ရွက်မွန်စာမျက်နှာ

Friday, September 21, 2007

စီးပွားရေး စကား၊ နိုင်ငံရေး စကား - မိုးသီးဇွန်

စီး
ပွားရေး စကား၊ နိုင်ငံရေး စကား - မိုးသီးဇွန်
စက်တင်ဘာ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်
“အခုဖြစ်နေတဲ့ ဓာတ်ဆီဈေးနှုန်း တက်လာမှုအပေါ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုး သက်ရောက်မှုတွေကို ကြိုတင် တားဆီးနိုင်ဖို့ အတွက် နိုင်ငံရေးအရ အဖြေရှာမှု လိုတယ်။ ဒါကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား ဒီမိုကရေစီကို လိုလားတဲ့ သူတွေက အရေးဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီနောက်ကွယ်မှာ စစ်အစိုးရက မပါဘူး။ လှုပ်ရှားမှု မှန်သမျှကို သေးသေး၊ ကြီးကြီး ကျနော်တို့ ဆက်လုပ်ရမှာပါပဲ။”

ဓာတ်ဆီဈေးနှုန်းတွေ တက်လိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ တပြည်လုံး အတိုင်းအတာနဲ့ ဆက်တိုက် ဆိုသလို ဖြစ်လာခဲ့တာ နှစ်ပတ်ကျော်သွားပြီ။ ဓာတ်ဆီဈေး တက်လာတော့ ကုန်ဈေးနှုန်းတွေကလည်း ဆက်တိုက် တက်လာတော့မယ်။ ဒါဆို လူထုက ပိုပြီး စီးပွားရေးအရ ပိုမို ကျပ်တည်းလာမယ်။ အထွေထွေ စီးပွားရေး အကြပ်ဆိုက်မှုကြီးက စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လှုပ်ရှားမှုကြီးကို တစတစ ဦးတည်လာနေပြီ။

လက်ရှိ မြန်မာပြည် အခြေအနေဟာ ပိုလန်မှာ ၁၉၈ဝ ဝန်းကျင်က ဖြစ်တဲ့ အခြေအနေနဲ့ တူနေပါတယ်။
စစ်အေးကာလ တလျှောက်လုံးမှာ ကွန်မြူနစ် ဆိုရှယ်လစ် အစိုးရတွေဟာ စီးပွားရေးကို နိုင်ငံတော်ကနေ ချုပ်ကိုင်ထားတယ်။ (စီးပွားရေး ပညာအရ ပြောရင် ဈေးကွက်ကို အစိုးရက လက်ဝါးကြီး အုပ်ထားတာ)။ ဒီတော့ ဈေးနှုန်းတွေကို အစိုးရက သတ်မှတ်တယ်။

စီးပွားရေး ပညာအရ ဈေးနှုန်းကို ဈေးကွက်ရဲ့ ဝယ်လိုအား Demand နဲ့ ထုတ်လုပ်မှု Supply မျှခြေဟာ ဈေးနှုန်းကို သတ်မှတ် ပေးနေတာ ဖြစ်တယ်။ ဒါပေမဲ့ စစ်အေးကာလက ဆိုရှယ်လစ် ကွန်မြူနစ် အစိုးရတွေဟာ ကုန်ဈေးနှုန်းကို မထိန်းတတ်ကြဘူး။ ဈေးနှုန်းကို တည်ငြိမ်အောင် အများဆုံး အသုံးပြုခဲ့တဲ့ နည်းကတော့ Subsidy လုပ်ပြီး ထိန်းလာခဲ့ကြရတယ်။
Subsidy ဆိုတာ အရှုံးခံ ရောင်းရတာ ဖြစ်တယ်။ အစိုးရက ငွေကိုစိုက်ပြီး အရှုံးခံ လာလိုက်ကြတာ နောက်ဆုံးမှာ မစိုက်နိုင်တော့တဲ့ အခြေအနေကို ပိုလန် ကွန်မြူနစ် အစိုးရက ရင်ဆိုင်လာရတယ်။

