ရွက်မွန်စာမျက်နှာ

Wednesday, September 19, 2007

နို့ဖိုးသွားတောလား (၆)

ကာ
တွန်းလေး တကွက်

အိမ်ထောင်စုတိုင်းကို “ဆီစာအုပ်”ကလေးတွေပေးထားတယ်။ အဲဒီမှာ လူတဦး ‘ပဲ’ဘယ်လောက်၊ ‘ဆန်’ဘယ်လောက်၊ မီးသွေးဘယ်လောက်ဆိုပြီး “စံချိန်မီ အာဟာရဇယား”အတိုင်းထုတ်ပေးတယ်။ ဆန်၊ ပဲနဲ့ ဆီလို အဓိကရိက္ခာတွေက အနည်းနဲ့အများ ပိုကြပါတယ်။ အဲဒါကို အလဟသမဖြစ်အောင် စီမံခန့်ခွဲကြပုံကလေးကလည်း လှသဗျာ။

ရိက္ခာထုတ်ရက်တွေဆို ဂိုထောင်နဲ့ ခပ်လှမ်းလှမ်းက သစ်ပင်လေးတွေအောက်မှာ ပစ္စည်းကောက်တဲ့ (အဓိက ဆန်နဲ့ပဲကို ကောက်ကြတာ) ကုလားမလေးတွေ ယပ်တောင်ကလေး တဖျပ်ဖျပ်နဲ့ စကားလက်ဆုံ ကျနေတတ်တယ်။ အများစုကတော့ နှစ်ဦးပိုင်းမှာ ကတည်းကိုက ငွေကြိုပေးထားပြီးသားပါ။ အပြင်မှာ၊ လက်ရှိပေါက်ဈေးမှာ ဆန်တပုံး (၁၀၀) ဆိုပါစို့။ နှစ်ဦးတုန်းက (၅၀) လောက်နဲ့ ဈေးကြိုဖြတ်ပေးထားကြတာ။ မိအေး နှစ်ခါနာရတဲ့ ပွဲပေါ့။

ကျနော်တို့ ပီအိုစီရပ်ကွက်ကိုလည်း လှည်းကိုယ်စီတွန်းလို့ ကုလားမလေးတွေ လာကြပါတယ်။ ဘာပြောကောင်းမလဲ ခြိမ့်ခြိမ့်သဲ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီး ကျင်းပလိုက်ကြတာပေါ့ဗျာ။ အဲဒီဆန်ကို အရက်ချက်ရင် ဘယ်လောက်ကြာ သလဲတော့ မပြောတတ်ဘူး။ ဆန်ဖိုးကနေ အရက်ဖြစ်သွားတာ မြန်သလားမမေးနဲ့။ ရောင်းလိုက်တဲ့ ဆန်အိတ်ထက်တောင် ပြန်ဝယ်တဲ့ ဇ၀က်သာအိတ် အရေအတွက်က များလေမလားပဲ။

အဲဒီလိုကောက်ထားတဲ့ဆန်အိတ်တွေကို မဲဆောက်ကို သယ်သွားကြတယ်။ ပြီးတခါ မဲဆောက်ကနေ အိပ်သစ်ပြန်သွပ်ပြီး (တချို့အိတ်တွေဆိုရင် ပထမအခေါက်တုန်းက အ၀တ်အစားအတိုင်းပဲ) နို့ဖိုးကို ပြန်သယ်လာကြတယ်။ ဒီလိုနဲ့ပဲ အင်ဂျီအိုကပေးတဲ့ ဆန်အိတ်တွေနဲ့ ပဲအိတ်တွေဟာ နို့ဖိုးနဲ့ မဲဆောက်ကို လူးလားခေါက်တုံ့သွားနေတော့တာပေါ့။
တနေ့ကျတော့ ကျနော့်စိတ်ထဲ စိတ်ကူးတခုရတာနဲ့ ကာတွန်းဆရာ ဒိုင်းနမိုက်ကို ပြောဖြစ်တယ်။ “ဗျို့ .... ဒိုင်းနမိုက်ရေ .... အဲဒီ ဆန်အိတ်တွေ၊ ပဲအိတ်တွေ ကားမူးလို့ ထိုးအန်နေကြတဲ့ပုံ ရေးခြေဗျာ”လို့ဆိုလိုက်တော့ သူအပါအ၀င် အနီးအနားရှိနေကြသူတွေ သဘောကျလွန်းလို့ ခွက်ထိုးခွက်လန် ရယ်ကြပါရောလား။

