ရွက်မွန်စာမျက်နှာ

Monday, September 17, 2007

နို့ဖိုးသွားတောလား (၄)

အိုး
ပိုင်အိမ်ပိုင် ဖြစ်ရပြီ

မဲဆောက်မှာကြားခဲ့တာတွေနဲ့တော့ အဲဒီကတည်းကစလွဲတယ်လို့ပြောရမလားပဲ။ မဲဆောက်မှာတုန်းက ကျနော်တို့ကို နို့ဖိုးနဲ့ မည်ရွေ့မည်မျဝေးတဲ့ တောကြီးမျက်မည်းထဲမှာ ရွက်ဖျင်တဲတွေနဲ့ ဖြစ်ရုံထားမယ်လို့ ဆိုကြတာမဟုတ်လား။ အဲဒီအချိန် တုန်းကလွှင့်တဲ့ ရေဒီယိုသတင်းတွေထဲမှာ နို့ဖိုးက လူခံတွေပြောတာလေးတခွန်းလောက်ထည့်လွှင့်ရင် ဘယ်လိုများနေလေမလဲပေါ့လို့ ရယ်ဖော့ပြီး စဉ်းစားခဲ့ဖူးသေးတယ်။

သူတို့ဘာပြောကြသလဲဆိုတော့ “အေးဗျာ .... ကျနော်တို့ဒီမှာနေလာတာ ကြာလှရော့မယ်။ ကိုယ့်အိမ် ကိုယ့်ဘာသာ ကိုယ်ဆောက်နေကြရတာဗျ။ အခု ခင်ဗျားတို့ (ပီအိုစီ) (POC- Person of Concern) တွေကြတော့ အဆင့်မြင့်တယ်ဗျို့၊ သူများဆောက်ပြီးသားအိမ် အဆင်သင့် တက်နေရုံပဲ”တဲ့။

ဟုတ်ပါရဲ့။ အိမ်သစ်တက်တဲ့နေ့က ကျနော်တို့ဇနီးမောင်နှံတောင်ပြောဖြစ်ကြသေးတယ်။ “ဘ၀မှာ ကိုယ်ပိုင်အိမ်နဲ့ စပြီးနေရတာ ဒါ ပထမဆုံးအကြိမ်ပဲ”ပေါ့။ ဒါပေမယ့် အိမ်ကြီးတအိမ်စောင်းသွားလို့ ကြိုးနဲ့ဆွဲသူကဆွဲ၊ ကုတ်နဲ့ကော်သူကကော်၊ တွန်းသူကတွန်းနဲ့ ညာသံပေးပြီး မနည်း ပြန်တည့်ယူရတာကိုတော့ အဓမ္မလုပ်အားခိုင်းစေမှုထဲထည့်တွက်ရင် ၀ိုင်းကူကြသူတွေ စိတ်မကောင်းဖြစ်ကုန်မှာပေါ့ဗျာ မဟုတ်ဘူးလား။
နို့ဖိုးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကလည်း ရန်ကုန်က ကမ္ဘာ့အဆင့်မီမြို့တော်တည်ဆောက်ရေး စီမံကိန်းနဲ့ အပြိုင်ပေါ့ဗျာ။ သစ်တွေ၊ ၀ါးတွေ၊ အိမ်မိုးဖက်တွေ၊ အိမ်သာကြွေခွက်တွေ၊ ဘိလပ်မြေအိတ်တွေ စသဖြင့်တွေက (၁၀) ဘီးကားကြီးတွေနဲ့ နေ့ညမပြတ် ပေါ့ဗျာ။ အဲဒီစီမံကိန်းကိုကန်ထရိုက်ရထားတဲ့လူက ဆက်ဆံရေးလည်းကောင်းဆိုတော့ ဒီကလူကြီးတွေနဲ့ပြေလည်တယ်လေ။