ဒီတော့ ဈေးနှုန်းတွေကို မတက်ချင်ဘဲ တက်လိုက်ရတော့တယ်။ ဒီတုန်းက ပေါင်မုန့်ကနေ အိမ်သာသုံး စက�ူအထိ ဈေးတက်တယ်။ လူတွေ မသုံးစွဲနိုင်တော့ဘူး။ ဒီတော့ လီနက် သဘောင်္ကျင်းက အလုပ်သမားတွေက စလိုက်တဲ့ သပိတ်ဟာ ပိုလန် အစိုးရကို ပြုတ်ကျ သွားစေခဲ့တယ်။

ဒီနေ့လည်း စစ်အစိုးရက အလားတူ ပြဿနာကို ရင်ဆိုင်လာရတော့တယ်။ အစဉ်အလာအားဖြင့် မဆလ၊ နအဖ အစိုးရတွေက ဓာတ်ဆီကို Subsidy လုပ်နေခဲ့ကြတယ်။ ကမ္ဘာ့ပေါက်ဈေးက ဝယ်ပြီး ပြည်တွင်းမှာ အရှုံးခံ ရောင်းပေးလာခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ပြီ။

ဒီတော့ အစိုးရ ဝန်ထမ်းတွေထဲက ကားရှိတဲ့ အရာရှိတွေက တနေ့ကို ဓာတ်ဆီ ၄ ဂါလံရရင် တဂါလံကို သုံး၊ ၃ ဂါလံကို ရောင်းစားနဲ့ အသက်ဆက်လာတာ နှစ်ပေါင်း ၄ဝ ကျော်ပြီ။ တနည်းအားဖြင့် မဆလ၊ နအဖ ထိပ်ပိုင်း လူတွေကလည်း ခိုးစားတယ်။ အရာရှိတွေကိုလည်း တရားဝင် ဓာတ်ဆီကနေ ခိုးရာပါ ဝေစုကို ပေးစားလာခဲ့ကြတာ နှစ်ပေါင်း ၄ဝ ကျော်လာပြီ။

ဒီနေ့မှာတော့ ပြဿနာကို ရင်ဆိုင် လာကြရပြီ။ အစိုးရ ဝန်ထမ်း (စစ်တပ်က အရာရှိ၊ အစိုးရ ထိပ်ပိုင်း အရာရှိ၊ ရဲချုပ်များ) ဝေစုကို ကျေနပ်အောင် ခွဲပေးဖို့ လိုနေသေးတယ်။
ဒီတော့ ဓာတ်ဆီဈေး တက်လိုက်ရတယ်။ ဓာတ်ဆီဈေးကို အရင်ကလို အိပ်စိုက် မပေးနိုင်တော့ဘူး။

ဒေါက်တာ မောင်မြင့်က မြန်မာ လူထုတွေဟာ အရှေ့တောင်အာရှမှာ ဝင်ငွေ အနိမ့်ဆုံး ဝင်သူတွေ ဖြစ်တဲ့အတွက် ဈေးနှုန်း မြင့်တက်မှုကို ခံနိုင်ရည် မရှိဘူးလို့ ထောက်ပြထားတယ်။ ဓာတ်ဆီဈေး တက်လာရင် တခြား ကုန်ပစ္စည်းတွေလည်း လိုက်တက်လာတာ သဘာဝ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုနဲ့ ဖြန့်ချိမှုဟာ လောင်စာပေါ်မှာ မှီခိုနေရလို့ ဖြစ်တယ်။ ဓာတ်ဆီဈေးနှုန်းက ကမ္ဘာပေါက်ဈေး ဖြစ်နေရင်၊ ကုန်ပစ္စည်းတွေ ပေါက်ဈေးကလည်း ကမ္ဘာပေါက်ဈေး အတိုင်းပဲ ဖြစ်လာမယ်။ အခြေခံ စားကုန် ဈေးနှုန်းတွေ ဆက်တိုက် တက်လာမယ်။