ဇ၀က်သာ ချစ်ကြည်ရေး

နောက်တခုက “နို့ဖိုးဈေး”ဗျ။ ဘယ့်နှယ့်ဗျာ၊ လူသားချင်း အစာနာခံနေရတဲ့ ဒုက္ခရောက်နေသူတွေချည်း စုနေတဲ့အရပ်မှာ ပွဲခင်းတမျှ စည်ကားနေတဲ့ ဈေးကြီးက အလည်ခေါင်ကျကျနေရာမှာ တည်တည်ခန့်ခန့်ကြီး ရပ်နေပုံများ။

အခြားဂြိုဟ်တခုခုက ယာဉ်ကြီး တစင်းစင်းများ မှားဆင်းလာသလား ထင်ရလောက်တယ်။ မနက်မနက်ဆို လူတွေက အဲဒီယာဉ် အသစ်အဆန်းကြီးကို ပြုံတိုးပြီး ကြည့်နေကြတာ ပျားပန်းခတ်မျှပဲ။ နို့ဖိုးဈေးထဲမှာ “မရှိဘူးဆိုတာ မရှိဘူး”လို့ ဆိုရမလောက်အောင် အကုန်ရှိတယ်။

ဈေးသည်တွေက မူဆလင်တွေများတယ်။ သူတို့ရောင်းတဲ့ကုန်ကို သူတို့ ရောင်းတဲ့ဈေးနဲ့ ကရင်တွေက အတွန့်မတက်ဘဲ ၀ယ်ရတယ်။ ဆိုတော့ကာ နို့ဖိုးဈေးကွက်က ဟန်ချက်မမျှ ဖြစ်နေတော့တာပေါ့။ တဘက်စောင်းနင်းကြီး။ အဲဒီလို တဘက်စောင်းနင်း ဖြစ်နေတဲ့ အခြေအနေကြီးကို ဘယ်အရာက ဟန်ချက်မျှ သွားစေသလဲဆိုတာ သိပ်စိတ်ဝင်စားစရာပေါ့ဗျာ။ ကျနော့်မှာ အဲဒီပုစ္ဆာအတွက် အတော့်ကို ခေါင်းခဲခဲ့ရဖူးသပေါ့။

ထူးခြားတာက နို့ဖိုးမှာ မနက်နဲ့ ညနေ ဆိုပြီး ဈေးကွက်က (၂) ခုရှိနေတာတွေ့ရတယ်။ ဒါနဲ့ အဲဒီဈေးကွက် (၂) ခုကို အခြေတည်ပြီး နို့ဖိုးပုစ္ဆာကို သုံးချက်တွက်နည်းနဲ့ တွက်ကြည့်မိတယ်။ ဆိုပါစို့။ မနက်ပိုင်းဈေးကွက်မှာ မူဆလင်ကို ကရင်တွေက အမြတ်ပေးရတယ်ပေါ့။

ညနေဘက်ကျတော့ ဈေးကွက် အခင်းအကျင်းက တမျိုးပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ကရင်တွေက ဇ၀က်သာထုပ်ကလေးတွေ ရောင်းကြတယ်။ အဲဒီအထုပ်ကလေးကို တချို့ မူဆလင်တွေက ၀ယ်သောက်ကြတယ်။ အဲဒီ အထုပ်ကလေးကို ရေများသလေး၊ ဇ၀က်သာများသလေးဆိုပြီး နည်းနည်းမှ အတွန့်မတက်ဘဲ ၀ယ်သောက်ကြတာပါ။ ဆိုတော့ကာ မူဆလင်တွေက ကရင်တွေကို အမြတ်ပြန်ပေးရတော့တာပေါ့။ ဒါကို ကျနော်က “ဇ၀က်သာ ချစ်ကြည်ရေး”ဆိုလိုက်ချင်တာပေါ့ဗျာ။ ကဲ .... ဘယ်လောက်လှတဲ့ ဟန်ချက်လေးလဲ။

