ရွက်မွန်စာမျက်နှာ

Friday, September 28, 2007

လုံးလုံးမကြေပြုန်းခင်

၂၇
ရက်နေ့ မနေ့က ငွေကြာယံကျောင်းတိုက်၊ မဂ္ဂင်ကျောင်းတိုက်တွေကို စစ်တပ်ကသေနတ်တွေ ဖေါက်ပြီး အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဒါ့အပြင် သံဃာတော်များကိုလည်း ရိုက်နှက်ကန်ကျောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်တဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွက်အလွန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်ပါပဲ။

သည်လုပ်ရပ်ဟာ ဘယ်လိုသဘောသက်ရောက် နေသလဲဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ ကြည်ညိုဆည်းကပ်တဲ့ ရဟန်း သံဃာတော် တွေကိုတောင် ရက်ရက်စက်စက်နှိပ်ကွပ်တာ မင်းတို့သာမန် လူတွေဆိုရင် မသာဘယ်ဈေး ပေါက်သလဲ လို့ မေးယူလို့ရအောင် စစ်တပ်ကလုပ်ရဲတယ်၊ သတ်ရဲတယ်ဆိုတဲ့ မက်ဆေ့ခ်ျကို ပေးလိုက်တာ ဖြစ်ပါတယ်။

ပြည်သူတွေဟာ ဆင်းရဲတွင်းနက်နေတာ နှစ်ပေါင်းများပါပြီ။ ဘ၀မှာ သည့်ထက်ပိုပြီးဆင်းရဲစရာ ငတ်စရာ အကြောင်း လည်းမရှိ တော့ပါဖူး။ ဒါကြောင့် ပြည်တွင်းကလာတဲ့ သတင်းအချက်အလက်များအရ လူတွေဟာ အကြောက်တရားကို စွန့်လွှတ်လိုက်တဲ့ပုံ ရှိနေတယ်၊ ရှေ့ကိုဆက်လက်ချီတက်မဲ့ အသွင်ဆောင်နေကြောင်းလည်း ကြားသိရပါတယ်။ သူတို့ဆန္ဒတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြသနေတဲ့ပြည်သူတွေကို စစ်အစိုးရက ခေါင်းမာမာနဲ့ မိုက်မိုက်ကန်းကန်း ဆက်နှိမ်နင်းမဲ့ လက္ခာဏာ ရှိနေတာကိုလည်း မြင်နေရပါတယ်။

တဖက်မှာလည်း နိုင်ငံတကာခေါင်းဆောင်များက မြန်မာစစ်အစိုးရကို ပြည်သူတွေအပေါ်မှာ အကြမ်းဖက် မနှိမ်နင်းဖို့ တိုက်တွန်းနေပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဒုတိယတန်ခိုးအထွားဆုံး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက စေလွှတ်တဲ့ အထူးသံတမန် မစ္စတာဂမ်ဘာရီကို မြန်မာပြည်လာရောက်ဖို့ သဘောတူလိုက်တယ် ဆိုတာကိုလည်း ကြားနေရပါတယ်။

ဟိုတုံးကတည်းက စစ်တပ်ကကျင့်သုံးတဲ့ ဗျူဟာရှိပါတယ်။ နိုင်ငံတကာက ဖိအားပေးတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အချို့ကို ပြန်လွှတ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာက သံတမန်တွေကို မြန်မာပြည် ၀င်ခွင့်ပေးပြီး သူတို့အ နေနဲ့ အများပြောသလို လူဆိုးတွေမဟုတ်ကြောင်း ကြိုးစားပြသလေ့ရှိပါတယ်။ သို့သော် အဆိုပါ သံကြီးတမန်ကြီးများ ပြန်သွားလို့ ကာလအတန်ကြာရင် အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံရေး၊ ဒီမိုကရေစီ ရေး လှုပ်ရှားသူများကို ပြန်ဖမ်းလေ့ ရှိတာကလည်း မဆန်းတဲ့လုပ်ရပ်ပါ။