အမေရိကန်လူမျိုး တယောက်ရဲ့ ဝင်ငွေက တနှစ်ကို အနည်းဆုံး ဒေါ်လာ ၃ သောင်းခွဲ၊ မြန်မာတဦး ဝင်ငွေက တနှစ်ကို ဒေါ်လာ ၂ဝဝ အောက် ဖြစ်နေတယ်။

ဒီတော့ မြန်မာတွေ ဘာကိုစားပြီး၊ ဘယ်လို အသက်ရှင်ကြမလဲ ဆိုတာ မစဉ်းစားရဲဘူး။ ဓာတ်ဆီဈေး တက်တာဟာ ဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ၁၉၉ဝ ဝန်းကျင်က အာရှ စီးပွားရေး အကြပ်ဆိုက်မှု ဖြစ်ခဲ့တယ်။ ထိုင်းက ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက် (အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့) တို့က ငွေချေးခဲ့ရတယ်။

ဒီတော့ အကြွေးရှင်၊ မြီရှင် အဖွဲ့စည်းတွေက သူတို့ ထိုင်းကို ချေးထားတဲ့ငွေတွေ သေချာပေါက် ပြန်ရအောင် စီမံချက်တွေ၊ စီးပွားရေးဆိုင်ရာ စည်းကမ်းချက် အသစ်တွေကို ရေးဆွဲ လာတော့တယ်။

ဒီထဲမှာ ဓာတ်ဆီဈေး တက်ခိုင်းတာလည်း ပါတယ်။ မူလ ပေါက်ဈေးထက် တက်ရောင်းခိုင်းတယ်။ ဈေးတက်တော့ အစိုးရက ငွေပိုရလာတယ်။ ဒီငွေ ပိုရလာမှ မြီရှင် နိုင်ငံတွေကို သေချာပေါက် ပြန်ဆပ် လာနိုင်တာပေါ့။

ထိုင်းနိုင်ငံက ဈေးတက်ခဲ့တယ်။ ဓာတ်ဆီဈေး တက်လို့ ပြဿနာ မဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ။ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ဟာ အလွန်ကို ခိုင်မာနေတယ်။ ဓာတ်ဆီဈေး တက်လာတဲ့ ဒဏ်ကို ခံနိုင်ရည် ရှိနေတယ်။

မြန်မာပြည်မှာကတော့ ခံနိုင်ရည် မရှိသလောက် ဖြစ်နေတယ်။ ဈေးကွက် တခုလုံးက ပျက်စီးနေတယ်။ တံခါးဖွင့် ဈေးကွက် စီးပွားရေး စနစ်ကို စစ်အစိုးရက သွားမယ်လို့ လေသံကောင်း ဟစ်နေပေမယ့် ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတယ်။ ဒီဒဏ်ကို အခုတော့ စစ်အစိုးရရော၊ လူထုပါ ခံနေရတယ်။
ဓာတ်ဆီဈေးတက်လာရင် တခြား ကုန်ပစ္စည်းတွေကလည်း လိုက်တက်လာတော့မှာ ဖြစ်တယ်။
မြန်မာပြည် လောင်စာထုတ်လှုပ်မှုနဲ့ စားသုံးမှု အခြေအနေ
စီအိုင်အေ ဝပ်ဆိုဒ် မှာ မြန်မာနိုင်ငံ လောင်စာ ထုတ်လုပ်မှုနဲ့ စားသုံးမှုကို ခန့်မှန်း တွက်ချက်ထားချက် အရ -
စဉ် Total Year
1 Oil Production 9500 bbl/day 2006
2 Oil Consumption 20,460 bbl/day 2006
3 Oil Export 5,000 bbl/day (2006 est.)
4 Oil Import 19,180 bbl/day (2004 est.)
5 Oil Reserve less than 50 million bbl (1 January 2005)
အထက်ဖော်ပြပါ ဇယားအရ တွေ့ရတယ်။ ဒီဇယားအရ မြန်မာပြည်က ရေနံထွက်တယ်။ ထွက်တာက ရေနံစိမ်း၊ ရေနံကို မသန့်စင်နိုင်ဘူး။ ဒီတော့ ရေနံစိမ်းအတိုင်း ရောင်းတယ်။ ပြန်ဝယ်သုံးရတာက တနေ့ကို ၁၉၁၈ဝ စည် ရှိတယ်လို့ သိရတယ်။ တစည်မှာ ၄၈ ဂါလံ ပါတယ်။ ဒီတော့ ဂါလံပေါင်း ၉၂ဝ၆၄ဝ ဂါလံ သုံးစွဲမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ၂ဝဝ၄ ခုနှစ်အထိ စစ်အစိုးရ အနေနဲ့ တနေ့ကို ဒေါ်လာ ၉၂ဝ၆၄ဝ ခန့် Subsidy လုပ်နေရမယ့် သဘော ရှိတယ်။ တနေ့ကို လောင်စာအတွက် ဒေါ်လာ တသန်းနီးပါး ရှုံးနေရမယ်။ တလဆိုရင် သန်း ၃ဝ ရှုံးမယ်။ တနှစ်ကို သန်း ၃၆ဝ ခန့် သုံးစွဲရမယ်။

