ရွက်မွန်စာမျက်နှာ

Monday, September 17, 2007

အာဆီယံချာတာနှင့် မြန်မာပြည်

ပြီး
ခဲ့တဲ့ ၂၀၀၆ခုနှစ် ကစလို့ မြန်မာကိစ္စနဲ့ ပတ်သက်လာရင် ငြိမ်နေတတ်လေ့ရှိတဲ့ ကမ္ဘောဒီးယား လိုနိုင်ငံမျိုးက တောင် မြန်မာကိစ္စနဲ့ ပတ်သက်လို့ အထင်ကရ ပါဝင်လာတာကိုတွေ့ရပါတယ်။ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်စန်အပါအ၀င် ပါလီမန်အမတ်များ မြန်မာ့အရေးမှာ စတင် ပြောဆိုလာကြပါတယ်။ ဒီအခြေအနေဟာ ဒေသတွင်း နိုင်ငံရေးနဲ့ သံခင်းတမန်ခင်း ရပ်ဝန်းမှာ တိုးတက်မှုတရပ်လို့ ရှု့မြင်လို့ရပါတယ်။ ကမ္ဘောဒီးယား အာဏာရ ပါတီက အမတ်အတော် များများဟာ AIPMC လို့ခေါ်တဲ့ အာဆီယံဒေသတွင်း ပါလီမန်အမတ်များ ကော်မတီမှာ အခုလိုပါဝင်လာပြီး ၀န်ကြီးချုပ်ဟွန်စန် ကိုယ်တိုင် မြန်မာအတိုက်ခံ အမတ်များကို (၂) နာရီကြာ လက်ခံတွေ့ဆုံတာ နအဖစစ်အုပ်စု အဖို့တော့ အလွန်ခံရခက်တဲ့ ကိစ္စပါဘဲ။

ကျနော်တို့ ဒေသတွင်းက အာစီယံ (ASEAN) အဖွဲ့ဝင် နိုင်ငံများက အမတ်တွေ အခုလို တဖြည်းဖြည်းနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားပြီး ပါလာကြတာကို ကြည့်မယ်ဆိုရင် ဘာကြောင့် အဲသလို ပါဝင်လာသလဲ ဆိုတာကို အဆင့်လိုက် တွေ့မြင်ရပါလိမ့်မယ်။

( ၁) အာစီယံ ခေါင်းဆောင်များ အဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အစော်ကားခံရသလို ဖြစ်နေရတဲ့ ကိစ္စများကတော့ ၁၉၉၆ လောက်က စခဲ့တယ်လို့ဆိုရပါလိမ့်မယ်။ အဲသည့်နှစ်မှာ ဗိုလ်ချုပ်မှူးကြိသန်းရွှေ ကိုယ်တိုင် မလေးရှားနိုင်ငံကို သွားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဖြစ်သူ မဟာသီယာ မိုဟာမက်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံကို တဖြည်းဖြည်းခြင်း ပြောင်းလဲယူ သွားပြီး တနေ့မှာ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ပြောင်းသွားမယ့် အစီအစဉ်ရှိကြောင်း အသေအချာ ပြောခဲ့ပါတယ်။ အဲသလို ပြောကြားချက်ကို မလေးရှား ခေါင်းဆောင်တွေက ယုံကြည်ခဲ့ပါတယ်။ အဲသလို ဖြည်းဖြည်းချင်း ပြောင်းတဲ့ မူကိုလည်း သူတို့သဘောကျပါတယ်။ ဒါကိုတခြား အာစီယံနိုင်ငံများက ခေါင်းဆောင်များ အနေနဲ့ကလည်း တနည်းအားဖြင့် ဖြစ်နိုင်ခြေ ရှိတယ်လို့ လက်ခံခဲ့ကြတဲ့ အတွက် ၁၉၉၇ မှာ မြန်မာနိုင်ငံဟာ အာစီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ် လာခဲ့ပါတယ်။ သို့သော်လည်း မြန်မာစစ်ခေါင်းဆောင်များက သူတို့ပေးထားတဲ့ အာမခံ ချက်တွေကို ဒီ (၁၀) နှစ်အ တွင်းမှာ ဘာမှဖြစ်ဖြစ် မြောက်မြောက် အကောင်အထည် မဖေါ်ခဲ့တဲ့အတွက် အာစီယံ ခေါင်းဆောင်များကြားမှာ သူတို့အနေနဲ့ ဒီစစ်ဗိုလ်တွေရဲ့ အစော်ကား ခံရတယ်လို့ ခံစားရဟန် ရှိနေပါတယ်။ မြန်မာ စစ်ခေါင်းဆောင် တွေဟာ သူတို့ ပြောထားသလို ထိုက်သင့်တဲ့ အပြောင်းအလဲ အချို့ကိုတောင်မှ မလုပ်ဖူးလို့ အာစီယံ ခေါင်းဆောင်တွေဖက်က စဉ်းစားတာ မလွန်ပါဖူး။

