ရွက်မွန်စာမျက်နှာ

Saturday, September 29, 2007

စီတီဇင် ဂျာနယ်လစ်ဇင်

အီး
မေးအင်တာနက်၊ ကင်မရာမိုဘိုင်းဖုံး စတဲ့ခေတ်မှီ ဆက်သွယ်ရေး အီလက်ထရောနစ် ပစ္စည်းတွေရဲ့ စွမ်းအင်ကြောင့် ကနေ့မြန်မာပြည်မှာဖြစ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ကမ္ဘာကလျှင်လျှင်မြန်မြန်နဲ့ မြင်နိုင်ကြားနိုင် သိနိုင်လာပါတယ်။ အဲသည့် ခေတ်မှီနည်းပညာရပ်များရဲ့ အကျိုးကျေးဇူးကြောင့် မြန်မာ ဘလော့ဂါများရဲ့ ဘလော့များ ထွန်းကားလာခြင်းကလည်း အံ့မခမ်းပါပဲ။

၁၉၈၈ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီး တုံးကဆိုရင် မြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို ကမ္ဘာသိအောင် လုပ်ရတာ မလွယ်ပါဖူး။ နိုင်ငံခြားသတင်းထောက်များနဲ့ နိုင်ငံခြားသတင်းဌာနများကိုသာ တိုက်ရိုက် အဓိကထား အားကိုးခဲ့ရပါတယ်။ ပြည်သူတွေရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခံရတာကို ကမ္ဘာ့ ပရိတ်သတ်ကြီး အနေနဲ့ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ မြင်နိုင်ကြားနိုင်ဖို့ခက်ခဲခဲ့ပါတယ်။ အတိုင်းအတာ တခုအထိသာ သိခွင့်ရခဲ့ကြပါတယ်။

အခု ၂၀၀၇ သြဂုတ်လက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးရဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ကို မြန်မာဘလော့များမှာ သွားရောက် ကြည့်ရှု့နိုင်ကြပါတယ်။ အဲတာအပြင် မြန်မာပြည်ကို ၀င်ခွင့်မရတဲ့ နိုင်ငံခြားသတင်းဌာနများ အနေနဲ့လည်း သည်ဘလောက်များက တင်လိုက်တဲ့ ရုပ်သေ၊ ရုပ်ရှင်မှတ်တမ်းများကို ကိုးကားပြီး ကမ္ဘာ့ ပရိတ်သတ်ကြီးကို ကွက်ကွက်ကွင်းကွင်းတင်ပြလာနိုင်ပါတယ်။ မြန်မာပြည်မှာ ပြည်သူတွေ၊ ရဟန်း သံဃာတော်တွေ ဘယ်လိုငြိမ်းချမ်းစွာ တောင်းဆိုကြတယ်၊ အဲသလို ငြိမ်းချမ်းစွာတောင်းဆိုတာကို စစ်အစိုးရက ဘယ်လို ရက်ရက်စက်စက် နှိပ်ကွပ်တယ် ဆိုတာတွေ သည်ဘလော့များရဲ့ ကျေးဇူးကြောင့် ပိုလို့ သိရှိလာရပါတယ်။

အဲသလို မြန်မာဘလော့များ အလျင်အမြန် သတင်းနဲ့ဓာတ်ပုံများ တင်နိုင်အောင် အသက်ကိုပဓာနမထားပဲ ဆောင်ရွက်ပေးခဲ့တဲ့ ဘလော့ဂျာနယ်လစ်များရဲ့ ကျေးဇူးကလည်း အထူးကြီးလှပါတယ်။ သူတို့တတွေဟာ လခ ရတဲ့ ဂျာနယ်လစ်များမဟုတ်ပါ။ သူတို့အတွက်လုပ်အားခ ပေးမဲ့သူလည်းမရှိပါ။ သို့သော် မြန်မာ့အရေးကို ကမ္ဘာ့ အလယ်မှာပိုလို့ ထင်ထင်ရှားရှား ဖြစ်လာအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ဆောင်ရွက်ခဲ့သူ များလည်း ဖြစ်ပါတယ်။ သူတို့ကိုယ်စားပြုတဲ့ သတင်းဌာန၊ သတင်းအေဂျင်စီ ဆိုတာလည်းမရှိပါ။ သူတို့ဟာ ပြည်သူထဲက ပြည်သူတွေပဲဖြစ် ပါတယ်။