စစ်အစိုးရ အနေနဲ့ နိုင်ငံခြား ဝင်ငွေရနေတဲ့ လမ်းကြောင်းတခု ရှိနေတယ်။ ဒါကတော့ သဘာဝ ဓာတ်ငွေ့ကို နိုင်ငံခြား ရောင်းရတဲ့ နေရာကနေ ရတဲ့ ဝင်ငွေ။ ၂ဝဝ၆ ခုနစ်က ထိုင်းတနိုင်ငံထဲကို ဓာတ်ငွေ့ ရောင်းချမှုက ဒေါ်လာ ၂ ဘီလီယံ ရထားပါတယ်။ ဒါဆိုရင် အစိုးရက Subsidy လုပ်နိုင်ပါတယ်။ ဘာကြောင့် စစ်အစိုးရက လူထုအတွက် မသုံးစွဲတော့တာလဲ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေး ပညာရှင်တွေက စစ်အစိုးရက ပျဉ်မနား မြို့တော် တည်ဆောက်ရေး အတွက် ဒလဟော သုံးစွဲခဲ့တယ်။ နောက်ပြီးတော့ ရတနာပုံ ဆိုတဲ့ မြို့ကို ထပ်မံတည်ဆောက်နေပြန်တယ်လို့ သိရတယ်။ ဒီအတွက် ငွေတွေသုံးစွဲဖို့ လိုအပ် နေပြန်ပါတယ်။ ဒီတော့ လူထုအတွက် သယ်ယူ ပို့ဆောင်ရေး လျှပ်စစ်မီး မှန်မှန်လာအောင် သုံးရမယ့် လောင်စာအတွက်တော့ သုံးစရာငွေ မရှိဘူး ဖြစ်နေတယ်။

ဆောက်လေ ရှုံးလေ
အဆောက်အဦများ ဆောက်ခြင်းကြောင့် စီးပွား တက်နိုင်သလို စီးပွားလည်း ပျက်နိုင်ပါတယ်။ စီးပွား ပျက်နိုင်တာကတော့ အဆောက်အဦတွေက ဝင်ငွေကို ပြန်ရှာမပေးနိုင်တဲ့ အခါမှာ စီးပွား ပျက်စေပါတယ်။ ကျနော့် မျက်စိရှေ့မှာ စီးပွားပျက် ကပ်ကို ကြုံလိုက်ရတဲ့ နိုင်ငံက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ၁၉၉ဝ ဝန်းကျင်လောက်မှာ ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ လှုပ်ရှား သွားလာနေစဉ်က ထိုင်းနိုင်ငံထဲမှာ မြို့သစ်တွေ၊ အိမ်တွေ သန်းနဲ့ ချီ ပေါ်ပေါက်လာတာကို မြင်နေရပါတယ်။