အထူးသဖြင့် အာစီယံရဲ့ စီးပွားရေးပါတနာများ ဖြစ်တဲ့ အမေရိကန်နဲ့ အီးယူအစိုးရများက မြန်မာနဲ့ ပတ်သက်လို့ အာစီယံကို ဖိအားပေးသလိုမျိုး ဖြစ်လာတဲ့အခါများမှာ မြန်မာစစ်အစိုးရကို ခဏခဏ ကာပေးရတဲ့အတွက် သူတို့ဘက်က ခံစားချက် ကောင်းပုံမပေါ်တာ ကိုလည်း တွေ့ နေရပါတယ်။ အဲသလို နှစ်များအတွင်းမှာ ဖြစ်ခဲ့တာတွေ ကိုကြည့်ပြီး နောက်ဆုံးမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားတို့က ဦးဆောင်ပြီး ထောက်ပြတာ ဝေဖန်တာတွေကို ပြီးခဲ့တဲ့ နှစ်အတွင်းကစလို့ အထင်အရှား တွေ့လာရပါတယ်။ မြန်မာစစ်ဗိုလ်တွေ ခဏခဏ ပြောင်လိမ်ပြောင်စားလုပ် နေတာကို ဆက်ပြီး အကာအကွယ် ပေးသင့်မပေးသင့် ဆိုတာကိုပါ ထည့်တွက် လာရပါတယ်။ ၂၀၀၆ ထဲမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားတော့ စင်ကာပူဝန်ကြီးချုပ်က ဘာပြောသလဲဆိုရင် ရှေ့ဆက်ပြီး သူတို့ဝင်ရောက် ဆောင်ရွက် ကူညီတာတွေ သိပ်ထူးမလာ လို့ကတော့ မြန်မာနိုင်ငံကိစ္စကို မေ့ထားလိုက်တာ ကောင်းမယ်၊ ထဲထဲဝင်ဝင် ဆက်မလုပ်သင့်တော့ဖူးလို့ အကြံပေးခဲ့တာ လည်းရှိပါတယ်။

ခြုံပြောရရင် မြန်မာစစ်အစိုးရကို ၀င်ကာပေးနေရတဲ့ အတွက်ရေရှည်မှာ နိုင်ငံတကာအကြား အရှက်ကွဲရသလို ဆက်မဖြစ်ခြင်တော့ဘူး။ တဖက်မှာလည်း အစော်ကား ခံရသလိုလဲ ဖြစ်နေရတယ်။ ဒီနေရာမှာ ဂျပန်နိုင်ငံရေးသမားတွေနဲ့ တူတဲ့ အချက်ကို တွေ့ရပါတယ်။ ဂျပန်ဆိုတာက စီးပွားရေးကလွဲလို့ ဘာကိုမှ သိပ်ကြည့်တဲ့ အစိုးရမျိုး မဟုတ်ပါဘူး။ သို့သော် ဆာမူရိုင်းများ အရှက်တကွဲ ဖြစ်ရမယ့် ကိစ္စမျိုးတွေ ပေါ်လာရင်တော့ ပေါ်လစီကို အနည်းနဲ့အများ ဆိုသလို ပြောင်းလဲပေး တတ်ပါတယ်။ ဆိုလိုတာကတော့ အာစီယံ ခေါင်းဆောင်များ အကြားမှာ မြန်မာ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်လို့ အများရှေ့မှာ ခဏခဏ အရှက်ကွဲ မခံနိုင်တော့ဘူး ဆိုတာကို တွေ့လာရပါတယ်။