နို့ဖိုးမှာ အရက်သောက်ခွင့်၊ ရောင်းချခွင့် (လုံးဝ) မရှိပါ။ ဖမ်းမိရင် အပြစ်ပေးပါတယ်။ ပစ္စည်းသိမ်းပါတယ်။ နို့ဖိုးစခန်းထဲမှာသာ အရက်ပိတ်ထားပေမယ့် နို့ဖိုးရွာမှာတော့ အရက်ချက်/ရောင်းပါတယ်။ နို့ဖိုးရွာက တောင်ပေါ် ထိုင်းရွာလေးတခုမို့ တရားဝင်ပါတယ်။ အဲဒီရွာမှာ တယ်လီဖုန်းဆက်ရင်း အနည်းအပါး ထိုင်သောက်လို့ ရပါတယ်။ တကယ်က စခန်းအပြင်ကို ဒုက္ခသည်တွေ ခွင့်ပြုချက် မရရင် ထွက်ခွင့်မရပါ။ ဒါပေမယ့် ဂိတ်မှာ ခွင့်တောင်း (အကြောင်းတခုခုပြ) ပြီး ထွက်မယ်ဆိုရင် ခဏတဖြုတ် ထွက်ခွင့်ရတတ်ပါတယ်။

သို့ကလို ဥပဒေများ ရှိပေသော်လည်းပဲ ဇ၀က်သာနဲ့ နို့ဖိုးကို ဖွားဘက်တော်လို့ပြောရင် သူသူကိုယ်ကိုယ် အလိုတူကြမှာပါ။ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံတဲ့နယ်နိမိတ်ကျဉ်းကျဉ်းကလေးမှာ ‘ဇ၀က်သာ ချစ်ကြည်ရေး’ဟာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတခု ဖြစ်သလို ချိန်ခွင်လျာကို ထိန်းညှိထားတဲ့ ဟန်ချက်တခုလို့လည်း ဆိုရမှာပါ။

တပါတ်နှစ်ရက် ဈေးကလေး

တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေဆိုရင် နို့ဖိုးရဲ့ နံနက်ခင်းဟာ တောင်ပံခတ်နေတဲ့ ငှက်ကလေးတွေ တေးသီနေကြသလား ထင်ရတယ်။ စခန်းအ၀င်လမ်းမကြီးမှာ ဈေးနေ့ရောင်းကြတာ ကြက်ပျံမကျပဲ။

တယောက်နဲ့တယောက် သာကြောင်းမာကြောင်းမေးကြ။ နှုတ်ဆက်ကြ။ ပြုံးပြကြနဲ့ပေါ့။ လူစုံတက်စုံကို တနေရာထဲ၊ တချိန်ထဲမှာ အများအပြားတွေ့နိုင်တာ အဲဒီဈေးနေ့တွေမှာပါပဲ။

အဲဒီဈေးမှာ မဲဆောက်က ဈေးသည်တွေ၊ ရွာနီးချုပ်စပ်က တောသည်တွေက ကုန်မျိုးစုံကို လာရောင်းကြတယ်။ တခုရယ်ရ တာက နို့ဖိုးဈေးထဲက မူဆလင်ဈေးသည်တွေကလည်း ဗန်းရွက်၊ လှည်းတွန်းပြီး ထွက်ရောင်းကြတာပါ။ သူတို့မှာ ဆိုင်နဲ့ကနားနဲ့ နေ့ရောညပါ မပြတ်ရောင်းနေရလျက်သားနဲ့ အဲဒီနံနက်ခင်းကလေးကိုပါ အလွတ်မပေးဘဲ ငှက်ကလေးတွေနဲ့အတူ တေးလိုက်သီကြတာ ကို ပြောတာပါ။