တောထဲကို တခါဆင်းပြီး နောက်လ အနည်းငယ်မှာ ထိုင်းနိုင်ငံဘက်ကို ပြန်တက်လာတဲ့ အခါမှာ မြို့သစ်တခု ပေါ်နေပါတယ်။ ဧရာမ အဆောက်အဦကြီး တခု တည်ဆောက်ပြီး ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီတော့ လူတွေက ထိုင်းတွေ စီးပွား တက်လာချည်လားလို့ ထင်လာတယ်။ တကယ်က ထိုင်းနိုင်ငံ နိုင်ငံရေး သမားတွေနဲ့ စီးပွားရေး သမားတွေ ပေါင်းပြီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ ဘဏ်တွေက ငွေချေးပေးတယ်။ ဒီတော့ စီးပွားရေး သမားတွေက အိမ်တွေ၊ အဆောက်အဦတွေကို ဆောက်ကြတယ်။ အများစု ငှားစားဖို့ အကြံနဲ့ပါ။
၁၉၈ဝ လောက်က ထိုင်းစီးပွားရေး တဟုန်တိုး တက်ထားတယ်။ အိမ်ငှားစားတဲ့ စီးပွားရေးက အလွန်ကိုက်တယ်။ ကျေးလက်က လူတွေ မြို့ကို လှိုင်းလုံးတွေလို လှိမ့်တက်နေတယ်။

နိုင်ငံခြား ရင်းနှီး မြုပ်နှံသူတွေ၊ နိုင်ငံခြား လူမှုရေး အသင်းအပင်းတွေက နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံကို ခြေစုံပစ် ဝင်နေတယ်။ ဒီတော့ အိမ်တွေ၊ နေထိုင်စရာ Apartment တွေ လိုနေတယ်။

ဒါကြောင့် အိမ်ငှားတဲ့ စီးပွားရေးက အရင်းကို ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်တယ်။ ဒီတော့ နောက်က စီးပွားရေး သမားတွေက မဆင်မခြင် လိုက်ပြီး အဆောက်အဦတွေ ထပ်ဆောက်တယ်။ အပြိုင်အဆိုင် ဆောက်ကြတယ်။ ဒီတော့ ဝယ်လိုအားထက်၊ ထုတ်လုပ်မှုက များသွားတော့တယ်။ အိမ်ငှားမယ့်သူတွေ (Customers) တွေထက်၊ ငှားစားမယ့် အဆောက်အဦတွေက (Suppliers) များသွားတယ်။ အဆောက်အဦတွေ ဆောက်ပြီးတဲ့အခါ လူမရဘူး။ ဟောင်းလောင်းတွေ ဖြစ်လာတယ်။ ဆောက်လက်စတန်းလန်း ရပ်ကုန်တယ်။ အဆောက်အဦတွေ ငွေပေါရင် ပြန်ဆပ်ဖို့ ရည်မှန်းထားပေမယ့် ငွေမပေါတဲ့ အခါမှာတော့ စီးပွားရေး ပျက်သလို ဖြစ်လာကြတယ်။ အဆောက်အဦတွေဟာ ဆောက်ခြင်းကြောင့် ပြဿနာရှိတယ်။ ဒါကတော့ အဆောက်အဦ ဆောက်တဲ့အခါ ငွေကို သုံးစွဲလာကြတဲ့အတွက် GDP တွက်တဲ့အခါမှာ တက်လာတယ်လို့ သတ်မှတ်လို့ ရတယ်။ တနည်းအားဖြင့် စီးပွားရေး တိုးတက်တယ်ပေါ့။ အဆောက်အဦ ဆောက်နေတဲ့ ကာလတွေမှာ လူတွေ အလုပ်ရတယ်။ အလုပ်ရှိတော့ ဝင်ငွေရှိတယ်။ သုံးနိုင် စွဲနိုင်ကြတယ်။
ဒါပေမဲ့ အဆောက်အဦတွေက ဘာပြန်ပြီး ငွေရှာပေးမှာလဲ ဆိုတာက မေးခွန်း ဖြစ်လာတယ်။ ရေရှည် စီးပွားရေး တွက်ကိန်းကျတော့ ဘာပဲဆောက်ဆောက် ငွေပြန်ဝင်ဖို့ လိုလာတယ်။ ငွေပြန်မဝင်ရင် ရှုံးမယ်။ ရှုံးရင် တိုင်းပြည် စီးပွားရေးကို ထိခိုက်လာတာပဲ။ ဒါကြောင့် အဆောက်အဦ ဆောက်တိုင်း ဒီအဆောက်အဦတွေက ငွေဘယ်လို ပြန်ဝင်မှာလဲ ဆိုတာကို စဉ်းစားရမယ်။