(၂) အာစီယံ ချာတာကိစ္စ

အာစီယံ အဖွဲ့ဝင်များ အကြားမှာ ချာတာလို့ခေါ်တဲ့ သဘောတူညီ ချက်များကို တရားဝင် စတင် ရေးဆွဲကြဖို့ဆိုတဲ့ စဉ်းစားချက် ရှိလာတာ မကြာသေးခင် ကာလများက စတင်ခဲ့ပါတယ်။ အဲတာကလည်း ရေရှည်မှာ အီးယူလို စနစ် တကျဖြစ်လာအောင် ဆိုတဲ့အမြင်ကနေ စခဲ့တာဆိုရင် လည်းမမှားပါဖူး။ အဲသလို လုပ်ခြင်ရတဲ့ အဓိက အချက်ကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာများ ပိုမိုရရှိရေး ဆိုတဲ့အချက်များ အပေါ်မှာ မူတည်ပါတယ်။ ဒီမိုကရေစီ ကတော့ မပါရင်မပြီးလို့ ထည့်ပြောရတာ မျိုးဖြစ်ပါတယ်။ အဲသလို ချာတာ ဆွဲကြတော့မယ်ဆိုရင် နိုင်ငံတခုခြင်းစီမှာ အနည်းနဲ့အများ တည်ငြိမ်တဲ့ အစိုးရတရပ်ရှိဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံလို ဘရုတ်ကျနေတဲ့ စစ်အစိုးရမျိုးကို တန်းတူအခွင့်အရေး ပေးဖို့ဆိုတာ အာဆီယံ ခေါင်းဆောင်များအဖို့ ခြေထောက် သံစူးသလို အခံရ ခက်နေပါတယ်။ မပေးပြန်ရင်လည်း ချာတာ ဆွဲကြဖို့ကိစ္စဟာ လိုရင်းမရောက်ဘဲ ရေရှည်တစ်ဆို့နေမဲ့ အသွင်ကို ဆောင်လာပါတယ်။

ဒီနေရာမှာ အီးယူရဲ့သမိုင်းကြောင်းကို နည်းနည်းလောက်တော့ ပြန်ပြောဖို့ လိုပါတယ်။ ၁၉၅၁ မှာ ပဲရစ်သဘောတူညီချက် ဆိုပြီး သဘောတူ စာချူပ်တခုကို လက်မှတ်ထိုးကြပါတယ်။ အဲသည်တုံးက အီးယူဆိုတာ မပေါ်သေးပါဘူး။ အဲသည့် သဘောတူညီချက်မှာ ပါတာက သံမဏိနှင့်ကျောက်မီးသွေး ဆိုင်ရာစီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုပြီးစတင်ခဲ့တာ ဖြစ်ပါတယ်။ အဲသည့်အဖွဲ့ကို European Economic Community (ဥရောပစီးပွားရေးဆိုင်ရာ အဖွဲ့) လို့ခေါ်ခဲ့ပါတယ်။