သည်တချီမှာလည်း မစ္စတာဂမ်ဘာရီကို ပြည်ဝင်ခွင့်ပေးတာ အရင်လိုဗျူဟာသုံးတဲ့ သဘောလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ကိုယ့်တိုင်းပြည် အတွင်းမှာဖြစ်နေတဲ့ ပြဿနာအထွေထွေကို ရိုးရိုးသားသားစိတ်နဲ့ ဖြေရှင်းဖို့ လိုပါတယ်။ ဖြေရှင်းလိုတဲ့စိတ်ကိုလည်း ရင်ဝယ်ပိုက်ထားသင့်ပါတယ်။ စစ်တပ်ရော၊ မြန်မာအပါအ၀င် တိုင်းရင်းသား ပေါင်းစုံဟာ သည်မြေကြီးမှာ အားလုံးမှီတင်းနေထိုင် လာကြာတာ နှစ်ပေါင်းတထောင်မကတော့ပါ။ ကုလ အထူးသံတမန်လည်း ပြန်ရော ဘီလူးခေါင်း ပြန်စွပ်ဦးမယ်ဆိုရင် ကနေ့တွေ့နေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာများ ပြေလည်သွားမှာမဟုတ်ပါ။

အမုန်းတရားတွေ၊ အာဃာတတရားတွေ ပိုလို့ဆိုးဆိုးဝါးဝါး မတောက်လောက်ခင်မှာ အချိန်မှီထိမ်းသိမ်းဖို့ လိုပါ တယ်။ သဘာဝတရားအရ တောမီးလောင်ပြီဆိုရင် လောင်အားကြီးလွန်းတဲ့အတွက် ရေနဲ့ပက်ပြီး ငြိမ်းသတ်လို့မရပါ။ မီးကိုမီးနဲ့ပြန်ပြီး ငြိမ်းသတ်ရပါတယ်။ အဲသလိုလောင်နေတဲ့ တောမီးကို ငြိမ်းသတ်ဖို့အတွက် နောက်ထပ်တောအချို့ကို မီးထပ်တိုက်ရပါတယ်။ နောက်ဆုံးမှာ မီးငြိမ်းသွားပေမဲ့ သစ်တောထဲက သစ်ပင်အမြောက်အများ ဆုံးရှုံးရပါတယ်။ တောမှာမှီတင်း နေထိုင်တဲ့ သတ္တ၀ါမျိုးစုံလည်း အသက်ဆုံး ကြရပါတယ်။

ဒီလိုအဖြစ်မျိုးကို သိရှိသဘောပေါက်နေတဲ့အတွက် ဗုဒ္ဓဘာသာရဟန်းသံဃာတော်များက အစကတည်းက မေတ္တာပို့ သတဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုဖေါ်ထုတ်နေတာလည်း ဖြစ်ပါတယ်။ မီးကိုအလောင်မခံသင့်ဖူး ဆိုတဲ့ ခံယူချက်ကိုရင်မှာ ပိုက်ပြီးဆောင်ရွက်နေကြတာပါ။

ဒါကိုသဘောမပေါက်ပဲ ဒို့မှာလက်နက်ရှိတယ်၊ သင်းတို့ကိုအချိန်မရွေး နှိပ်ကွပ်နိုင်တဲ့ဆိုတဲ့ မာနနဲ့ဆောင်ရွက်လို့ အခု သွေးမြေကြကုန်တာ စတွေ့နေရပါတယ်။ ရပ်တန်းကရပ်ဖို့လိုနေပါပြီ။ အဲသလိုမှ မဟုတ်ပဲ ဆက်ပြီး မိုက်တွင်းနက်နေဦး မယ်ဆိုရင် သည်တိုင်းပြည်ဟာ မဝေးတော့တဲ့အနာဂတ်မှာ လုံးလုံးကြေပြုန်းခြင်းဆိုတဲ့ အခြေကို အသေအချာ ဆိုက်ရောက်သွားပါလိမ့်မယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တခါကတင်ပြခဲ့ပါတယ်။ တိုင်းပြည်ဟာဘယ်လမ်းကို လိုက်မလဲ။ အားလုံး ခေါင်း ခြင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေး (dialogue) အဖြေရှာကြမလား၊ သို့မဟုတ် လုံးလုံးကြေပြုန်းခြင်း (Utter devastation) ဆိုတဲ့လမ်းကိုပဲ ရွေးကြတော့မလား ဆိုတာ ဖြစ်ပါတယ်။

မြန်မာပြည် လုံးလုံးမကြေပြုန်းခင် ညဏ်နဲ့ယှဉ်ပြီးလုပ်ဆောင်ဖို့ အမြန်လိုအပ်နေပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၈ ရက် စက်တင်ဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.