ပေါမောက္ခ ဒီဆိုတိုးရဲ့ Mystery of Capital ဆိုတဲ့စာအုပ်မှာ ဘုရားတည်တာ၊ ဗလီဆောက်တာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဆောက်တာတွေ အားလုံးဟာ ငွေအရင်းကို ထိခိုက်စေတယ်။ ဘုရားတွေ၊ ဗလီတွေ၊ ဘုရား ရှိခိုးကျောင်းတွေ များလေ၊ တိုင်းပြည် စီးပွားရေး နစ်နာလေပဲလို့ ထောက်ပြထားတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေ ဆင်းရဲရတဲ့ အကြောင်းကတော့ ဘာသာရေး ဆိုင်ရာ အဆောက်အဦတွေ များလွန်းလို့ ထောက်ပြထားတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီအဆောက်အဦတွေက စီးပွားရေး တိုးတက်အောင် ဘာတခုမှ အထာက်အကူ ပြန်မပြုနိုင်လို့ပဲ။ အသုံးပဲရှိပြီး၊ အဝင်မရှိတဲ့ သဘော။ နှစ်ပေါင်းများစွာ ဘာသာရေး အယူအဆပေါ်မှာ လိုက်ပါလာကြတယ်။ ဒီလို နှစ်ပေါင်းများစွာ အသုံးပဲရှိခဲ့ပြီး စုဆောင်းတာ၊ ရင်းနှီးတာ မရှိခဲ့တာတွေက ဒီနေ့ ပြန်ထိခိုက်လာကြတဲ့ သဘော ဖြစ်လာတယ်။ ပြဿနာက ဒီအချက်ကို လူတွေကို ပြောလို့ မကြိုက်ကြပြန်ဘူး။ ကွန်မြူနစ်၊ မိစ္ဆာဒိဋ္ဌိဆိုပြီး ပြောတတ်ရုံကလွဲလို့ အသိဉာဏ် မရှိဘူး။ ရေရှည်ကို မစဉ်းစားတတ်ကြဘူး။

သိပ်ချမ်းသာလာပြီ ဆိုရင် ဆောက်ကြစမ်းပါ။ မိုးပျံဘုရားတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေ တည်ကြစမ်းပါ ကိစ္စမရှိဘူး။ တိုင်းပြည် ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ နေချိန်မှာတော့ ဒါဟာ အကြီးအကျယ် ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲ။ လူတွေ ဆင်းရဲလာတယ်။ လူတွေ ဆင်းရဲလာတော့ တိုင်းပြည်က ထွက်ပြေးကြတယ်။ အိမ်နီးနားချင်း နိုင်ငံတွေကို တရားမဝင် ပြေးကြရတယ်။ ဒီတော့ ကိုယ့်နိုင်ငံထဲမှာ လူဦးရေ ကျဆင်းတယ်။ လူမျိုး ပျောက်သွားနိုင်တယ်။ မြေတွေကို စောင့်ရှောက်မယ့်သူ မရှိတော့ဘူး။ စီးပွားရေးလုပ်ငန်း မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားသားတွေက လစ်ဟာသွားတဲ့ နေရာတွေမှာ အစားထိုးဝင်ရောက်လာလို့ ဖြစ်တယ်။ ဆင်းရဲမှုဆိုတာ ထွက်ပြေးလို့ မလွတ်ဘူး။ မျက်နှာချင်း ရင်ဆိုင်မှရတယ်။ အခုဆိုရင် မြန်မာပြည်မှာ ယောက်ျားလေးတွေ နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်နေကြတယ်။ ကျန်ရစ်ခဲ့တဲ့ မိန်းကလေးတွေကို ယူမယ့်သူ နည်းလာတယ်။ မိန်းကလေးတွေ အပျိုကြီးတွေ များလာတယ်။ နိုင်ငံခြားသားနဲ့ ယူတာ များလာတယ်။ လူမျိုး ပျောက်လာနိုင်တယ်။ လူမျိုးပျောက်ရင် ဘာသာလည်း ပျောက်မှာပဲ။