၁၉၅၂မှာကြတော့ Treaty for European Defence Community (ဥရောပ ကာကွယ်ရေး သဘော တူညီချက်) ဆိုတဲ့ဟာကိုလုပ်ပါတယ်။ အဲသည့် သဘောတူညီချက် ကတော့မအောင်မြင် လိုက်ပါဘူး။ ၁၉၅၇ မှာ
ရောမ သဘောတူညီချက် ဆိုတာကို လုပ်နိုင်ခဲ့ပါတယ်။ ဒါကလည်း ၁၉၅၁ ကလုပ်ခဲ့တဲ့ EEC ကိုထပ် အားဖြည့်တဲ့ သဘောပါ။ ၁၉၅၈ မှာတော့ အရေးကြီးတဲ့ သဘောတူညီချက် တခုကိုခြမှတ် နိုင်ခဲ့ပါတယ်။ အဲတာကမှ ကနေ့အီးယူရဲ့ အမြုတေလို့ ပြောလို့ ရနိုင်ပါတယ်။ အဲတာကတော့ Euratom ယူရေတန် လို့အမည်တွင်တဲ့ Peaceful Nuclear Cooperation (ငြိမ်းချမ်းသော ညူကလီးယား ပူးပေါင်းဆောင်ရွက်မှု) ဆိုတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

၁၉၈၆ မှာတော့ Single European Act (ဥရောပနိုင်ငံများ တန်းတူရေး အက်ဥပဒေ) ဆိုတဲ့ သဘောတူညီချက် ဖြစ်တည်လာခဲ့ပါတယ်။ အဲတာရဲ့ အကျိုးဆက်အဖြစ် ဥရောပ အဖွဲ့ဝင်နိုင်ငံများဟာ ဒေသအတွင်းမှာ လွပ်လပ်စွာ သွားလာခွင့်နဲ့ Common Market လို့ခေါ်တဲ့ ဥရောပအဖွဲ့နိုင်ငံများ အတွင်းအဖွဲ့ဝင် နိုင်ငံများက ဥရောပသား မည်သူမဆို လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့် ရရှိဖြစ်ပေါ်လာပါတယ်။

၁၉၉၂ ကြမှ ကနေ့ပြောနေတဲ့ EU ဟာ ဟော်လန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မက်စထစ်သဘောတူညီချက် (Treaty of Maastricht) နဲ့အတူ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ၁၉၉၆ မှာ Inter Governmental Conferences (ICG) ဆိုတာ ဖြစ်လာပြီး အဲတာက အီးယူအတွင်းမှာ အမြင့်ဆုံးနိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံတဲ့ Body (စုဖွဲ့မှု) တခုဖြစ်လာ ခဲ့ပါတယ်။

အဲသလို သဘောတူညီချက်တွေ ခဏခဏ ဆွဲရလွန်းလို့ ဒီလိုဆိုရင် သဘောတူညီချက်တွေ တခုခြင်းစီလိုက် ဆွဲနေမဲ့အစား အီးယူကွန်စတီကျူးရှင်း ဆိုတာဖြစ်လာရင်တော့ အကောင်းဆုံးပဲလို့ အားလုံးက တွက်ကြပါတယ်။ ဟိုတုံး ကတည်းကနေ အခုအထိ ရေးဆွဲနေရတဲ့ သဘောတူညီချက်တွေက များလှပါတယ်။ သဘောတူညီချက်ပေါင်း (၇၀) လောက်ရှိပါတယ်။