ကန်ထရိုက်ကလည်း တခေါက်လာရင် တယောက်ဆိုရမလောက်အောင် ထည်လဲတွဲလာတတ်သတဲ့။ အေးလေ တွဲနိုင်ပေ မပေါ့။ ၀ါးတလုံးကို တဘတ်ပဲ မြတ်အုံးတော့။ ၀ါးအလုံးပေါင်းက သန်းနဲ့ချီ၊ ကားအစီးပေါင်းကလည်း ထောင်နဲ့ချီ ရှိနေတာကိုးဗျ။ ဒါကြောင့်ထင်ပါရဲ့။ နို့ဖိုးကလူတွေဟာ ပြည်တွင်းကလူတွေလို ဒီနှစ် ငါ့အိမ်လေး ဘယ်လိုမိုးရပါ့လို့ မပူကြရဘူး။ တရွာလုံးအတွက် ကန်ထရိုက်က ဒိုင်ခံ စိတ်ပူပေးရှာတယ်။

နို့ဖိုးမှာ အိမ်တိုင်တွေကို ယူကလစ်ပင်ပျိုတွေနဲ့ဆောက်ကြတယ်။ ပိုးစွဲချစားမဖြစ်အောင်လို့ တိုင်အရင်းပိုင်းမှာ အမှိုတ်အိတ် အမဲကြီးတွေပတ်ပြီးမှ ကြွင်းထဲထည့်ကြတယ်။ သဲ့ပြားခင်း၊ သဲ့ပြားကာ၊ ဖက်မိုးပေါ့။ ဘုရားကျောင်း၊ ဆေးရုံတွေ၊ ဂိုထောင်တွေနဲ့ အခြား ခမ်းမတချို့ကိုတော့ ဘိလပ်မြေခင်း၊ အုတ်ကာ၊ သွပ်မိုးနဲ့ ကျကျနနဆောက်ကြတာများတယ်။
နို့ဖိုးမှာ ဘာမှ မလုပ်ရပါဘူး။ ဒါပေမယ့် နေအိမ်တွေက အရေးပေါ်ဆောက်တာဆိုတော့ နေရင်းပြင်၊ ပြင်ရင်းနေရပါတယ်။ ပြင်ကြ၊ ‘သ’ကြတာလည်း အိမ်တိုင်းနီးပါးလိုပါပဲ။ ကျနော်တောင် နောက်ပြောပြောမိသေးတယ်။ မိတ်ဆွေတို့ရေ ခင်ဗျားတို့ပြင်နေ၊ သနေကြပုံက “ဒီမှာ အိမ်ပြင်လို့ မပြီးသေးလို့ဗျို့”ဆိုပြီး ကိုယ်ရထားတဲ့ ခရီးထွက်ခွင့်ရက် Departure date ကိုတောင် နောက်ရွှေ့ပေး ရမလိုဖြစ်နေပြီ။ အဲဒီလို ကိုယ့်အိမ်ကိုယ် ပြုပြင်နေရတော့လည်း စိတ်ပြေလက်ပျောက်ဖြစ်ရတာပေါ့ဗျာ။ စောင့်ဆိုင်းရတဲ့အချိန်ကို ကျုံ့သွားစေသလို ထင်ရတာပေါ့။ တခါတလေ စိတ်အခန့်မသင့်တဲ့ အခါမျိုးကျတော့လည်း ဆောက်သွားတဲ့လူကို မေတ္တာပို့ပေါ့။

ရပ်ကွက် (ဇုံ) ကော်မတီဖွဲ့ကြပြီ

နို့ဖိုးကိုရောက်ပြီး သုံးလေးငါးရက်လောက်ကြာတော့ ပီအိုစီတွေကို နို့ဖိုးရွာရဲ့အုပ်ချုပ်ရေးအောက်မှာမထားဘဲ ကိုယ့် အုပ်ချုပ်ရေးနဲ့ကိုယ် သီးသန့်အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုလည်းဆိုရော အုပ်ချုပ်ရေးကော်မတီလေးတခု မဖြစ်မနေ လိုအပ်လာတော့ တာပေါ့။ ပီအိုစီအများစုကလည်း အသင်းအဖွဲ့လှုပ်ရှားမှုတွေနဲ့ ကင်းခဲ့ကြသူတွေမဟုတ်တော့ ဒါမျိုးက ကိုယ်ကျမ်းကျင်တဲ့အလုပ်ပဲမို့ ‘ရယ်ဒီ’ပဲပေါ့။