ဒီနေ့ နအဖ အစိုးရကလည်း အဆောက်အဦတွေကို ဆောက်ခဲ့ပါတယ်။ ဒါကတော့ ...
(၁) ဗိုလ်ချုပ်ခင်ညွန့် မပြုတ်မီလက လူတွေက အိမ်တွေကို အကြီးအကျယ် ဆောက်ကြတယ်။ ကန်ထရိုက် တိုက်တွေ ပေါ်လာတယ်။ အိမ်ခန်းဈေးတွေက အရမ်းကို ဈေးကြီးနေတယ်။ တချို့လူတွေ အိမ်ခန်းတွေကို အရစ်ကျငွေ သွင်းပြီး ဆက်မပေးနိုင်တာတွေ ဖြစ်လာတယ်။
(၂) နိုင်ငံခြားရောက်တဲ့ မြန်မာတွေက အိမ်တွေ ခြံတွေကို မြန်မာပြည်မှာ ပြန်ဝယ်ကြတယ်။ ဒီတော့ အိမ်ဈေး၊ မြေဈေးတွေက မတန်တဆ ဈေးတက်လာတယ်။ ဒါပေမဲ့ ပြန်ပြီး ငွေဝင်တာ မရှိဘူး။ လူတွေက ငွေကို မယုံကြည်ကြတဲ့အတွက် မြေဈေးတွေကို နင်းကန် တင်ထားကြတယ်။ ဈေးတွေက နင်းကန် တက်နေတယ်။ တကယ်တမ်း အလုပ်လည်းမဖြစ်ဘူး။
ငွေတွေ မြုပ်ကုန်သလို ဖြစ်လာတယ်။ ငွေတန်ဖိုး ဖောင်းပွလာတယ်။ ကုန်ဈေးနှုန်းတွေ တက်လာပြန်တယ်။ ပိုက်ဆံ ရှိတဲ့သူတွေ မဆင်မခြင်မှုကြောင့် ဆင်းရဲတဲ့ သူတွေအတွက် ထိခိုက်မှု ဖြစ်လာတယ်။ ဒီတော့ ဈေးကွက် ပျက်စီးအောင် လုပ်သလို ဖြစ်လာတယ်။ စီးပွားရေးကို ထိခိုက်လာတယ်။
(၃) နအဖ ပျဉ်းမနားမှာ မြို့သစ်ဆောက်တယ်။ ဥမင်လိုဏ်ခေါင်းတွေ တူးနေတယ်။ ရတနာပုံလို့ ခေါ်တဲ့ မြို့သစ် တခုကိုလည်း ထပ်ဆောက်နေတယ်။ ဒါတွေက ဧရာမ ပရောဂျက် (စီမံကိန်း)တွေ။ ငွေတွေ အသုံးပဲရှိပြီး ဘာမှ ရေရေရာရာ ပြန်မဝင်နိုင်တော့မယ့် ဟာတွေ။ ဒီတော့ အသုံးပဲရှိပြီး ပြန်မဝင်တော့ မြန်မာ့ စီးပွာရေးကို အကြီးအကျယ် ထိခိုက်စရာ ဖြစ်လာပြန်တယ်။