၂၀၀၅ မှာ အီးယူ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဆွဲဖို့စတင်ပါတယ်။ Plan of EU Constitution လို့ ခေါ်ပါတယ်။ အကြမ်းဖျဉ်း ရေးဆွဲထားတာကလွဲရင် ပါဝါကြီးတဲ့ အဖွဲ့ဝင်နိုင်ငံအချို့က သဘောမတူလို့ အခုအထိ မအောင်မြင်သေးပါ။ ဒါ့အပြင် သတိပြုရမှာကတော့ အီးယူထဲမှာ ပါဝင်လိုတဲ့ ဥရောပ နိုင်ငံများဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့လိုပါတယ်။ ဘော့စနီးယား စစ်ပွဲအတွင်းက လူမျိုးတုံးအောင် သတ်ခဲ့တယ်လို့ အစွပ်စွဲခံရတဲ့ ခရိုရေးရှန်း ဗိုလ်ချုပ် တယောက်ကို ခရိုရေးရှားအစိုးရက နိုင်ငံတကာ တရားရုံးကို မလွှဲအပ်ပဲ ပျက်ကွက်ခဲ့လို့ ခရိုရေးရှားနိုင်ငံရဲ့ အဖွဲ့ဝင် ဖြစ်မှုကို အီးယူကနေ ၂၀၀၆ အတွင်းမှာတုံးက ဆိုင်းထားတာကိုလည်း တွေ့နိုင်ပါတယ်။

အခုအထိ အီးယူကွန်စတီကျူးရှင်း ဆိုတာ ပီပီပြင်ပြင် ပေါ်မလာသေးပါဖူး။ အဲတာကြောင့် အီးယူအဖွဲ့ဝင် နိုင်ငံများအကြားမှာ COSAC လို့ခေါ်တဲ့ ဥရောပကိစ္စရပ်များဆိုင်ရာကော်မတီ ကနေပဲတဆင့် အဖွဲ့ဝင်နိုင်ငံများ မှာရှိသင့်တဲ့၊ ရှိရမဲ့ အာဏာနဲ့ဆုံးဖြတ်ပိုင်ခွင့်များ ဝေခြမ်းသတ်မှတ်ခြင်းကို ဆောင်ရွက်ရပါတယ်။ အီးယူဘော်ဒီ တခုလုံးနဲ့ အဖွဲ့ဝင်နိုင်ငံများအကြား သူ့အပိုင်းနဲ့သူ ဆက်လက်တည်ရှိနေတဲ့ လုပ်ပိုင်ခွင့်အာဏာများလို့ ဆိုကောင်းဆိုနိုင် ပါတယ်။

(၃) ။ အာစီယံကလည်း စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအတွက် ချာတာဆွဲဖို့ ဆိုပြီးစိတ်ကူး ရှိလာပါတယ်။ ဒီနေရာ မှာ သတိထားဖို့က ဒီမိုကရေစီ ထွန်းကားဖို့ဆိုတာက သဘောလောက်ပဲ ဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီဆိုတာ ကိုလည်း ပစ်ထားလို့မရလို့ ထည့်ပြောနေတာ ဖြစ်ပါတယ်။ အီးယူလောက် နှစ်တွေအများကြီး အကုန်မခံနိုင်ဖူး ဆိုတဲ့ စိတ်ကူးကလည်း အာစီယံ ခေါင်းဆောင်များ အကြားမှာ ရှိဟန်တူပါတယ်။ ပြဿနာကတော့ ငပွကြီးဖြစ်တဲ့ မြန်မာ နိုင်ငံပါ။ မြန်မာနိုင်ငံမှာ ပါလီမန်တခုတော့ ပေါ်ပေါက်ဖို့လိုနေပြီး အတော်အတန်လေး တည်ငြိမ်တယ် ဆိုတာကို ပြသ နိုင်မှသာ ဒီအာစီယံချာတာ ရေးဖို့က အဆင်ချောမဲ့ပုံ ဖြစ်နေပါတယ်။ ဒီလို အခြေအနေတရပ် ပေါ်ပေါက်လာမှသာ နောက်အဆင့်တွေ ဆက်သွားဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တခုကြားဖြတ်ပြော လိုတာက အာဆီယံ ခေါင်းဆောင်တွေ ပြောပြောနေတဲ့ နိုင်ငံတခုတည်ငြိမ်မှု ရှိရမယ်ဆိုတဲ့ အပိုင်းဟာ ဒီမိုကရေစီနိုင်ငံရေးစနစ် မဖြစ်မနေ ကျင့်သုံးရမယ်လို့ အပြတ်ပြောတာ မျိုးမဟုတ်ပါ။ ဘယ်နည်းနဲ့ငြိမ်ငြိမ် ငြိမ်ရင်ပြီးရောဆိုတဲ့ သဘောထားက နောက် ကွယ်မှာ ရှိနေပါတယ်။ သူတို့ပြောပြောနေတဲ့ အာရှတန်ဖိုးဆိုတာရဲ့ အစိတ်အပိုင်းတခုလို့ ဆိုနိုင်ပါတယ်။ အီးယူက ထားရှိတဲ့ သဘောထားပေါ်လစီများနဲ့ မတူတာကို နိုင်းယှဉ်ကြည့် နိုင်အောင်ဖြစ်ပါတယ်။