ထုံးစံအတိုင်း ကော်မတီဖွဲ့ကြတယ်။ တာဝန်ခံတွေ၊ အဖွဲ့ခေါင်းဆောင်တွေ၊ ဌာနတွေ၊ ယူနစ်တွေ စသဖြင့် လိုအပ်မယ်ထင်တာ မှန်သမျ တခုမှမကျန်ရစ်ခဲ့ရလေအောင် ထောင့်စေ့စေ့နဲ့ အတွေ့အကြုံရှိစွာရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံအသစ်ချပ်ချတ်တခု လက်တန်း ထွက်လာတယ်။

အသစ်တို့ရဲ့ ထုံးစံအတိုင်း ရေတက်ကောင်း၊ အရှိန်ကောင်းနဲ့ ဇယ်ဆက်သလို တာထွက်ကြတော့တာပေါ့။ ထုံးစံအတိုင်း စည်းကမ်းဖောက်ဖျက်တာတို့၊ လုပ်ပိုင်ခွင့်ကျော်လုပ်တာတို့၊ အာဏာပါဝါပြတာတို့ အလျိုအလျိုပေါ်လာကြရောဆိုပါစို့။ သူတို့ ရေးထားတဲ့ ဥပဒေအတိုင်းသာ အရေးယူရမယ်ဆိုရင် ပထမဆုံးအရေးယူရမယ့်သူက ကော်မတီထဲက ပုဂ္ဂိုလ်တချို့ ဖြစ်နေတာကိုလည်း အံ့သြစရာစာရင်းထဲ ထည့်မနေတော့ပါဘူး။

အစဉ်အလာကိုထိန်းသိမ်းတဲ့နေရာမှာ ရှေးရှေးက လူတွေထက်မညံ့ဘူးဆိုတဲ့အချက်ကို သက်သေထူတဲ့အနေနဲ့ ပီအိုစီကော်မတီလေးလည်း ကွဲကြပြဲကြကြောင်းပါခင်ဗျား။ ဖွဲ့ပြီးတပတ်မပြည့်သေးဘူး၊ ကွဲဖို့က အက်ကြောင်းပေါ်နေပြီ။ သူပါရင် ငါမလုပ်ဘူးဆိုတာတွေ ဖြစ်လာကြပြီ။ ငွေစာရင်းရှင်းတမ်းထုတ်ပြန်ပေးဆိုတာတွေ ဖြစ်လာကြပြီ။ ကော်မတီအသစ် ပြန်လည် ရွေးကောက်ပေးဆိုတာတွေ ဖြစ်လာကြပြီ။ အလုပ်အကြောင်းပြပြီး မြို့တက်လည်တာတွေ ဖြစ်လာကြပြီ။

ပီအိုစီတွေတဲ့လား

နို့ဖိုးကိုတည်ထားပုံက မြို့တမြို့ကိုအကွက်ချထားသလို အတော်လေးစနစ်တကျရှိတယ် ဆိုရမယ်။ အဓိကလမ်းမတွေကို အခြေခံပြီး အိမ်တွေကို တဘက်တချက်ဆောက်ထားပါတယ်။ စခန်းက ကျယ်လွန်းတော့ ရပ်ကွက်အလိုက် (ဇုံအလိုက်) ခွဲခြားသတ်မှတ်ထားတယ်။ အုပ်ချုပ်ရေးနဲ့ ရိက္ခာဖြန့်ချိရေးကိုလည်း ဇုံအလိုက်စီစဉ်ထားတယ်။

အိမ်သာစနစ်၊ ရေပေးသွယ်တဲ့စနစ်၊ သန့်ရှင်းရေးစနစ်တွေကို တစတစ စနစ်ကျသည်ထက်ကျအောင် ထူထောင်လာခဲ့ ကြတယ်လို့သိရတယ်။ ခိုင်းလို့လုပ်တာထက် အသိနဲ့လုပ်ဖြစ်အောင် အဓိကတွန်းအားပေးခဲ့တာကတော့ အစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ ၀မ်းရောဂါလို ကပ်ရောဂါကြီးတွေကြောင့်ပါပဲလို့ ဆိုရမှာပါ။