ဟိုတုံးကဆိုရင် တိုင်းပြည်အတွင်းမှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကိုသိရဖို့အတွက် သတင်းဌာနများကိုသာ အားကိုးခဲ့ရပါတယ်။ သူတို့တင်ပြလာမှပဲ အများသူငါ သိခွင့်ရသလိုဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ ဘလော့များက တင်ပြလာတာတွေကို ကမ္ဘာကျော်နာမည်ကြီး သတင်းဌာနများကိုယ်တိုင် လစ်လျူရှု့လို့မရတော့ပဲ ပြန်လည်ကိုးကား တင်ဆက်ရပါတယ်။ အဲသည့်ရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာမိသားစုနဲ့ ကမ္ဘာ့ ခေါင်းဆောင်များ ကိုယ်တိုင် မြန်မာစစ်အစိုးရရဲ့ ရက်စက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်လာပြီး မြန်မာ့အရေး၊ မြန်မာပြည်သူတို့ အရေးကို ခါတိုင်းထက်ပိုပြီး အရေးတယူ ရှိလာခဲ့ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာပြည်လာမယ်ဆိုတာကို မြန်မာစစ်အစိုးရအနေနဲ့ မငြင်းသာတော့ပဲ လက်ခံ လိုက်ရပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လက်မခံပါက စစ်အစိုးရအပေါ် ပိုမိုထိရောက်တဲ့ စီးပွါးရေးပိတ် ဆို့မှုတွေ လုပ်ရမယ်ဆိုတဲ့ အဆိုတင်သွင်းမှုတွေကို ကမ္ဘာ့ခေါင်းဆောင်များ နုတ်ဖျားက ကြားလာရပါတယ်။ အဲတာ တွေအပြင် မြန်မာ့တပ်မတော် အတွင်းမှာလည်း ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူတွေဖက် ကို သေနတ်ပြောင်း မလှည့်လိုတဲ့ စစ်သားကောင်းတွေနဲ့ အာဏာရူးနေတဲ့စစ်သားဆိုးများအကြား သူတင်ကိုယ်တင် ဖြစ်နေကြတယ်ဆိုတဲ့ သတင်းများလည်းထွက်လာနေပါတယ်။

ချုပ်ပြီးပြောရရင်တော့ ကနေ့လက်ရှိအခြေအနေမှာ ပြည်သူတွေကြားက ပြည်သူတွေကိုယ်တိုင်၌က ပြည်သူ့အခြေ အနေတွေကို တင်ပြနေတဲ့ ပြည်သူ့ဂျာနယ်လစ်တွေဖြစ်နေတယ် ဆိုတာပါပဲ။ အဲသည့် အခြေအနေကို ခေတ်မှီနည်း ပညာများနဲ့ ပေါင်းစပ်ပြီး ထိထိရောက်ရောက် တင်ပြလာနိုင်ခြင်းက ပိုလို့အကျိုးရှိတာကို မြင်တွေ့နေရပါတယ်။

စစ်အစိုးရက သည်အခြေအနေကို နောက်ဆုံးမှာ သဘောပေါက်သွားတဲ့အတွက် တယ်လီဖုံးလိုင်းများ၊ မိုဘိုင်းဖုံးလိုင်း များနဲ့ အင်တာနက်ကွန်ယက်များကို ပိတ်ဆို့ခြင်း ဖြတ်တောက်ခြင်းတို့ ပြုလုပ်လာပါတယ်။ အဲသည့်အတွက် ဘလော့ဂါများရဲ့ မြန်မာဘလော့များ သတင်းဖြစ်စဉ်အသစ်များ တင်ဖို့ခက်ခဲကောင်းခက်ခဲ လာနိုင်ပါတယ်။ သို့သော် ဒီကိစ္စဟာ ယာယီသာဖြစ်ပါလိမ့်မယ်။ ကနေ့ခေတ်မှာ နိုင်ငံတခုဟာ ခေတ်မှီဆက်သွယ်ရေးစနစ်များမရှိပဲ ရေရှည်ရပ် တည်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါ။ မြန်မာဘလော့များ မကြာမှီကာလအတွင်းမှာပဲ သတင်းသစ်၊ ဓာတ်ပုံသစ် များနဲ့ ပြန်လည်သက်ဝင် လှုပ်ရှားလာကြမှာ ဖြစ်ပါတယ်။

စီတီဇင်ဂျာနယ်လစ်ဇင်ဆိုတဲ့ နိုင်ငံသားများကိုယ်တိုင် ဂျာနယ်လစ်များ သဖွယ်ဖြစ်နေတဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ အုတ်မြစ်ခြ အစပျိုးထားခဲ့ပြီးပြီ ဆိုတာပြောပါရစေ။ မြန်မာဘလော့များ ဆထက်တပိုးတိုး၍ ရှင်သန်ပါစေသောဝ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၉ ရက် စက်တင်ဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.