နို့ဖိုးဈေးကွက်မှာက ဘာပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ်၊ မုန့်ပဲသွားရည်စာပဲဖြစ်ဖြစ် ထိုင်းငွေ (၁) ဘတ်ကို အခြေခံ အဖြစ် သတ်မှတ်ပြီး ရောင်းကြ၀ယ်ကြတာပါ။ စားသုံးသူရဲ့ ၀ယ်လိုအားကို အခြေပြုထားတဲ့ ဈေးကွက်တန်ဖိုးပေါ့ဗျာ။ ဒီတော့ကာ ဘာပဲဖြစ်ဖြစ် ပီအိုစီတွေအတွက် ဈေးချိုနေတော့တာပေါ့ဗျာ။ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် “ဟယ် .... တန်လိုက်တာ” “ဟယ် .... လတ်လိုက်တာ” “ငွေတဘတ်နဲ့ဒီလောက်ရတာ အလကားပေးသလားတောင် ထင်ရတယ်” စသဖြင့် ဒီလိုပဲ ကြားနေရတယ်။

မြန်မာပြည်နယ်စပ်နဲ့က တနာရီ နှစ်နာရီလောက်ပဲ သွားရတာဆိုတော့ မြန်မာကုန်တွေက စုံလည်းစုံ၊ ဈေးလည်း ချိုကြတယ်။ ဈေးသွားရလို့ ပြုံးပျော်နေတဲ့ အိမ်ရှင်မတွေကို မြန်မာတပြည်လုံးလိုက်ရှာရင် ထမင်းထုပ်သိုးသွားနိုင်ပေမယ့် နို့ဖိုးမှာတော့ ရှာစရာ မလိုဘူး၊ ဘယ်သူ့ကြည့်လိုက်ကြည့်လိုက် ပြုံးလို့ရယ်လို့။ ၀ယ်လို့ခြမ်းလို့။

နို့ဖိုးမှာ မဲဆောက်ထက် အနည်းဆုံး (၅ ဆ) သက်သာချောင်ချိပါတယ်။ မဲဆောက်မှာ ၅ ဘတ်ပေးရရင် နို့ဖိုးမှာ (၁) ဘတ်ပဲ ပေးရပါတယ်။ လင်မယားနှစ်ယောက် တလကို (၅၀၀) လောက်ရှိရင် လူလတ်တန်းစား မိသားတစုလို နေနိုင်ပါတယ်။

ပီအိုစီတွေရောက်လာတော့ ၀ယ်လိုအားကိုကြည့်ပြီး ဈေးကွက် အပြောင်းအလဲလေးတချို့ ဖြစ်ကုန်တော့တာပေါ့ဗျာ။ ဒါပေမယ့် သိမ်သိမ်မွေ့မွေ့ အပြောင်းအလဲလေးဆိုတော့ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားရတာ သက်သောင့်သက်သာ ရှိသမို့ တော်သေးတာပေါ့ဗျာ။

ကျနော်တို့ရောက်စက ဘာပဲဖြစ်ဖြစ် တစည်းကို (၁) ဘတ်ပဲပေးရပါတယ်။ ခုထိလည်း (၁) ဘတ်ပါပဲ။ အဲဒီလို ဈေးနှုန်းက မပြောင်းသွားပေမယ့် ပြောင်းလဲသွားတာက ဟင်းသီးဟင်းရွက်အစည်းလေးတွေရဲ့ အရွယ်အစားပါ။ အစည်းလေးတွေ ငယ်၊ အခိုင်လေးတွေ သေး၊ အဖီးလေးတွေ ကြဲကုန် ကြတာပါ။ ကဲ .... ဘယ်လောက်သိမ်မွေ့တဲ့ အပြောင်းအလဲလေးလဲ။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.