အာစီယံထည်းမှာဘယ်နှစ်နိုင်ငံ ပါလီမန်ရှိပြီးတည်ငြိမ်မှုရှိနေသလဲပြန်ကြည့်ရင်

၁။ ဖိလစ်ပိုင်၊ တည်ငြိမ်သည်။ တောင်ပိုင်းမင်ဒါနာအို ကျွန်းစုများတွင် ခွဲထွက်ရေးအတွက် လက်နက်ကိုင် တိုက်နေသော မွတ်စလင်သူပုန်များရှိ နေပါတယ်။ ပြည်သူအများစုကြား ဆင်းရဲမွဲတေမှုကမြင့်မားနေဆဲ။ သို့သော် တဖက်တွင် ဒီမိုကရေစီ အားကောင်းမှု အတိုင်းအတာတခုအထိရှိနေပါတယ်။

၂။ အင်ဒိုနီးရှား၊ တည်ငြိမ်သည်။ သို့သော်ဆင်းရဲမွဲတေမှုကြီးမားဆဲ။ အယ်ခိုင်ရီးဒါးနှင့်ဆက်နွယ်သော အကြမ်းဖက် အုပ်စုများရဲ့ အခြေစိုက်လှုပ်ရှားမှုများရှိနေပါတယ်။ အစိုးရအတွင်း ခြစားမှုများ အလွန်မြင့်မားတဲ့ နိုင်ငံဖြစ်ပါတယ်။ သို့သော်တဖက်မှာလည်း ဒီမိုကရေစီနိုင်ငံရေးစနစ် တစတစ ဖွံ့ဖြိုးလာနေတာကို တွေ့ရပါတယ်။

၃။ မလေးရှား၊ တည်ငြိမ်သည်။ အားလုံးနှင့် ယှဉ်လိုက်ပါ ကစင်္ကာပူပြီးလျင် စီးပွားရေးအကောင်းဆုံး နိုင်ငံဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီအလွန်နည်း။ သည့်အတွက် ပုလိပ်များ အုပ်ချုပ်သောနိုင်ငံ Police State ဟုအပြောခံ ရတဲ့ နိုင်ငံတခုပါ။

၎။ ထိုင်းနိုင်ငံ၊ တည်ငြိမ်သည်။ အတော်အတန် ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီနိုင်ငံရေး စနစ်ကျင့်သုံးနေပါတယ်။ လတ်တလော စစ်အာဏာသိမ်းထားသည့် အခြေအနေကတော့ ခြွင်းချက်လို့ပြောရမဲ့ အခြေအနေပါ။ ထိုင်းနိုင်ငံသား အများစု စီးပွားရေးကောင်းပြီး စားနိုင်သောက်နိုင်တဲ့ အခြေအနေမှာရှိပါတယ်။ သို့သော် တဖြည်းဖြည်းချင်း မြင့်တက် လာနေတဲ့ တောင်ပိုင်းက မွတ်စလင်အုပ်စုများရဲ့ အကြမ်းဖက်တိုက်ခိုက် မှုများကတော့ ရင်မအေးစရာလို့ ပြောနိုင်ပါ တယ်။