စစ်အစိုးရက တဖက်လှည့်နဲ့ ဆန္ဒပြမှုတွေ လုပ်နေတာလား
နောက်တခု ဆွေးနွေးစရာ ရှိတာကတော့ မြန်မာပြည်ဟာ စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီ၊ လူထုက မကျေနပ်မှုတွေ များလာပြီ။ ဒါကြောင့် စစ်အစိုးရက ဆူပူမှုတွေကို တဖက်လှည့်နဲ့ ဖန်တီးနေတာ ဖြစ်နိုင်တယ်လို့ တချို့ မိတ်ဆွေများ၊ အင်တာနက်မှာ တချို့ လူငယ်တွေရဲ့ ဆွေးနွေးသံကို ကျနော် ကြားနေရပါတယ်။
ဒါကတော့ အတွေးခေါင်မှု တခုလို့ မြင်တယ်။ အစိုးရတိုင်းဟာ နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ် တတ်ကြပါတယ်။ ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်ရေးဟာ အစိုးရတိုင်း မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းနေရတဲ့ အချက် ဖြစ်နေလို့ပါပဲ။
တခါတရံမှာတော့ အစိုးရတွေက နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ဘာသာရေး အဓိကရုဏ်းတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ ရှိပါတယ်။ ၁၉၆၈ ခုနှစ်က ဆန်ရှားတယ်၊ ဆန်ပြတ်ပြီ၊ လူတွေဆူမယ့် အနေအထား ဖြစ်လာတယ်။ ဒီတော့ ဦးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးရက တရုပ်-ဗမာ အဓိကရုဏ်းကို ဖန်တီးခဲ့တယ်။

အဓိကရုဏ်းကို ဖန်တီးတဲ့ပုံကတော့ စစ်ထောက်လှမ်းရေးက မွေးထားတဲ့ ဘိုးတော် တင်ဦးဆိုတဲ့ သူက စတင် မီးမွှေးပေးပါတယ်။ တရုတ် သံရုံးကို သူက စတင် တိုက်ခိုက်ပြတယ်။ နောက်တော့ လူတွေ ပါလာတယ်။ စစ်တပ်က ဝင်ထိန်းတယ်ပေါ့။
၁၉၈၈ ခုနှစ်မှာ အထွေထွေ လူထု အုံကြွမှုကြီး ဖြစ်ခါနီးမှာ မဆလ က မူစလင်နဲ့ ဗုဒ္ဓဘာသာ အဓိကရုဏ်းကို ဖန်တီးခဲ့သေးတယ်။ ဒီလောက်တော့ ပြန့်နှံ့မသွားဘူး။ ဗကသ နဲ့ မူစလင် လူကြီးတွေက ကျေညာချက်တွေ ထုတ်ပြန်ပြီး နီးစပ်ရာကို တားဆီးခဲ့ကြပါတယ်။ သိပ်တော့ အကျယ်အပြန့်ကြီး မဟုတ်ပေမယ့် မူအရ လက်မခံဘူး ဆိုတာကို ချပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှု လမ်းကြောင်းကိုပဲ ကျနော်တို့ ဟောပြောခဲ့၊ စည်းရုံးခဲ့ကြတယ်။
ဒီလို ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေကို စစ်အစိုးရတွေက ဖန်တီးလေ့ ရှိပေမယ့် တပြည်လုံး အတိုင်းအတာ ဆောင်နိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ မဖန်တီးရဲကြပါဘူး။

အခုဖြစ်နေတဲ့ ဓာတ်ဆီဈေးနှုန်း တက်လာမှုအပေါ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုး သက်ရောက်မှုတွေကို ကြိုတင် တားဆီးနိုင်ဖို့ အတွက် နိုင်ငံရေးအရ အဖြေရှာမှု လိုတယ်။ ဒါကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား ဒီမိုကရေစီကို လိုလားတဲ့ သူတွေက အရေးဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီနောက်ကွယ်မှာ စစ်အစိုးရက မပါဘူး။
လှုပ်ရှားမှု မှန်သမျှကို သေးသေး၊ ကြီးကြီး ကျနော်တို့ ဆက်လုပ်ရမှာပါပဲ။

မိုးသီးဇွန်
ဒီဆောင်းပါးကို မဇ္ဈိမ မြန်မာစာမျက်နှာမှာလည်း ဖတ်လို့ရပါတယ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.