နို့ဖိုးစခန်းက အထက်မှာပြောခဲ့သလို စနစ်တကျခွဲခြား သတ်မှတ်ထားတာပါ။ ကျနော်တို့ကို ပီအိုစီတွေလို့ခေါ်တယ်။ Person of concern မြန်မာလိုတိုက်ရိုက်ပြန်ရရင် ‘စိုးရိမ်ဘွယ်အခြေအနေရှိသူများ’ လို့ အဓိပ္ပာယ်ထွက်မယ်ထင်တာပဲဗျာ။ ဘာကိုစိုးရိမ်ရတာလဲ၊ ဘယ်သူက ဘယ်သူ့ကိုစိုးရိမ်ရတာလဲဆိုတာတော့ မပြောတတ်ပါ။ ကိုဖီအာနန်ပြောပြောနေတဲ့ very concern ဆိုတာနဲ့ ညီအကိုများလားပေါ့။ ကျနော်တို့အသုတ်တွေ ရောက်လာတော့ နို့ဖိုးဖခန်းဝင်းထဲမှာ ဇုန်အသစ်တခုအဖြစ် တိုးချဲ့သတ်မှတ် ပေးပါတယ်။ ကျနော်တို့ ပီအိုစီတွေက ဇုံ-၁၄ လားမသိဘူး။

ဒါပေမယ့် အလုပ်တခုတော့ လုပ်ကြရပါတယ်။ ဂိုဒေါင်မှာ ရိက္ခာကားတွေဝင်တဲ့အခါ ရပ်ကွက်အလိုက် (ဇုံအလိုက်) ပစ္စည်းတွေချရပါတယ်။ မီးသွေးအိတ်တွေက အမှုန်တွေလွင့်လွန်းပါတယ်။ အသက်ရှုလမ်းကြောင်းအတွက် မကောင်းပါ။ (ဆေးစစ်တဲ့အခါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်)

ဒါပေမယ့် လူစားထိုးလို့ရပါတယ်။ တဦးကို ၁၀-၁၅ ဘတ်ပေးရပါတယ်။ ဒါမျိုးကိစ္စတွေမှာ သွက်သွက် လက်လက်နဲ့ ပါးပါးနပ်နပ် ကြားဝင်ဆောင်ရွက်ပေးသူတွေ တွေ့ရတာကတော့ ကျနော်တို့ခင်ဗျားတို့ရဲ့ ကုသိုလ်ကံကောင်းလို့ပေပဲလား၊ နို့ဖိုးရဲ့ မြင့်တက်နေတဲ့ ယဉ်ကျေးမှုကြောင့်ပေပဲလားဆိုတာ တပ်အပ်မပြောနိုင်ပါ။
အင်တာဗျူးကိစ္စ၊ သံရုံးကိစ္စ၊ ဆေးစစ်တဲ့ကိစ္စ၊ သင်တန်းကိစ္စတွေကို ကြော်ငြာသင်ပုန်းမှာ ပုံမှန် ကပ်ပေးပါတယ်။ (နို့ဖိုး-မဲဆောက်မှာ အသံထက်မြန်တဲ့ယာဉ် တစီးမှမရှိပါဘူး။ ဒါကြောင့် သတင်းထူး၊ သတင်းဦးတွေကို စိတ်အနှောင့်အယှက် ဖြစ်လောက် အောင် အလျံပယ် ကြားရလေ့ရှိပါတယ်) ကြားကြားရသမျ သတင်းပလင်းတွေကို ဥပေက္ခာပြုပြီး ကြော်ငြာသင်ပုန်းမှာ ကိုယ့်ရဲ့ ဒုက္ခသည်နံပါတ်ကို အောင်စာရင်းကြည့်သလို ရှာရတာ ခန္တီပါရမီနဲ့ ပြည့်စုံစေပါတယ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.