၅။ စင်္ကာပူ၊ တည်ငြိမ်သည်။ စီးပွားရေးကလည်းအလွန်ကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီမရှိ ဖူးလို့ ပြောရင် လွန်မယ်မထင်ပါ။ အတိုက်ခံခေါင်းဆောင်များ မကြာခဏ နှိပ်ကွပ်ခံရပါတယ်။

၆။ ဘရူနိုင်း၊ တည်ငြိမ်သည်။ အလွန်ချမ်းသာသော နိုင်ငံဖြစ်သော်လည်း ဒီမိုကရေစီမရှိ။ စော်ဘွားစနစ်ဖြင့် အုပ်ချုပ် နေသောနိုင်ငံငယ်တခုဖြစ်ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုမရှိ သလောက်ဖြစ်ပါတယ်။

၇။ ကမ္ဘောဒီးယား၊ တည်ငြိမ်သည်။ သို့သော် တိုင်းသူပြည်သားအားလုံး အလွန်ဆင်းရဲမွေတေနေပါတယ်။ လဘ်ပေး လဘ်ယူမှုနှုန်း မြင့်မားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အတိုင်းအတာ တခုအရ ဒီမိုကရေစီနိုင်ငံရေး စနစ်ကို စတင်ကျင့်သုံး နေတဲ့ နိုင်ငံဖြစ်ပါတယ်။

၈။ ဗီယက်နမ်၊ တည်ငြိမ်သည်။ ဒီမိုကရေစီမရှိ။ ကွန်မြူနစ်တပါတီ အစိုးရအုပ်ချုပ်နေသော်လည်း စီးပွားရေး တိုးတက် လာနေ၍ နောင်သည့်ထက် စီးပွားရေးကောင်းမည့် အလားအလာရှိသော နိုင်ငံဖြစ်ပါတယ်။ သို့သော် တိုင်းပြည်တွင်း ပေါ်ပေါက်လာမည့် ဒီမိုကရေစီရေး လှုပ်ရှားမှုမှန်သမျ နှိပ်ကွပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

၉။ လာအို။ ဒီမိုကရေစီမရှိ၊ စီးပွားရေးကအစ တနိုင်ငံလုံး မွဲနေသော်လည်း ကွန်မြူနစ်အစိုးရ လက်အောက်တွင် အ
တိုင်းအတာ တခုအထိ တည်ငြိမ်မှုရှိ နေပါသေးတယ်။ အစိုးရက ဖိနှိပ်ထားလို့ ရှိနေတဲ့ တည်ငြိမ်မှုမျိုး ဖြစ်ပါတယ်။ ဒီမို
ကရေစီရေးလှုပ်ရှားတဲ့ လာအိုအဖွဲ့အစည်းများကို အကြီးအကျယ် နှိပ်ကွပ်ပါတယ်။

၁၀။ မြန်မာ။ ပါလီမန်လည်းမရှိသေး၊ အလွန်အမင်းဆင်းရဲမွဲတေပြီး ချွတ်ခြုံကျနေသော နိုင်ငံဖြစ်ပါတယ်။ ဒီမိုကရေစီဆို
တာကလည်း တစက်မှမရှိ။ စစ်တပ်တိုက်ရိုက် အုပ်ချုပ်ရေး ကိုသာကျင့်သုံးပါတယ်။ နိုင်ငံရေးအရလည်း တည်ငြိမ်မှု
ကင်းမဲ့တဲ့ နိုင်ငံဖြစ်နေပါတယ်။

ထို့အတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်သည်ဟု ပြောလို့ရနိုင် စေရန်အတွက် စစ်အစိုးရအနေဖြင့် အာဆီယံချာတာအ
တွင်း ပါဝင်လိုပါက ပါလီမန်တခု အထင်ကရ ရှိလာစေရန် ဆောင်ရွက်ဖို့လို လာပါတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

