်း ဒီအဆိုကလေးက ပြံးတုံ့တုံ့ဖြစ်စရာပါ။ အင်းလေ .... အဖြစ်အပျက် ကိုယ်၌ကလည်း ဒုက္ခရောက်ချင်ယောင်ဆောင်ကာမှ တကယ့်ကို ဒုက္ခရောက်ရတဲ့ကိန်းကိုး။
ဒီလိုပါ ကျနော်ပြံးမိတာက လူပုံပန်းတွေရယ်၊ ၀တ်ပုံစားပုံတွေရယ်၊ (အထူးသဖြင့် အဖိုးတန် ခရီးဆောင်အိတ်ကြီးတွေပေါ့)၊ အဲဒါကြီးတွေရယ်နဲ့ ကျနော်တို့တတွေ ဦးတည်သွားနေတဲ့ ခရီးဆုံးအရပ်ပေါ့ဗျာ။ တောမှ တကဲ့ခေါင်ခေါင်၊ ခေါင်တာမှ လူမနီးသူမနီး ဒုက္ခသည်စခန်း။ ဆိုတော့ကာ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိတော့ ကျနော်တို့အဖြစ်က “ပွဲခွင်မှား ၀င်လာမိတဲ့ ဇာတ်အဖွဲ့ကြီးတဖွဲ့”နဲ့ တူနေတော့တာပေါ့ဗျာ။ အဲဒီလို “လားလားမှ မအပ်စပ်ပုံလေး”ကို တွေးမိပြီး ပြံးမိတာပါ။
ဆက်လက်ဖော်ပြပါမည်။ မျှော်ပါ။
Saturday, September 15, 2007
နို့ဖိုးသွားတောလား (၂)
Posted by ရွက်မွန် at 12:05 PM
Labels: အောင်ဦး (နို့ဖိုး)
Subscribe to:
Post Comments (Atom)
1 comment:
:)
Post a Comment