ကမ္ဘောဒီးယား အာဏာရပါတီမှ အမတ်များအပါအ၀င် အတိုက်ခံပါတီမှ အမတ်များက AIPMC အတွင်းပါဝင် လာခြင်းသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားစတဲ့နိုင်ငံများက မြန်မာစစ်ဗိုလ်ချုပ် များအပေါ် ပြောင်ပြောင်တင်း ပြောဆိုလာမှုနှင့် လည်းဆက်စပ်နေတယ် ဆိုရင်လည်းမမှားပါ။ သို့သော် ထိုင်းအာဏာရပါတီ (ယခင်တပ်ဆင်အစိုးရ) မှ အမတ်တယောက်မှ AIPMC တွင်မပါခဲ့ပါ။ ထိုင်းအတိုက်ခံ ဒီမိုကရက်ပါတီမှ အမတ်များပါတယ် မပါဖူးဆိုတာ ကလည်း ရှင်းရှင်းလင်းလင်းမရှိလှပါ။ ယခုဖျက်သိမ်းခံထားရသော ဆီးနိတ်အထက် လွတ်တော်အမတ်အချို့ လောက် သာပါဝင်နေ တာကိုတွေ့ရပါတယ်။

မည်သို့ပင် ဆိုစေကာမူ ကမ္ဘောဒီးယား ပါလာသည်ကို ကြိုဆိုရပါမည်။ သို့သော် အာစီယံချာတာ ရောဂါကြောင့် မြန်မာနိုင်ငံတွင် ပါလီမန်တခုရှိလာဖို့၊ တည်ငြိမ်သည်ဟု ဆင်လုံးထွင်လာနိုင်ဖို့ အတွက် အာဆီယံ နိုင်ငံများ၏ ချဉ်း ကပ်မှုသည် ပါလီမန်တခု မြန်မြန်ပေါ်လာပါက ဘာဘဲဖြစ်ဖြစ် ကောင်းသည်ဟု ကိုင်စွဲလာပါက မြန်မာပြည်သူများ မျော်လင့်မထားသည့် နိုင်ငံရေးအပြောင်းအလဲ မျိုးနှင့်ကြုံရနိုင်ပါတယ်။

အာစီယံချာတာ ဖြစ်စဉ်အတွက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများမှ သတိနှင့်ချဉ်းကပ် ဆောင်ရွက်ပါက အကျိုး ရှိနိုင်သလို၊ မိမိဖက်မှ ကြိုးစားအား ထုတ်မှုနည်းပါက စစ်အစိုးရ အကြိုက်လမ်းကြောင်း ဖြစ်သွားနိုင် သည်ကိုလည်း သတိထား ဖို့လိုပါတယ်။ ထို့အတွက် AIPMC တွင်ပါဝင် ဆောင်ရွက်နေသော မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသော အာဆီယံ အမတ်မိတ်ဆွေများ၊ ခေါင်းဆောင်များကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ ဖက်ကလည်း လိုအပ်သည့် အချက်အလက်များကို အလုံးအရင်းနှင့် ကူညီဖို့လိုနေပါတယ်။

နောက်ဆုံးအချက် ကတော့ အာစီယံနိုင်ငံများမှ အမတ်များစုံစုံညီညီ AIPMC မှာပါလာပြီဆိုပါစို့။ နောက်တဆင့် နိုင်ငံတကာ သံတမန်ရေး တိုက်ပွဲအတွက် ကိုယ့်ဖက်ကဘာလိုချင်သလဲ၊ ဘာဆက်လုပ်မှာလဲ ဆိုတာရှင်းရှင်းလင်း လင်း ရှိဖို့လိုပါတယ်။ ထို့အတွက်ပြင်ဆင် ထားဖို့လိုပါတယ်။ ဒါ့အပြင် လူတစုတည်းကပဲ ဒီလုပ်ငန်းကို လုပ်နေတာမျိုး မဟုတ်ပဲ အားကောင်းကောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ လိုတယ်ဆိုတာကိုလည်း မေ့မထားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၅ ရက်နေ့ စက်တင်ဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.